ရေနဂါးကို ဝါးမြိုခြင်း
Vol. 40 Ch. 551
ဟန်လိသည် အနီရောင်မြူထဲရှိ မြင်ကွင်းကို စိုက်ကြည့်နေလျက် မျက်စိမှေး၍ ကြည့်နေသည်။
ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ ရေနဂါး၏ ကြေးခွံများသည် စုတ်ပြဲသွားခဲ့ပြီး ဖြစ်သည်။ သို့ပေမည့် ပျက်စီးသွားသော အရေပြားနှင့် အောက်ဘက်ရှိ အသွေးအသားများသည် သွေးအလင်းမြူများကို အဆုံးမရှိ ထုတ်လွှတ်နေသည်ဟု ထင်မှတ်ရပြီး ပိုးတောင်မာများစွာကို အနက်ရောင်အရည်အဖြစ် ပျော်ဝင်သွားစေသည်။ ခဏအကြာတွင် ရေနဂါးကို ဝိုင်းရံထားသော ထိုပိုးတောင်မာများအားလုံးနီးပါးသည် သေဆုံးလုနီးပါး ဖြစ်ကုန်လေပြီ။
ခုလက်ရှိတွင် ရေနဂါး၏ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေသော ခန္ဓာကိုယ်မှ အစိမ်းရောင်သွေးများ စိမ့်ထွက်နေသည်။ သူက ဟန်လိကို အရိုးထဲထိ မုန်းတီးသည့်အကြည့်ဖြင့် စိုက်ကြည့်နေ၏။
ဟန်လိ၏စိတ်ထဲ တုန်ယင်သွားမိသည်။ သည်ရေနဂါး၏ အမည်ဂုဏ်ပုဒ်ကား မထိုက်တန်တာ ဟုတ်မနေပုံပေ။ သူ၏ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် သာမန်မှော်ရတနာများဖြင့် မခြိမ်းချောက်နိုင်လောက်အောင် မာကြောလှသည့်အင်းဆက်များ ဖြစ်၏။ သည်အဆိပ်ပါသည့် သွေးအလင်းမြူများက ထိုမျှမာကြောလှသည့် ပိုးတောင်မာများကို လွယ်လင့်တကူ ရှင်းထုတ်ပစ်နိုင်ပုံထောက်တော့ ၎င်းအဆိပ်သည် သေလောက်အောင် ကြောက်မက်ဖွယ်ကောင်းတာ သိသာလှ၏။
ခဏအကြာတွင်မူ ဟန်လိ၏မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ပေါ်လာ၏။ သည်နတ်ဆိုးသားရဲများက သူ့၌ ပိုးတောင်မာ အရေအတွက် မည်မျှ ပိုင်ဆိုင်ထားသလဲကို မည်သည့်နည်းနှင့်မျှ သိနိုင်ကြမည် မဟုတ်ချေ။ သူက ၎င်းပိုးတောင်မာများထဲမှ အများစုကို ဆုံးရှုံးရမည်ဆိုလျှင်ပင် သည်နတ်ဆိုးသားရဲသုံးကောင်လုံးကို ကျိန်းသေပေါက် ရှင်းထုတ်ပစ်မှကို ဖြစ်ပေလိမ့်မည်။
ထိုအတွေးဖြင့် သူက နတ်ဆိုးသားရဲလိပ်ကို ထွေးခြုံထားသော ပိုးတောင်မာများထံ ဖြတ်ခနဲ လှမ်းကြည့်သည်။ သူက ၎င်းတို့ထံမှ နားမခံသာသည့် အသံများကို ကြားလိုက်ရ၏။ သို့သော် ပိုးတောင်မာအင်းဆက်အုပ်ကမူ မလှုပ်မယှက် ဖြစ်လုနီးပါး ရှိနေကြသည်။ ပိုးတောင်မာများထံမှ ခပ်ဖျော့ဖျော့သားရဲချီသာ ထွက်ပေါ်နေခြင်း မရှိနေလျှင် ထိုလိပ်သားရဲကား သေဆုံးသွားပြီဟု ထင်မိပေလိမ့်မည်။
ထိုသို့စိတ်ထဲ၌ မရေမရာ ဖြစ်နေသော်လည်း ဟန်လိသည် ဆက်တွေးမနေဘဲ သူ့လက်နှစ်ဖက်ကို လေထဲသို့ ပင့်တင်မြှောက်ပြီး သားရဲသိုလှောင်အိတ်များကို ပစ်လွှတ်၏။ ရုတ်တရက် အင်းဆက်တောင်ပံခတ်သံကား အခန်းထဲ၌ ပဲ့တင်ထပ် မြည်ဟိန်းသွားပြီး အနက်ရောင်အစွန်းကွက်များဖြင့် ရွှေဝါးမြိုခြင်းပိုးတောင် ထောင်သောင်းချီ ပေါ်လာ၏။
သည်မျှ များပြားလှသည့် ပိုးတောင်မာအရေအတွက်ကို မြင်သည့်အခါ ရေနဂါးထံ၌ မျှော်လင့်ချက်မဲ့ဟန် ဖြစ်ပေါ်သည်။ တစ်ချိန်တည်းမှာ ဖန်ရှီ၏ အမူအရာသည်လည်း ပြောင်းလဲသွားပြီး အံ့အားသင့်တုန်လှုပ်ဟန် ဖြစ်ပေါ်၏။
အင်းဆက်များသည် ပုံမှန်စိတ်ဝိညာဉ်သားရဲများထက် သက်တမ်းတိုတောင်းလွန်းလှသည်ဟု ပြော၍ရ၏။ ၎င်းတို့၏ မျိုးပွားနှုန်းသည် အချိန်တိုပြီး တစ်ခါပေါက်လျှင် ဥပေါင်းရာချီ ဖြစ်သော်ငြားလည်း ၎င်းတို့သည် နှစ်တစ်ရာလောက်မှ တစ်ကြိမ်သာ ပုံမှန် မျိုးပွားလေ့ ရှိပေသည်။ မျိုးပေါက်ပြီး သခင်တစ်ယောက် လက်ခံပြီးသည့်နောက်မှာလည်း ၎င်းတို့ကို ဆယ်စုနှစ်ချီပြီး လေ့ကျင့်ဖို့ အမှန်တကယ် အသုံးမပြုခင် ပျိုးထောင်ပေးဖို့ လိုအပ်သည်။ ထို့အပြင် အင်းဆက်များသည် အစွမ်းပိုထက်ပြီး ပိုပြီး အဆင့်မြင့်လေလေ အချိန်ပို၍ လိုအပ်လေပင်။ သို့ဖြစ်၍ ပြန့်ကျဲကြယ်ပင်လယ်များ၌ ထိုကဲ့သို့ အင်းဆက်မွေးမြူခြင်းပညာရပ်များကို လေ့ကျင့်ကြသည့် ကျင့်ကြံသူ အမြောက်အများ ရှိသော်ငြားလည်း အမည်ကျော်သူကမူ အနည်းငယ်လောက်သာ ရှိပေသည်။ ထိုသို့ အင်းဆက်များနှင့် ပတ်သက်ပြီး နာမည်ကျော်သူများကိုလည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကြား၌ တွေ့ရမြင်ရခဲပေသည်။
အင်းဆက်ထိန်းချုပ်သူအများစုသည် ကံကောင်းခဲ့လျှင်ပင် သူတို့၏ သက်တမ်း၌ အင်းဆက်တစ်ထောင်လောက်ကိုသာ ပိုင်ဆိုင်လေ့ ရှိကြသည်။
ထို့အပြင် အင်းဆက်အများစုသည် စိတ်ဝိညာဉ်သားရဲများထက် များစွာ အားနည်းကြ၏။ တိုက်ပွဲတစ်ခု၌ အင်းဆက်အုပ်ကြီးဖြင့်တိုက်ခိုက်မှုမျိုးကို မြင်ရခဲလှသည်။ သို့ဖြစ်၍ ကျင့်ကြံသူအနည်းစုသည် အင်းဆက်များ၏ စွမ်းအားကို သိပင်သိသော်ငြား အင်းဆက်ထိန်းချုပ်သည့်နည်းလမ်းများကို အသုံးပြုကြပေ၏။
ထို့ကြောင့် ဟန်လိက သည်မျှများပြားလှသော အင်းဆက်ပမာဏကို ထုတ်ဖော်လာသည်ကို မြင်သည့်နောက်မှာ ဖန်ရှီနှင့် ရေနဂါးတို့က မယုံကြည်နိုင်ဟန် ဖြစ်ကုန်ကြတာပင်။ ဆင့်ကဲတိုးတက်ခြင်းအဆင့် နတ်ဆိုးသားရဲများ ဖြစ်သော်ငြား သူတို့သည် ဟန်လိ၏ ပိုးတောင်မာများမှာ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ခံစားမိရတုန်းပင်။
တကယ်တော့ သည်အင်းဆက်များ၏ခွန်အားသည် ခုထိ အပြည့်အဝ ဖွံ့ဖြိုးပြီးအဆင့်သို့ မရောက်သေးမှန်းကိုသာ ထိုနတ်ဆိုးသားရဲများ သိသွားခဲ့လျှင် ပို၍ပင် တုန်လှုပ်သွားကြပေလိမ့်မည်။ ရေနဂါး၏ မျက်လုံးထဲရှိ အမုန်းတရား၊ ဒေါသ၊ အကြောက်တရားတို့ကို ဆက်၍ အာရုံစိုက်မနေဘဲ ဟန်လိသည် မန္တာန်တစ်ခုကို ခပ်မြန်မြန် ရေရွတ်ကာ အင်းဆက်များအား အုပ်စုများ ခွဲစေပြီး ရေနဂါးကို ကိုက်ဖြတ်ရန် စေလွှတ်လိုက်တော့သည်။
ရေနဂါး၏ ဒဏ်ရာများထံမှ နောက်ထပ်သွေးအလင်းမြူများ ပန်းထွက်လာပြန်ကာ ၎င်းနှင့်ထိမိသော ရွှေဝါးမြိုခြင်းပိုးတောင်မာတိုင်းကို အရည်ပျော်ကျစေပြန်သည်။ သို့ရာတွင် အခန်းမျက်နှာကြက် ပတ်ပတ်လည်၌ ဝဲနေသော ပိုးတောင်မာအုပ်ကမူ တစ်စက်လေးမျှ အကြောက်တရား ရှိမနေပေ။ ခဏကြာပြီးနောက်မှာမူ သွေးအလင်းမြူသည် ကျုံ့သွားပြီး မှိန်ဖျော့သွားကာ တဖြည်းဖြည်း ပျောက်ကွယ်လျက် ရေနဂါး၏ ရှုံ့တွနာကျင်နေသော အသွင်အပြင်မှာ ပေါ်ထွက်လာတော့သည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ မျက်လုံးသည် အရောင်တောက်သွားပြီး နောက်ထပ်ပိုးတောင်မာများကား ရေနဂါးပေါ်သို့ ချက်ခြင်း ကျဆင်းလာခဲ့ပြန်ပြီ။ ရေနဂါး၏ သွေးမြူအဆိပ်ကြောင့် အရည်ပျော်သွားသော ပိုးတောင်မာများနေရာ၌ နောက်ထပ် ပိုးတောင်မာအုပ်စုက အစားထိုး၏။ တဖြည်းဖြည်းဖြင့် ရေနဂါးသည် ဆက်၍ တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ သေဆုံးသွားတော့၏။ ဖန်ရှီက ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့အမူအရာသည် မသိမသာ ပြောင်းလဲသွား၏။ သို့သော် သူက ချက်ခြင်းပင် သူ့မျက်နှာထက်၌ တည်ငြိမ်သည့်ဟန်ပန် ဖြစ်စေ၏။ သူက ဟန်လိကို ရေခဲတမျှ အေးစက်လှသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ဟန်လိက နှာခေါင်းရှုံ့လိုက်၏။ ပိုးတောင်မာများက ရေနဂါး၏ခန္ဓာကိုယ်ထံမှ ပြန်ခွာလာချိန်တွင်မူ ၎င်း၏ အလောင်းရုပ်ကြွင်းအပိုင်းအစများ လှစ်ဟပေါ်လာသည်။ ယင်းတို့ထဲ၌ လက်သီးဆုပ်ခန့် အရွယ်အစားရှိ အနီရောင်တလဲ့လဲ့တောက်ပနေသော အမြုတေတစ်ခုကို မြင်ရနိုင်သည်။
ဟန်လိ၏မျက်လုံးထဲ၌ စိတ်ခံစားချက်တမျိုး တောက်ပသွား၏။ သို့သော် သူက မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခင် ထိုအမြုတေသည် အပြာရောင်လင်းလက်လျက် လေထဲသို့ မြောက်တက်လာပြီး သည်အခန်း၏ ထွက်ပေါက်ထံ ဦးတည်လေ၏။ ဟန်လိသည် ချက်ခြင်းပင် လက်ဆန့်ထုတ်လျက် သူ့လက်ထံမှ မိုးပြာဓားအလင်းတန်းတစ်ခုကို စေလွှတ်သည်။
ထိုတိုက်ချက်က နတ်ဆိုးသားရဲအမြုတေကို လေထဲမှာပင် ယိမ်းယိုင်သွားစေပြီး အပြာရောင်အလင်းတစ်ခု တောက်ပလျက် ၎င်းအမြုတေအတွင်းမှ တစ်လက်မလောက် အရှည်ရှိ ရေနဂါးအသေးစားတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းကား ရေနဂါး၏ ရှေးဦးစိတ်ဝိညာဉ် ဖြစ်ချေ၏။ ထိုရေနဂါးရှေးဦးစိတ်ဝိညာဉ်သည် ပေါ်ထွက်လာသည်နှင့် ကြက်သွေးရောင်း ဖြတ်ခနဲ လင်းလျက်ပြီး အလန့်တကြား ပျောက်ကွယ်သွားတော့သည်။
ဟန်လိ၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု လှစ်ခနဲ ပေါ်၏။ သူကာ ခါးရှိ စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ပုတ်ကာ အဝါရောင်အလင်းတန်းတစ်ခုကို ဆင့်ခေါ်သည်။ ထိုအလင်းတန်းက အခန်းကြမ်းပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် သုန်သုန်မှုန်မှုန်၊ ပျင်းရိပျင်းတွဲအသွင်ဖြင့် မျောက်တစ်ကောင် ပေါ်လာသည်။ ၎င်းမှာ ငိုကြွေးဝိညာဉ်သားရဲတည်း။ ဟန်လိသည် ထိုသားရဲကောင်၏ စိတ်အခြေအနေနှင့် ပတ်သက်ပြီး ပူပန်နေရန် အချိန်မရှိလေဘဲ ၎င်း၏ ဦးခေါင်းကို လှမ်းပုတ်ပြီး ငိုကြွေးဝိညာဉ်သားရဲကို အလိုအလျောက် နှာမှုတ်သွားစေပြီး ၎င်း၏ နှာခေါင်းမှ အဝါရောင်အလင်းတန်းတစ်ခု ထိုးထွက်သွားစေသည်။ ထိုအဝါရောင်အလင်းတန်းသည် လေထဲသို့ ဖြတ်သန်းလျက် ဗလာကင်းမဲ့နေသော နေရာတစ်ခုအား တဖြည်းဖြည်း ထွေးခြုံလေသည်။ အဝါရောင်လင်းလက်သွားခြင်းကြောင့် အစောက ပျောက်ကွယ်သွားသော ရေနဂါးအသေးစား ဝါ ရေနဂါး၏ ရှေးဦးစိတ်ဝိညာဉ်သည် ပြန်ပေါ်ထွက်လာရတော့၏။
တအောင့်အကြာတွင် အဝါရောင်အလင်းသည် ရေနဂါး၏စိတ်ဝိညာဉ်ပတ်ပတ်လည်ကို ထွေးခြုံရစ်သိုင်းစေကာ ၎င်းကို ငိုကြွေးဝိညာဉ်သားရဲ၏ နှာခေါင်းထံသို့ ဆွဲခေါ်လာတော့သည်။ ရေနဂါး၏စိတ်ဝိညာဉ်ကား သေခြင်းတရားနှင့် မကြုံချင်သေးပေ။ ၎င်းက တောက်ပလင်းထိန်သော အပြာရောင်အလင်းကို ထုတ်လွှတ်လျက် လမ်းတစ်ဝက်မှာ ၎င်းကိုယ်၎င်း ရပ်တန့်စေသည်။
မည်မျှ အစွမ်းထက်လိုက်သည့် စိတ်ဝိညာဉ်လဲ။ ၎င်းမှာ ဆင့်ကဲတိုးတက်ခြင်းအဆင့် သားရဲတစ်ကောင်ဖြစ်ခြင်းဟူသည် ဂုဏ်ပုဒ်နှင့် ထိုက်တန်လှသည်။ မည်သည့် အဆင့်ခုနစ်သားရဲတိုင်းထက်မဆို အပြတ်အသာ သာလွန်လှသည်။ တကယ်တော့ ထိုသို့ဖြစ်ရခြင်းမှာ ငိုကြွေးဝိညာဉ်သားရဲ၏ အသက်အရွယ်က ငယ်ရွယ်နေသေးတာကြောင့်လည်း ပါသည်။ မဟုတ်ပါက ငိုကြွေးဝိညာဉ်သားရဲသည် ၎င်း နာမည်ကျော်သည့်အတိုင်း စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဟန်လိသည် ရေနဂါး၏စိတ်ဝိညာဉ်ကို ငိုကြွေးစိတ်ဝိညာဉ်သားရဲက အမှန်တကယ် စုပ်ယူသွားစေရန် စိတ်ကူးလုံးဝ ရှိမနေပေ။ အဆင့်ရှစ်နတ်ဆိုးသားရဲတစ်ကောင်၏ စိတ်ဝိညာဉ်ကား အလွန်အင်မတန် အဖိုးတန်လှသည် မဟုတ်လား။ သူ့အနေဖြင့် ၎င်းကို မဖြုန်းတီးပစ်ချင်တာ သဘာဝပင်။
သို့ဖြစ်၍ ငိုကြွေးစိတ်ဝိညာဉ်သားရဲနှင့် ရေနဂါး၏ စိတ်ဝိညာဉ်တို့သည် ရှေ့လည်းမတိုး၊နောက်လည်းမဆုတ်သာ ဖြစ်နေစဉ် ဟန်လိက ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။ ခဏအကြာ၌ သူ့လက်၌ မိုးပြာအလင်းတောက်ပစေလျက် ရေနဂါး၏စိတ်ဝိညာဉ်ကို ခြုံလွှမ်းပြီး ဖြစ်သည်။ ထွက်ပြေးနိုင်စွမ်း မရှိတော့သည်ဖြစ်၍ ထိုစိတ်ဝိညာဉ်သည် ဟန်လိ၏ လက်ထဲ တင်းကြပ်စွာ ဖမ်းဆုပ်မိခြင်း ခံရသည်။
ထိုစိတ်ဝိညာဉ်သည် လက်မအနည်းငယ်လောက်သာ ရှိသည်။ သို့ပင်ငြား ၎င်းက သူ့လက်ကြားထဲမှ အတင်းအကြပ် ရုန်းကန်နိုင်သေးသည်။ သို့သော် ဟန်လိသည် သူ့အခြားလက်တစ်ဖက်၌ ပုလင်းတစ်ခုကို ကိုင်ထား၍ ကြိုပြင်ဆင်ထားနှင့်ပြီး ဖြစ်ကာ အလျင်အမြန် လှုပ်ရှားလျက် ထိုရေနဂါးကို မိုးပြာအလင်း ထွေးခြုံစေပြီး ၎င်းပုလင်းထဲသို့ ထည့်သွင်းပစ်လိုက်တော့သည်။ သူက ပုလင်းကို အလျင်အမြန် ပြန်ဖုံးပိတ်ပြီး သူ၏သိုလှောင်အိတ်ထဲသို့ သေချာ ထည့်သိမ်းထားလိုက်သည်။ သည်အခါကျမျှ သူ စိတ်အေးကာ သက်ပြင်းချနိုင်တော့သည်။
ထို့နောက်တွင် ဟန်လိသည် ပိုးတောင်မာများ၏ တိုက်ခိုက်မှုကြောင့် ချက်ခြင်းဆိုသလို သေဆုံးသွားသည်ဟု ထင်ရသော နတ်ဆိုးသားရဲလိပ်ဘက်သို့ ပြန်လှည့်သည်။
ထိုစဉ် ကြွပ်ဆတ်ဆတ်အသံတစ်သံ မြည်ဟိန်းထွက်လာသည်။ နောက်ဆုံး၌ အလင်းအရံအတားကို ဟန်လိ၏ ဓားကြီးနှစ်လက်က ချိုးဖျက်ပြီးလေပြီ။ ခေါင်းလှည့်၍ပင် မကြည့်ဘဲ သူက သူ့လက်ကို ဖြန့်ကားကာ သူ့လက်ထဲမှ မိုးပြာအလင်းတန်းအစုအဝေးကို စေလွှတ်သည်။ ခဏအကြာ ထိုအလင်းသည် မိုးကြိုးမုန်တိုင်းတောင်ပံတစ်စုံကို ပြန်သယ်ပြီး သူ့လက်ထဲသို့ ယူလာပေးသည်။ ဟန်လိသည် ထိုတောင်ပံနှင့် ပတ်သက်ပြီး ကြည့်ရှုရမည့် အချိန်အခါ မဟုတ်သေးသ၍ သူက ၎င်းတို့ကို သူ့သိုလှောင်အိတ်ထဲသို့သာ အရင်ထည့်သိမ်းထားလိုက်သည်။
ဟန်လိ၏ ထိုလုပ်ဆောင်မှုက ဖန်ရှီကို သွေးအန်ထွက်လုနီးနီး ဖြစ်သွားစေသည်။ မူလတုန်းက သူ၏ တည်ငြိမ်နေသော ဟန်ပန်မှာ ခုဆို အမုန်းတရားနှင့် ပြည့်နှက်ကာ သုန်မှုန်ရန်လိုဟန်အပြည့် ဖြစ်နေတော့သည်။ ဟန်လိ၏အကြည့်သည် အခန်း၏ လိပ်သားရဲပေါ်တွင် အုံနေသော ပိုးတောင်မာများထံ ကျရောက်သွားပြန်သည်။ သူက တီးတိုးလေချွန်သံပြု၏။ ထိုပိုးတောင်မာများသည် ထပျံသန်းလာပြီး ၎င်းတို့အောက်ဘက်မှ နတ်ဆိုးသားရဲလိပ်၏ အသွင်အပြင် လှစ်ဟပေါ်လာ
ဟန်လိသည် သူ့အသက်ရှုသံ အေးစက်သွားသည်ဟု ခံစားလိုက်ရ၏။
နတ်ဆိုးသားရဲလိပ်၏ခန္ဓာကိုယ်သည် တစစီ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ သို့သော် ၎င်း၏ခန္ဓာကိုယ်ကို အဝါရောင်အလင်းခပ်ဖျော့ဖျော့က ထွေးခြုံထားလျက် ရှိ၏။ ဟန်လိ၏ မျက်စိရှေ့မှာတင် ၎င်း၏ အသွေးအသားများသည် အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် ပြန်ကောင်းမွန်လာနေသည်။ ချက်ခြင်းပင် ထိုလိပ်သားရဲ၏ ဒဏ်ရာအများစုမှာ ပျောက်ကင်းသွား၏။
တွေတွေဝေဝေကြီးအသွင်ဟန်ပန်ဖြစ်သွားကာ ဟန်လိက ခါးသက်သက် ညည်းလိုက်မိသည်။
“အလိုအလျောက်ပြန်ကောင်းမွန်နိုင်စွမ်းခန္ဓာကိုယ်…”
အလိုအလျောက်ပြန်ကောင်းမွန်နိုင်စွမ်း ရှိသည့် ခန္ဓာကိုယ်များသည် နတ်ဆိုးသားရဲများကြား၌ အတွေ့ရများပြီး ထိုသို့စွမ်းရည်ကို အဆင့်နိမ့်သားရဲများစွာက ပိုင်ဆိုင်ထားလေ့ ရှိသည်။ ၎င်းစွမ်းရည်သည် ဒဏ်ရာများကို မြန်ဆန်စွာ ပြန်ကောင်းမွန်စေနိုင်ပြီး ခြေလက်များပင် အသစ်ပြန်ဖြစ်တည်တာမျိုး ဖြစ်စေနိုင်သည်။ သို့ရာတွင် ထိုသို့သော စွမ်းရည်ကား အဆင့်မြင့်နတ်ဆိုးသားရဲများကြားတွင်မူ မြင်ရတွေ့ရခဲလှသည်။ အဆင့်ခြောက်နှင့် အဆင့်ခုနစ်သားရဲ မြောက်များစွာကို သတ်ခဲ့ဖူးပြီး ဖြစ်သော်ငြား ဟန်လိသည် ထိုသို့သော ပြန်မွေးဖွားနိုင်လုနီးနီး စွမ်းရည်မျိုးကို လုံးဝ မမြင်ဖူးခဲ့သေးပေ။
ဟန်လိသည် ထိုအဆင့်ရှစ်သားရဲတစ်ကောင်ဖြစ်သူ လိပ်၌ သည်စွမ်းရည်မျိုး ပိုင်ဆိုင်ထားတာ တွေ့သည့်အခါ ကြီးစွာ တုန်လှုပ်အံ့အားသင့်နေမိသည်။ သူ့အတွက် ပြဿနာလည်း ပိုကြီးမားလာခဲ့လေပြီ။ နတ်ဆိုးသားရဲလိပ်၏ ဦးခေါင်းကို ပွင့်ထွက်စေလျက် ၎င်း၏သားရဲနတ်ဆိုးအမြုတွေကို တစစီ ဖြစ်စေခြင်းကလွဲ၍ ဟန်လိအဖို့ ၎င်းကို သတ်နိုင်ရန် အခြားနည်းလမ်း မရှိတော့ပေ။
သူ့၌ ထိုသို့သော စွမ်းရည်မျိုး ရှိမနေသည်ဖြစ်၍ ဟန်လိမှာ အကူအညီမဲ့ရလေပြီ။ ကံဆိုးသည်မှာ သူသည် သူ့ဝါးတိမ်အုပ်ဓားများကို နှစ်ပေါင်းဆယ်စုနှစ်ချီလောက်သာ သန့်စင်မွန်းမံခဲ့ရသေးသည်။ သို့ဖြစ်၍ ဒဏ္ဍာရီလာ ရွှေလျှပ်စီးဝါးနှင့် သန့်စင်ထားသော်ငြား ၎င်းဓားများသည် အဆင့်တူမှော်လက်နက်ရတနာများကြား၌ အစွမ်းထက်လွန်းလှသည်ဟု မသတ်မှတ်နိုင်သေးပေ။
အတိတ်တုန်းက သူသည် ထိုမှော်ရတနာ၏ အရေအတွက်အပေါ်တွင်သာ မှီခိုခဲ့ရတာများပြီး အဆင့်ခြောက်နှင့်ခုနစ်သားရဲများကို သတ်နိုင်ခဲ့တာပင်။ တကယ်တော့ ၎င်းဓားများ၏ စွမ်းအားသည် ဓားငယ်ဆယ့်နှစ်လက်ကို ဓားကြီးတစ်လက်အဖြစ် ပေါင်းစည်းစေသည့်အခါတွင်မူ အစွမ်းထက်လှခြင်းမှာ အစုံလိုက်ရှိသော မှော်ရတနာတစ်ခု၏ အားသာချက်တစ်ခုကြောင့်သာ ဖြစ်ခဲ့သည်။
သို့ပေမည့် ထိုသို့ဓားကြီးတစ်လက်အဖြစ် ပေါင်းစည်းစေခြင်းဖြင့်ပင် သူသည် သည်မှာ ရှိနေသော ရှည်ကြာလှစွာ ကျင့်ကြံပြီးသည့် သားရဲများ၏ ခန္ဓာကိုယ်များကိုမူ မည်သို့မျှ ထိခိုက်အောင် လုပ်နိုင်ခြင်း မရှိတာ သိသာလှသည်။