← Chapters

လိုက်လံမှုမှ လွတ်မြောက်ခြင်း

Vol. 40 Ch. 552

လိုက်လံမှုမှ လွတ်မြောက်ခြင်း

Vol. 40 Ch. 552

သူ့ဓားများသည် ထိုနတ်ဆိုးသားရဲများကို လုံးဝ ထိခိုက်မှုမရှိသည့်အခါ ဟန်လိသည် အတော်လေး စိတ်ပူပန်သွား၏။ သို့သော် ခဏစဉ်းစားပြီးနောက်မှာ သူက တည်ငြိမ်မှု ပြန်ရလာသည်။ အဆင့်မြင့်နတ်ဆိုးသားရဲ အများစုသည် သူတို့၏ခန္ဓာကိုယ်များကို အထူးပြုပြီး ကျင့်ကြံကြသည် မဟုတ်လား။ သူတို့၏ အသွေးအသားနှင့် မာကြောလှသည့် အရေပြားတို့သည် အဆင့်တူ ကျင့်ကြံသူများ၏ မှော်ရတနာများနှင့် ယှဉ်၍ ရသည်။ ထို့အပြင် သားရဲများ၏ သက်တမ်းမှာလည်း ပုံမှန်ကျင့်ကြံသူများထက် ပိုရှည်သည်။ သို့ဖြစ်၍ နတ်ဆိုးသားရဲတစ်ကောင်သည် ကျင့်ကြံမှု ပို၍ အဆင့်မြင့်လေလေ၊ ပိုကြာကြာ ကျင့်ကြံလေလေ သူတို့၏ခန္ဓာကိုယ်များကား သာ၍ မာကြောလေပင်။

စဦးစိတ်ဝိညာဉ်အဆင့်သို့ မရောက်ခင်၌ ကျင့်ကြံသူများသည် အဆင့်ခုနစ်သားရဲများနှင့် ယင်းအောက်သားရဲများကို သတ်ဖြတ်ရာတွင် သူတို့၏ မှော်ရတနာများနှင့် အသိသညာများအပေါ် မှီခိုရပေသည်။ သို့သော် နတ်ဆိုးသားရဲများက အဆင့်ရှစ် ဆင့်ကဲတိုးတက်ခြင်းအဆင့်သို့ ရောက်သွားသည်နှင့် သူတို့၏ ကျင့်ကြံထားသော ခန္ဓာကိုယ်၊ တိုးတက်လာသော ဉာဏ်ရည်တို့ကြောင့် အဆင့်တူ လူသားကျင့်ကြံသူများကို များသောအားဖြင့် ဖိနှိပ်နိုင်ကြသည်။

ရေနဂါးများသည် ရှေးဦးမျိုးနွယ်စုဝင် ဖြစ်၍ ၎င်းတို့၏ အဆင့်ရှစ်သည် ပုံမှန်အဆင့်ကိုးသားရဲများနှင့် ယှဉ်တိုက်နိုင်စွမ်း ရှိသည့်အထိ အစွမ်းထက်ကြသည်။ နတ်ဆိုးသားရဲမျိုးနွယ်ကမူ သားရဲအားလုံးကြား၌ အသန်မာဆုံးခုခံမှုစွမ်းရည် ရှိကြသည်။

သားရဲများနှင့် ပတ်သက်ပြီး ဤသို့ စဉ်းစားပြီးနောက်မှာ ဟန်လိသည် သူ့ဓားများက ၎င်းတို့ကို နည်းနည်းလေးမျှ မထိခိုက်စေသည့်အပေါ် အံ့အားတသင့် ဖြစ်မနေတော့ပေ။ နှစ်ပေါင်းရာချီ ပြုစုမွန်းမံထားသည့် မှော်ရတနာတစ်ခုနှင့် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က တိုက်ခိုက်လာခဲ့လျှင်တော့ အခုအခြေအနေမှာ ကွဲပြားသွားနိုင်သည်။

နတ်ဆိုးသားရဲများ နေရာ၌ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖြစ်နေခဲ့လျှင်တော့ ဟန်လိသည် လွယ်ကူစွာ သတ်နိုင်စွမ်း ရှိမည် ဖြစ်သည်။ အလွန်နည်းပါးလှသော ကျင့်ကြံသူများကသာ နတ်ဆိုးသားရဲများကဲ့သို့ သူတို့၏ခန္ဓာကိုယ်များကို သန့်စင်ကျင့်ကြံကြသည် မဟုတ်လား။ ဥပမာ မန်ဟုဇီကဲ့သို့ပင်။

နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကမူ မိစ္ဆာပညာရပ်များနှင့် မကောင်းဆိုးဝါး ပညာရပ်များကို ဆန့်ကျင်တိုက်ခိုက်ရာ၌ သိသိသာသာ ထိရောက်မှု ရှိလှသော်လည်း သားရဲမျိုးနွယ်စုများနှင့် ရင်ဆိုင်ရာတွင်တော့ အထူးတလဲ သက်ရောက်မှု ရှိမနေလေပေ။ ရွေလျှပ်စီးဝါးထံမှ ဖြစ်တည်သော နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးသည် ၎င်းကိုယ်တိုင်၌ စွမ်းပကား ကြီး၏။ သို့သော် ဟန်လိ၏ ခုလက်ရှိ ကျင့်ကြံမှုကြောင့် သူသည် ၎င်းစွမ်းအား၏ ဆယ်ပုံတစ်ပုံလောက်ကိုသာ အသုံးပြုနိုင်စွမ်း ရှိနေသေးသည်။ သူ့စိတ်ထဲ၌ ဤသို့ ရှင်းရှင်းလင်းလင်း ဖြစ်စေပြီးနောက်မှာမူ ဟန်လိသည် နည်းနည်းလေးမျှ မချင့်မရဲ ဖြစ်မနေတော့ပေ။ သူက သူသာ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီး သူ၏ ဝါးတိမ်အုပ်ဓားများကို နောက်ထပ် နှစ်ရာချီသာ သန့်စင်မွန်းမံပြီးလျှင် သူ၏မှော်ရတနာများသည် ခွန်အားအရာ၌ ချိုးဖျက်နိုင်စွမ်း ကြီးမားလာမည်ကို သဘောပေါက်ထားသည်။ ထိုသို့ အနေအထားသို့သာ ရောက်လာခဲ့လျှင် သူ့အနေဖြင့် နတ်ဆိုးသားရဲများ၏ ခုခံမှုကို သက်သောင့်သက်သာ ချိုးဖျက်နိုင်ပေလိမ့်မည်။

တကယ်တော့ ဝါးတိမ်အုပ်ဓားများကို ရရန် သူသည် များစွာ အားစိုက်ထုတ်ခဲ့ရပေသည်။ ဟန်လိမှာ ၎င်းဓားများ၏ ကြီးမားသော‌ ရှေ့အလားအလာအပေါ် ယုံကြည်မှု ရှိပေ၏။

ဟန်လိသည် သူကဲ့သို့ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် အဆင့်ခုနစ်သားရဲများကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း အဆင့်ရှစ်သားရဲ သို့တည်းမဟုတ် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ဖို့ကိုတော့ မဝံ့ရဲပေ။ အမြုတေဖွဲ့စည်းခြင်းနှင့် စဦးစိတ်ဝိညာဉ်ကြား ကွာခြားချက်ကား ကြီးမားလွန်းလှချေ၏။

သည်အတွေးများက ဟန်လိ၏ စိတ်ထဲ၌ လျင်မြန်စွာ ပေါ်လာခဲ့တာပင်။ သူသည် နတ်ဆိုးသားရဲလိပ်နှင့် ဖန်ရှီတို့ကို နောက်ထပ်လှမ်းကြည့်ပြီးနောက်မှာ သူ့ဟန်ပန်က ချီတုံချတုံ ဖြစ်နေ၏။

သူသည် အရဲစွန့်ပြီး ကောင်းကင်ရေခဲပုလဲကို အသုံးမပြုလျှင် သည်နတ်ဆိုးသားရဲနှစ်ကောင်ကို အချိန်တိုအတွင်း ရှင်းပစ်နိုင်လိမ့်မည်မဟုတ်ဟု ကောက်ချက်ချမိတော့သည်။ ထိုပုလဲဖြင့်ဆို ဟန်လိသည် သားရဲနတ်ဆိုးလိပ်ကို လက်စသပ်ပစ်နိုင်လိမ့်မည် ဖြစ်ပြီး လေချိုးဖျက်ခြင်းသားရဲ၏ အကာအကွယ် ရတနာကိုမူ ချိုးဖျက်နိုင်လောက်လိမ့်မည်မဟုတ်လောက်ဟု ထင်သည်။ သူက ကောင်းကင်ရေခဲပုလဲကို ထိန်းချုပ်နိုင်ခြင်း မရှိ၍ ၎င်း၏စွမ်းအားကို သားရဲများ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ကျရောက်အောင် လုပ်နိုင်ခြင်း မရှိသည် ဖြစ်၍ ရေခဲမီးတောက်၏ အစွမ်းသက်ရောက်မှုအား များစွာ လျော့ကျသွားစေမည်သာ။

သို့သော် ဟန်လိကို ချီတုံချတုံ ဖြစ်စေသည်မှာ ရေခဲမီးတောက်များသည် အသုံးပြုပြီးသည်နှင့် ပြန်ဖြည့်တင်းနိုင်တော့မည် မဟုတ်ခြင်းပင်။ ယင်းမီးတောက်များ အသုံးပြု၍ သူက ဖန်ရှီကို မသတ်နိုင်ခဲ့လျှင် သည်အခန်းထဲ၌ လက်ကျန်မီးတောက်များကို ထားခဲ့ရမည် ဖြစ်ပြီး ဖန်ရှီ အသုံးပြုနိုင်ရန် လက်ဆောင်ဖြစ်သွားပေလိမ့်မည်။ စားစိတ်ဝိညာဉ်ကို ဖွဲ့စည်းပြီးနောက်မှ ထိုပုလဲကို သန့်စင်နိုင်ခဲ့လျှင် ၎င်းသည် သူ၏လက်နက်များထဲ၌ နောက်ထပ် ချိန်းချောက်မှုအပြည့်ရှိသော လက်နက်တစ်ခု ဖြစ်လာနိုင်သည်။

ဟန်လိသည် တစ်စက်လေးမျှ အချိန်ဖြုန်း၍ မရ၍ သူ့၌ တွေးနေရန် အချိန်မရှိပေ။ လိပ်သားရဲကား ဖောင်းကားနေဆဲဖြစ်သော်ငြား လေချိုးဖျက်ခြင်းသားရဲ၏ ဝမ်းဗိုက်ကမူ သိသိသာသာ ပြန်ကျုံ့သွားခဲ့ပြီ ဖြစ်၏။ ဖန်ရှီ၏ မဲမှောင်နေသော ဟန်ပန်က ခုချိန်မှာ ပို၍ ရန်လိုကြမ်းကြုတ်လာခဲ့ပြီ။

ဟန်လိသည် ဖန်ရှီက အစိမ်းရောင်အရည်၏ မှော်စွမ်းအားကို အပြည့်အဝ ဖိနှိပ်ပြီး ၎င်း၏ခန္ဓာကိုယ်နှင့် မှော်စွမ်းအားကို ထိန်းချုပ်မှု ပြန်မရခင် အချိန်သိပ်မရတော့ပေ။ သို့ဖြစ်၍ သူ အံတင်းတင်းကြိတ်ကာ နတ်ဆိုးသားရဲလိပ်၏ သိုလှောင်အိတ်ကို ဆတ်ခနဲ ဆွဲယူသည်။ ထို့နောက်တွင် ထိုသားရဲလိပ်ကို မြေကမ္ဘာမီးတွင်းထဲသို့ ကန်ထုတ်လိုက်သည်။ ခဏအကြာတွင် သူက ရေနဂါး၏ အကြွင်းအကျန်များ ပါဝင်သော နောက်ထပ် သိုလှောင်အိတ်ကို ယူဆောင်ကာ ဖြတ်ခနြ ပျောက်ကွယ်သွား၏။ သူသည် လေချိုးဖျက်ခြင်းသားရဲနား၌ ပေါ်လာကာ ထိုသားရဲကောင်ကိုလည်း လိပ်သားရဲအား အဖော်ပြုပေးနိုင်ရန် မြေကမ္ဘာမီးတွင်းထဲ ကန်ထည့်လိုက်ပြန်သည်။

သည့်နောက်မှာ သူက သည်နတ်ဆိုးသားရဲများကို ထပ်မံကြည့်မနေတော့ဘဲ မိုးပြာအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ ပျံသန်းထွက်လာတော့သည်။

ဟန်လိသည် လူသူကင်းမဲ့သော ကျွန်းတစ်ခုပေါ်၌ သူ့ကိုယ်သူ ဖုံးကွယ်နေထိုင်ပါက ထိုသားရဲကောင်များသည် မည်မျှအစွမ်းထက်နေပါစေ သူ့အား နောက်ယောင်ခံ လိုက်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။ သို့ဖြစ်၍ ဟန်လိသည် အခန်း၏ ကျောက်တံခါးဝကို ဖြတ်၍ တွင်းပေါက်ထဲမှ ထိုးထွက်ကာ မည်သည့်သဲလွန်စမျှ မချန်ဘဲ ပျံသန်းထွက်လာခဲ့တော့သည်။ မှော်ရတနာသန့်စင်ခြင်းအခန်းကား လုံးဝ ငြိမ်သက်တိတ်ဆိတ်သွားလေပြီ။

အချိန်မည်မျှကြာမှန်း မသိရပြီးနောက်မှာ မကျေမချမ်းနှင့် ရက်စက်ကြမ်းကြုတ်လှသော ဟိန်းအော်သံတစ်သံကား ထိုအခန်းထဲရှိ မြေကမ္ဘာမီးတွင်းထဲမှ ထွက်ပေါ်လာ၏။ ယင်းအော်သံနှင့်အတူ မြေကမ္ဘာမီးတွင်းထဲမှ အဖြူရောင်စူးစူးအလင်းတန်းတစ်ခု ထိုးထွက်လျက် အခန်း၏မျက်နှာကြိုကို ချိုးဖျက်လိုက်သလို သည်လှိုဏ်ဂူ၏အတားအဆီးအားလုံးကိုပါ ဖြတ်ကျော်၏။

ခဏအကြာတွင် အဖြူရောင်အလင်းတန်းတစ်ခုသည် ကျွန်းငယ်တစ်ခု၏ အထက်၌ ပေါ်လာပြီး ၎င်းကျွန်းကို အံ့မခန်းအရှိန်အမြန်နှုန်းဖြင့် လှည့်ပတ်ပျံသန်းသည်။ ၎င်းအလင်းက မူလနေရာတွင် ရပ်တန့်သွားပြီးနောက်မှာမူ လွင့်ပါးသွားလျက် ဖန်ရှီ၏အသွင်ဟန်ပန် ပေါ်လာသည်။ သူ့ သေသေသပ်သပ်ပုံစံကြောင့် မြေကမ္ဘာမီးထဲမှ သူကား အထိအခိုက် တစိုးတစိမျှ မရှိလေဘဲ ထွက်လာနိုင်ခဲ့ပုံ ပေါ်သည်။

သို့ရာတွင်ကား သူသည် ဒေါသတကြီး အံတင်းတင်းကြိတ်ထား၏။ သူ့လက်ထဲတွင်မူ မလှုပ်နိုင်မကိုင်နိုင် ဖြစ်နေသေးသော လိပ်သားရဲ၏ ခန္ဓာကိုယ်ရှိသည်။ ထိုလိပ်သားရဲကား ၎င်း၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် မည်သည့်မှော်ရတနာမျှ မရှိသည်ဖြစ်၍ ၎င်း၏ခန္ဓာကိုယ်သည် မဲနက်ကာ အငွေ့များထွက်နေသည်။ ၎င်းလိပ်မှာ မြေကမ္ဘာမီးတွင်းနက်ထဲ၌ အတော်လေး ခံစားခဲ့ရပုံ ရသည်။

ဖန်ရှီ၏မျက်လုံးထဲ၌ အဖြူရောင်အလင်းဖြင့် တောက်ပသွားပြီး သူ့အကြည့်က မိုးကုပ်စက်ဝန်းထံ ဝေ့ခတ်ကျရောက်သည်။ ခဏ စဉ်းစားပြီးနောက်မှာ သူ့အမူအရာသည် ရန်လိုကြမ်းကြုတ်လာ၏။

သူ့ဦးတည်ရာကို သေချာစေပြီးသည်နှင့် သူသည် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းကာ ကောင်းကင်ကို ထိုးခွင်းပျံသန်းလာတော့သည်။ ထိုစဉ် ဟန်လိသည်လည်း ကောင်းကင်ကို ဖြတ်သန်းပျံသန်းနေ၏။ ချွေးစေးများလည်း ပြန်နေသည်။ သူ့ခန္ဓာကိုယ်ထဲ၌ ဖန်ရှီထည့်သွင်းခဲ့သော လေစိတ်ဝိညာဉ်စွမ်းအားကား စတင်၍ မွှေနှောက်လာခဲ့ပေပြီ။ ၎င်းအား ဖိနှိပ်ထားသော နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးမှာလည်း မတည်မငြိမ် ဖြစ်လာသည်။ ကံကောင်းသည်မှာ ဟန်လိသည် အလျင်အမြန် တုန့်ပြန်နိုင်လိုက်တာပင်။ သူက ဝတ်ရုံထဲမှ သူ့စိတ်ဝိညာဉ်စွမ်းအားကို အလျင်အမြန် ခွဲထုတ်ပြီး လေဝိညာဉ်စွမ်းအင်ကို အပြောင်းအလဲများ မဖြစ်ရန် အတင်းအကြပ် ဖိနှိပ်သည်။

အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ဝင်ရောက်ပြီးနောက်မှာ ဟန်လိသည် ဝတ်ရုံထဲမှ သူ၏မှော်စွမ်းအားကို ချောချောမွေ့မွေ့ မထိန်းချုပ်နိုင်သော်ငြားလည်း အတင်းအကြပ် ထုတ်နှုတ်နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။

ဟန်လိသည် မျက်စိမျက်နှာပျက်နေမိသည်။ လေချိုးဖျက်ခြင်းသားရဲဖန်ရှီက သူ့ထံ လာနေပြီ မဟုတ်လား။ ဟန်လိသည် သူ့ဦးတည်ရာကို ပြောင်းလဲကာ သူ၏ဝတ်ရုံထဲသို့ စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းပြီး လျင်မြန်လှစွာ ထွက်ပြေးတော့၏။ သူသည် ဖန်ရှီကို ဒေါသပုန်ထအောင် လုပ်ခဲ့တာ သံသယ ရှိစရာ မလိုပေ။ သူသာ ဖန်ရှီ၏လက်ထဲ၌ ဖမ်းမိသွားခဲ့ပါက အပိုင်းပိုင်းအစစ ဖျက်စီးခံရပြီး သူ၏စိတ်ဝိညာဉ်လည်း သန့်စင်မွန်းမံခံရမှာ သေချာလှ၏။

ဟန်လိသည် များစွာ စိတ်ပူပန်ရလေပြီ။ ဖန်ရှီသည် သူနှင့် အလွန်အလှမ်းဝေးနေသေးသည့်တိုင် သူ့ခန္ဓာကိုယ်အတွင်း၌ လေစိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်နေသည် မဟုတ်လား။ ဤသည်မှာ လုံးဝ မထင်ထားသည့် ကိစ္စရပ်တစ်ခုပင်။ သူသည် အခွင့်အရေးတစ်ခု ရခဲ့သားနှင့် မှော်ရတနာသန့်စင်ခြင်းအခန်းထဲ၌ ကောင်းကင်ရေခဲပုလဲကို မထုတ်လွှတ်ခဲ့သည့်အပေါ် အခုအခါ နောင်တရနေခဲ့ပေပြီ။

သို့သော် ခုချိန်၌ သည်အကြောင်းကို တွေးနေခြင်းက အကျိုးမရှိလေပေ။ ဟန်လိသည် သူ၏သွေးနီရောင်ဝတ်ရုံ အကူအညီဖြင့် လွတ်မြောက်အောင် လုပ်နိုင်ရန်သာ တတ်နိုင်တော့သည်။ ဟန်လိသည် ဆက်၍ ထွက်ပြေးနေစဉ် သူ့ခန္ဓာကိုယ်တွင်းမှ လေစိတ်ဝိညာဉ်စွမ်းအင်သည် လေးနာရီမှ ခြောက်နာရီကြားတစ်ခါလောက် ရုန်းကြွနေ၏။

သူသည် နာရီဝက်ကြာတိုင်း ၎င်းလေစွမ်းအင်ကို ဖိနှိပ်ထားနေသော်လည်း အကြိမ်တိုင်း၌ ဖန်ရှီက သူ၏ဦးတည်ရာကို ဆုံးဖြတ်နိုင်မည်အပေါ် ကာကွယ်နိုင်ရန် သူ့ဦးတည်ရာကို ပြောင်းနေရဆဲပင်။

ဟန်လိ၏ အမြန်နှုန်းသည် လေချိုးဖျက်ခြင်းသားရဲထက် များစွာ နိမ့်ကျလှသည် မဟုတ်လား။ သို့သော် သူသည် အကြိမ်တိုင်း၌ လက်ဦးမှု ရယူနိုင်ကာ ဖန်ရှီကို အလှမ်းကွာဝေးအောင် လုပ်နိုင်နေသေးသည်။ သို့ပေမည့် ဖန်ရှီသည် လေစိတ်ဝိညာဉ်စွမ်းအား၏ တုန့်ပြန်မှုအပေါ် အားပြု၍ ဟန်လိ၏နောက်သို့ လိုက်လာနိုင်နေဆဲပင်။

ကြောင်နှင့်ကြွက်ပြေးပွဲကား တစ်လလောက် ဆက်တိုက် ဖြစ်လာခဲ့လေပြီ။ ဖန်ရှီနှင့်ဟန်လိတို့သည် ပင်လယ်ပြင်၏ ကျယ်ပြောလှသည့်အကွာအဝေးထိ ဖြတ်သန်းခရီးနှင်ခဲ့ကြပြီး ဖြစ်၏။

ထိုသို့ အမဲလိုက်ခံရမှုက ဟန်လိကို ပို၍ သုန်မှုန်လာစေတော့သည်။ လေချိုးဖျက်ခြင်းသားရဲ၏ လိုက်လံမှုကနေ လုံးဝ လွတ်မြောက်အောင် လုပ်နိုင်ရန် သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ လေစိတ်ဝိညာဉ်စွမ်းအင်ကို သန့်စင်ပစ်ချင်နေ၏။ သို့ပေမည့် ထိုသို့ လုပ်နိုင်ရန်မှာ မလွယ်ကူလွန်းလှပါ။ ထွက်ပြေးနေသည့် သည်တစ်လအတွင်း သူက ၎င်းကို သန့်စင်ပစ်နိုင်ရန် အစွန်းကုန် ကြိုးစားခဲ့သော်လည်း နည်းနည်းလေးမျှ လျော့သွားခဲ့တာမျိုး မရှိခဲ့ပေ။ ကြည့်ရတာ ၎င်းမှာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် ဖယ်ရှားမထုတ်ပစ်နိုင်သည့် တစ်စုံတစ်ခု ဖြစ်သည့်ပုံပင်။ အကူအညီမဲ့စွာဖြင့် ဟန်လိသည် ထွက်ပြေးနိုင်အောင်သာ အစွမ်းကုန်လုပ်နေရတော့၏။

သို့သော် လေချိုးဖျက်ခြင်းသားရဲသည် လေစွမ်းအင်ကို မကြာခဏ တောက်လောင်အောင် မလုပ်နိုင်သလဲအပေါ် စဉ်းစားရခက်နေခဲ့၏။ ထိုသားရဲကောင်ကသာ ယင်းသို့ လုပ်ခဲ့လျှင် သူ့ကို ဖမ်းမိနေတာ ကြာနေလောက်ပြီ။ တကယ်တော့ ဟန်လိသည် သူနှင့် ကီလိုမီတာထောင်ချီအကွာ၌ ဖန်ရှီက ဟန်လိ၏ခန္ဓာကိုယ်ထဲရှိ လေစိတ်ဝိညာဉ်စွမ်းအင်ကို တောက်လောက်အောင် အဆက်မပြတ် လုပ်ချင်နေမှန်းကိုမူ မသိနေချေ။ သို့ပေမည့် ထိုလေချိုးဖျက်ခြင်းသားရဲကိုယ်တိုင်မှာလည်း ဟန်လိနှင့် ဖြစ်အင်တူနေ၏။

နတ်ဆိုးကျင့်ကြံသူသည် နှစ်အသင်္ချေစိတ်ဝိညာဉ်နို့ရည်ထဲရှိ အဆိပ်က မည်မျှ ထူးဆန်းသလဲကို မသိသော်လည်း သူသည် သူ့စိတ်ဝိညာဉ်စွမ်းအားကို ဖျစ်ညှစ်အသုံးပြုလျှင် သူ့ခန္ဓာကိုယ်သည် ဖောင်းကားလာလိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်သည့်အခါတိုင်း၌ သူ့အဖို့ ပျံသန်းနေတာကို ရပ်၍ ၎င်းအား အတင်းအကြပ် ဖိနှိပ်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိ ဖြစ်ရသည်။

သူသည် အချိန်တစ်ခုပေးကာ ကျင့်ကြံပြီးနောက် ထိုအဆိပ်ကို လုံးဝ ဖယ်ရှားပစ်နိုင်မည်ဟု သေချာသိနေသော်လည်း သူသည် ဟန်လိ လွတ်မြောက်သွားမှာကို ခွင့်မပြုနိုင်ပေ။ ထို့အပြင် ဖန်ရှီ၌ မှော်စွမ်းအား အများအပြား မကျန်တော့ချေ။ ထို့ကြောင့် သူသည် ခြေကုန်လက်ပန်းမကျသွားခင် ဟန်လိကို မီအောင် အစွမ်းကုန်လုပ်ဆောင်နေတာပင်။ နတ်ဆိုးသားရဲလိပ်ကလည်း ပြန်ကောင်းမွန်နေတာ ကြာပြီ ဖြစ်၏။ သို့သော် သူက နှေးလွန်းသဖြင့် ဖန်ရှီသည် ထိုလိပ်သားရဲကို ထားခဲ့ကာ သူ့ဘာသာ ဆက်လိုက်လံနေတာ ဖြစ်၏။

ဖန်ရှီကို အကြီးအကျယ် စိတ်ပျက်စေ၊ အံ့အားသင့်စေတာကတော့ ဟန်လိသည် မြန်ဆန်လှစွာ ခရီးနှင်နိုင်တာပင်။ သူသည် ဟန်လိ၌ မြန်နှုန်းမြှင့်ပေးသော မှော်ရတနာတစ်ခု ပိုင်ဆိုင်ထားလိမ့်မည်ဟု ဝိုးတဝါးခံစားမိသည်။

All Chapters