လျှပ်စီးရွှေ့လျားမှု
Vol. 40 Ch. 553
တစ်နေ့ပြီးတစ်နေ့ ဆက်တိုက်လိုက်လံနေရင်း လေစိတ်ဝိညာဉ်စွမ်းအင်ကို တောက်လောင်စေသော ကြာချိန်သည် တဖြည်းဖြည်း ပို၍ ကွာဝေးလာတော့သည်။ အစပိုင်း၌ ၎င်းစွမ်းအင် တောက်လောင်မှုသည် ခြောက်နာရီကြတိုင်းတွင် တစ်ကြိမ် ဖြစ်နေရာမှ ဆယ့်နှစ်နာရီတွင် တစ်ကြိမ်ဖြစ်လာသည်။ တဖြည်းဖြည်း တစ်ရက်လျှင် တစ်ကြိမ်သာ ဖြစ်လာသည်။ ထို့အပြင် တောက်လောင်မှုများသည် တစ်ကြိမ်စီတိုင်း၌ ပို၍ အားပျော့လာ၏။ အဆုံးသပ်၌ လေစိတ်ဝိညာဉ်စွမ်းအင်သည် တောက်လောင်ပြီးသည်နှင့် ကွယ်ပျောက်သည့်အထိ ဖြစ်လာသည်။ လေချိုးဖျက်ခြင်းသားရဲသည် ဟန်လိ၏ နောက်သို့ လိုက်လံမှုကို လက်လျော့လိုက်ပြီဟု ထင်ရ၏။
သည့်အတွက်ကြောင့် ဟန်လိသည် စိတ်အေးပျော်ရွှင်သွား သဘာဝပင်။ လေစွမ်းအင် မတောက်လောင်ခြင်းသည် အကွာအဝေးကြီးမားခြင်းကြောင့် သို့တည်းမဟုတ် ဖန်ရှီ ပြဿနာတက်နေခြင်းကြောင့်ပင် ဖြစ်စေ ဟန်လိအတွက် အမှန်တကယ် လွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခု ရသွားခြင်းပင်။ ဟန်လိသည် နောက်ထပ် စိတ်ဝိညာဉ်အရည်စက်ကို တုန့်ဆိုင်းမနေဘဲ ထပ်သောက်ပြီး သူ့ဟန်ချက်ကို ထိန်းကာ ပူပန်မှုမရှိလေဘဲ ကောင်းကင်ထက်သို့ ဖြတ်သန်းလာခဲ့သည်။
ဟန်လိနှင့် ကီလိုမီတာထောင်သောင်းချီ ဝေးကွာသော ထီးတည်းဖြစ်သည့် ကျွန်းတစ်ခုပေါ်၌ လေချိုးဖျက်ခြင်းသားရဲသည် ဖြူရော်သည့်မျက်နှာဖြင့် လှိုဏ်ဂူတစ်ခုထဲမှာ ထိုင်နေလျက် ရှိသည်။ ရှည်ကြာစွာ မနားတမ်းနောက်မှ လိုက်လံသည့်အတောအတွင်း သူသည် ခြေကုန်လက်ပန်းကျကာ သူ့မှော်စွမ်းအားအားလုံးမှာလည်း ကုန်ခမ်းသွားခဲ့ပေပြီ။ သူ့ခန္ဓာကိုယ်ထဲ၌ ထူးခြားသောအဆိပ်ကို ဆက်၍ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။ သူသည် စိတ်ဝိညာဉ်နို့ရည်ပိုင်ဆိုင်ထားသူ ဟန်လိနှင့်မတူသည်မှာ သူ့၌ မှော်စွမ်းအားကို ချက်ခြင်းပြန်ဖြည့်တင်းနိုင်မည့် နည်းလမ်း ရှိမနေခြင်းပင်။ သို့ဖြစ်၍ ဖန်ရှီသည် ဘာမျှမတတ်နိုင်တော့ဘဲ သည်ကျွန်းပေါ်၌ ရပ်နားကာ သူ့ခန္ဓာကိုယ်ထဲရှိ အဆိပ်ကို အချိန်တစ်ခုပေး၍ ဖယ်ရှားမှကို ရပေတော့မည်။ သူ အချိန်များစွာ ပေး၍ အားစိုက်ထုတ်ခဲ့ရသော မိုးကြိုးမုန်တိုင်းတောင်ပံများမှာလည်း ဟန်လိနောက်သို့ ပါသွားခဲ့လေပြီ။ သည့်အတွက် နတ်ဆိုးသားရဲကျင့်ကြံသူဖန်ရှီမှာ ဟန်လိကို အရိုးထဲထိ မုန်းတီးမိနေ၏။ သူ မျက်လုံးမှိတ်လိုက်ပြီး ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်လိုက်၏။
…
တစ်လအကြာတွင် ဟန်လိသည် သူနှင့်မရင်းနှီးသော ကျွန်းတစ်ခု၌ ရောက်နေ၏။ သည်ကျွန်းပေါ်၌ အဆင့်မြင့်နတ်ဆိုးသားရဲများကော၊ ကျင့်ကြံသူများပါ မရှိနေသည်ကို မြင်သည့်အခါ ဟန်လိသည် ကျွန်းပေါ်သို့ သက်ဆင်းပြီး လှိုဏ်ဂူတစ်ခုကို ခပ်မြန်မြန် ပြုလုပ်သည်။
ကွယ်ဝှက်ခြင်းမန္တာန်အစီအရင်များကို နေရာချပြီးသည့်နောက် သူက ထိုလှိုဏ်ဂူထဲသို့ ခပ်သွက်သွက် ဝင်ရောက်ကာ မိုးကြိုးတောင်ပံများကို ထုတ်သည်။ သူ့လက်ထဲရှိ လက်ဝါးအရွယ်ခန့် တောင်ပံများကို တစ်ချက်ကြည့်ပြီး ဟန်လိမှာ သူ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ဘဲ ရှိနေသည်။
ထိုတောင်ပံများသည် လေနှင့်လျှပ်စီးဓာတ်နှစ်ခုလုံးကို ပိုင်ဆိုင်ထားပြီး ဖန်ရှီကမူ လေစိတ်ဝိညာဉ်စွမ်းအားတစ်ခုကိုသာ ပိုင်ဆိုင်ထားသည်ဖြစ်၍ ယင်းတို့ကို အသက်သွင်းနိုင်ရန် လျှပ်စီး သို့မဟုတ် လေဓာတ်စွမ်းအား လိုအပ်သည်။ ဟန်လိ၏ ခန္ဓာကိုယ်ထဲရှိ နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကြောင့် သူသည် ထိုမှော်ရတနာတောင်ပံကို ထိန်းချုပ်နိုင်စွမ်း ရှိလောက်၏။ ယင်းတောင်ပံတို့ကသာ ဖန်ရှီပြောခဲ့သလောက် အံ့ဖွယ်ဖြစ်နေခဲ့လျှင် ဟန်လိက ၎င်းတို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်လျှင် သူ့အတွက် ရှင်သန်နိုင်ခြေ ပိုများလာလိမ့်မည်ပင်။
သို့ပေမည့် ဟန်လိသည် ယင်းတောင်ပံများကို စူးစမ်းကြည့်နေစဉ် သူက အဖြူရောင်တောင်ပံများကား မသိမသာ ပုံပျက်နေတာကို မြင်ရ၏။ ထိုသို့ မြင်သည့်အခါ ဟန်လိသည် ၎င်းရတနာမှာ သန့်စင်ခြင်း အပြည့်အဝ မပြီးမြောက်သေးခြင်းကြောင့် ပုံပျက်နေတာမှန်း သူ ချက်ခြင်း သဘောပေါက်၏။
ဟန်လိက သူ့လက်ချောင်းထိပ်ကို မသိမသာ လှီးဖြတ်ပြီး သူ၏လက်ချောင်းပေါ် သွေးအနှစ်သာရတစ်စက်ကို စုဝေးစေသည်။ သည့်နောက်မှာ သူက မန္တာန်ချိပ်ဟန်တစ်ခုကို ပြုလုပ်ပြီး သည်တောင်ပံများ၏ သခင်အဖြစ် ချိတ်ဆက်မှုပြုသည်။ သွေးအနှစ်သာရသည် တောင်ပံများပေါ်သို့ တစက်စက်ကျရောက်ပြီးနောက်မှာ ဟန်လိ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ခနဲ လင်းလက်သွားကာ သူက မိုးကြိုးတောင်ပံများကို လေထဲသို့ ပစ်တင်၏။ ထို့နောက်တွင် ယင်းတောင်ပံများသည် လေထဲ၌ မလှုပ်မယှက် လွင့်မြောလျက် ရှိသည်။
ဟန်လိသည် ၎င်းတို့ထံ သူ့လက်ချောင်းများ ဆန့်ထုတ်လျက် သူ့လက်ချောင်းများထံမှ လျှပ်စီးစက်ဝန်းငယ်များက တောင်ပံများထံ ထိုးထွက်သည်။
ဟန်လိ၏မျက်နှာက ပို၍ အလေးအနက်ဟန်ပန် ဖြစ်လာသည်။ ခဏအကြာတွင် မိုးကြိုးတောင်ပံများကို ရွှေရောင်လျှပ်စီးအလင်းလွှာတစ်ခုက ထွေးခြုံသွားပြီး မိုးကြိုးသံများကို ကြားရလေသည်။ မိုးကြိုးတောင်ပံများက နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးပိုက်ကွန်ထံမှ လျှပ်စီးများကို ဖြည်းဖြည်းချင်း စုပ်ယူနေတာ မြင်မှ ဟန်လိသည် စိတ်အေးသွား၏။
လာမည့်နေ့များ၌ ဟန်လိသည် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို အသုံးပြုပြီး တောင်ပံများ၏ အမွှေးတောင်များကို တဖြည်းဖြည်းချင်း ခိုင်မာအောင်လုပ်သည်။ ထို့အပြင် နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးကို စုပ်ယူနေခြင်းကြောင့် ၎င်းတောင်ပံများ၏ငွေရောင်၌ ရွှေရောင်ခပ်သဲ့သဲ့ ရောယှက်ပေါ်လာသည်။
နတ်ဆိုးသားရဲကျင့်ကြံသူများ နေရာချခဲ့သော မိုးကြိုးမုန်တိုင်းတောင်ပံများပေါ်ရှိ လျှပ်စီးများကို ဟန်လိက သူ့လျှပ်စီးဖြင့် ဖယ်ရှားပစ်ပြီး ဖြစ်သည်။ ထို့နောက် သူက မိုးပြာအလင်းမြူတစ်ခုကို ထိုတောင်ပံများပေါ်သို့ ထွေးထုတ်ပြီး ၎င်းတို့အား သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသည်။ ခဏအကြာတွင် ဟန်လိသည် ကျောက်လှိုဏ်ဂူထဲမှ ထွက်လာပြီး ကျွန်းငယ်ပေါ်ကနေ ပျံသန်းထွက်လာကာ မိုးကြိုးမုန်တိုင်း၏ အသုံးဝင်ပုံနှင့် စွမ်းရည်များကို စမ်းသပ်ရန် ပြင်ဆင်သည်။
ဟန်လိသည် အသက်ဝဝရှိုက်သွင်းကာ ကောင်းကင်ထက် အမြင့်ထိ ပျံသန်းသည်။ ထို့နောက်တွင် သူသည် သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသော မိုးကြိုးမုန်တိုင်းတောင်ပံများကို အသက်သွင်းကြည့်သည်။ ထိုအခါ သူ့နောက်ကျောအတွင်း၌ စိတ်ဝိညာဉ်ချီက ဖောင်းကြွလာပြီး သည့်နောက်မှာ တစ်မီတာမျှ အရှည်ရှိ တောင်ပံတစ်စုံသည် သူ့နောက်ကျောမှ ထိုးထွက်လာသည်။ ထိုတောင်ပံများသည် ရွှေရောင်ခပ်ပါးပါး ရောယှက်ပြီး ငွေဖြူရောင်ရှိ၏။
ဟန်လိက ခေါင်းလှည့်ကာ ၎င်းတို့ကို ကြည့်သည်။ သူသည် ၎င်းတို့ကို လှုပ်ရှားရန် တွေးကြည့်သည့်အခါ ထိုတောင်ပံများသည် နည်းနည်းလေးမျှ မခုခံဘဲ ပေါ့ပေါ့ပါးပါး ဝေ့ရမ်းသွားသည်။ ဟန်လိသည် တောင်ပံများကို ခံစားမိရန် သူ့လက်ကို လှမ်း၏။ ၎င်းတို့မှာ ကြမ်းရှရှ ရှိနေသည်ကို တွေ့သည့်အခါ သူ အံ့အားသင့်မိသွားသည်။
ဟန်လိက ထိုသည်ကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး သူ့လက်ထဲသို့ အားတချို့ ထည့်ကြည့်ကြည့်သည်။ ထိုအားများသည် တောင်ပံများကို အလွယ်တကူ ဖြတ်ကျော်သွားသည်။
“ဒါက…” ဟန်လိသည် တုန်လှုပ်သွား၏။
လက်ဝါးအရွယ်ခန့်ရှိသော မိုးကြိုးမုန်တိုင်းများသည် သူ၏ဒန်တျန်အတွင်း၌ ဘေးကင်းကင်း ရှိနေကာ အဖြူရောင်အလင်း သဲ့သဲ့တောက်ပနေလျက် ရှိသည်။ ခန္ဓာကိုယ်၏ပြင်ပရှိ တောင်ပံများသည် မှော်ရတနာ၏ အစစ်အမှန်အသွင် မဟုတ်လေပေ။
ခဏ အာရုံစိုက်ပြီးနောက်မှာ ဟန်လိသည် တောင်ပံများ၏ အစစ်အမှန်ပုံစံကို မှော်စွမ်းအားကို စတင် သွန်းလောင်းသည်။ ထိုအခါ အပြင်ပိုင်းတောင်ပံများသည် ငွေရောင်လင်းလက်သွား၏။ ထို့နောက်တွင်မူ တောင်ပံများကို တစ်ချက်ခတ်ကာ ဟန်လိသည် လေထဲမှာ လွယ်လင့်တကူ မြင့်တက်သွားသည်။
သည်ကျွန်းကို ပတ်၍ ပျံသန်းပြီးနောက်မှာ ဟန်လိသည် ရပ်တန့်လိုက်ပြီး သူ့မေးစေ့ကို ပွတ်၍ တကိုယ်တည်း တီးတိုးရေရွတ်နေ၏။ ထိုတောင်ပံများ၏ အမြန်နှုန်းမှာ အထင်ကြီးဖွယ် ကောင်းမနေပေ။ တကယ်တော့ ၎င်းသည် သူ၏ သာမန်အမြန်နှုန်းနှင့် များစွာ ကွာဟချက် ရှိမနေချေ။ ကြည့်ရတာ ၎င်းတောင်ပံများ၏ အစစ်အမှန်စွမ်းရည်များကို မြင်ရရန် သူသည် လေ သို့တည်းမဟုတ် လျှပ်စီးစွမ်းအင်ကို သွန်းလောင်းထည့်ရဦးမည် ပုံပင်။
ထိုအတွေးဖြင့် ဟန်လိသည် တုံ့နှေးမနေဘဲ တောင်ပံများထဲ နတ်လျှပ်စီးကို စေလွှတ်၏။ အတွင်းပိုင်းတောင်ပံများထဲသို့ သူသည် ရွှေရောင်လျှပ်စီးခပ်သဲ့သဲ့ အလင်းစက်နှစ်စက်ကို စေလွှတ်သည်။ တစ်ချိန်တည်းမှာ သူ၏နောက်မှ တောင်ပံများထံမှ လျှပ်စီးတို့ ထုတ်လွှတ်လာသည်။ ဟန်လိသည် ခပ်သွက်သွက် ခေါင်းလှည့်၍ သူ့နောက်ဘက်မှ တောင်ပံများကို ကြည့်သည်။ တောင်ပံများကာ မသိမသာ ဖောင်းကြွလာ၏။ ခုချိန်၌ ၎င်းတို့သည် ထူးခြားသောအော်ရာတစ်ခုကို ထုတ်လွှတ်နေလေပြီ။
စိတ်နှင့်အမိန့်ပေးလိုက်ပြီး မိုးကြိုးသံ မြည်ဟိန်းထွက်ကာ ငွေရောင်အလင်းလင်းလက်သွားပြီ ဟန်လိသည် မီတာသုံးဆယ်အကွာတွင် ပြန်ပေါ်လာသည
“လျှပ်စီးရွှေ့လျားမှု…”
ဟန်လိသည် ခဏတော့ မင်သက်သွားသေးသည်။ ပြီးမှ သူသည် ကျေနပ်ဝမ်းသာ ဖြစ်သွားတော့သည်။ သည့်နောက်တွင်တော့ သူက သူ၏တောင်ပံများကို နောက်ထပ်ထပ်ခတ်လိုက်ရာ မီတာတစ်ရာအကွာတွင် ပြန်ပေါ်လာသည်။
ချက်ခြင်းဆိုသလို ဟန်လိသည် ငွေရောင်လျှပ်စီးတန်းတစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားကာ ခဏလေးအတွင်း မီတာသုံးရာသို့ ရောက်သွားခဲ့လေပြီ။ သည်ရွှေ့လျားမှုအမြန်နှုန်းကား သာမန်ထက်ထူးကဲလွန်းသည်။
ငွေရောင်လျှပ်စီးဝန်းထဲ၌ ပြန်ပေါ်လာပြီးနောက်မှာ ဟန်လိသည် တောင်ပံများကို ကျေကျေနပ်နပ်ကြီး ပြန်သိမ်းဆည်းပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“လျှပ်စီးရွှေ့လျားမှုဟာ လှုပ်ရှားမှုပညာရပ်တွေအားလုံးထဲမှာ အလေးနက်ဆိုးလို့ ခေါ်ဆိုကြတာဟာ အမှန်တကယ် ထိုက်တန်တာပဲ။ ဒါကို ဓာတ်ငါးမျိုးလှုပ်ရှားမှုပညာရပ်တွေက မယှဉ်နိုင်ဘူး။ ဒီမိုးကြိုးတောင်ပံကို ပိုပြီး ပျိုးထောင်လေလေ ဒီမှော်ရတနာဟာ ပိုပြီးတော့ အံ့မခန်းဖြစ်လာနိုင်တယ်။ ဖန်ရှီက ဒီတောင်ပံတွေအပေါ် အချိန်ကော၊အားစိုက်ထုတ်မှုကော အများအပြားလုပ်ခဲ့တာ အံ့အားသင့်စရာတော့ မရှိတော့ဘူး။ လောကထဲမှာ ဒီလိုအမြန်နှုန်းကို ယှဉ်နိုင်တဲ့အရာဟာ အချို့တလေပဲ ရှိနိုင်လောက်မယ်…”
ယင်းနောက်တွင် မိုးကြိုးတောင်ပံများသည် ငွေရောင်အလင်း ဖြတ်ခနဲလင်းလက်ပြီး ပျောက်ကွယ်သွားတော့သည်။
ဟန်လိသည် ပြင်ပကြယ်ပင်လယ်များ၌ အချိန်ကြာမြင့်စွာနေရန် စိတ်ကူးမရှိပေ။ သူသည် တတ်နိုင်သမျှ အတွင်းကြယ်ပင်လယ်များထံ ပြန်ချင်နေသည်။ သူသည် အချိန်တစ်ခုထိ ဖန်ရှီကို နောက်ကောက်ချထားနိုင်မည် ဖြစ်သော်လည်း ထိုသားရဲကောင်၏ အမြန်နှုန်းဖြင့်ဆို သူသည် ဟန်လိကို အနှေးနှင့်အမြန် အမှီလိုက်လာနိုင်မည်သာ။ ဟန်လိသည် နတ်ဆိုးသားရဲဖန်ရှီက သူ့တံခါးဝသို့ လာခေါက်မည်ကို နာနာခံခံနှင့် စောင့်နေရန် စိတ်ကူးရှိမနေပေ။ အတွင်းကြယ်ပင်လယ်ပြင်များသည် လူသားများ၏ လွှမ်းမိုးမှုအောက်တွင် ရှိသဖြင့် နတ်ဆိုးသားရဲကောင် ဖန်ရှီ မည်မျှပင် အစွမ်းထက်နေပါစေ သူသည် နက်နက်နဲနဲ လိုက်လာနိုင်မည် မဟုတ်ပေ။ ဟန်လိသည် အတွင်းကြယ်ပင်လယ်များထံ ပြန်ရောက်ပြီး သူ၏ စဦးစိတ်ဝိညာဉ်ကိုသာ ဖွဲ့စည်းပြီးခဲ့လျှင် ထိုနတ်ဆိုးသားရဲကောင်ကို ကြောက်နေရန် လိုတော့မည် မဟုတ်ပေ။
ကောင်းကင်လေဟာနယ်ဒယ်စောက်နှင့် သူ့နောက်သို့ လိုက်လံနေသော စဦးစိတ်ဝိညာဉ်အဆင့် ပုဂ္ဂိုလ်များနှင့် ပတ်သက်၍မူ သူတို့သည် ခုချိန်၌ သူ့နောက်သို့ လိုက်လံခြင်းကို လက်လျော့ထားဖို့ များသည်။ ထို့အပြင် သူသာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့လျှင် သူသည် ကျိနစ်ယင်နှင့် အခြားသူများထံမှ ထွက်ပြေးနိုင်ရန် ပြဿနာ မဟုတ်တော့ပေ။ မန်ဟုဇီကဲ့သို့ ရှိန်စရာကောင်းလှသော သူမျိုးများနှင့် မတွေ့မိ၊မကြုံမိရန်သာ ဂရုစိုက်ရမည်။
ထိုအတွေးဖြင့် ဟန်လိသည် ကျွန်းပေါ်ရှိ လှိုဏ်ဂူထံ ပြန်လာပြီး နတ်ဆိုးသားရဲလိပ်နှင့် အဆိပ်ရေနဂါးတို့၏ သိုလှောင်အိတ်များကို အလျင်အမြန် စူးစမ်းကြည့်သည်။ သူသည် ၎င်းတို့ထဲ၌ အလွန်တရာ အဖိုးတန်သော သတ္တုအမယ်အချို့နှင့်အတူ နတ်ဆိုးသားရဲအမြုတေ အမြောက်အများကို မထင်မှတ်စွာ တွေ့ရှိရလေသည်။
ထူးထူးခြားခြား တန်ဖိုးရှိနေသော ပစ္စည်းအမယ်နှစ်ခု သည်အထဲ၌ ပါနေသည်။ တစ်ခုမှာ လက်သီးစုပ်ခန့် အရွယ်ရှိ မည်းမှောင်နေသော လိပ်ခွံတစ်ခုဖြစ်ပြီး ကျန်တစ်ခုမှာ ကြက်သွေးရောင်ကြေးခွံတစ်ရာကျော်အစုအတွဲတစ်ခုပင်။ ၎င်းတို့မှာ ထိုနတ်ဆိုးသားရဲနှစ်ကောင် ဆင့်ကဲတိုးတက်ခြင်းဖြစ်စဉ်အတွင်း ကြွင်းကျန်သော အစိတ်အပိုင်းများ ဖြစ်ပုံရသည်။ ဤသည်မှာ အတော်လေး ကျေနပ်ဝမ်းသာဖို့ကောင်းသည်။ ၎င်းတို့ကို ချပ်ဝတ်အဖြစ် သန့်စင်လိုက်လျှင် မန်ဟုဇီ၏ တော်ဝင်ကြေးခွံပြားထက် မနိမ့်လှသော အစွမ်းထက်ချပ်ဝတ်တစ်ခု ဖြစ်လာနိုင်သည်။
သို့ပေမည့် ခုခါ၌ သူသည် ၎င်းပစ္စည်းအမယ်များနှင့် ပတ်သက်ပြီး လုပ်ဆောင်ရန် အချိန် မရှိသေးပေ။ ထိုအစား သူသည် ကျွန်းပေါ်၌ ချထားသော အစီအရင်များကို ပြန်ရုတ်သိမ်းကာ နောက်ဆုံး သူ သိထားသော ပြင်းပြတေးသံဂိုဏ်း၏ ပုန်းကွယ်မြို့ရှိနေသော အရပ်ထံ ဦးတည်ထွက်ခွာလာတော့သည်။
သူ ရောက်သွားချိန်၌ ပြင်းပြတေးသံဂိုဏ်းက တည်ဆောက်နေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှာ ပြီးလောက်ပြီဟု သူ ထင်သည်။ သူသည် အတင်းအကြပ် လုပ်ဆောင်ရမည် ဆိုလျှင်ပင် ထိုအစီအရင်ကို အသုံးပြုပြီး အတွင်းကြယ်ပင်လယ်များထံ အရောက်ပြန်မည်ဟု စိတ်ကူးထားသည်
ဟန်လိသည် ခုလက်ရှိ ပြင်းပြတေးသံဂိုဏ်း၏ ပုန်းကွယ်မြို့ တည်နေရာကို မသိသာသော်လည်း သူသည် သတင်းနှိုက်နိုင်သော လူသားကျင့်ကြံသူများကို ရှာနိုင်လောက်မည်သာ။ သို့သော် ဟန်လိ မသိသည်မှာ ထိုအခိုက်၌ လိပ်သားရဲသည် ပင်လယ်အနက်ပိုင်း ကီလိုမီတာတစ်ရာကျော်ရှိ လှိုဏ်ဂူတစ်ခုထဲတွင် ရောက်နေသည်။ သူသည် အနီးဝန်းကျင်ရှိ ရေနဂါးကလန်၏ အကြီးအကဲတစ်ယောက်ထံ အဆိပ်ရေနဂါး အသတ်ခံရသည့်အကြောင်း သတင်းလာပို့တာပင်။ ထိုအကြီးအကဲကား အလယ်အလတ်အဆင့် အဆင့်ကိုးမီးတောက်ရေနဂါးသားရဲ ဖြစ်ချေ၏။