ပြင်းပြတေးသံဂိုဏ်းထံသို့ အသော့နှင်ခြင်း
Vol. 40 Ch. 554
လက်ရှိ ဟန်လိ၏ ကျင့်ကြံမှု၌ သွေးနီရောင်ဝတ်ရုံ သို့မဟုတ် မိုးကြိုးတောင်ပံများကို အသုံးမပြုလျှင်ပင် သူသည် အံ့အားသင့်ဖွယ် အမြန်နှုန်းကို ပိုင်ဆိုင်နေပြီး ဖြစ်သည်။ လဝက်မပြည့်ခင် အချိန်အတွင်း ဟန်လိသည် ပြင်းပြတေးသံဂိုဏ်း၏ ပုန်းကွယ်မြို့တည်ရှိခဲ့သော နေရာဖြစ်သည့် ကျွန်းပေါ်သို့ ရောက်လာခဲ့လေပြီ။ ထိုကျွန်းကို သူ့စိတ်ဝိညာဉ်အာရုံဖြင့် ဝေ့ခတ်ကြည့်ရှုပြီးနောက် သူသည် စိတ်ဝိညာဉ်တစ်ခုကိုမျှ မတွေ့ရပေ။ ကြည့်ရတာ သူသည် လူသားကျင့်ကြံသူများထံမှ သတင်းအချက်အလက် ရရန် စုံစမ်းရတော့မည်ပုံပင်။ ဟန်လိသည် ဘေးပတ်ပတ်လည်သို့ တစ်ချက်ကြည့်ပြီး ဦးတည်ရာတစ်ခု ရွေး၏။ ထို့နောက်မှာ သူသည် မိုးပြာအလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားတော့သည်။
ပြင်းပြတေးသံဂိုဏ်းသည် ထိုကျွန်းပေါ်၌ သူတို့၏ မြို့ကို တည်ဆောက်ပြီးနောက်မှာ ရွှေ့ပြောင်းသွားခဲ့ပြီ ဖြစ်၍ သူတို့သည် ဝေးဝေးလံလံသို့ မရွှေ့ပြောင်းသွားလောက်ပေ။ ထို့အပြင် ၎င်းနေရာများတွင် လူသားကျင့်ကြံသူများ စုစုဝေးဝေး ရှိနေနိုင်၏။ ဟန်လိသည် သူ၏ကျယ်ပြန့်လှသည့် စိတ်ဝိညာဉ်စွမ်းအင်ကြောင့် များစွာ အားစိုက်ထုတ်ရခြင်း မရှိဘဲ လူသားကျင့်ကြံသူအချို့ကို ရှာနိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်မှု ရှိထားသည်။ ထင်ထားသည့်အတိုင်းပင်။ နေ့တစ်ဝက်လောက်ကြာပြီးနောက်မှာ ဟန်လိသည် အလယ်အလတ်အရွယ်အစားရှိ ကျွန်းတစ်ခုပေါ်၌ လူသားကျင့်ကြံသူများ၏ အရိပ်အယောင်များကို တွေ့ရလေသည်။ တစ်ဦးတစ်လေပင် မဟုတ် အများအပြားပင်။
ကောင်းကင်ယံထက်မှ ငုံ့ကြည့်သည့်အခါ သူသည် အနီးအနားပင်လယ်ပြင်မှ အဆင့်နှစ် နတ်ဆိုးသားရဲလေးကောင်နှင့် တိုက်ခိုက်နေကြသော အမျိုးသား၊ အမျိုးသမီးကျင့်ကြံသူများကို မြင်ရသည်။ ဟန်လိသည် သူတို့ကြား၌ သူ သိသော မျက်နှာပိုင်ရှင်အချို့ကို မြင်သည့်အခါ ပြုံးလိုက်မိသည်။
ခဏအကြာတွင် ဟန်လိသည် အသားမည်းမည်းနှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်၏ အသွင်ဟန်ပန်အဖြစ် ရုပ်ပြောင်းရုပ်လွဲ လုပ်လိုက်သည်။ ထို့နောက်တွင် သူသည် လက်ဝေ့ရမ်းပြီး မိုးပြာဓားအလင်းတန်းနှစ်ခုကို စေလွှတ်လိုက်၏။ ဖြတ်ခနဲ လင်းလက်သွားပြီး နတ်ဆိုးသားရဲတိုင်း၏ ခေါင်း၌ အပေါက်တစ်ခုစီ ဖြစ်ပေါ်ကာ ၎င်းတို့သည် အောက်သို့ ပြုတ်ကျသွားတော့သည်။
ထိုဖြစ်အင်ကြောင့် ကျင့်ကြံသူ အများအပြားမှာ အလန့်တကြား ဖြစ်သွားကြသည်။ သူတို့သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ ဟန်လိကို တွေ့သွား၏။
သူတို့ချင်း ဆွေးနွေးတိုင်ပင်ပြီးနောက်မှာ ပိုးဖဲဝတ်ရုံနှင့် လူကောင်ကြီးကြီးလူတစ်ယောက်သည် ဟန်လိထံ ပျံသန်းလာသည်။
“စီနီယာရဲ့ အကူအညီပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်တို့ ဂျူနီယာတွေက စီနီယာ့ကို ဘာများ ကူညီပေးရမလဲဗျ…”
ထိုသူသည် တလေးတစား လေသံဖြင့် ပြောလာသော်ငြား သူ့မျက်နှာထက်တွင်မူ စိတ်မသက်မသာဖြစ်သည့် အရိပ်အယောင်တစ်ခု ပေါ်နေပေသည်။ သည်ကျွန်းပေါ်၌ ထိုအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူက မည်သည့်အတွက်ကြောင့်များ ပေါ်လာရသနည်း။
ဟန်လိသည် အံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်သို့ သူနှင့်အတူ တည်နေရာရွှေ့ပြောင်းခဲ့သော ပိုးဖဲဝတ်ရုံနှင့် ယီကျင်းကို ချက်ခြင်း မတုန့်ပြန်ပေ။ ဟန်လိသည် မျက်လုံးမှေးစင်းလျက် ကျန်သည့်ကျင့်ကြံသူများကို ဝေ့ခတ်ကြည့်ရှုသည်။ ထိုသူများထဲ၌ မျက်နှာအမာရွတ်နှင့် ရှုယွမ်ဆိုသူကို သူ သိသည်။ ကျန်သည့်သူများကမူ အံ့ဖွယ်နက်ရှိုင်းကျွန်းပေါ်သို့ သူနှင့်အတူ ရောက်လာခဲ့ကြသူများ မဟုတ်ပေ။
ယီကျင်းနှင့် ရှုယွမ်တို့သည် သူတို့၏ အမြုတေဖွဲ့စည်းခြင်း၌ ကျရှုံးခဲ့ပုံ ရ၏။ သူတို့သည် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့သည့်တိုင် အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်တွင်သာ ရှိနေကြသေးသည်။
ယီကျင်းသည် ဟန်လိက တိတ်ဆိတ်နေတာ မြင်သည့်အခါ အတော်လေး စိတ်ပူပန်လာ၏။ ခဏ တုံ့ဆိုင်းဆိုင်း ဖြစ်နေပြီးနောက် သူက ဟန်လိကို စကားပြောရန် ဟန်ပြင်စဉ် ဟန်လိက စကားအရင် ဆိုလာခဲ့သည်။
“ကျုပ်က ပြင်းပြတေးသံဂိုဏ်းရဲ့ ပုန်းကွယ်ထားတဲ့မြို့ကို ရှာနေတာ။ အဲ့ဒီမြို့က ဘယ်အချိန်ဖွင့်လှစ်မှာလဲနဲ့ ဘယ်နေရာမှာ ရှိလဲ မင်း သိလား…”
မထူးခြားနားသည့်ဟန်ပန်ဖြင့် ဟန်လိသည် ယီကျင်း၏မျက်နှာကို လှမ်းကြည့်သည်။
ဟန်လိ၏ ထိုမေးခွန်းကို ကြားသည့်အခါ ယီကျင်း၏အမူအရာမှာ စိတ်သက်ရာရသွားဟန် ပေါ်၏။ သူက ပါးပါးနပ်နပ်ဖြင့် တုန့်ပြန်သည်။
“စီနီယာ…ပြင်းပြတေးသံဂိုဏ်းရဲ့ မြို့က နောက်တစ်လလောက်ဆို ပွင့်တော့မယ်။ ဒီမြို့ကို အမြွှာတောင်ထိပ်ကျွန်းပေါ်မှာ ဖွင့်လှစ်မှာ။ အဲ့နေရာက ဒီနေရာရဲ့ အနောက်ဘက်အရပ်ဆီ ရက်အနည်းငယ်လောက် သွားရမှာ။ စီနီယာသွားချင်တယ်ဆို ဂျူနီယာ အဲ့ကို လိုက်ပို့ပေးလို့ ရပါတယ်…”
ဟန်လိက ခေါင်းရမ်းကာ ပြောလိုက်သည်။
“အဲ့လိုလုပ်ပေးဖို့ မလိုဘူး။ မင်းအနေနဲ့ ကျုပ်ကို မြေပုံတစ်ချပ် ပေးလိုက်ရင် အဆင်ပြေတယ်…”
ထိုယီကျင်းဆိုသူမှာ အတော်လေး ကံကောင်းသည်ဟု ပြောနိုင်သည်။ သူသည် သားရဲစီးကြောင်းကို ကျော်ဖြတ်ပြီး ရှင်သန်အောင် နေနိုင်ခဲ့သည် မဟုတ်လား။
“ကောင်းပါပြီ…စီနီယာ…ဒီမှာ ပင်လယ်မြေပုံနဲ့ ပုန်းကွယ်မြို့တည်ရှိတဲ့နေရာပါ…”
ယီကျင်းသည် နည်းနည်းတော့ စိတ်ပျက်မိသွား၏။ သို့သော် သူသည် သူ့ရှေ့ရှိ စီနီယာနှင့် ရင်းနှီးသည့် ဆက်ဆံရေးရရန် မျှော်လင့်မိနေဆဲပင်။ တစ်ရက်ပြီးတစ်ရက် ပြင်ပကြယ်ပင်လယ်များက အန္တရာယ် ပိုပိုများလာနေခဲ့သည် မဟုတ်လား။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်နှင့် အသိဖြစ်ထားခြင်းက များစွာ အကျိုးရှိစေမည်သာ။
သို့သော် ဟန်လိ၏ မထူးခြားနားဟန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက်မှာ သူက ရင်းနှီးမှုရယူရန် ကိစ္စကို လက်လျော့ပြီး သူ့ဝတ်ရုံထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်၏။ သူသည် ၎င်းကျောက်စိမ်းပြားပေါ်၌ ပြင်းပြတေးသံဂိုဏ်း၏ ပုန်းကွယ်မြို့တည်နေရာကို မှတ်တမ်းတင်ကာ ဟန်လိထံ ၎င်းအား လှမ်းပေးလိုက်သည်။
ဟန်လိသည် ခေါင်းညိတ်ကာ လက်ခံယူပြီး သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခပ်မြန်မြန် တစ်ချက်ကြည့်ရှုသည်။ ထို့နောက်တွင် သူသည် ဆက်နေရန် စိတ်ကူးမရှိတော့ဘဲ မိုးပြာအလင်းတန်းအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။
နောက်တွင် ကျန်ခဲ့သော အဆင့်နိမ့်ကျင့်ကြံသူများကမူ မနာလိုအားကြစွာဖြင့် ထွက်ခွာသွားသော ဟန်လိကို ကြည့်နေမိကြသည်။ ခုလက်ရှိ၌ ပြင်ပကြယ်ပင်လယ်များတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ထိုထက်အဆင့်နိမ့်ကျင့်ကြံသူများသည် သူတို့၏ လှိုဏ်ဂူများထံမှ ခပ်ဝေးဝေးသို့ သွားနိုင်သည့် လွတ်လပ်မှု မရှိကြတော့ပေ။
ဟန်လိသည် နောက်ထပ်တစ်လထိ စောင့်မနေနိုင်ပေ။ သူသည် ခုချက်ခြင်း ပြင်ပကြယ်ပင်လယ်များထံမှ မထွက်သွားနိုင်ခဲ့လျှင် ဖန်ရှီက သူ့တံခါးဝသို့ လာခေါက်မည်ကို စိုးရိမ်ကြောင့်ကြနေ၏။ သို့ဖြစ်၍ သူသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တိတ်တဆိတ် အသုံးပြုနိုင်ရန် သိသိသာသာပမာဏတစ်ခု ပေးရန်ကိုပါ ကြိုစီစဉ်ထားသည်။ တစ်ဖက်သူများကသာ လောဘကြီးလွန်းခြင်း သို့မဟုတ် ငြင်းဆန်ခြင်းများ ရှိလာခဲ့လျှင်တော့ သူသည် အတင်းအကြပ် ပြုလုပ်ရန် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။
နောက်ထပ် ရက်အတော်အတန် ကြာပြီးနောက်မှာ ဟန်လိသည် အမြွှာတောင်ထိပ်ကျွန်းသို့ ရောက်လာ၏။ ထိုကျွန်းသည် အထင်ကြီးဖွယ်ကောင်း၏။ တူညီသောအမြင့်ရှိ တောင်ကြီးနှစ်လုံးမှာ ကျွန်းပေါ်၌ ရှိနေသည်။
၎င်းတောင်များထဲမှ တစ်ခု၏ ပတ်ပတ်လည်သို့ လေးငါးကြိမ်လောက် ပျံသန်းပြီးနောက်မှာ ဟန်လိသည် မြေပုံပေါ်၌ ဖော်ပြထားသော ပုန်းကွယ်မြို့၏ ဝင်ပေါက်ကို ရှာတွေ့သည်။ ခဏ တုန့်ဆိုင်းပြီးနောက်မှာ ဟန်လိသည် နောက်ဆုံးအကြိမ်က သည်ပုန်းကွယ်မြို့သို့ လာလည်ပတ်ခဲ့ဖူးသော ရုပ်အသွင်အပြင်အတိုင်း သူ့ကိုယ်သူ ပြောင်းလဲပြီး တောင်၏အလယ်တည့်တည့်သို့ ဆင်းသက်လာကာ ဆယ်မီတာလောက် အထူ၊ မီတာတစ်ရာာလောက် အမြင့်ရှိသည့် သစ်ပင်တစ်ပင်ထံ ခြေလှမ်းလာသည်။
သူသည် ထိုသစ်ပင်ကြီးကို အမူဟန်ပန်ကင်းမဲ့စွာဖြင့် တစ်ချက်ကြည့်သည်။ သူ့လက်ချောင်းများဖြင့် ပေါ့ပေါ့ပါးပါး တောက်ထုတ်ကာ အဖြူရောင်အလင်းစက်ဝန်းသုံးခုအား စေလွှတ်၍ သစ်ပင်၏ သစ်ခေါက်ထံ တိုက်ရိုက်ထိမှန်စေသည်။
ခဏအကြာတွင် မိုးပြာအလင်း လင်းလက်သွားပြီး သစ်ပင်အခေါက်ထံမှ ဝင်ပေါက်အဟတစ်ခု ပေါ်လာ၏။ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့် အဘိုးအိုတစ်ယောက်သည် လှမ်းထွက်လာသည်။ ထိုသူသည် အရင်တစ်ခါ ပုန်းကွယ်မြို့မှာတုန်းက အစောင့်ပင် ဖြစ်နေ၏။ ထိုအဘိုးအိုသည် ဟန်လိကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်။
တကယ်တော့ ပုန်းကွယ်မြို့၏ စုဝေးပွဲသို့ တက်ရောက်ခဲ့သော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အရေအတွက်မှာ အနည်းငယ်သာ ရှိခဲ့သည် မဟုတ်လား။ ထို့အပြင် နောက်ဆုံးအကြိမ် ပုန်းကွယ်မြို့ ဖွင့်လှစ်ခဲ့စဉ်တုန်းက အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်သည် တစ်ကိုယ်တည်းဖြင့် အခြားအမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူဆယ်ယောက်ကျော်ကို ဖိနှိပ်နိုင်ခဲ့သည်ဟူသော သတင်းစကားလည်း ထွက်ခဲ့ပေ၏။ ထိုသူသည် စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့များသည်ဟု ပြောကြသည်။
ဟန်လကို မြင်သည့်အခါ အဘိုးအိုသည် ခေါင်းငုံ့လျက် အလေးအနက် ဂါဝရပြုပြီး တလေးတစား ပြောလာသည်။
“စီနီယာကို…စီနီယာအနေနဲ့ စော်ကားတယ် မထင်ဖို့ ကျုပ် မျှော်လင့်မိပါတယ်။ ဒါပေမဲ့ စီနီယာဟာ ဘာကိစ္စအတွက် ဒီကို လာခဲ့တာများလဲလို့ ကျုပ် မေးကြည့်လို့ ရနိုင်မလား။ ကျုပ်တို့ ပုန်းကွယ်မြို့ ဖွင့်ဖို့ဟာ တစ်လလောက် လိုပါသေးတယ်။ စီနီယာ အနေနဲ့ ရောင်းဝယ်ချင်တယ်ဆို ဘာရတနာမှ မရှိနေသေးပါဘူး…”
အဘိုးအိုက တလေးတစားဖြင့် ပြောလာခြင်းပင်။ သို့ပေမည့် သူ၏မျက်လုံးထဲတွင်မူ စဉ်းစားရကြပ်နေဟန် ပေါ်သည်။ ဟန်လိသည် ထိုအဘိုးအိုကို စိုက်ကြည့်လျက် မော်ကြွားသည့်လေသံဖြင့် စကားဆိုလိုက်သည်။
“ကျုပ်က ပုန်းကွယ်မြို့အတွက် လာခဲ့တာ မဟုတ်ဘူး။ ဂိုဏ်းခေါင်းဆောင်ဖန် ဒါမှမဟုတ် အကြီးအကဲယွမ်တို့နဲ့ လာတွေ့တာ…”
“စီနီယာက သူတို့နဲ့ တွေ့ချင်တာလား…”
ထိုအဘိုးအိုသည် ခဏ ဆွံ့အသွားပြီးမှ သူသည် ချီတုံချတုံဟန် ဖြစ်ပေါ်သည်။
“ဘာလဲ…ကျုပ်က တွေ့လို့ မရနိုင်ဘူးလား…” သူ၏လေသံမှာ စိတ်ခံစားချက် ကင်းမဲ့နေပြီး ရက်စက်မည့်ဟန် ပေါ်လာသည်။
ဟန်လိ၏ ထိုအမူအရာကို မြင်သည့်အခါ အဘိုးအိုသည် တုန်ရင်သွားပြီး ချက်ခြင်း ပြုံး၍ ပြောလာသည်။
“စီနီယာအနေနဲ့ တွေ့လို့ ရနိုင်တာပေါ့…” ထိုအဘိုးအို၏ နှဖူးမှ ချွေးစေးများ ပြန်နေတာကိုပါ မြင်ရလေသည်။
ခဏ စဉ်းစားပြီးနောက်မှာ ထိုအဘိုးအိုသည် ရိုးရိုးသားသား ပြောလာ၏။
“အခြား တစ်ယောက်ယောက်သာ ဆိုရင်တော့ အဲ့လိုမျိုး တွေ့ခွင့် မရှိပါဘူး။ ဒါပေမဲ့ စီနီယာ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှတော့ အရေးကြီးတဲ့ ကိစ္စအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီအဘိုးအို ပြန်တင်ပြလိုက်ပါမယ်။ ခုတလေတော့ ဂိုဏ်းကိစ္စတွေကို ဂိုဏ်းခေါင်းဆောင်ဖန်က စီစဉ်နေတာပါ။ စီနီယာ ကျေးဇူးပြုပြီး ခဏ စောင့်နေပေးပါ…”
ခုလက်ရှိ၌ အမျိုးသမီးဖန်ရှိနေသည်ဟု ကြားရသည့်အခါ သူသည် ပျော်ရွှင်သွား၏။ သူ့အမူအရာမှာလည်း စိတ်အေးလက်သာဟန် ပေါက်သွားသည်။
“အဲ့တာဆိုလည်း မြန်မြန်သတင်းသွားပို့။ ကျုပ်မှာ အချိန်သိပ်မရှိဘူး…”
အဘိုးအိုသည်လည်း စိတ်သက်သာရာ ရသွားပြီး အလျင်အမြန် တုန့်ပြန်သည်။
“ကောင်းပါပြီ။ အသံပို့လွှတ်တဲ့အဆောင် အသုံးပြုပြီး ကျနော် ဂိုဏ်းခေါင်းဆောင်ဆီ သတင်းပို့လိုက်ပါမယ်….”
ဟန်လိကသာ အတင်းအကြပ် ဝင်ရောက်လျှင်လည်း သူသည် ဘေးကနေသာ အကူအညီမဲ့စွာ ကြည့်နေရုံ တတ်နိုင်မည် မဟုတ်လား။ သူ့အသက်ကို စတေးပြီး တားဆီးရန် နည်းလမ်း မရှိပေ။ သို့ဖြစ်၍ သူသည် ဟန်လိရှေ့မှာပင် အသံပို့လွှတ်ခြင်းအဆောင်တစ်ခုကို ထုတ်ကာ သစ်ပင်အပေါက်ဝထဲသို့ ၎င်းအား စေလွှတ်သည်။
အသံပို့လွှတ်ခြင်းအဆောင် ပျောက်ကွယ်သွားတာ မြင်ရပြီးနောက်မှာ ဟန်လိက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်သည်။
“အကြီးအကဲယွမ်…ဘယ်နေရာမှာလဲ။ သူက မင်းတို့ ဂိုဏ်းခေါင်းဆောင်နဲ့ ဘာကြောင့်များ အတူ ရှိမနေရတာလဲ…”
အဘိုးအိုသည် မျက်နှာပျက်သွားသည်။ ခဏ ချီတုံချတုံ ဖြစ်နေပြီးမှ သူက ပြောလာ၏။
“အကြီးအကဲယွမ် ဘယ်ကိုသွားလဲတော့ ဂျူနီယာလည်း တကယ် မသိတာပါ။ ပြီးခဲ့တဲ့ ဈေးမြို့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်တည်းကပဲ ကိုင်တွယ်နေခဲ့တာပါ…”
အဘိုးအို၏အမူအရာကို မြင်သည့်အခါ ဟန်လိသည် ထိုအဘိုးအို ဆိုလာတာအား သိလိုက်သည်။ သူက အေးတိအေးစက် ရယ်မောပြီး အဘိုးအိုကို နောက်ထပ် ဘာမေးခွန်းမှ ဆက်မမေးတော့ပေ။
ခဏအကြာတွင် အဖြူရောင်ဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက်သည် အသံပို့လွှတ်ခြင်းအဆောင်ကို လက်ခံရသည်။ သူက ၎င်းကို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အလျင်အမြန် စစ်ဆေးကြည့်ပြီး တလေးတစား ပြောလိုက်သည်။
“စီနီယာလီ…ကျုပ်တို့ ဂိုဏ်းခေါင်းဆောင်ဟာ အထဲမှာ ခင်ဗျားနဲ့ စကားစမြည်ပြောဖို့ ဖိတ်ခေါ်ပါတယ်တဲ့။ ကျုပ် လမ်းပြပေးပါ့မယ်…”
ဟန်လိသည် မထူးခြားနားဟန်ဖြင့် တုန့်ပြန်သည်။
“သွားကြမယ်…”
သည်သစ်ပင်အောက်ဘက်မှ မြို့သည် ပြီးခဲ့သောပုန်းကွယ်မြို့လောက် အရွယ်အစား အကျယ်အဝန်း ရှိပေသည်။ မြေအောက်တွင် နှစ်ထပ်ရှိ၏။ သို့သော် သည်တစ်ကြိမ်တွင်မူ မြို့အတွက် ပြင်ဆင်နေသော ပြင်းပြင်တေးသံဂိုဏ်းမှ အဆင့်နိမ့်ကျင့်ကြံသူ အများအပြားကလွဲပြီး အထဲမှာ အခြားသူများ ရှိမနေပေ။ အဘိုးအိုသည် ဟန်လိကို မိန်းမလှကျင့်ကြံသူနှစ်ယောက် ရပ်နေသော ကျောက်သားနံရံတစ်ခုထံ မြန်မြန်ဆန်ဆန် ခေါ်လာ၏။
ထိုအမျိုးသမီးကျင့်ကြံသူနှစ်ယောက်က ပြင်းပြင်းပြပြဟန်ပန်တို့ဖြင့် ဟန်လိကို တလေးတစား ဂါဝရပြုနှုတ်ဆက်ပြီး စွဲဆောင်မှုရှိစွာ ပြောသည်။
“ကျမတို့က စီနီယာလီကို လေးစားသမှုပေးပါတယ်။ ဂိုဏ်းခေါင်းဆောင်ကလည်း စီနီယာကို့ ကြိုဆိုပါတယ်။ စီနီယာ ရောက်လာတဲ့အတွက်ကြောင့် သူမကလည်း ဂုဏ်ယူနေတာပါ…”