တောင်းဆိုမှုနှင့် အလဲအလှယ်
Vol. 40 Ch. 556
ဟန်လိသည် သူ့ကိုယ်သင်းရနံ့ကြောင့် သူ့ပုံစံအမှန်ကို ပြောနိုင်သည်ဟု ကြားရသည့်အခါ၌ ဆွံ့အနေမိသည်။ သူတို့၏ အနံ့များဖြင့် အခြားသူများကို မည်သူမည်ဝါမှန်း ခွဲခြားသိနိုင်စွမ်း ရှိသည့်သူများလည်း ရှိနေလေ၏။ သည်လောက၌ အံ့ဖွယ်အရာများစွာ အမှန်တကယ် ရှိနေပေသည်။ သူသည် သည်နည်းဖြင့် သူ့ပုံစံအမှန်ကို သိရှိခြင်း ခံရသည့်အတွက် ကံဆိုးသည်ပင်။ သို့သော် သူသည် နည်းနည်းလေးမျှ ထိတ်ပြာမသွားပေ။ မန်ဟုဇီနှင့် ဖန်ရှီတို့အဆင့်ကသာ သူ့ကို ရှာတွေ့သွားခြင်းမဟုတ်လျှင် ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်နှင့် သူသည် စိုးရိမ်ကြောက်လန့်နေစရာ မရှိပေ။ ထို့အပြင် သည်အမျိုးသမီး၏ ဗဟုသုတအသိအမြင်က သူ့ထက် များလောက်၏။ သူမသည် သူ့ကိုလည်း လျှို့ဝှက်၍ လာတွေ့နေသည် မဟုတ်လား။ သူမစိတ်ထဲ၌တစ်ခုခုရှိနေတာကို သူ သေချာသိသည်။
ထိုအတွေးဖြင့် ဟန်လိက ပြုံး၍ ပြောလိုက်သည်။
“အမျိုးသမီးဖန်က ကျုပ်ကို မှတ်မိနေမှတော့ ကျုပ်လည်း ဆက်ပြီး ဟန်ဆောင်မနေတော့ပါဘူး။ ဒါပေမဲ့ အခု ကျုပ်က မင်းကို လက်ဝဲရံလို့ ခေါ်သင့်လား။ ဒါမှမဟုတ် ဂိုဏ်းခေါင်းဆောင်လို့ ခေါ်သင့်လား…”
အမျိုးသမီးဖန်သည် ဟန်လိ၏စကားများကို မချိပြုံးပြုံး၍ တုန့်ပြန်သည်။
“စီနီယာဟာ ခုလက်ရှိ ကျမရဲ့ ဂိုဏ်းခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်အပေါ် သိပ်သဘောမတွေ့ပုံ ရတယ်။ စီနီယာ သိ၊ မသိတော့ ကျမ သေချာ မသိပါဘူး။ ဒါပေမဲ့ ကျမဟာ မိစ္ဆာတာအိုဂိုဏ်းရဲ့ အမိန့်ကိုသာ မလိုက်နာရင် ပြင်းပြတေးသံဂိုဏ်းဟာ ပြန့်ကျဲပင်လယ်ပြင်များကနေ အမြစ်ဖျက်ခံရလောက်ပြီ။ ဂိုဏ်းခေါင်းဆောင် နေရာကို ကျမ လိုချင်တပ်မက်ခဲ့ဖူးတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ကျမရဲ့ ခုအပြုအမူတွေဟာ ဘာမျှ မတတ်နိုင်တဲ့အတွက်သာ လုပ်နေရတာပါ…”
ဟန်လိသည် အကျောဆန့်ကာ ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောသည်။
“အမျိုးသမီးဖန်က ဒီကိစ္စကို အဲ့လောက် ရှည်ရှည်ဝေးဝေး ပြောနေဖို့ မလိုပါဘူး။ တကယ်တော့ ပြင်းပြတေးသံဂိုဏ်းမှာ အကြီးအကဲဆိုတဲ့ ကျုပ်ရဲ့ ဂုဏ်ပုဒ်ဟာ အမည်ခံသက်သက်ပါပဲ။ ဒါပေမဒ့လို့ အမျိုးသမီးဖန်က ကျုပ်နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး သိထားပုံ ရတယ်။ အဲ့အကြောင်း ကျုပ်ကို ပြောပြနိုင်မလား။ ကျုပ် အတော်လေး သိချင်မိတယ်…”
အမျိုးသမီးဖန်သည် ပြုံး၍ ပြောလိုက်သည်။
“စီနီယာဟန်ရဲ့ နာမည်ကို လူတိုင်း သိတယ်လို့ ပြောမရနိုင်ပေမဲ့ အနည်းဆုံးတော့ အဆင့်မြင့်ကျင့်ကြံသူတွေကြားမှာ စိတ်ဝင်စားဖွယ်ခေါင်းစီးတစ်ခုတော့ ဖြစ်နေခဲ့ပါတယ်။ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူဟာ တစ်ကိုယ်တည်းနဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေရဲ့ တည်ရှိမှုအောက်မှာ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရယူနိုင်ခဲ့ပြီး သဲလွန်စမရှိ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တယ်လေ…”
ဟန်လိသည် အေးစက်စွာ ပြုံး၍ ထိုအမျိုးသမီးကို တည့်ပြောသည်။
“အမှန်ပါပဲ…အမျိုးသမီးဖန်။ ကျုပ်က လူတိုင်းကို ကျုပ် သေသွားပြီလို့ ထင်စေချင်နေတာ။ ဒါပေမဲ့လို့ ရတနာကို အသည်းအသန် ရချင်နေတဲ့ လူအချို့ ရှိတယ်လို့ ကျုပ် ယူဆတယ်။ အမျိုးသမီးဖန်…ခင်ဗျားကကော အဲ့လိုမျိုး သဘောထားရှိပါသလား…”
ထိုမိန်းမလှသည် ခေါင်းရမ်းကာ ပြောလိုက်သည်။
“စီနီယာကတော့ နောက်ပြီ။ ကျမကသာ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်ဆိုရင်တော့ အဲ့လို သဘောထား ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ အခု ကျမက အမြုတေဖွဲ့စည်းမှု မအောင်မြင်ခဲ့တော့ ကျင့်ကြံခြင်းနောက်တစ်ဆင့်ကို တက်ရောက်ဖို့ လက်လျော့ထားခဲ့ပြီးပြီ။ ဒီလို ရတနာမျိုးဟာ ကျမအနေနဲ့ မျှော်လင့်လို့တောင် မရတဲ့ အရာမျိုးလေ။ ဒီမိန်းမပျိုက ကိုယ့်ကိုယ်ကိုယ် ဒုက္ခဖြစ်စေမဲ့ဟာမျိုး လုပ်ဖို့ထိတော့ မရူးသေးပါဘူးနော်…”
သူမ စကားပြောနေတာကို စူးစမ်းကြည့်နေရင်း ဟန်လိသည် သူမ၏စကားများမှာ ရိုးသားသည်ဟု ခံစားမိသည်။ သို့သော် သူသည် တစ်စုံတစ်ယောက်၏ စကားများကို လွယ်လင့်တကူ ယုံမည် မဟုတ်ပေ။ သတိထားနေဆဲသာ။ ထို့နောက်တွင် သူက ဆက်၍ မေးသည်။
“ကောင်းကင်လေဟာနယ်ဒယ်စောက်အပြင် နင် ကြားသိခဲ့တဲ့ အခြားတစ်ခုခုကော ရှိထားသေးလား…”
အစောပိုင်းတုန်းက သူသည် အဆင့်မြင့်ကျင့်ကြံသူများနှင့် ပတ်သက်မိမှာ စိုး၍ သတင်းအချက်အလက် ကင်းမဲ့ခဲ့ရသည်။ အခု သူသည် အချို့သံသယများကို ရှင်းလင်းစေဖို့ အခွင့်အရေး ရလာပြီ ဖြစ်၍ ပွင့်ပွင့်လင်းလင်းပင် သူ မေးချင်တာများ မေးမည် ဖြစ်၏။
“ကြည့်ရတာ စီနီယာလည်း အတော်လေး ကြားသိထားပုံရတယ်။ စီနီယာ ပတ်သက်တဲ့ သတင်းစကားတွေလည်း ရှိပါသေးတယ်။ စီနီယာဟန်က အင်းဆက်နတ်ဆိုးအဖြစ်နဲ့ အနီးဝန်းကျင်ပင်လယ်ပြင်တွေမှာ ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့တယ်လို့လည်း ပြောကြတယ်။ ဂျူနီယာအနေနဲ့တော့ ဒီသတင်းစကားကိုတော့ မယုံကြည်ပါဘူး။ စီနီယာဟာ ကောင်းကင်လေဟာနယ်ဒယ်စောက်ကို ရထားမှတော့ ဘယ်လိုလုပ် အဲ့လို ထင်ထင်ပေါ်ပေါ် ဖြစ်စေပါ့မလဲ။ ပုန်းလျှိုးကွယ်လျှိုးပဲ နေမှာပေါ့…”
ထိုအမျိုးသမီးသည် ဆန်းကြယ်စွာ ပြုံး၍ ဟန်လိထံသို့ အကြည့်ရောက်သွားကာ သူမက တဟားဟား ရယ်မောလေတော့သည်။
ဟန်လိသည် တည်ငြိမ်စွာ ခေါင်းညိတ်ပြပြီး ခပ်မဆိတ်သာနေသည်။
ထိုမျှ တွေးနိုင်သည့်အတွက် အမျိုးသမီးဖန်မှာ အတော်လေးတော့ အထင်ကြီးဖွယ်ကောင်း၏။
မျက်နှာဟန်အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ ဟန်လိက မေးလိုက်သည်။
“ကောင်းပါပြီ။ အမျိုးသမီးဖန်က ဒီကနေ့ လာတွေ့ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးနိုင်မလား…”
ခဏ တုံ့ဆိုင်းသွားပြီးနောက်မှာ အမျိုးသမီးဖန်သည် အံတင်းတင်းကြိတ်လျက် မကျေမနပ်သည့်ဟန် ပေါ်လာသည်။
“အကြီးအကဲဟန်က ဒီလို ပြောလာမှတော့ ကျမအနေနဲ့ တောင်းဆိုစရာ ရှိတာကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတော့မယ်။ အမှန်တကယ်တော့ ကျမဟာ ဟိုအကြံအစည်ကောင် ယွမ်ထျန်ရှောင်ကို သုတ်သင်ပေးဖို့ စီနီယာ ကူညီပေးနိုင်မလားလို့ တောင်းဆိုချင်တာပါ။ ဒီကနေ့ စီနီယာရဲ့ စွမ်းရည်နဲ့ဆို ဒီကိစ္စဟာ သိပ်မခက်ခဲလောက်ပါဘူး…”
ဟန်လိသည် ခဏ စွံ့အသွားသည်။ ထို့နောက်တွင် သူသည် နည်းနည်းလေးမျှ အံ့အားသင့်ဟန် မပြဘဲ တည်ငြိမ်စွာ မေး၏။
“ယွမ်ထျန်ရှောင်လား။ သူက မင်းရဲ့ ထောက်ပံ့ပေးတဲ့သူ မဟုတ်ဘူးလား…”
မျက်စိမျက်နှာ ပျက်သွားပြီး အမျိုးသမီးဖန်သည် အခဲမကျေသည့်ဟန်ဖြင့် ပြောလာသည်။
“စီနီယာ…ကျမကို အဲ့လို လှောင်ဖို့တော့ မလိုပါဘူး။ စီနီယာဟန်ဟာ ခန်းမထဲမှာ ဖြစ်ပျက်ခဲ့တာတွေရဲ့ အသေးစိတ်အချက်တွေထဲက အချို့ကိုတော့ တွေ့မြင်ပြီး ဖြစ်မှာပါ။ ကျမဟာ ပြင်းပြတေးသံဂိုဏ်းရဲ့ အနည်းနဲ့အများဆိုသလို ရုပ်သေးတစ်ကောင် ဖြစ်နေခဲ့တာပါ။ ကျမ ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ဆွဲညှို့ခြင်းပညာရပ်တွေနဲ့ ကျမအပေါ် သစ္စာရှိတဲ့ ငယ်သားတွေကြောင့်သာမဟုတ်ရင် ကျမဟာ ဂိုဏ်းခေါင်းဆောင်ဆိုတဲ့ ရုပ်သေးတောင် ဖြစ်မလာနိုင်မှာကို စိုးမိပါတယ်…”
ဟန်လိသည် မင်သေသေဖြင့် ပြောလိုက်သည်။
“လက်ဝဲရံဖန်ဟာ မိစ္ဆာတာအိုဂိုဏ်းရဲ့ အကူအညီနဲ့ ဂိုဏ်းခေါင်းဆောင်နေရာထိ ရောက်လာမှတော့ ဘယ်လိုလိုက်နာမှုတွေ ရှိမလဲဆိုတာ ကျုပ် နားလည်ပါတယ်။ အခု ဘာကြောင့် ဒါတွေကို လာရှင်းပြနေတာလဲ။ ဂိုဏ်းခေါင်းဆောင်ဆိုတဲ့ ရုပ်သေးဟာ အသက်သေဆုံးရတာထက် စာရင်တော့ အပုံကြီး ကောင်းမွန်ပါသေးတယ်…”
ဟန်လိသည် နည်းနည်းလေးမျှ သဘောတူသည့်ဟန် မပြသပေ။
အမျိုးသမီးဖန်သည် သူမ၏မျက်လုံးထဲ၌ ဝမ်းနည်းနာကျင်သည့်ဟန် ဖြတ်ခနဲ ပေါ်သွားပြီး သူမက စကားထပ်ဆိုသည်။
“ဒါပေမဲ့လည်း အခု ကျမရဲ့ ဘဝဟာ အလျင်အမြန် အဆုံးသပ်တော့မယ်ဆိုတာကို သိလာခဲ့ပါတယ်။ သိပ်မကြာသေးခင်တုန်းက ကျမ ယုံကြည်ရတဲ့ တပည့်တွေထဲက တစ်ယောက်ဟာ ပြင်းပြတေးသံဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေ ပါဝင်တဲ့ ကျောက်စိမ်းပြားတစ်ခုနဲ့အတူ ပျောက်ကွယ်သွားခဲ့တယ်။ ဒါက ယွမ်ထျန်ရှောင်ရဲ့ လက်ထဲ ကျရောက်သွားဖို့ များပါတယ်။ သူသာ သူ့ရဲ့ ကိုယ်ပိုင်အမျိုးသမီးတပည့်တွေကို ဒီပညာရပ်တွေ ကျင့်ကြံခိုင်းလို့ အောင်မြင်သွားခဲ့ရင် သူ့အနေနဲ့ ကျမကို အသက်ရှင်လျက် ထားထားဦးမယ်လို့ စီနီယာဟန်အနေနဲ့ ယုံကြည်ပါသလား။ ဒီဒုက္ခပေးတဲ့ကောင်ကို ရှင်းထုတ်ပစ်ဖို့ စီနီယာကသာ ကျမကို ကူညီပေးမယ်ဆို ကျမအနေနဲ့ စီနီယာဟန်ကို ဂိုဏ်းရဲ နှစ်ရှည်လများ စုဆောင်းထားတဲ့ အရင်းအမြစ် အများစုကို ပေးချင်စိတ် ရှိပါတယ်…”
သူမ ပြောလာသည့် ကမ်းလှမ်းမှုများကို စဉ်းပင်စဉ်းစားမနေဘဲ ဟန်လိသည် ပွင့်ပွင့်လင်းလင်း တည့်ပြောလိုက်သည်။
“ကျုပ် ဒါကို စိတ်မဝင်စားဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါတော့…”
ဟန်လိသည် သူမ၏စကားများအပေါ် သံသယ မရှိပေ။ သို့ပေမည့် သူက အချိန်ဖြုန်းတီးချင်စိတ် ရှိမနေပေ။ သူ့ကို အမှန်တကယ် သတ်ပစ်နိုင်သော တစ်စုံတစ်ယောက်က သူ့နောက်သို့ လိုက်လံနေသည် မဟုတ်လား။ သူ့ကိုယ်သူ ကယ်တင်ပြီးမှ ပြင်းပြတေးသံဂိုဏ်းက ထိုသို့ ကမ်းလှမ်းလာခဲ့လျှင်တော့ သူ့အနေဖြင့် အမျိုးသမီးဖန်၏ တောင်းဆိုချက်ကို စဉ်းစားကောင်း စဉ်းစားမိလိမ့်မည်။ ဟန်လိ ငြင်းဆန်တာ မြင်သည့်အခါ အမျိုးသမီးဖန်သည် စိတ်ရှုပ်ထွေးသွား၏။
သူမက တကိုယ်တည်း တီးတိုးရေရွတ်၏။ ပြီးမှ သူမသည် အံတင်းတင်းကြိတ်လျက် ပြောလာသည်။
“ကျမမှာ အကြီးအကဲဟန်ကို မဝေးတော့တဲ့ အချိန်အတွင်း အတွင်းကြယ်ပင်လယ်ပြင်ဆီ ပို့ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိမယ်ဆိုရင်ကော စီနီယာဟန်က ကျမကို ကူညီပေးချင်စိတ် ရှိပါသလား…”
ထိုသို့ ပြောပြီးနောက် သူမသည် စိုးရိမ်ပူပန်စွာဖြင့် ဟန်လိကို ကြည့်နေသည်။ ဤသည်မှာ သူမအနေဖြင့် နောက်ဆုံးကမ်းလှမ်းနိုင်သည့်အရာ မဟုတ်လား။
ဟန်လိသည် သူမကို စိုက်ကြည့်နေပြီးနောက် ချက်ခြင်း တုန့်ပြန်သည်။
“ဆယ်ရက်အတွင်း ခင်ဗျားကသာ ကျုပ်ကို အတွင်းကြယ်ပင်လယ်ပြင်ဆီ ပို့ပေးနိုင်ရင် ဒီကိစ္စကို ဆုံးဖြတ်ပေးမယ်။ ဒါပေမဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ တစ္ဆေကျောက်တုံးတွေ လိုအပ်တယ်ဆို။ လက်ဝဲရံက အစောတည်းက ကျုပ်ကို လိမ်ပြောခဲ့တာများလား…”
သူသည် ထိုစကားများကို ပြောနေရင်း မျက်နှာပျက်လာပြီး သူ့လေသံကလည်း အေးစက်လာသည်။
ထိုအခါ သူမသည် စိတ်ထဲ ချောက်ချားသွားပြီး အလျင်အမြန် ရှင်းပြလာသည်။
“အဲ့လို မဟုတ်ရပါဘူး။ ယွမ်ထျန်ရှောင်အတွက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသုံးပြုဖို့ တစ္ဆေကျောက်တုံး ကင်းမဲ့နေတာ အမှန်ပါ။ ဒါပေမဲ့လို့ သူ မသိတာက ဟိုးလွန်ခဲ့တဲ့အချိန်တည်းက ကျမတို့ဂိုဏ်းဟာ တန်ဖိုးတစ်ခုပေးခဲ့ပြီး တစ္ဆေကျောက်တုံးတွေကို အရယူထားနိုင်ခဲ့တာကိုပဲ။ အစတုန်းကတော့ အတွင်းကြယ်ပင်လယ်ပြင်ရဲ့ ဂိုဏ်းခွဲတွေမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် တချို့ တည်ဆောက်မယ်လို့ ကျမက စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ကျမဟာ ဂိုဏ်းကို ပြင်ပကြယ်ပင်လယ်ပြင်ဆီထိ ဆွဲခေါ်ခဲ့ရတယ်လေ။ ယွမ်ထျန်ရှောင်ရဲ့ ကောက်ကျစ်ရက်စက်ပုံ၊ ရည်မှန်းချက်ကြီးပုံတွေကို မြင်ရပြီးတဲ့နောက် ကျမဟာ ဒီဟာတွေကို မထုတ်ပေးတော့တာ သဘာဝပါပဲ။ မဟုတ်ရင် သူဟာ မိစ္ဆာတာအိုဂိုဏ်းသာားတွေကိုပါ အတွင်းကြယ်ပင်လယ်ထိ ပြန်ခေါ်လာခဲ့ရင် ကျမအနေနဲ့ လွတ်မြောက်နိုင်မဲ့ နည်းလမ်း ရှိနိုင်တော့မှာ မဟုတ်ဘူး…”
ထိုစကားကိုကြားမှ ဟန်လိသည် စိတ်ပြေသွားသည်။ သို့သော် သူက စိတ်လှုပ်ရှားမှုကို ဖိနှိပ်လျက် ထိုအခိုက်တွင် စဉ်းစားခန်းဝင်သည်။
ခဏအကြာတွင် သူက ခေါင်းမော့လျက် ပြောလာသည်။
“တစ္ဆေကျောက်တုံးတွေကို ထုတ်လိုက်၊ ကျုပ် ကြည့်ကြည့်မယ်။ ပြီးရင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထားတဲ့ နေရာဆီ ကျုပ်ကို ခေါ်သွားပေး။ မင်းမှသာ လုံလောက်တဲ့ အမယ်ပစ္စည်းတွေရှိပြီး အစီအရင်ကို ချက်ခြင်းပဲ အပြီးသပ်နိုင်မယ်ဆို သူ့ကို ကျုပ် ရှင်းပေးမယ်…”
ဟန်လိသည် ဖိအားပေးလျက် ထိုစကားများကို တစ်ခွန်းချင်း ပြောချလာခြင်းပင်။
“ဒါက…” အမျိုးသမီးဖန်၏ ပျော်ရွှင်သွားသည့်ဟန်ပန်၌ တုံ့နှေးမှုတစ်ခု အစားထိုး ဝင်ရောက်လာသည်။
“နင် အဲ့လိုမှ မလုပ်ပေးနိုင်ရင်တော့ ကျုပ်လည်း ကမ်းလှမ်းမှုကို ပယ်ဖျက်ရလိမ့်မယ်…”
ဟန်လိက လေသံမာမာဖြင့် ထိုသို့ ပြောသည်။
အမျိုးသမီးဖန်သည် မျက်မှောင်ကြုတ်လျက် ပြောလာသည်။
“ကျမ လုပ်ပေးပါ့မယ်။ သတ္တုအမယ်တွေကတော့ ထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့ ကျမအနေနဲ့ ဒါတွေကို မနက်ဖြန်မှ ယူလာပေးလို့ရမယ်။ ဒါ့အပြင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တည်ဆောက်တဲ့နေရာဟာ အတော်လေး လှမ်းပါတယ်။ အဲ့မှာ ယွမ်ထျန်ရှောင်ရဲ့ လူယုံတပည့်တွေလည်း စောင့်ကြပ်နေပါသေးတယ်။ ဒါ့ကြောင့် အဲ့ကိုသွားဖို့ဟာ အတော်အတန် ခက်ခဲမှာကို ကျမ စိုးရိမ်မိတယ်…”
“ကျုပ်တို့က ဘယ်နည်းနဲ့ဖြစ်ဖြစ် အကြီးအကဲယွမ်ကို ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့အတွက် သူ့တပည့်တွေကို ဘာလို့များ ဂရုစိုက်နေမလဲ။ သူ့ခေါင်းကို မဖြတ်ခင် သူ့တပည့်တွေကို ကျုပ် အရင်သတ်လိုက်တာပေါ့…”
ခဏစဉ်းစားပြီးနောက် ဟန်လိသည် စိတ်ပူပန်စွာ မေးလိုက်သည်။
“ဒါပေမဲ့လို့ ယွမ်ထျန်ရှောင်ရဲ့ ခုလက်ရှိ ရှိနေတဲ့နေရာဟာ ဒီနေရာနဲ့ သိပ်မဝေးလှဘူး မဟုတ်လား…”