← Chapters

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို

Vol. 40 Ch. 557

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို

Vol. 40 Ch. 557

နှစ်ရက်ကြာပြီးနောက်တွင် မိုးပြာအလင်းတန်းတစ်ခုသည် အမြွှာတောင်ထိပ်ကျွန်း၏ အနောက်ဘက်အရပ်သို့ ပျံသန်းနေသည်။ ထိုအလင်းတန်းသည် ကျွန်းတစ်ခုပေါ်သို့ ရောက်လာချိန်တွင် ဟန်လိနှင့် အမျိုးသမီးဖန်တို့၏အသွင်ဟန်ပန်များ ပေါ်လာသည်။ ဟန်လိသည် အမျိုးသမီးဖန်၏ အမြန်နှုန်းက နှေးလှသဖြင့် စိတ်ကသိကအောက် ဖြစ်ကာ သူမကို သူ့အလင်းဖြင့် ထွေးခြုံစေလျက် သူတို့၏ဦးတည်ရာထံ မြန်ဆန်လှသောနှုန်းဖြင့် ခေါ်လာခဲ့တာပင်။

ဟန်လိသည် သူ့အောက်ဘက်ရှိ ကျွန်းကို ကြည့်လျက် လေထဲတွင် ရပ်နေရင်းကနေ မေးလိုက်သည်။

“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က ဒီကျွန်းပေါ်မှာလား…”

အမျိုးသမီးဖန်က အလေးအနက် ပြောလိုက်၏။

“ဟုတ်ပါတယ်။ ပြင်းပြတေးသံဂိုဏ်းက တပည့်တွေက အဲ့အစီအရင်ကို စောင့်ကြပ်နေတာပါ။ ကျမရဲ့ လူယုံတပည့်နှစ်ယောက်ကလွဲလို့ ကျန်တဲ့သူအားလုံးဟာ ယွမ်ထျန်ရှောင်ခေါ်လာတဲ့ ငယ်သားတွေပါ။ အားလုံးပေါင်း ခြောက်ယောက်ရှိပြီး သူတို့က အခြေခံတည်ဆောက်ခြင်း အဆင့်မှာ ရှိကြပါတယ်။ သူတို့က ကျမရဲ့ အမိန့်ကိုလည်း နာခံမှု မရှိပါဘူး…”

“သိပြီ။ ဒါဆို မင်းရဲ့ တပည့်နှစ်ယောက်ကို ခေါ်လိုက်။ တခြားသူတွေကို ကျုပ် ရှင်းလိုက်မယ်…”

ဟန်လိ၏မျက်နှာထက်၌ သတ်ဖြတ်ချင်စိတ်ဖြစ်ဟန် ပေါ်လာသည်။

“ကောင်းပါပြီ စီနီယာ…ခဏလေး စောင့်ပေးပါ…” အမျိုးသမီးဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ အမိန့်များပေးကာ အသံပို့လွှတ်ခြင်းအဆောင်တစ်ခုကို ထုတ်၍ ပစ်လွှတ်လိုက်သည်။

ဟန်လိသည် ထိုအဆောင်မှာ ကျွန်းကို ပတ်၍ ခြောက်သွေ့သွေ့ရှိဟန်တူသည့် နေရာတစ်ခုထံ ဝင်ရောက်သွားတာ မြင်သည်။ ထို့နောက်တွင် ၎င်းအလင်းသည် ပျောက်ကွယ်သွား၏။ ခဏအကြာတွင် အောက်ဘက်မှ လူသုံးယောက် ပျံသန်းထွက်လာ၏။ သူတို့မှာ စွဲဆောင်မှုရှိသော အမျိုးသမီးနှစ်ယောက်နှင့် အဘိုးအိုတစ်ယောက်တို့ပင်။ သူတို့သည် ဟန်လိနှင့် အမျိုးသမီးဖန်တို့ကို ထောက်လှမ်းမိချိန်တွင် ချက်ခြင်းပင် အလင်းတန်းအဖြစ် ပြောင်း၍ ပျံသန်းဝင်လာကြသည်။

အမျိုးသမီးကျင့်ကြံသူနှစ်ယောက်က အမျိုးသမီးဖန်ကို မြင်သည့်အခါ စိတ်ရင်းနှင့် ဂါဝရပြုနှုတ်ဆက်ကြသည်။ ထို့နောက်တွင် သူတို့က ဟန်လိထံ သိချင်စိတ်ဖြင့် လှမ်းကြည့်သည်။ သူတို့သည် ဟန်လိက အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်မှန်း တွေ့မြင်သည့်အခါ မင်သက်ကုန်ကြသည်။

သူတို့နှစ်ယောက်နှင့်အတူ ပါလာသော အဘိုးအိုကမူ အမျိုးသမီးဖန်ကို လက်သီးဆုပ်ဟန်ပြု၍သာ မောက်မောက်မာမာ နှုတ်ဆက်ပြီး ဟန်လိကို စိတ်ရှုပ်ထွေးဟန်ဖြင့် တစ်ချက်လှမ်းကြည့်သည်။ သူက မေးခွန်းအချို့ မေးရန် တွေး၏။ သို့သော် သူ့အဖို့ စကားပြောရန် အခွင့်အရေး မရလိုက်ပေ။ ဟန်လိသည် ထိုသူမှာရန်သူဟု သိပြီးသည်နှင့် သတ်ဖြတ်လိုစိတ်ဖြင့် တစ်ချက်လှမ်းကြည့်ကာ ၎င်းအဘိုးအိုထံ မိုးပြာဓားအလင်းတစ်ခုကို စေလွှတ်တိုက်ခိုက်လိုက်ပြီး ဖြစ်သည်။

“အား…” အဘိုးအိုသည် အလန့်တကြား ဖြစ်သွား၏။ သို့သော် ဓားအလင်းတန်းကား မြန်ဆန်လွန်းလှသည်။ သူသည် တစ်ချက်သာ အော်လိုက်နိုင်ပြီး သူ့ခေါင်း၌ လက်ချောင်းအရွယ် အပေါက်တစ်ခု ပွင့်ထွက်သွားခဲ့လေပြီ။ ထိုအဘိုးအို၏ အလောင်းက ကောင်းကင်ထက်မှ ပြုတ်ကျသွားတာ မြင်သည့်အခါ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သည် အလန့်တကြား ဖြစ်သွားကြသည်။

သို့သော် အမျိုးသမီးဖန်၏ အေးတိအေးစက်ဟန်ပန်ကို မြင်သည်နှင့် သူမတို့သည် သဘောပေါက်သွားပြီး တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ်သာ အကြည့်ချင်း ဖလှယ်မိကြသည်။

“အခြားသူတွေအားလုံးက အောက်ဘက်မှာလား…” အမျိုးသမီးဖန်သည် အေးစက်စက်လေသံဖြင့် သူမတို့ကို မေးသည်။

တစ်ယောက်က ချက်ခြင်း ပြန်ဖြေ၏။

“ဟုတ်ပါတယ်။ တခြားငါးယောက်က အစီအရင်မန္တာန်အောက်ဘက်မှာပါ။ ဒီတပည့်က ဂိုဏ်းခေါင်းဆောင်နဲ့ စီနီယာတို့ကို လမ်းပြခေါ်ဆောင်ပေးပါ့မယ်…”

“ကောင်းပြီ။ စီနီယာလီကို လမ်းပြလိုက်။ ငါတို့ သူတို့ထဲက တစ်ယောက်ကိုမျှ အလွတ်ပေးလို့ မရဘူး…”

အမျိုးသမီးဖန်၏မျက်နှာထက်၌ ရက်စက်မည့်ဟန် ပေါ်၏။

အမျိုးသမီးဖန်သည် တစ်စုံတစ်ယောက်ကို ခေါ်၍ ယွမ်ထျန်ရှောင်၏လူများကို ရင်ဆိုင်တော့မည်အား မြင်သည့်အခါ ထိုအမျိုးသမီးနှစ်ယောက်သည် ထပ်မံတွေဝေနေဟန် လုံးဝ မပြတော့ဘဲ ဟန်လိနှင့် အမျိုးသမီးဖန်တို့ကို တောင်ကုန်းတစ်ခုထံ ခေါ်လာသည်။ သူမတို့ထဲမှ တစ်ယောက်က အနီရောင်အမိန့်ပေးပြားတစ်ခုကို ထုတ်ကာ အောက်ဟစ်လိုက်၏။

“ပွင့်စေ…”

ထို့နောက်တွင် ၎င်းအမိန့်ပြားထံမှ အနီရောင်အလင်း ပျံသန်းထွက်လျက် တောင်ပေါ်သို့ ထိမှန်သွားပြီး ဆယ့်ငါးမီတာမျှ အကျယ်ရှိ အဝါရောင်ကျောက်တံခါးတစ်ချပ်သည် အနီရောင်အလင်းလှိုင်းများကြား၌ ပေါ်လာသည်။

ထို့နောက်တွင် အနှီအမျိုးသမီးကျင့်ကြံသူက ဟန်လိကို ပြုံး၍ လှမ်းကြည့်ပြီး သာယာသောအသံဖြင့် ပြောလိုက်သည်။

“ဒီမှာပါ။ ဒါပေမဲ့လို့ အထဲမှာ ရှိတဲ့ ငါးယောက်ဟာ အခြေခံတည်ဆောက်ခြင်းအလယ်အဆင့် ငါးယောက် ဖြစ်တဲ့အတွက် ကျေးဇူးပြုပြီး စီနီယာ ဂရုစိုက်ပေးပါ…”

“ကျုပ် သိပြီ…” ဟန်လိသည် မထူးခြားနားစွာ ပြော၏။ ထို့နောက်တွင် သူ့လက်ကို ပင့်မြှောက်ပြီး အလင်းတန်းတစ်ခုဖြင့် ထိုကျောက်တံခါးကို တစစီပေါက်ကွဲစေလိုက်သည်။ အမူအရာပြောင်းလဲသွားခြင်း မရှိလေဘဲ ဟန်လိသည် အထဲသို့ တိုက်ရိုက်ပျံသန်းဝင်လာသည်။ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပူပန်တကြီး မကြည့်မိဘဲ မနေနိုင် ဖြစ်နေမိ၏။ သို့သော် အမျိုးသမီးဖန်ကမူ ဟန်လိအပေါ်၌ အပြည့်အဝ ယုံကြည်မှု ရှိထားပြီး သူတို့ကို ခေါ်၍ နောက်မှ လိုက်ဝင်လာသည်။

ဟန်လိသည် ကျောက်တံခါးကို ဖြတ်၍ ဝင်လာသည့်နောက်မှာ ဆယ့်နှစ်မီတာလောက် အရှည်ရှိမည့် လမ်းကျယ်တစ်ခုထဲ သူ ရောက်လာမှန်း သိလိုက်သည်။ သို့သော် သူသည် သည်လမ်း၌ ကျင့်ကြံသူနှစ်ယောက် ဝင်လာတာ မြင်သည့်အခါ မျက်လုံးမှေးကျဉ်းသွား၏။

သူတို့၏အသွင်အပြင်ကို စူးစမ်းနေရန်ပင် အချိန်ပေးမနေတော့ဘဲ သူက ပါးစပ်ဟကာ မိုးပြာအလင်းတောက်ပနေသော ဓားငယ်နှစ်လက်ကို ထွေးထုတ်သည်။ ထိုဓားများသည် သူ့ပါးစပ်မှ ထိုးထွက်သွားသည်နှင့် ချက်ခြင်းပင် ကျင့်ကြံသူနှစ်ယောက်ထံ ပျံသန်းဝင်ရောက်သည်။ မည်သို့ဖြစ်ပျက်သွားသလဲ အပြည့်အဝ နားမလည်နိုင်ခင်မှာပင် သူတို့သည် အနီရောင်ပုဝါတစ်ခုနှင့် အဝါရောင်ဒိုင်းငယ်တစ်ခုတို့ကို ထုတ်ယူကာ တိုးဝင်လာသော တိုက်ခိုက်မှုအား တားဆီးချင်ကြသည်။ ကံမကောင်းသည်မှာ သူတို့သည် နာကျင်စွာအော်ဟစ်လျက် ကြမ်းပြင်ပေါ်သို့ ချက်ခြင်းလဲကျသွားရခြင်းပင်။ သူတို့၏ မှော်လက်နက်များမှာလည်း အလားတူပင်။ မြေပေါ်သို့ ပြုတ်ကျသွားကြသည်။

ဟန်လိသည် သူတို့၏ခန္ဓာကိုယ်များကို ကျော်၍ ဆက်လျှောက်လာသည်။ ဓားငယ်နှစ်လက်ကာ သူ့ကို လှည့်ပတ်လျက် သူနှင့်အတူ ကပ်ပါလာသည်။

အမျိုးသမီးဖန်နှင့် အခြားနှစ်ယောက်မှာ သည်မြင်ကွင်းကြောင့် ကျေနပ်သွားကြ၏။

အမျိုးသမီးသုံးယောက်သည် လျှောက်လမ်းအဆုံးသို့ ရောက်လာချိန်၌ မီတာသုံးရာမျှ အကျယ်ရှိ ခန်းမတစ်ခုထဲ ဝင်လာခဲ့ပြီး ဖြစ်သည်။ ဟန်လိသည် ခန်းမဘေးရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဘေးမှာ ရပ်နေလျက် ၎င်းကို ငုံ့ကြည့်ကာ မလှုပ်မယှက် စူးစမ်းနေလျက် ရှိသည်။ ခန်းမထဲတွင်မူ သွေးနံ့သင်းနေပြီး ပြန့်ကျဲနေသော အလောင်းသုံးလောင်းလည်း ရှိ၏။ ထိုသည်ကို မြင်သည့်အခါ အမျိုးသမီးဖန်၏ မျက်နှာထက်တွင် ကျေနပ်ဝမ်းသာဟန် ပေါ်လွင်သွားပြီး သူမ၏ တပည့်နှစ်ယောက်က ကျန်သည့်အလောင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ကြသည်။

အမျိုးသမီးဖန်သည် ဟန်လိ၏ဘေးသို့ ရောက်လာသည့်အခါတွင် သူမက နှုတ်ခမ်းသပ်လျက် တလေးတစားပြောလာသည်။

“စီနီယာရဲ့ ကျင့်ကြံမှုဟာ နက်ရှိုင်းလှတဲ့အဆင့်ကို ရောက်နေပြီပဲ။ အခြေခံတည်ဆောက်ခြင်းအဆင့်လောက်ကို သတ်ဖို့ဟာ စီနီယာအတွက် ထမင်းစားရေသောက်သလောက်ကို လွယ်ကူနေပြီကို…”

“ခုချိန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဟာ ကျုပ်အတွက် ဘာပြဿနာမှ မရှိဘူး။ ပိုပြီး အရေးကြီးတာက ဒါက မင်းပြောတဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လား…”

ဟန်လိသည် သူ့ရှေ့ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပေါ်၌သာ စိတ်နှစ်ထားပုံ ရသည်။

အမျိုးသမီးဖန်၏ မျက်လုံးသည် အရောင်တောက်သွားပြီး သူမက စကားဆိုသည်။

“အမှန်ပါပဲ။ ဒီအစီအရင်ဟာ အပြီးသပ်ခါနီးပြီမှန်း မြင်တွေ့ပြီးပြီပဲ။ ဒါကို အသုံးမပြုခင် တစ္ဆေကျောက်တုံး အနည်းငယ်လောက်သာ လိုအပ်နေတာ။ စီနီယာဟာ လွန်ခဲ့တဲ့ နှစ်ရက်တည်းက တစ္ဆေကျောက်တုံးကို တွေ့မြင်ခဲ့ပြီးဖြစ်တဲ့အတွက် ကျမရဲ့ စကားတွေဟာ အမှန်အကန်ဖြစ်မှန်း သိလောက်ပါပြီ…”

“အဲ့လိုဆိုမှတော့ ကျုပ်လည်း ယွမ်ထျန်ရှောင်ကိစ္စ ဖြေရှင်းပေးရတော့မှာပေါ့။ ဒါပေမဲ့လည်း ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ အတွင်းကြယ်ပင်လယ်ပြင်ရဲ့ တောက်ပအင်ပါယာကျွန်းဆီ အမှန်တကယ်ပဲ ဦးတည်တာလား။ ကျုပ် သိသလောက်ဆို သာမန် အလယ်အလတ်အစားကျွန်းမျှလောက်သာ။ မိစ္ဆာတာအိုကျင့်ကြံသူတွေဟာ အခြားတစ်ဖက်မှာ နောက်ထပ်အစီအရင်တစ်ခုကို ဘယ်လိုများ တည်ဆောက်ထားတာလဲ…”

ဟန်လိသည် မျက်မှောင်ကြုတ်ပြီး သူ့ရှေ့ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို စိုက်ကြည့်နေသည်။

“ယွမ်ထျန်ရှောင်က အဲ့ကျွန်းပေါ်မှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မတည်ဆောက်ခင် ရှေးအချိန်တည်းက အဲ့ပေါ်မှာ စွန့်ပစ်ထားတဲ့ အစီအရင်တစ်ခု ရှိနှင့်ထားပြီးသားလို့ ကျမ ကြားသိခဲ့ရတယ်။ သူက သူတို့အတွက် အသုံးပြုနိုင်အောင် ဒီရှိနှင့်ပြီးသားဟာကို ပြုပြုမွမ်းမံခဲ့တာပဲ။ ဒါပေမဲ့ အဲ့တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ တည်နေရာရွှေ့ပြောင်းလာတာတွေကိုပဲ လက်ခံနိုင်တယ်။ ဒါကသာ ပြင်ပကြယ်ပင်လယ်ပြင်ကနေ တည်နေရာရွှေ့ပြောင်းမှုကို လက်မခံပေးနိုင်စွမ်း မရှိဘူးဆိုရင် ယွမ်ထျန်ရှောင်က ဒါကို ရွေးချယ်ခဲ့လိမ့်မှာ မဟုတ်ဘူး။ စီနီယာအနေနဲ့ အဲ့နေရာဆီ တည်နေရာရွှေ့ပြောင်းပြီးသွားရင် ဘာပြဿနာမှ တတ်နိုင်မှာ မဟုတ်လောက်ပါဘူး…”

ဟန်လိသည် ခေါင်းညိတ်ကာ တုန့်ပြန်ပြီး အခြားဘာမျှ မပြောပေ။ အခြားတစ်ဖက်၌ စောင့်ကြပ်နေသော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများ တစ်ဦးမျှ မရှိနေသ၍ အန္တရာယ်တချို့တလေ ရှိနေခဲ့မည် ဆိုလျှင်ပင် ခုလက်ရှိ သူ၏စွမ်းရည်များဖြင့်ဆို ပြဿနာ မရှိနိုင်ပေ။ သည့်အပြင် အန္တရာယ်ရှိခဲ့သည်ဆိုလျှင်ပင် ပြင်ပကြယ်ပင်လယ်ပြင်များကနေ အတွင်းကြယ်ပင်လယ်ပြင်များထိ ပျံသန်းသွားခြင်းထက်တော့ များစွာ နည်းပါးလိမ့်မည်သာ။

ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အချိန်အတော်ကြာသည့်အထိ စူးစမ်းလေ့လာနေပြီးနောက်မှာ အမျိုးသမီးဖန်ဘက်သို့ ပြန်လှည့်ပြီး အေးတိအေးစက် ပြောလိုက်သည်။

“မင်းရဲ့ မန္တာန်အစီအရင်ကျွမ်းကျင်သူအားလုံးကို ဒီနေရာဆီ ပို့ပြီး ဒီအစီအရင်ကို အပြီးသပ်ခိုင်းထားပါ။ ကျုပ် ယွမ်ထျန်ရှောင်ကို သတ်ပြီး ပြန်လာတာနဲ့ ဒီဟာ အပြီးသပ်ပြီး ဖြစ်နေတာကို မြင်ချင်တယ်။ သူနဲ့ ရင်ဆိုင်ဖို့အတွက် ခုချက်ခြင်း ကျုပ် သွားလိုက်မယ်။ မင်း ပြောပုံအရဆို သူဟာ အနည်းဆုံး ခြောက်ရက်အတွင်း ပုန်းကွယ်မြိုကိစ္စ ကိုင်တွယ်ဖို့အတွက် အမြွှာတောင်ထွတ်ဆီ ပြန်လာလိမ့်မယ်မဟုတ်လား…”

ထို့နောက်တွင် ဟန်လိသည် မျက်နှာထားတင်းတင်းဖြင့် ထွက်လာခဲ့တော့သည်။

နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ဟန်လိသည် စိုးရိမ်မပူပန်ဘဲ မနေနိုင် ဖြစ်လာရသည်။ သူသည် နေရာတစ်ခု၌ ကြာကြာနေလေလေ နတ်ဆိုးသားရဲကျင့်ကြံသူဖန်ရှီက သူ့ကို ရှာတွေ့နိုင်ခြေ ပိုများလာလေ မဟုတ်လား။ သို့သော် ဟန်လိအတွက် အထူးတလည် စိတ်အပူဆုံးကမူ သူ့ခန္ဓာကိုယ်ထဲရှိ ဖန်ရှီ၏လေစွမ်းအင်သည် ခုထိ မပျောက်ကွယ်သေးတာပင်။ ၎င်းသည် တဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်ဟု သူ ပြောနိုင်သော်လည်း တစ်နှစ်ကြာပြီမှလား နှစ်များစွာ ကြာပြီးမှလား မသိရပေ။ သို့မဟုတ် ပိုဆိုးခဲ့လျှင် သူသည် ထိုလေစွမ်းအင်နှင့် နှစ်ပါးသွားကာ နေနေရနိုင်သေးသည်။

ဟန်လိသည် ရွှေဝါးမြိုခြင်းပိုးတောင်မာအချို့ကိုပင် ဝါးမြိုပြီး ၎င်းလေစွမ်းအင်များအား တိုက်စားနိုင်ရန် လုပ်ဆောင်ခဲ့သေးသည်။ သို့သော် သူ ထိုသို့ကြိုးစားသည့်အချိန်တိုင်း သည်နည်းလမ်းမှာ အလုပ်မဖြစ်တာကို တွေ့ခဲ့ရ၏။ ပိုးတောင်မာများသည် လေစွမ်းအင်ကို စားသုံးနိုင်ရန် ၎င်းတို့သည် အရင်ဆုံး လေစွမ်းအင်အား ဝန်းရံထားသော နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးအမျှင်တန်းများအား စားသုံးရန် လိုအပ်သည်။ သို့ပေမည့် လျှပ်စီးစွမ်းအင်အမျှင်တန်းများ၌ အပေါက်ငယ်တစ်ခုကို ဖန်တီးပြီးနောက်မှာ လေစွမ်းအင်သည် ချက်ခြင်းပင် ရုန်းကြွလာခဲ့၏။ အလန့်တကြားဖြစ်ကာ ထိုအပေါက်ကို သူ အလျင်အမြန် ပြန်ဖာတေးလိုက်ရသည်။ သို့ဖြစ်၍ သူသည် ယွမ်ထျန်ရှောက်ကို သုတ်သင်ပြီး အတွင်းကြယ်ပင်လယ်ပြင်များဆီ ထွက်ပြေးနိုင်ရန် မစီစဉ်ထားလျှင် နောက်ယောင်ခံမိမှာကို စိုးကြောက်လျက် ကောင်းကင်ယံမှာ လေလွင့်နေရလိမ့်မည်။

All Chapters