စွဲဆောင်မှု
Vol. 40 Ch. 558
အမြွှာတောင်ထွတ်နှစ်ခုတောင်သို့ ပြန်ရောက်လာပြီးနောက်မှာ ဟန်လိသည် ယွမ်ထျန်ရှောင်အပေါ် သစ္စာရှိကြသော လက်ကျန်ကျင့်ကြံသူများကို သုတ်သင်ရာ၌ အမျိုးသမီးဖန်ကို ကူညီပေးခဲ့သည်။ ယင်းနောက်တွင်မူ သူသည် ယွမ်ထျန်ရှောင် မြို့သို့ ပြန်အလာကို တည်တည်ငြိမ်ငြိမ် စောင့်နေတော့သည်။
ငါးရက်ကြာပြီးနောက်မှာ ဟန်လိသည် မြို့၏ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခု၏ အနောက်ဘက်ခြမ်း နေရာတစ်ခုတွင် မျက်လုံးမှိတ်လျက် ထိုင်နေသည်။ အမျိုးသမီးဖန်ကမူ သူ့ဘေးတွင် ဂနာမငြိမ်သည့်ဟန်ဖြင့် ထိုင်နေသည်။ ထိုစဉ် တံခါးဝသို့ မီးအလင်းတန်းတစ်ခု ပျံသန်းဖြတ်ကျော်လာပြီး အမျိုးသမီးဖန်၏ မျက်လုံးမှာ တောက်ပသွား၏။ ထိုမီးအလင်းတန်းက သူမ၏ လက်ထဲသို့ ပျံသန်းဝင်လာသည်။
ထိုမီးအလင်းတန်းထံမှ အမျိုးသမီးတစ်ယောက်၏ ပူပန်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
“ဂိုဏ်းခေါင်းဆောင်…အခြေအနေ မကောင်းတော့ဘူး။ အကြီးအကဲယွမ်က တာအိုသခင် ကြိုးကြာမြန်ကိုပါ သူနဲ့အတူ ခေါ်လာတယ်။ သူတို့ဟာ မြို့ဝင်ပေါက်နား ရောက်နေကြပြီ။ ဂိုဏ်းခေါင်းဆောင်…ကျေးဇူးပြုပြီး မြန်မြန်ပြင်ဆင်ထားပါဦး…”
“ဘာ…ဟိုမွန်းစတားအိုကြီး ကြိုးကြာမြန်ပါ သူနဲ့အတူ ရောက်လာတယ် ဟုတ်လား…”
အမျိုးသမီးဖန်သည် အသံပို့လွှတ်ခြင်းအဆောင်ကို လက်ဖြင့် စိုးရိမ်ကြောက်လန့်စွာ ချေမွပစ်ပြီး မျက်စိမျက်နှာလည်း လွန်စွာ ပျက်ယွင်းသွားသည်။
“ကျောက်စိမ်းတိမ်ဂိုဏ်းရဲ့ ကြိုးကြာမြန် မဟုတ်လား…” ဟန်လိသည် အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးဖွင့်လာသည်။ သို့သော် ခဏအကြာ၌ သူက တည်ငြိမ်မှု ပြန်ရ၏။
“အဲ့ တာအိုရသေ့အိုကြီး မဟုတ်ရင် အခြား ဘယ်သူဖြစ်ဦးပါ့မလဲ။ ယွမ်ထျန်ရှောင်ရဲ့ ငယ်သားတွေကို သုတ်သင်လိုက်တည်းက ကျမတို့ရဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ဟာ မဖြစ်နိုင်တော့ဘူး။ ခဏအတွင်း မြို့ထဲမှာ တစ်ခုခု မူမမှန်တာကို သူ သတိပြုမိသွားလိမ့်မယ်…”
အမျိုးသမီးဖန်၏ အမူဟန်ပန်သည် ဖြူဖပ်ဖြူရော် ဖြစ်လာ၏။ သို့သော် သူမက ဟန်လိ၏ တည်ငြိမ်သည့်ဟန်ပန်ကို မြင်သည့်အခါတွင်မူ မျှော်လင့်ချက် အရိပ်အယောင် တစ်ခု ရှိလာသလို ခံစားလိုက်ရသည်။
ဟန်လိသည် သူမက သူ့ကို တိတ်တဆိတ် ငေးစိုက်ကြည့်နေတာ မြင်သည့်အခါ သူမထံ မျက်လုံးကစား၍ စိတ်အချဉ်ပေါက်စွာ မပြောမိဘဲ မနေနိုင် ဖြစ်သွားသည်။
“အမျိုးသမီးဖန်က ကျုပ်ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ။ ကျုပ်က စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်နိုင်တယ်ဆိုပြီး မျှော်လင့်နေတာလို့တော့ မပြောလေနဲ့…”
ဟန်လိက ထိုသို့ ပြောလိုက်သည့်တိုင် နည်းနည်းလေးမျှ ပျာယာခတ်နေတာမျိုး ဖစ်မနေပေ။ မန်ဟုဇီနှင့် ဝမ်ထျန်မင်တို့ကဲ့သို့ ခြိမ်းခြောက်နိုင်သော အဆင့်မျိုး ရှိသူများသာ ရောက်မလာခဲ့လျှင် သူသည် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှ အလွယ်တကူ လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ချက် ရှိထားသည်။ အထူးသဖြင့် သူ အသစ်ရရှိခဲ့သော မိုးကြိုးမုန်တိုင်းတောင်ပံများ၏ အံ့ဖွယ်စွမ်းရည်နှင့်ဆို ထိုသို့ လုပ်နိုင်လောက်မည်သာ။
သို့ပေမည့် အမျိုးသမီးဖန်ကမူ ဟန်လိ၏ စကားကို ကြားသည့်အခါ၌ သူမ၏ အမူအရာမှာ ဖြူရော်သွားပြီး နေရာတွင် အကြောင်သား ဖြစ်နေတော့သည်။ သူမသည် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေသည်။ ခဏအကြာ၌ ဟန်လိ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ခနဲ လင်းလက်သွား၏။ သူက နှုတ်ခမ်းသပ်ကာ အလေးအနက်လေသံဖြင့် မေး၏။
“ကြိုးကြာမန်က ယွမ်ထျန်ရှောင်နဲ့ တအား ရင်းနှီးလား။ ကျုပ်က ယွမ်ထျန်ရှောင်ကို သတ်လိုက်မယ်ဆို သူက ကျုပ်ကို ပြန်လက်စားချေ နိုင်ခြေရှိလား…”
အမျိုးသမီးဖန်သည် ထိုစကားကို ကြားသည့်အခါ၌ မင်သက်သွားလေသည်။ သို့သော် သူမက ကျေနပ်အံ့အားသင့်စွာဖြင့် ခပ်သွက်သွက် ပြန်ဖြေလိုက်၏။
“ပတ်သက်မှုလား။ ယွမ်ထျန်ရှောင်က ကျမတို့ ပြင်းပြတေးသံဂိုဏ်းကို အသုံးပြုပြီး ကျမတို့ရဲ့ တပည့်တွေကို အဲ့တာအိုရသေ့အိုကြီးဆီ ကျင့်ကြံခြင်းအဖော်အဖြစ် ကမ်းလှမ်းရုံပါပဲ။ သူဟာ ပြင်းပြတေးသံဂိုဏ်းရဲ့ ဂိုဏ်းကိစ္စကိဝတွေနဲ့ ပတ်သက်ပြီးလို့တော့ အများကြီး ဂရုစိုက်မနေဘူး။ ဒါပေမဲ့လည်း ရှင်က သူ အကူအညီအော်မတောင်းနိုင်ခင် သူ့ကို သတ်နိုင်မှ ဖြစ်လိမ့်မယ်။ မဟုတ်ရင်တော့ အဲ့ရသေ့အိုကြီးက ကြားဝင်ဟန့်တားမှာကတော့ အမှန်ပဲ…”
“ကောင်းပြီ…” ထို့နောက်တွင် ဟန်လိက တည်တည်ငြိမ်ငြိမ် အမိန့်ပေးလိုက်သည်။
“ယွမ်ထျန်ရှောင်ကို ဒီအနီးဝန်းကျင်မှာ ရှိတဲ့ အခန်းတွေထဲက တစ်ခုစီ ခေါ်လာပေးခဲ့။ ကျုပ် သူ့ကို ချက်ခြင်း သတ်ပစ်လိုက်မယ်။ ကြိုးကြာမြန်ဆီ အကူအညီလှမ်းတောင်ဖို့အတွက် သူ့အနေနဲ့ အော်ဟစ်ချိန်တောင် ရလိမ့်မှာ မဟုတ်ဘူး။ နင်ကတော့ ဒီဂိုဏ်းရဲ့ တာဝန်ရှိတဲ့သူ ဖြစ်နေတဲ့အတွက် တာအိုရသေ့အိုက ဘာမှ ပြောနိုင်မှာ မဟုတ်လောက်ဘူး။ ပြီးရင်တော့ ကောင်းမွန်တဲ့ အရာအချို့ကို အသုံးပြုပြီး သူ့ရဲ့ မျက်နှာသာပေးမှုရအောင် ပြန်လုပ်ပေါ့…”
ဟန်လိ၏ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ကို မြင်ရပြီးနောက်မှာ အမျိုးသမီးဖန်သည် အံတင်းတင်းကြိတ်လျက် သဘောတူသည်။
“ကောင်းပါပြီ။ ကိစ္စတွေက ခုလောက်ထိ ဖြစ်လာမှတော့ ကျုပ်တို့ အတတ်နိုင်ဆုံး လုပ်ရုံပေါ့။ စီနီယာအနေနဲ့ တတ်နိုင်သလောက် ယွမ်ထျန်ရှောင်ကို မြန်မြန်သတ်နိုင်ဖို့တော့ လိုမယ်တူတယ်။ အချိန်ရအောင် ဒီနဲ့ အဝေးဆုံးအခန်းမှာ ကျေးဇူးပြုပြီး စောင့်နေပေးပါ။ ကျမ သူ့ကို အပါ ခေါ်လာခဲ့ပေးပါမယ်…”
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အရွယ်အစား မျိုးစုံရှိသည့် အခန်းများထံ ဦးတည်ဖောက်ထားသည့် စင်္ကြံလမ်းသို့ သွားရောက်ရန် သည်ခန်းမ၏ ဘေးဘက်ခြမ်းတံခါးထံ ချက်ခြင်း လျှောက်သွားသည်။ သူက တံခါးရှေ့သို့ ရောက်လာချိန်တွင် တစ်စုံတစ်ခုကို တွေးမိပြီး ရုတ်တရက် ရပ်သည်။ သူသည် သုန်မှုန်စွာဖြင့် ဘေးပတ်ပတ်လည်သို့ ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ဂိုဏ်းခေါင်းဆောင်ဖန်။ ကျုပ်က ယွမ်ထျန်ရှောင်ကို သတ်ပြီးတဲ့နောက် တာအိုရသေ့ ကြိုးကြာမြန်ရဲ့ မျက်နှာသာရအောင်ဆိုပြီး ကျုပ်ရဲ့ နောက်ခံပုံရိပ်ကို ထုတ်ဖော်ပြောမယ်လို့တော့ စိတ်မကူးလေနဲ့။ ခုလက်ရှိ ကျုပ်ရဲ့ စွမ်းရည်တွေနဲ့ဆို သူနဲ့ ယှဉ်မတိုက်ခိုက်နိုင်ပေမဲ့လည်း သူ့လက်ကနေ လွတ်အောင် လုပ်ဖို့ကတော့ မခက်လှဘူး။ အဲ့လိုသာ ဖြစ်လာခဲ့မယ်ဆို အမျိုးသမီးဖန်အနေနဲ့ ဘာဖြစ်သွားမလဲဆိုတာ သိလောက်မှာပါ။ ဒါက ကျုပ်အနေနဲ့ မင်းကို သတိကြိုပေးတာ…”
အမျိုးသမီးဖန်သည် ထိုစကားကို ကြားသည့်အခါ၌ သူမသည် ခဏတော့ မင်သက်သွားသည်။ သည့်နောက်မှာ သူမက ခါးသီးစွာ ပြုံး၏။
“စီနီယာကတော့ နောက်ပြီ။ ကျမက အဲ့လိုအရာမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စီနီယာဟန်က သာမန်အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်နဲ့ ကွဲပြားလှတာကို ကျမ ကောင်းကောင်းကြီး သတိပြုမိပါတယ်။ ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ စီနီယာ။ ရှင်က ယွမ်ထျန်ရှောင်ကို ရှင်းပြီးတာနဲ့ ကျမလည်း ကျမတို့ သဘောတူထားတဲ့အတိုင်း ကျိန်းသေပေါက် လိုက်နာမှာပါ…”
ဟန်လိသည် ထိုအမျိုးသမီးကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီး ထပ်မံ တုံ့ဆိုင်းမနေတော့ဘဲ အဝေးဆုံးအခန်းထံ ဦးတည်ထွက်လာသည်။
ဟန်လိသည် ဖြတ်ခနဲ ဝေဝါးသွားကာ ထိုအခန်းတွင်းရှိ စန္ဒကူးသစ်သားခုံတစ်ခုပေါ်၌ ပေါ်လာ၏။ သည့်နောက်မှာ သူက မျက်လုံးမှိတ်လျက် သူ့ချီကို ထိန်းချုပ်သည်။ ကြိုးကြာမြန် သို့မဟုတ် ယွမ်ထျန်ရှောင်တို့က သူ၏ တည်ရှိမှုအား သတိပြုမိသွားမည်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သူ ထိုသို့ လုပ်ဆောင်တာပင်။ သူ၏ အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်ဖြင့်ဆို ဟန်လိသည် စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်အာရုံကနေ သူ့ကိုယ်သူ ကွယ်ဖုံးထားနိုင်သည်ဟု ယုံကြည်ချက် ရှိပေသည်။ သို့ပေမည့် အဆုံးသတ်တွင်မူ ဤသည်က ထင်မြင်ချက်တစ်ခုမျှသာ ဖြစ်နေဆဲပင်။ သူသည် သူ့စိတ်ထဲ၌ သံသယ အနည်းငယ် ရှိနေသော်ငြား အကောင်းဆုံးကြိုးစားရုံသာ တတ်နိုင်တော့မည်။
အဓိကခန်းမထဲ၌ အမျိုးသမီးဖန်သည် မချင့်မရဲ ဖြစ်နေလေ၏။ သူမက ဟန်လိအပေါ်၌ အပြည့်အဝ ယုံကြည်မှု ရှိသည်ဟု ပြောခဲ့သော်လည်း ဟန်လိအနေဖြင့် ယွမ်ထျန်ရှောင်ကို ချက်ခြင်း သတ်ပစ်နိုင်၊ မနိုင်ကိုမူ လုံးဝ မသေချာနေဟု သူမ ခံစားနေရသေးသည်။
ဟန်လိသည် ပြီးခဲ့သော အရောင်းအဝယ်စုဝေးပွဲ၌ ယွမ်ထျန်ရှောင်ကို တစ်ချက်တည်းဖြင့် သတ်နိုင်လုနီးနီး ဖြစ်ခဲ့သော်လည်း ဤသည်မှာ ယွမ်ထျန်ရှောင် သတိလက်လွတ်ဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်ခြေများသည် မဟုတ်လား။ သို့သော် အမျိုးသမီးဖန်က ပါးနပ်လှသူဖြစ်၍ သူမစိတ်ထဲ၌ ထိုအပျက်သဘော အတွေးများကို အတင်းအကြပ် ဖိနှိပ်ကာ သူမကိုယ်တိုင် လဘ္ဘက်ရည်တစ်ခွက်ကို ငှဲ့လိုက်လေ၏။ သူမက လဘ္ဘက်ရည်ကို တစ်ငုံချင်း ခပ်ဖြည်းဖြည်း သောက်နေရင်း တည်ငြိမ်မှု မြန်မြန်ဆန်ဆန် ပြန်ရလာသည်။
ထိုစဉ် ခန်းမ၏ ဝင်ပေါက်မှ ခြေသံများကို ကြားရ၏။ ခဏအကြာတွင် သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ယောက်နှင့် ပညာရှိဝတ်ရုံဖြင့် လူတစ်ယောက်တို့သည် ခန်းမထဲသို့ ဝင်လာကြသည်။ ထိုတာအိုရသေ့က ကြိုးကြာပုံ ထိုးထားသော ဝတ်ရုံကို ဝတ်ထားသည်။
“စီနီယာကြိုးကြာမြန်နဲ့ အကြီးအကဲယွမ်တို့ပါလား…” အမျိုးသမီးဖန်က သူတို့ကို မြင်သည့်အခါ အံ့အားသင့်သွားဟန်ဖြင့် ထိုသို့ ထပြောသည်။ ထို့နောက်တွင် သူမက သောက်လက်စ လဘ္ဘက်ရည်ခွက်ကို ခပ်မြန်မြန်ချကာ တာအိုရသေ့ကြိုးကြာမြန်ကို ဂါဝရပြုနှုတ်ဆက်လိုက်သည်။
ကြိုးကြာမြန်က မထူးခြားနားဟန်ဖြင့်သာ ခေါင်းညိတ်ပြသည်။ သို့သော် ယွမ်ထျန်ရှောင်ကမူ ဝင်လာသည်နှင့် မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် အရိပ်အမြွက်တစ်ခု ဖြစ်ပေါ်သည်။
ယွမ်ထျန်ရှောင်က သူမကို ပြန်နှုတ်ဆက်ပြီးနောက်မှာ ဒေါသသံဖြင့် ပြောလာသည်။
“ဘာကြောင့် ယွမ်ချင်းက ဂိုဏ်းခေါင်းဆောင်နားမှာ မရှိရတာလဲ။ သူမ လစ်ထွက်သွားပြန်ပြီလား။ ကျုပ်တော့ သူမကို ကောင်းကောင်း အပြစ်ပေးရတော့မယ်…”
“ယွမ်ချင်း…သူမက…” အမျိုးသမီးဖန်သည် ချီတုံချတုံဟန် ဖြစ်ပေါ်လျက် ကြိုးကြာမြန်ထံ တစ်ချက်လှမ်းကြည့်သည်။
မည်သည့်စကားမျှ မဆိုခင် သူက ခဏ နှုတ်ဆိတ်သွားသည်။ ပြီးမှ စိတ်အနှောက်အယှက်ဖြစ်ဟန်ဖြင့် ပြောသည်။
“ဂိုဏ်းခေါင်းဆောင်….စီနီယာကြိုးကြာမြန်ဟာ အပြင်လူတစ်ယောက်လို့ သတ်မှတ်စရာ မလိုဘူး။ ပြောစရာရှိတာသာ ပြောပါ…”
အမျိုးသမီးဖန်သည် ကျေနပ်သွားဟန်ဖြင့် ပြုံး၍ တုန့်ပြန်သည်။
“ဒီလိုဆိုမှတော့ ကျမ ပြောပါမယ်။ ယွမ်ချင်းဟာ တစ္ဆေကျောက်တုံးအချို့ ရောင်းချင်နေတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ စကားပြောနေတာပ။ ယွမ်ချင်းဟာ အဲ့လူနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးညှိနှိုင်းချင်တယ်လို့ ပြောနေတော့ ကျမအနေနဲ့လည်း ရွေးချယ်စရာ မရှိဘဲ ဒီမှာ ရှိနေရတာပါ…”
ယွမ်ထျန်ရှောင်သည် ကြိုးကြာမြန်ကို တစ်ခုခု ပြောရန် ဟန်ပြင်နေ၏။ သို့သော် သူက ‘တစ္ဆေကျောက်တုံး’ ဟူသည့် စကားလုံးကို ကြားသည့်အခါတွင် သူ့ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ခါသွားပြီး ကျေနပ်သွားဟန် ဖြစ်ပေါ်သည်။
“ဘာ…တစ္ဆေကျောက်တုံး ဟုတ်လား…”
အလားတူပင် ထိုစကားကို ကြားသည့်အခါ၌ ကြိုးကြာမြန်၏ မျက်လုံးမှာလည်း အရောင်တောက်သွားပြီး သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားလေ၏။
ထို့နောက်မှာ အမျိုးသမီးဖန်က မကျေမချမ်းဖြင့် အေးတိအေးစက် ထပ်ပြောလိုက်သည်။
“ဟက်…အကြီးအကဲယွမ်ရဲ့ အနီးကပ်တပည့်ဟာ အဲ့ကိစ္စကို ဒီဂိုဏ်းခေါင်းဆောင်ပါ ပါဝင်စေရမယ့်အစား တစ်ကိုယ်တည်း ကိုင်တွယ်ချင်နေတယ်လေ…”
ယွမ်ထျန်ရှောင်က ချောင်းဟန့်ကာ ပြောလာသည်။
“ယွမ်ချင်းက တကယ်ပဲ သူမကိုယ်သူမ အထင်ကြီးလွန်းနေတာပဲ။ ဒါပေမဲ့လည်း ဒါက သူမတစ်ယောက်တည်းနဲ့ ပြီးမဲ့ ကိစ္စ မဟုတ်ဘူး။ ဂိုဏ်းခေါင်းဆောင်…သူတို့ ဘယ်မှာလဲ။ ကျုပ် သူမ တစ်ယောက်တည်း ကိုင်တွယ်မှာကို စိတ်မချနိုင်ဘူး…”
ထို့နောက်တွင် သူက ကြိုးကြာမြန်ဘက်သို့ လှည့်ပြီး တလေးတစား ပြောလိုက်သည်။
“စီနီယာကြိုးကြာမြန်…ကျေးဇူးပြုပြီး ခဏလောက် စောင့်နေပေးပါဗျ။ ကျုပ် အရင်ဆုံး ကိုင်တွယ်မှ ဖြစ်မဲ့ ကိစ္စလေး ပေါ်လာလို့ပါ။ ပြီးမှ ကျနော်တို့ ဆွေးနွေးတိုင်ပင်ထားတာကို ဆက်ကြတာပေါ့…”
ကြိုးကြာမြန်က ပြုံး၍ ပြောလိုက်သည်။
“ရောင်းရင်းယွမ်မှာ လုပ်စရာ ကိစ္စ ပေါ်လာမှတော့ ကျုပ်အနေနဲ့ ဒီမှာပဲ အချိန်တစ်ခုပေးပြီး ထိုင်စောင့်နေလိုက်ပါမယ်…”
ယွမ်ထျန်ရှောင်က ကျေနပ်သွားပြီး အမျိုးသမီးဖန်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
အမျိုးသမီးဖန်သည် အင်တင်တင်ဖြစ်စွာဖြင့် ပြောလိုက်သည်။
“ကျမနောက်ကို လိုက်ခဲ့ပေးပါ…အကြီးအကဲယွမ်။ ကျမ ရှင့်ကို အဲ့နေရာဆီ ခေါ်သွားပေးပါမယ်…”
သူမသည် စိတ်ပါလက်ပါ မရှိလှဟန်ဖြင့် ဘေးဘက်ရှိ တံခါးထံ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
စိတ်ထဲ၌ တစ္ဆေကျောက်တုံး အကြောင်းကသာ စိုးမိုးထားသဖြင့် ယွမ်ထျန်ရှောင်သည် အမျိုးသမီးဖန်အပေါ် သံသယဝင်မနေမိဘဲ သူမ၏နောက်သို့သာ ခပ်သွက်သွက် လိုက်လာသည်။
ကြိုးကြာမြန်သည် သူတို့နှစ်ယောက်၏ နောက်ကျောကို တစ်ချက်လှမ်းကြည့်ပြီး ခုံတစ်ခု ယူကာ အေးဆေး ထိုင်ချလိုက်သည်။
ယွမ်ထျန်ရှောင်သည် အမျိုးသမီးဖန်၏ နောက်မှ စိတ်လှုပ်တရှားဖြင့် လိုက်ပါနေရင်း သူတို့သည် တင်းတင်းကြပ်ကြပ် ပိတ်ထားသော အခန်းတစ်ခုထံ ရောက်လာကြသည်။
“ဒီမှာပါ။ ကောင်းကောင်းကြီး ဆွေးနွေးကြပါ။ ဒီလိုဆိုမှတော့ ဒီဂိုဏ်းခေါင်းဆောင်ဟာ ဝင်ပါနိုင်စွမ်း မရှိတော့ပါဘူး…”
အမျိုးသမီးဖန်သည် နှာခေါင်းရှုံ့ကာ ခန်းမထံသို့ မကျေမနပ်ဖြစ်ဟန်ဖြင့် ပြန်လျှောက်သွားလေသည်။
ထိုသည်ကို မြင်သည့်အခါ ယွမ်ထျန်ရှောင်၏မျက်နှာထက်၌ အေးစက်စက် အပြုံးတစ်ခု လှစ်ခနဲ ဖြစ်ပေါ်သွားသည်။ ထို့နောက်မှာ သူက တုံ့ဆိုင်းမနေတော့ဘဲ အခန်းတံခါးကို ဖွင့်ကာ အခန်းထဲသို့ တိုက်ရိုက်ဝင်၏။