← Chapters

ရုတ်တရက် တိုးတက်လာမှု

Vol. 40 Ch. 559

ရုတ်တရက် တိုးတက်လာမှု

Vol. 40 Ch. 559

အခန်းထဲ ဝင်လာပြီးနောက်မှာ ယွမ်ထျန်ရှောင်သည် အခန်းထောင့်၌ ထိုင်နေသော အမျိုးသားကျင့်ကြံသူတစ်ယောက်ကို မြင်ရသည်။ ထိုကျင့်ကြံသူက လက်ထဲ၌ တောက်ပသော တစ်စုံတစ်ခုကို ပင့်မြှောက်ဆော့ကစားနေလျက် ရှိ၏။ ထို့နောက်တွင် ယွမ်ထျန်ရှောင်သည် အခန်းထဲသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်ကာ ယွမ်ချင်းကို လုံးဝ ရှာမတွေ့ပေ။ သူသည် အံ့အားသင့်ထိတ်လန့်သွား၏။ သူ မင်သက်သွား၏။ တစ်ဆက်တည်းမှာ သူသည် သတိနိုးကြားသွားသလို သူ့စိတ်နှလုံးလည်း တုန်ရင်သွားသည်။

သူက ထိုသူ့ကို ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်သည်။

“ရောင်းရင်းက ဘယ်သူများလဲ။ မိန်းကလေး ယွမ်ချင်းကကော ဘယ်ရောက်သွားလဲ…”

သူ့ခန္ဓာကိုယ်ထဲရှိ မှော်ရတနာကိုလည်း အသင့်အနေအထား လုပ်ထားလိုက်သည်။

ဟန်လိက ရယ်မောကာ ခေါင်းမော့၍ ကြည့်၏။

“အစ်ကိုယွမ်က ကျုပ်ကို မေ့သွားပြီနဲ့တူတယ်…”

“မင်းကို…” ယွမ်ထျန်ရှောင်သည် ထိုအမျိုးသားကျင့်ကြံသူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်ရသည့်အခါ ကြီးစွာ တုန်လှုပ်သွား၏။ သူက ဆက်စဉ်းစားခြင်းပင် မပြုလေဘဲ အလင်းတန်းအဖြစ်သို့ ပျံသန်းထွက်ပြေးသည်။

“နောက်ကျ လွန်းသွားပြီ…” ဟန်လိသည် ထိုသို့ စိတ်ခံစားချက် ကင်းမဲ့စွာ ပြောပြီးရုံရှိသေး သူ့လက်ထံမှ အလင်းတစ်ခု ဖြာထွက်၏။

သည့်နောက်မှာ ယွမ်ထျန်ရှောင်၏ ပတ်ပတ်လည်၌ အလင်းများ ဖြာထွက်လျက် အရောင်စုံ ကြေးမျှင်ငါးခုကား သူ့ခြေလက်များနှင့် လည်တိုင်တို့၌ ပေါ်လာခဲ့သည်။ ထိုကြေးမျှင်များသည် ခပ်တိုးတိုး မြည်သံတစ်သံကို ထုတ်ဖော်လျက် သူ့အား တင်းကြပ်စွာ ချုပ်နှောင်ပစ်လိုက်သည်။

သူက အလန့်တကြားဖြင့် အော်ဟစ်ပြီး သူ့မှော်ရတနာကို ထုတ်ဖော်ရန် တွေးမိသည်။ သို့သော် သူ၏မှော်ရတနာကား နည်းနည်းလေးမျှ လှုပ်ရှားမှု ရှိမလာခဲ့ပေ။

ယွမ်ထျန်ရှောင်သည် စိတ်လွတ်သည့်အထိ ကြောက်လန့်သွားခဲ့လေပြီ။ သူက အလန့်တကြားဖြင့် ကျယ်လောင်စွာ အော်ဟစ်သည်။

“စီနီယာ ကြိုးကြာမြန်…ကျေးဇူးပြုပြိး ကျုပ်ကို ကယ်တင်ပေးပါ…”

သို့သော် သူ ထိုသို့ အော်ဟစ်ပြီးရုံရှိသေး ဟန်လိက ပါးစပ်ဟလျက် မိုးပြာအလင်းတန်းတစ်ခုကို ထွေးထုတ်သည်။ ၎င်းက ယွမ်ထျန်ရှောင် ပတ်ပတ်လည်၌ လည်ပတ်လျက် သူ့ခေါင်းကို ပိုင်းဖြတ်သွားခဲ့လေပြီ။ သည့်နောက်မှာမူ ဟန်လိသည် နည်းနည်းလေးမျှ နှေးဖင့်မနေဘဲ သူ့အလောင်းမှ သိုလှောင်အိတ်ကို ဖြတ်ခနဲယူ၊ သူ့ဒြပ်စင်ငါးခု အမျှင်တန်းများကိုလည်း ပြန်ဆင့်ခေါ်ယူသည်။

သည်အဖြစ်အပျက်များကား လျှပ်စီးနှယ် မြန်လှ၏။ သို့သော် ယွမ်ထျန်ရှောင်၏ သိုလှောင်အိတ်က ဟန်လိ၏လက်ထဲသို့ ရောက်လာရုံရှိသေး အခန်းအတွင်း၌ ကျယ်လောင်စွာ ပေါက်ကွဲသံကို သူ ကြားလိုက်ရသည်။

အခန်းနံရံသည် ခပ်ကြမ်းကြမ်း ဖွင့်လှစ်ခြင်း ခံရပြီး တာအိုရသေ့ကြိုးကြာမြန်က ပျံသန်းတင်လာသည်။

သူက သုန်မှုန်စွာဖြင့် အခန်းကြမ်းပြင်ပေါ်ရှိ ခေါင်းပြတ်ခန္ဓာကိုယ်တစ်ခုကို ကြည့်၏။ ထို့နောက်မှာ သူ့အကြည့်က ဟန်လိထံသို့ ကျရောက်သည်။ သူ၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်ခြင်းနှင့်အတူ သူက ဟန်လိကို အော်ဟောက်လိုက်သည်။

“မင်းက သေချင်နေတာပဲ…”

ထို့နောက်တွင် သူက သူ့လက်ကို ဖြတ်ခနဲ လှုပ်ရှား၏။ မျက်စိကျိန်းလောက်ဖွယ် အဖြူရောင်အလင်းတန်းတစ်ခုသည် ဟန်လိ၏ရှေ့သို့ ချက်ခြင်းလက်ငင်း ကျရောက်လာသည်။

သူ့စိတ်ထဲ တုန်ရင်သွားလျက် ဟန်လိသည် လက်ထဲရှိ ဒြပ်စင်ငါးခုကြိုးမျှင်ကို ကျယ်ကျယ်ပြန့်ပြန့် ကြီးထွားစေကာ သူ့ခန္ဓာကိုယ်အား ရောင်စုံအလင်းဒုလုံးရှည်တစ်ခုက ဖုံးလွှမ်းပေးသွားသည်။

အမြုတေဖွဲ့စည်းခြင်းနောက်ဆုံးအဆင့်သို့ ရောက်လာပြီးနောက်မှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံသည်မှာ ဟန်လိအတွက် အခုက ပထမဆုံးဖြစ်၍ သူသည် သူ၏ ရတနာသည် ထိုတိုက်ခိုက်မှုအား ခုခံနိုင်၊ မနိုင်အပေါ် စမ်းသပ်ကြည့်ရန် အတော်လေး စိတ်ဝင်စားမိနေသည်။ သို့ရာတွင် သူကား အပြင်ပိုင်း၌ တည်ငြိမ်ဟန် ပေါက်နေသော်လည်း စိတ်ထဲတွင်မူ မသေမချာ ခံစားနေရသည်။ ဘန်း…။ အဖြူနှင့် သက်တံအလင်းတို့ ထိပ်တိုက်တွေ့ကြပြီ။

လေးလံလှသည့်တူဖြင့် ရိုက်နှက်ခံရသည့်အလား ဟန်လိ ခံစားလိုက်ရပြီး သူ့နောက်ဘက်ရှိ နံရံနှင့် ဝင်ဆောင့်သွား၏။ ထိုတိုက်ခိုက်မှုအားကြောင့် သူ့ခေါင်းမှာ ချာချာလည်ထွက်သွား၏။

“ဟက်…” ဟန်လိသည် တိုက်ခိုက်မှုကြောင့် မူးဝေသွားစဉ် ကြိုးကြာမြန်ထံမှ အံ့အားသင့်ဟန် ထွက်ပေါ်၏။

သူ့ရှေ့တွင် နောက်ထပ်အဖြူရောင်အလင်းတစ်ခု မပေါ်လာခင် ဟန်လိသည် အေးတိအေးစက် လေရှိုက်သွင်းကာ သူ၏ ကျောက်စိမ်းတောင်ဝှေးကို ဝေ့ရမ်းလိုက်၏။ သက်တံဒုလုံးရှည်အတွင်း၌ အနီနှင့်အဝါ အလင်းအရံတစ်ခုမှာ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်၌ ပေါ်လာ၏။

ထို့အတွက်ကြောင့် သူသည် နောက်ထပ်တိုက်ခိုက်မှုကို ပထမတိုက်ခိုက်မှုထက် ပို၍ ခုခံနိုင်စွမ်း ရှိသွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်သာ ဆုတ်လိုက်ရပြီး ဟန်ချက်ပြန်ထိန်းနိုင်၏။

ထို့နောက်မှာ ဟန်လိသည် စိတ်တင်း၏။ သူ့နောက်ကျောဘက်မှ ငွေဖြူရောင်တောင်ပံတစ်စုံ ထိုးထွက်လာ၏။ သူ၏နောက်ဘက်၌ မိုးကြိုးများ လှိမ့်တက်လာပြီး သူသည် ချက်ခြင်း ပျောက်ကွယ်သွားကာ နောက်ထပ်တိုက်ခိုက်လာသည့် အဖြူရောင်အလင်းကို ရှောင်တိမ်းပြီး ဖြစ်သည်။ ခဏအကြာတွင် သူသည် အခြားအခန်းထောင့်မှာ ပေါ်လာ၏။

ခုချိန်တွင် ဟန်လိသည် ကြိုးကြာမြန်၏ အဖြူရောင်အလင်း၏ အသွင်ပုံစံအမှန်ကို ခွဲခြားသိနိုင်ခဲ့လေပြီ။ ၎င်းမှာ ရွှန်းလဲ့တောက်ပသည့် အဖြူရောင်းအလင်း ဖုံးအုပ်ထားသော ကျောက်စိမ်းတူငယ်တစ်လက်ပင်။ ၎င်းသည် လက်တစ်ဝါးစာ အရွယ်လောက်မျှသာ ဖြစ်သော်ငြား အံ့ချီးဖွယ် စိတ်ဝိညာဉ်ချီကို ထုတ်လွှတ်လျက် ရှိသည်။

ကြိုးကြာမြန်၏ တိုက်ခိုက်မှုသည် လွဲချော်သွားသည့်အခါ၌ သူ့မျက်နှာကား တင်းမာသွား၏။ သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လာ၏။ တဝီဝီလေတိုးသံနှင့်အတူ တူငယ်သည် သူ့အင်္ကျီလက်အိုးထံ ပြန်ရောက်လာသည်။

ကြိုးကြာမြန်၏ မျက်လုံးထဲ၌ အံ့အားသင့်ထိတ်လန့်ဟန် ဖြတ်ပြေးသွားရင်း သူက ပြောသည်။

“အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်မှာ ဒီလောက် များပြားတဲ့ ရှေးဟောင်းမှော်ရတနာတွေ ပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျုပ် မထင်ထားမိဘူး။ မင်း နာမည် ဘယ်လိုခေါ်လဲ…”

ဟန်လိသည် တစ်ခုခု ပြောရန် ဟန်ပြင်၏။ ထိုစဉ် အခန်းတံခါး ရုတ်တရက် ပွင့်လာပြီး အမျိုးသမီးဖန်သည် စိတ်လှုပ်တရှားဖြင့် အခန်းထဲ ဝင်လာသည်။ အမျိုးသမီးဖန်သည် ကြိုးကြာမြန်ကို ယဉ်ကျေးမှုအရ နှုတ်ဆက်ပြီး တလေးတစား ပြောလိုက်သည်။

“စီနီယာကြိုးကြာမြန်…သူက သစ္စာဖောက်ယွမ်ထျန်ရှောင်ကို ရင်ဆိုင်ဖို့ ကျမ အထူးတလဲ ဖိတ်ခေါ်ထားတဲ့ စီနီယာလီပါ…”

ကြိုးကြာမြန်သည် ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုတ်လျက် ကြမ်းပြင်ပေါ်ရှိ အလောင်းထံ အကြည့်ရောက်သွားသည်။

ဟန်လိကမူ နေရာတွင်သာ တိတ်တဆိတ် ရပ်နေ၏။ အမျိုးသမီးဖန်ကမူ ကြိုးကြာမြန်၏ အမူအရာကို စောင့်ကြည့်နေပြီး စိတ်ပူပန်နေဟန် ပေါ်နေသည်။

ကြိုးကြာမြန်သည် တဖြည်းဖြည်းဖြင့် စိတ်အေးလက်အေးဟန် ဖြစ်လာပြီး စကားဆိုသည်။

“ကောင်းပြီလေ…ဒါက မင်းတို့ ပြင်းပြတေးသံဂိုဏ်းရဲ့ အတွင်းရေး ကိစ္စဆိုတော့ ဒီတာအိုရသေ့က ဝင်မပါတော့ဘူး။ ဒါပေမဲ့ မင်း ပြောခဲ့တာကို မမေ့ပါနဲ့ အမျိုးသမီးဖန်…”

အမျိုးသမီးဖန်သည် ထိုအခါကျမျှ စိတ်အေးသွားပြီး ရွှင်ရွှင်လန်းလန်း ပြုံး၍ စကားဆိုနိုင်တော့သည်။

“စိတ်ချပါ…စီနီယာ…။ ကျမ ပြောပြီးသား စကားကို မဖောက်ဖျက်ဝံ့ပါဘူး…”

တာအိုရသေ့ကား ခေါင်းညိတ်ပြီး ဟန်လိကို သံသယဖြစ်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်သည်။

ခဏ တိတ်ဆိတ်သွားပြီးနောက်မှာ သူက ရုတ်တရက် မေးလိုက်သည်။

“ရောင်းရင်းလီက ဘယ်နေရာမှာ ကျင့်ကြံတာလဲ။ ခင်ဗျားရဲ့ ရုပ်သွင်ပြင်ပုံစံကို မတွေ့ဘူးသလိုပဲ…”

ဟန်လိ၏စိတ်ထဲ တုန်လှုပ်သွားမိ၏။ သူက ခဏစဉ်းစားသည်။ သည့်နောက်မှာမူ သူသည် ကြိုးကြာမြန်၏ သံသယကို ဖယ်ရှားနိုင်ရန် စကားဆိုသည်။

“ဂျူနီယာက…”

သို့သော် သူ့စကားဟရုံ ရှိသေး သူ့မျက်နှာထက်၌ မိုးပြာအလင်းတန်းပေါ်လာကာ သူ၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ လေစိတ်ဝိညာဉ်စွမ်းအင်ကား ရုတ်တရက် ထကြွလာခြင်းပင်။

ထိုလက္ခဏာကား ဖန်ရှီသည် အနီးအနား၌ ရောက်လာနေပြီမှန်း သိသာစေ၏။

ဒေါသလည်းထွက်၊ အလန့်တကြားလည်း ဖြစ်သွားရင်း ဟန်လိသည် သူ၏မှော်စွမ်းအားကို အစွမ်းကုန်သုံးကာ အနှီလေစွမ်းအင်ကို ဖိနှိပ်သည်။ ထို့နောက်မှာမူ သူ့မျက်နှာထက်၌ ချွေးစေးများ ပြန်လာသည်။

သူသည် ထိုသေရေးရှင်ရေး အခြေအနေမှ သူ့ကိုယ်သူ ကယ်တင်လိုက်နိုင်ပြီးနောက်မှာ စိတ်အေးကာ သက်ပြင်းချမိ၏။ သို့သော် သူ့အကြည့်က ကြိုးကြာမြန်ထံ ရောက်သွားချိန်တွင်မူ သူကား အံ့အားသင့်ထိတ်လန့်ဖွယ်တစ်ခုကို တွေ့မြင်ရသည်။ ထိုသူ၏ အသွင်ဟန်ပန်၌ ထူးခြားသည့် ဝမ်းသာသွားဟန် ပေါ်နေခြင်းပင်။

ဟန်လိသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့မျက်နှာကို ပွတ်သပ်ကြည့်လိုက်မိသည်။ သူ ချက်ခြင်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ လေစွမ်းအင်ကား သူ၏မူလရုပ်သွင်သို့ ပြန်ရောက်သွားစေခဲ့ပြီ မဟုတ်လား။ တာအိုရသေ့ ကြိုးကြာမြန်၏ မျက်နှာထက်၌ ကျေနပ်ဝမ်းသာသွားဟန် ဖြစ်ပေါ်နေလျက် သူက အော်ပြောလိုက်သည်။

“ဟန်လိ…”

ဟန်လိသည် သူ့စိတ်ထဲ၌ အဆက်မပြတ် ဆဲနေမိတော့သည်။ သူသည် ရှည်ရှည်ဝေးဝေး ဆက်မတွေးတော့ဘဲ သူ၏ တောင်ပံကို ရိုက်ခတ်ကာ လျှပ်စီးအသွင် လင်းလက်လျက် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ၏နောက်တွင် မိုးကြိုးတစ်ခုသာ ကျန်ခဲ့တော့သည်။ တစ်ချိန်တည်းမှာ ထိုတာအိုရသေ့ကား သူ့အင်္ကျီလက်အိုးကို ဝေ့ခါပြီး အလင်းတန်းအဖြစ် ပျောက်ကွယ်သွားသည်။ အခန်းတွင်း၌ ကျန်ခဲ့သည့်သူဆို၍ ပါးစပ်အဟောင်းသားဖြင့် ငေး၍ ကျန်နေသော အမျိုးသမီးဖန်တစ်ယောက်သာ။

အမြွှာတောင်ထွတ်ကျွန်းပေါ်၌ ငွေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး ရုတ်ချည်း ဟန်လိသည် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ အဖြူရောင်အလင်းတန်းတစ်ခုသည် ထိုကျွန်းထံမှ ပျံသန်းထွက်လာပြီး သူ၏နောက်သို့ အလျင်အမြန် လိုက်လံလာသည်။

ဟန်လိသည် မျက်နှာပျက်ယွင်းသွားပြီး သူ့ခန္ဓာကိုယ်တွင်းရှိ မိုးကြိုးမုန်တိုင်းတောင်ပံများကို နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီးနှင့် ချက်ခြင်း အသက်သွင်းပစ်သည။ တဒင်္ဂလေးအတွင်း သူသည် မီတာတစ်ရာအကွာ၌ ပြန်ပေါ်လာသည်။ အလင်းများ တလက်လက် ဆက်တိုက် ဖြစ်နေချေ၏။

မျက်စိတစ်မှိတ်အတွင်း ဟန်လိသည် မိုးကုပ်စက်ဝန်း၌ အနက်ရောင်အလင်းစက်တစ်ခုအဖြစ် ဦးတည်လာခဲ့လေပြီ။

ကြိုးကြာမိုးကြိုးမြန်သည် ထိုသည်ကို မြင်သည့်အခါ သူသည် မယုံကြည်နိုင်ဟန် ဖြစ်သွား၏။ ထို့နောက်တွင် ၎င်းတောင်ပံတို့မှာ ကောင်းကင်လေဟာနယ်ဒယ်စောက်ထံမှ ရတနာဖြစ်မည်ဟု သူ ကောက်ချက်ချမိသည်။ သူ့စိတ်ထဲ လိုအင်တပ်မက်မှု ပိုကြီးလာ၏။

မာန်သွင်းလျက် သူသည် အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ကောင်းကင်ကို ထိုးခွင်းလျက် ဟန်လိ၏နောက်သို့ လိုက်လံ၏။

ချက်ခြင်းပင် အနက်နှင့်အဖြူရောင် အလင်းစက်တို့ကို သည်ကျွန်းမှ ဆက်၍ မြင်တွေ့ရခြင်း မရှိတော့ပေ။

ထိုစဉ် ဟန်လိသည် သူနှင့် တာအိုရသေ့ကြိုးကြားမြန်တို့ကြား အကွာအဝေးကို ဖြည်းဖြည်းချင်း တိုးလာစေသည်။ သူ့အနေဖြင့် ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ မိုးကြိုးမုန်တိုင်းတောင်ပံ၏ အံ့ချီးဖွယ်အမြန်နှုန်းကြောင့်ပင်။

ဟန်လိသည် ခုလက်ရှိ အမြန်နှုန်းဖြင့်ဆို အနှီတာအိုရသေ့ကို နောက်ကောက်ချထားနိုင်ဖို့ အချိန်အများကြီး သိပ်ကြာတော့မည့် မဟုတ်ပေ။ သို့သော် ထိုစဉ် သူ၏ခန္ဓာကိုယ်အတွင်း၌ လေစွမ်းအင်ကား ထကြွလာ၏။

၎င်းစွမ်းအင်ကို ဟန်လိသည် အတင်းအကြပ် ရပ်တန့်နိုင်ရန် သူ့မှော်စွမ်းအားကို အသုံးပြုလိုက်ရ၏။ သို့ပေမည့် ထိုနှောင့်နှေးမှုသည် ကြိုးကြာမြန်အတွက် အချိန်ရသွားစေပြီး ဟန်လိအပေါ် စိတ်ဝိညာဉ်စွမ်းအားနှင့် ထောက်လှမ်းနိုင်သွားသည်။ သို့ပေမည့် ဤသည်မှာ ဟန်လိ အပူပန်ဆုံးအရာ မဟုတ်ပေ။ လေစွမ်းအင်းထကြွလာခြင်းက ပိုအားကောင်းလာခြင်းက ဖန်ရှီသည် သူနှင့် အတော်လေး နီးကပ်နေပြီဟု ပြသနေသည် မဟုတ်လား။ မျှော်လင့်ချက်မဲ့၊ အကူအညီမဲ့စွာဖြင့် ဟန်လိသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရှိရာ ကျွန်းထံသသို့ အသည်းအသန် ပြေးရတော့သည်။

အမျိုးသမီးဖန်က ထိုအစီအရင်ကို အပြီးသတ်အောင် လုပ်ထားရန် အမိန့်ပေးထားတာကိုသာ သူ မျှော်လင့်ရပေတော့မည်။ သို့ဆိုလျှင် သူ ထိုကျွန်းသို့ ရောက်လျှင် ကြိုးကြာမြန်နှင့် ဖန်ရှီတို့ထံမှ လွတ်မြောက်နိုင်မည့် အခွင့်အရေးတစ်ခု ရလာနိုင်ပေလိမ့်မည်။ မိုးကြိုးမုန်တိုင်းတောင်ပံများသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသော်လည်း နတ်မိစ္ဆာဖယ်ရှားခြင်းလျှပ်စီး ပမာဏများစွာကို ကုန်ခမ်းစေ၏။ သို့ဖြစ်၍ သူသည် ကြိုးကြာမြန်နှင့် လုံလောက်သော အကွာအဝေးတစ်ခု ခြားထားပြီးနောက် ထိုတောင်ပံကို ပြန်သိမ်းကာ သူ့သွေးနီရောင်ဝတ်ရုံကို ထုတ်သည်။

All Chapters