← Chapters

ဖန်ရှီ ရောက်လာပြီ

Vol. 40 Ch. 560

ဖန်ရှီ ရောက်လာပြီ

Vol. 40 Ch. 560

ပျံသန်းနေရင်း ဟန်လိသည် လေစွမ်းအင် ထကြွမှုကို ဖိနှိပ်နိုင်ရန် သူ့မှော်စွမ်းအားကို ဆက်တိုက် အသုံးပြုထားရ၏။ သို့ရာတွင် သူ၏ခန္ဓာကိုယ်သည် ယင်းသို့ အားစိုက်ထုတ်ရခြင်းအတွက်ကြောင့် မတည်မငြိမ် ဖြစ်လာပြီး ထကြွမှုတိုင်းကို ထိန်းချုပ်နိုင်ရန် ပိုခက်ခဲလာသည်။

ခုလက်ရှိ အခြေအနေသည် ဟန်လိအတွက် ခြိမ်းခြောက်မှုတို့နှင့် ပြည့်နေ၏။ အခုချိန်၌ ဟန်လိသည် ပြီးခဲ့သော လိုက်လံမှု၌ ဖန်ရှီသည် မှော်စွမ်းအား ကုန်ခမ်းမှုနှင့် အစိမ်းရောင်အရည်၏ တန်ပြန်ဒဏ်တို့ကြောင့် လေစွမ်းအင်ကို မကြာခဏ အသုံးပြု၍ မရခဲ့သည့် အကြောင်းရင်းကို ခန့်မှန်းမိသွားပြီ ဖြစ်၏။ အရင်တုန်းကသာ ထိုသို့ ထကြွမှု ဆက်တိုက် ဖြစ်အောင် ဖန်ရှီအနေဖြင့် လုပ်နိုင်ခဲ့လျှင် အဖြစ်အပျက်များသည် အခုနှင့် များစွာ ကွာခြားသွားပေလိမ့်မည်။ သို့ရာတွင် အကွာအဝေးတစ်ခုရှိ ကျွန်းငယ်ကို လှမ်းမြင်ရပြီ ဖြစ်၍ ဟန်လိသည် စိတ်ပိုအေးနိုင်သွား၏။

အတိတ်တုန်းက သူသည် ထိုကျွန်းထံ ရောက်ရန် အချိန်နှစ်ရက် ကြာခဲ့သော်လည်း အခုတွင်မူ တနေ့လုံး သူ၏ အမြန်နှုန်းအမြင့်ဆုံးနှင့် ပျံသန်းလာခဲ့ရတာ မဟုတ်လား။ သူ ထိုကျွန်းပေါ်သို့ ရောက်သွားချိန် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သာ အပြီးသတ်ပြီး ဖြစ်နေခဲ့လျှင် သူသည် ဘာအန္တရာယ်မှ မရှိလေဘဲ အတွင်းကြယ်ပင်လယ်များထံ ပြန်နိုင်ပေလိမ့်မည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအချို့ကသာ အတွင်းကြယ်ပင်လယ်ဘက်မှာ စောင့်ကြပ်နေလျှင်ပင် ဆင့်ကဲတိုးတက်ခြင်းနတ်ဆိုးသားရဲဖန်ရှီ၏ လိုက်လံခံရခြင်းထက်တော့ ပိုကောင်းဦးမည်သာ။

ထိုအတွေးတို့ ဖြစ်ပေါ်နေစဉ် ဟန်လိသည် သူ၏နောက်ဘက်မှ အသံပို့လွှတ်တာကို ကြားရ၏။

ကြိုးကြာမြန်သည် ဖြည်းဖြည်းမှန်မှန် တည်ငြိမ်သော လေသံဖြင့် ပြောလာ၏။

“ရောင်းရင်းဟန်…ဒီတာအိုရသေ့က ခင်ဗျားအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျုပ်က ကောင်းကင်ဖာထေးခြင်းဆေးလုံးတစ်လုံးလောက်ကိုပဲ အလဲအလှယ် ပြုလုပ်ချင်တာပါ။ ရောင်းရင်းဟန်အနေနဲ့ ခုလောက်ထိ မြန်မြန်ကြီး အလျင်စလို ထွက်ပြေးနေစရာ မလိုပါဘူး…”

သူ၏စကားလုံးများကာ မကောင်းသည့် စိတ်သဘော လုံးဝ မပါဘဲ ကြင်နာဟန်၊ စစ်မှန်ဟန်တို့ဖြင့် ပြည့်နေ၏။ သို့ရာတွင် ဟန်လိသည် ထိုသူ၏ လေသံ၊ စကားတို့ကြောင့် နည်းနည်းလေးမျှ လှုပ်ခတ်မှု ဖြစ်မသွားပေ။ သူက စိတ်ထဲကနေပင် ကျိန်ဆဲလိုက်သေးသည်။ မိုးကြိုးတောင်ပံကနေ သွေးနီရောင်ဝတ်ရုံသို့ ကူးပြောင်းထားသဖြင့် သူ၏ အမြန်နှုန်းသည် လျော့ကျနေခြင်းကြောင့် ဟန်လိသည် ကြိုးကြာမြန်ကို သူ၏အနောက်ဘက် အကွာအဝေးတစ်ခုမှာ လိုက်ပါနေတာအား ထပ်မြင်ရသည်။

ထိုတာအိုရသေ့သည် သူနှင့် အကွာအဝေးတစ်ခုအတွင်း ရောက်လာသည်နှင့် ဟန်လိ၏ အရှိန်နှုန်း လျော့ကျသွားစေရန် ပုံမှန်မဟုတ်သည့် ပညာရပ်တစ်မျိုးမျိုးကို အသုံးပြုကာ ဟန်လိထံ သွေးဆောင်သည့် သတင်းစကားများ ပို့လွှတ်နေသည်။ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားစဉ် ဟန်လိသည် ထိုပညာရပ်၏ သက်ရောက်မှုကို ခံရလုနီးပါး ဖြစ်သွားသေး၏။ ကံကောင်းသည်မှာ မဟာဖွံ့ဖြိုးခြင်းပညာရပ်သည် အလိုအလျောက် အသက်ဝင်ကာ သူ့အား ကာကွယ်ပေးလိုက်သဖြင့် သူ့စိတ်မှာ ရှင်းလင်းသွားသည်။ သူသည် ကြိုးကြာမြန်၏ လှည့်ကွက်ထဲ ကျရောက်မသွားအောင် ရှောင်နိုင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်၌ ချွေးစေးများ ပြန်သွားဆဲပင်။

စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများက သွေးဆောင်သည့် ပညာရပ်များကို အသုံးပြုသည့်အခါ အမျိုးသမီးဖန်ထက် အများကြီးသာပြီး ယွမ်ယောင်နှင့်ပင် ယှဉ်၍ ရလောက်၏။ ဟန်လိသည် ကျွန်းငယ်က နီးသထက်ပိုနီးလာတာ မြင်သည့်အခါ အချိန်ဖင့်မနေဝံ့တော့ပေ။

ထိုစဉ် တောက်ပစူးရှသော အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းလာ၏။ လေထဲ၌ အေးစိမ့်စိမ့် တဝီဝီသံများ ပြည့်နေလျက်။ ထိုအလင်း လွင့်ပါးသွားချိန်၌ အနက်ရောင်အစက်တစ်စက်ပေါ်လာကာ ဟန်လိရှိနေသော အရပ်ထံ ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ပျံသန်းလာနေရင်း ၎င်းအလင်းကား ကြီးမားသထက် ကြီးမားလာသည်။

ဟန်လိသည် ထိုသည်ကို မြင်သည့်အခါ သူ့စိတ်နှလုံးမှာ တုန်ခါသွား၏။ သူသည် အနက်ရောင်အလင်းတန်း၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်ရသော်ငြား ကြောက်လန့်စရာ အမြန်နှုန်းနှင့် ပြင်းထန်အားကောင်သော တဝီဝီမြည်သံတို့အရ ၎င်းမှာ အဆင့်ကိုး လေချိုးဖျက်ခြင်းသားရဲကလွဲ၍ အခြား မဖြစ်နိုင်ပေ။

ဟန်လိသည် ခါးသီးစွာ ကျိန်ဆဲမိနေရင်း ငွေရောင်ဖြတ်ခနဲ လင်းလက်ခြင်းနှင့်အတူ သူ့ကျောဘက်မှ တောင်ပံများ ချက်ခြင်း ပေါ်ထွက်လာသည်။

ထိုနတ်ဆိုးသားရဲကောင် ပေါ်လာပြီဖြစ်၍ ဟန်လိသည် ကျွန်းငယ်ထံသို့ အမြန်ဆုံး အသော့နှင်မှ ဖြစ်ချေတော့မည်။ မဟုတ်ပါက သူ့အဖို့ ရှင်သန်နိုင်မည့် အခွင့်အရေး ကင်းမဲ့သွားပေလိမ့်မည်။ သူသာ ထိုခဏ၌ အသည်းအသန် အရှိန်တင်လိုက်သည့်တိုင် ဖန်ရှီက သူ့အား လိုက်မှီလာမည့်အပေါ် စိုးရိမ်နေရဆဲပင်။

ထိုအတွေးဖြင့် ဟန်လိသည် ငွေရောင်လျှပ်စီးအသွင် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့်အခါတိုင်း ကျွန်းငယ်နှင့် နီးကပ်လာသည်။

ကြိုးကြာမြန်သည် တဝီဝီလေတိုးသံကို ကြားသည့်အခါ၌ သူ့အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူသည် ထိုသူမှာ မည်သူမှန်း မသိသော်ငြား ရှိန်လောက်စရာ တည်ရှိမှုမှန်း ခံစားမိနိုင်၏။ သူသည် အနက်ရောင်အလင်းစက်က ဟန်လိထံ တိုက်ရိုက်ကြီး ဦးတည်နေတာ မြင်သည့်အခါ ကောင်းကင်လေဟာနယ်ဒယ်စောက်အတွက် ဖြစ်လိမ့်မည်ဟု ယုံကြည်သွားပြီး အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။

ကြိုးကြာမြန်သည် ပါးစပ်ဟလျက် သွေးမြူအနှစ်သာရကို ထွေးထုတ်၏။ ထိုသွေးမြူသည် သွေးနီရောင်တိမ်စုအဖြစ် ပြောင်းသွားကာ သူ့အား ခြုံလွှမ်းသည်။ သူ့ဝတ်ရုံပေါ်ရှိ အဖြူရောင်ကြိုးကြာပုံစံကွက်များသည်လည်း အဖြူရောင်အလင်းဖြင့် တောက်ပလာခဲ့ကာ သွေးမြူအား စုပ်ယူပစ်၏။ ကြိုးကြားတို့၌ ချက်ခြင်းပင် သွေးနီရောင် စွန်းထင်းသွားသည်။

ထို့နောက်တွင် ကြိုးကြာမြန်သည် သူ့ခန္ဓာကိုယ်ကို တဝီဝီလှည့်ပတ်လျက် အဖြူရောင်အလင်းဖြင့် သူ့ကိုယ်သူ ထွေးခြုံစေကာ ကြိုးကြာမြည်သံများကို ထုတ်လွှတ်သည်။

မြစိမ်းရောင် အစိမ်းရောင်မျက်လုံးများနှင့် ဆယ်မီတာမျှ အရှည်ရှိ ကြက်သွေးနီရောင်ကြိုးကြားတစ်ကောင်က သူ့ရှေ့၌‌ ပေါ်လာသည်။

ကြိုးကြာမြန်သည် ဖြတ်ခနဲ ၎င်းကြိုးကြာကြီးပေါ်သို့ တက်ထိုင်သည်။ ထို့နောက်တွင် သူက ကြိုးကြာဦးခေါင်းကို ခပ်မြန်မြန် ရိုက်ချ၏။ ကြိုးကြား၏မျက်လုံးများသည် တလက်လက် ဖြစ်သွားပြီး ၎င်း၏တောင်ပံကို ချဲ့ကားလျက် အော်မြည်သံပေးကာ တာအိုရသေ့ကို မျက်စိတစ်မှိတ်အတွင်း မီတာတစ်ရာလောက်အကွာထိ ခေါ်သွားပေးသည်။

သူသည် ဟန်လိ၏ လျှပ်စီးလှုပ်ရှားမှုထက် နှေးနေဆဲ ဖြစ်သော်ငြား အရင်ထက်စာလျှင် အများကြီး ပိုမြန်လာသည်။ သို့ဖြစ်၍ သည်အနီးဝန်းကျင်ကောင်းကင်ယံ၌ အံ့ဖွယ်မြင်ကွင်းတစ်ခု ရုတ်ချည်းပေါ်ထွက်လာခဲ့တော့သည်။

ဟန်လိသည် ရှေ့သို့ လျှင်မြန်လှစွာ ဦးတည်နေ၏။ သူ၏ရှေ့တွင် တဝီဝီနှင့်အနက်ရောင်အလင်းစက် ရှိကာ အနောက်တွင်မူ ကြက်သွေးရောင်ကြိုးကြာ ရှိနေသည်။ ၎င်းတို့သည် သူ့ထံ တန်းတန်းမတ်မတ် ဦးတည်နေ၏။

ခဏအကြာတွင် ဟန်လိသည် ကျွန်းငယ်၏အထက်သို့ ရောက်လာသည်။ တစ်ချိန်တည်းမှာ သူနှင့် ကီလိုမီတာအနည်းငယ်အကွာ၌ အနက်ရောင်အလင်းစက် ရောက်နေလေပြီ။ ထိုနတ်ဆိုးသားရဲကောင်၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရသည့်အခါ ဟန်လိ၏စိတ်နှလုံးသည် အေးစက်သွားသည်။ ၎င်းသားရဲကား ခန္ဓာကိုယ်မှာ ငှက်အသွင်ရှိပြီး သုံးမီတာမျှ အရှည်ရှိ အမွှေးတောင်များနှင့် ဖုံးအုပ်နေသော ငါးအမြှီးတစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ထက်ရှလှသော လက်သည်းများ ရှိ၏။ ထိုလက်သည်းများကို တစ်လမလောက် အထူရှိသည့် ကြေးခွံများက ဖုံးလွှမ်းထားပြီး မိုးပြာရောင်တလက်လက် တောက်ပလျက် ရှိ၏။ ဖန်ရှီက သူ့ကို အမဲလိုက်နိုင်ရန် သားရဲခန္ဓာကိုယ်ကို အသုံးပြုထားခြင်းပင်။ အဆင့်မြင့်သားရဲများသည် သားရဲပုံစံနှင့် ရှိနေချိန်တွင် လူသားကျင့်ကြံသူများနှင့် တိုက်ခိုက်ရာ၌ ကသိကအောက် ဖြစ်သော်ငြားလည်း ထိုသို့ သားရဲအသွင်ပုံစံက သူတို့၏ မွေးရာပါ အစွမ်းသတ္တိများကို အတားအဆီးမရှိ အသုံးပြုနိုင်စွမ်း ရှိစေပေသည်။

ထိုသို့ သားရဲအသွင်နှင့် ဖြစ်နေခြင်းကြောင့် လေချိုးဖျက်ခြင်းသားရဲမှာ ၎င်း၏ မွေးရာပါ ထူးကဲလှသော အမြန်နှုန်းကို ထုတ်ဖော်ပြထား၏။

လေအေးတစ်ချက် ရှိုက်သွင်းပြီးနောက်မှာ ဟန်လိသည် ထပ်မံပြီး နှေးဖင့်မနေဝံ့တော့ပေ။ ငွေရောင် ဖြတ်ခနဲ လင်းလက်သွား၏။ သူသည် ကျွန်းမျက်နှာပြင်၌ ပြန်ပေါ်လာပြီး ထို့နောက်မှာ ထပ်မံ ပျောက်ကွယ်သွားသည်။

သားရဲဖန်ရှီက ထိုသည်ကို မြင်သည့်အခါ တဝီဝီတိုးဝင်လာမှုကို အတင်းအကြပ် ရပ်တန့်စေသည်။ သူ၏တောင်ပံကို အကြိမ်အနည်းငယ်ခတ်ကာ ချက်ခြင်းပင် ကျန်သည့် အကွာအဝေး ကီလိုမီတာများကို ဖြတ်သန်းလာသည်။ ကျွန်းပေါ်သို့ ရောက်လာပြီးနောက်မှာ သူက သူ၏လူသားအသွင်သို့ ပြောင်းလဲလျက် သူ့အား မိုးပြာအလင်းတန်းက ထွေးခြုံလျက် ရှိသည်။

ကြိုးကြာမြန်သည် ဖန်ရှီ၏ အသွင်ပြောင်းလဲမှုကို မြင်ရ၏။ သူသည် မင်သက်သွားမိသည်။ ဖန်ရှီသည် သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေတာကို မြင်ရသော်ငြား သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ အေးစိမ့်မှုကို ခံစားလိုက်ရသည်။

အံ့ဩထိတ်လန့်စွာဖြင့် စိုက်ကြည့်နေလျက် ကြိုးကြာမြန်သည် သူ့သွေးများ အေးစက်သွားသည့်နှယ် ခံစားရ၏။

“အဆင့်ကိုးနတ်ဆိုးသားရဲလား။ မြန်နှုန်းငှက်သားရဲလား…”

အဆင့်မြင့် လူသားကျင့်ကြံသူများနှင့် နတ်ဆိုးသားရဲများ တွေ့ဆုံသည့်အခါ ပုံမှန်အားဖြင့် သေသည့်အထိ တိုက်ခိုက်ကြရန် မလိုပေ။ သို့သော် သူတို့ကြား ခွန်အားကွာဟချက် ကြီးမားလျှင်မူ အသေအကြေတိုက်ပွဲကား ရှောင်လွှဲ၍ မရတော့ချေ။ တကယ်တော့ နတ်ဆိုးသားရဲ၏ အမြုတေများ ဖြစ်စေ လူသားကျင့်ကြံသူများ၏ အမြုတေများဖြစ်စေ နှစ်ဖက်လုံးအတွက် အသီးသီး အသုံးတည့်လှသည် မဟုတ်လား။

အဆင့်ကိုး နတ်ဆိုးသားရဲများသည် စဦးစိတ်ဝိညာဉ်ကျင့်ကြံသူများ၏ အထက်၌ မသိမသာ ရှိသော်ငြား တာအိုရသေ့သည် ဤသို့ တွေ့ကြံရမှုအပေါ် စိတ်ထဲကနေ ကျိန်ဆဲမိနေသည်။ အခြားအချိန်သာ ဆိုလျှင် သူသည် စကားတခွန်းမှ မဆိုလေဘဲ အမြှီးကုပ်ကာ တန်း၍ ပြေးလိမ့်မည်သာ။ သို့ပေမည့် ခုချိန်တွင်မူ ကောင်းကင်လေဟာနယ်ဒယ်စောက်က သူ့မျက်စိရှေ့မှာ ရောက်နေပြီဖြစ်၍ သူသည် လက်မလွှတ်နိုင်ပေ။ သို့ဖြစ်၍ သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်ကာ တစ်ဖက်တွင် ရှေးဟောင်း အပြာရောင်မှန်တစ်ချပ်ကို ကိုင်ပြီး အခြားတစ်ဖက်တွင်မူ ကျောက်စိမ်းတူငယ်တစ်လက်ကို ကိုင်ထား၏။ သူ့လက်ထဲ၌ ရှေးဟောင်းရတနာနှစ်ခုကို ကိုင်ထားပြီး တာအိုရသေ့သည် စိတ်အားသတ္တိမွေးကာ သုန်မှုန်စွာဖြင့် နတ်ဆိုးသားရဲကို စိုက်ကြည့်နေသည်။

ဖန်ရှိသည် ဟန်လိ၏ တောင်ပံနှစ်ခုကို မြင်ပြီး ၎င်းတို့အား လိုက်လျောညီထွေဖြစ်စွာ အသုံးပြုနေတာ မြင်သည့်အခါ၌ စစချင်းတော့ အံ့အားသင့်သွားသေးသည်။ ပြီးမှ သူ့စိတ်ထဲ၌ နောင်တရခြင်းတို့ ပြည့်နှက်လာ၏။ သူက ဟန်လိကို သတ်၍ ထိုမိုးကြိုးမုန်တိုင်းတောင်ပံတစ်စုံကို သန့်စင်နိုင်ခဲ့လျှင်ပင် ၎င်းမှော်ရတနာ၏ ခွန်အား ခုနစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အကြောင်းကား ၎င်းမှော်ရတနာသည် အခြားသခင်တစ်ယောက်ကို သတ်မှတ်ခဲ့ပြီး ဖြစ်သောကြောင့်ပင်။ သူ၏ ဟန်လိအပေါ် မုန်းတီးမှုကား တလျှံလျှံ တောက်လောင်လျက် ရှိတော့၏။

သို့ဖြစ်၍ ဖန်ရှီသည် ကြိုးကြာမြန်ကို တွေ့မြင်သည့်တိုင် ထိုတာအိုရသေ့အား လုံးဝ လစ်လျူထားပြီး ဟန်လိအပေါ်၌သာ အာရုံအပြည့်စိုက်ထား၏။ သူသည် တာအိုရသေ့ထံ လှမ်းကြည့်ပြီး အေးတိအေးစက် ပြောလိုက်သည်။

“ထွက်သွားစမ်း…” ထိုသို့ ပြောပြီးသည်နှင့် သူသည် ကျွန်းထံသို့ ဖြတ်ခနဲ ရောက်ရှိသွားသည်။ ကြိုးကြာမြန်က ထိုအခိုက်၌ မင်သက်သွားသေးသည်။ သည့်နောက်မှာ သူက အံတင်းတင်းကြိတ်လျက် လိုက်လံ ပျံသန်း၏။ ကောင်းကင်လေဟာနယ်ဒယ်စောက်ကား ပြန့်ကြဲကြယ်ပင်လယ်များ၌ ထိပ်ဆုံးအဆင့် လျှို့ဝှက်ရတနာ မဟုတ်လား။ သူ့အသက်ရင်း၍ စွန့်စားရမည်ဆိုလျှင်ပင် သူ ၎င်းအား ရအောင် လုပ်မှ ဖြစ်မည်။

ထိုစဉ် ဟန်လိသည် ကျောက်သားဂိတ်တံခါးကို ချိုးဖျက်ကာ လျှောက်လမ်းတစ်ခုကို ဖြတ်၍ ပျံသန်းနေ၏။ လျှပ်စီးများ လင်းလက်သွားပြီးနောက်မှာ သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိနေသော နေရာ၌ ပေါ်လာ၏။ ထိုနေရာ၌ ပြင်းပြတေးသံဂိုဏ်းမှ ကျင့်ကြံသူများက ခုလက်ရှိတွင် စကားစမြည် ပြောနေကြသည်။ သူတို့က ဟန်လိပေါ်လာတာ မြင်သည့်အခါ တုန်လှုပ်သွား၏။

ဟန်လိသည် အစီအရင်ဘေးတွင် ပေါ်လာပြီး ထိုတပည့်များကို အော်ဟောက်လိုက်၏။

“တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က အပြီးသတ်ပလား…”

ထိုတပည့်များထဲမှ တစ်ယောက်သည် ဟန်လိကို မှတ်မိသွားပြီး တလေးတစား ပြော၏။

“ဟုတ်…ပြီးပါပြီ…စီနီယာလီ…။ ဒါပေမဲ့လည်း ကျုပ်တို့ ဒါကို စမ်းသပ်ကြည့်ဖို့တော့ လိုပါသေးတယ်…။ ကျုပ်တို့က…”

သူ့စကားမဆုံးခင်မှာပင် ဟန်လိ၏ခန္ဓာကိုယ်သည် ဖြတ်ခနဲဝေဝါးသွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်း၌ ပေါ်လာသည်။

တစ်ချိန်တည်းလိုလို၌ ဂူမျက်နှာကြက်သည် ရုတ်တရက် ပေါက်ကွဲပျက်စီးကာ နတ်ဆိုးသားရဲဖန်ရှီသည် မိုးပြာအလင်းတန်းအသွင်ဖြင့် ဆင်းသက်လာ၏။ဟန်လိ၏မျက်နှာထက်၌ သွေးရောင်ပင် မရှိ ဖြစ်သွား၏။

All Chapters