တူညီသော မြင်ကွင်း
Vol. 009 Ch. 811
တော်ဝင်အလင်းနန်းတော်မှ လူများက ထက်ရှသော မျက်လုံးများဖြင့် သင်္ချိုင်းကုန်းကျေးရွာမှ လူများကို ကြည့်သည်။
“ဒီနေရာမှာ ကျုပ်တို့ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ခက်တယ်။ ဝင်္ကပါက ကျုပ်တို့အတွက်လည်း ခက်ခဲတယ်”
သင်္ချိုင်းကုန်းကျေးရွာမှ လူများက ဝင်္ကပါကို ဖြိုဖျက်ရန် နည်းလမ်းရှာနေဟန်ဖြင့် ပြောကြသည်။
တော်ဝင်အလင်း နန်းတော်မှလူများက စတင်၍ စိုးရိမ်လာကြသည်။ သည်မတိုင်ခင်က မရဏတောင်မှာ သိပ်အန္တရာယ်မများဟု တစ်ယောက်က မှတ်ချက်ပေးခဲ့သည်။ သို့သော် ယခု သူတို့အားလုံံးက အထဲ၌ ပိတ်မိနေကြပြီဖြစ်သည်။
“ဝင်္ကပါက တဖြည်းဖြည်း ပိုအားကောင်းလာတယ်” တော်ဝင်မြေမှ တန်ခိုးရှင်အချို့က ပြောကြသည်။ အချိန်ကြာလာသည် နှင့်အမျှ သူတို့ကို ပိတ်ဆို့ထားသော ဝင်္ကပါမှာလည်း တဖြည်းဖြည်း အားကောင်းလာခဲ့ကာ နောက်ဆုံးတွင် ဖြိုဖျက်မရနိုင်သည့် အဆင့်သို့ ရောက်သွားနိုင်ပေသည်။
မရဏတောင်ကား နွေဦးပြည်နယ်၊ ချီပြည်နယ်၊ ဖုန်းပြည်နယ်နှင့် အရှေ့ဘက်ပြည်နယ်တို့ အကြားနယ်စပ်တွင် တည်ရှိသည်။ ထို့ကြောင့် ထိုပြည်နယ်များမှ တော်ဝင်မြေများ အားလုံးနီးပါး သည်နေရာကို ရောက်နေကြ၏။ ယခုကား တော်ဝင်မြေများ အားလုံး ပိတ်မိနေကြ၏။
ရာရာက ရီဖူရှင်းကို ကြည့်သည်။
ရီဖူရှင်းက ပြန်ကြည့်သည်။
“ဘာလို့ ငါ့ကို ကြည့်နေတာလဲ”
“အစ်ကိုကြီး ” ရာရာက အော်ဟစ်လိုက်သည်။
“မင်း သဘောပဲ”
ရီဖူရှင်းက ထိုသို့ပြောကာ လျှပ်တစ်ပြက် ပြေးထွက်သွားသည်။ သူကား သင်္ချိုင်းကုန်းကျေးရွာမှ လူများပိတ်မိနေသော ဝင်္ကပါသို့ လှမ်းသွားလိုက်သည်။ သူကား အမှန်ပင် ပြင်ပမှနေ၍ ဝင်္ကပါအတွင်းသို့ တိုက်ရိုက် ဝင်ရောက် သွားနိုင်ခဲ့၏။
“မင်းက ဒီကို ဘာလာလုပ်တာလဲ” ယင်က ရီဖူရှင်းကို ဘေးတစောင်း ကြည့်ကာ ပြောသည်။
ရီဖူရှင်းက သူ့အား ထူးမခြားနားစွာ ကြည့်သည်။ ထို့နောက် တခြားလူများကို ကြည့်ကာ ပြောသည်။
“ကျုပ်က ခင်ဗျားတို့ကို ဦးဆောင်ပြီးတော့ ဝင်္ကပါကို ဖျက်မယ်။ စွမ်းအားက တဖြည်းဖြည်း ကြီးလာလို့ မြန်ဖို့လိုတယ်”
“ကောင်းပြီ” သင်္ချိုင်းကုန်းကျေးရွာမှ လူများက ခေါင်းညိတ်ကြသည်။ သည်လူငယ်အား ကျေးရွာ ခေါင်းဆောင်က ဆက်ခံသူအဖြစ် ရွေးချယ်ထားခဲ့ကြောင်း သူတို့သိကြသည်။
“မလိုဘူး” ယင်က အပြင်ဘက်ကို လှမ်းကြည့်ကာ အေးစက်စွာ ပြောသည်။ သို့သော် ရီဖူရှင်းက သူ့အား လျစ်လျူရှုကာ လူအများအား ဦးဆောင်၍ ဝင်္ကပါကို စတင်၍ ဖျက်သည်။ ဝင်္ကပါအား ကျော်ဖြတ်ရန် အချိန်သိပ် မယူခဲ့ရပေ။ သင်္ချိုင်းကုန်း ကျေးရွာမှ လူများက ဘေးကင်းစွာ အပြင်ကို ထွက်နိုင်ခဲ့ကြသည်။
“ကျေးဇူးတင်ပါတယ်” အကြီးအကဲ တစ်ယောက်က ရီဖူရှင်းကို ပြောသည်။
“ရပါတယ်” ရီဖူရှင်းက အေးအေးသက်သာ ပြောသည်။
“သူမပါဘဲနဲ့လည်း ကျုပ်တို့က ဝင်္ကပါကို ဖျက်နိုင်တယ်”
ယင်က ရီဖူရှင်းကို စွေစောင်းလျက်ကြည့်ကာ ပြောသည်။
ယင်က ရီဖူရှင်းအပေါ် သဘောမကျသည်ကို သင်္ချိုင်းကုန်းကျေးရွာမှ လူများက သိထားကြသည်။ ကျေးရွာ၏ ဒုတိယပါရမီအမြင့်ဆုံး ဖြစ်သည့်တိုင် သူ့အား ကျော်လွန်၍ ကျေးရွာခေါင်းဆောင်က ရီဖူရှင်းကို ဓားဝင်္ကပါ ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့သည်။ ထိုအဖြစ်က ယင်အား မကျေမနပ် ဖြစ်စေသည်။
ထိုစဥ်မှာပင် နောက်မှ အော်ဟစ်သံများအား ကြားကြရသည်။ ဓားဝင်္ကပါထဲတွင် လူအများက အဆက်မပြတ် အသက်ဆုံးရှုံး နေကြရသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ရသည်။ သူတို့ကား တော်ဝင်မြေများမှဖြစ်ကာ ပြင်ပလောက၌ နာမည်ကျော် တန်ခိုးရှင်များလည်း ဖြစ်ကြသည်။ ယခု သူတို့ကား မရဏတောင်၌ အသက်ဆုံးရှုံး နေကြရသည်။
ထောင့်တစ်နေရာမှ လူတစ်စုက ခုန်ထွက်လာကြသည်။ သူတို့ကား လျူကျောင်းတို့အဖွဲ့၊ ရှီဟွာတောင်မှလူများနှင့် ကျောက်မဟာ ပြည်ထောင်မှ လူများဖြစ်ကြသည်။ ရီဖူရှင်းက အနည်းငယ် အံ့အားသင့်ရသည်။ ပင်မအင်အားစု နှစ်ခုက ပေါင်းစည်း သွားဟန်ရသည်။
ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကိုယ်ရောင် ကိုယ်ဝါတစ်ခု ဆင်းသက်လာသည်။ ရီဖူရှင်းက လှမ်းကြည့် လိုက်သည်တွင် အလင်းတန်းများ ကွဲအက်သွားသည်ကို မြင်ရသည်။ ထို့နောက်တွင် လူတစ်စုက ဝင်္ကပါအတွင်းမှ အတင်း ထိုးထွက်လာခဲဲ့ကြ၏။ ကောင်းကင်ထက်၌ ကြောက်မက်ဖွယ် ကောင်းသော ဓားဝင်္ကပါတစ်ခု ပေါက်ကွဲ ထွက်လာသည်။ ထိုအရာကား အရာအားလုံးကို သတ်ဖြတ် နိုင်စွမ်းသော ဓားဖြစ်သည်။ သို့သော်လည်း အလင်းတန်းများက ကောင်းကင်ကို ဖြတ်သန်းသွားကာ သတ်ဖြတ်ခြင်း ဓားဖြင့် ရင်ဆိုင်မိသည်။ ထို့နောက်တွင် အင်အားနှစ်ခုလုံး ပျောက်ကွယ်သွားပြီး ကောင်းကင်၌ စွမ်းအင် အပိုင်းအစများသာ ကျန်ရစ်ခဲ့တော့သည်။
ထို့နောက်တွင် လူတစ်စုက ဓားဝင်္ကပါထဲမှ ထွက်လာကြသည်။ သူတို့ကား တော်ဝင်အလင်း နန်းတော်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။ တစ်ယောက်၌ကား အလွန်အမင်း အားကောင်းသော အလင်းရတနာ ဓားအား ကိုင်ဆောင်ထား၏။
အတင်းဖောက်ထွက်ခြင်း။ ရီဖူရှင်းက အနည်းငယ် အံ့အားသင့် သွားသည်။ သူတို့ကား ဓားဝင်္ကပါ၏ စွမ်းအားကို အတင်းဖျက်ဆီး၍ တိုးထွက်နိုင်ကြသည်။ သို့သော်လည်း သေသေချာချာ ကြည့်ပါက တော်ဝင်အလင်း နန်းတော်က ကြီးမားသော ပေးဆပ်မှုရှိခဲ့ကာ သူတို့၏ လူထက်ဝက်ခန့် အသက် ဆုံးရှုံးခဲ့ကြရသည်။
ထို့နောက်တွင် တော်ဝင်မြေများ တစ်ခုပြီးတစ်ခု ဝင်္ကပါထဲမှ ထွက်လာခဲ့ကြသည်။ ရှားကလန်၊ ပြည်နယ်ကိုးခု ကျောင်းတော်၊ ကျိရှားတော်ဝင်နန်းတော်၊ ချီကလန်နှင့် ယွီကလန်တို့ အားလုံးက ဝင်္ကပါကို အဖြေရှာ နိုင်ခဲ့ကြ၏။ သိသာစွာပင် သူတို့ထဲ၌ ဝင်္ကပါပညာ၌ ထူးချွန်သူများ ပါဝင်ကြပေသည်။ တော်ဝင်အလင်း နန်းတော်ကဲ့သို့ အတင်းဖောက်ထွက် သူများကား အနည်းနှင့်အများ သေကျေ ပျက်စီးမှုများ ရှိကြပေသည်။
အားလုံး၏ မျက်လုံးများက အလွန်အမင်း ပျက်ယွင်း နေကြသည်။ သည်ဝင်္ကပါပြီးလျှင် သူတို့က မရဏတောင်ပင်မ နေရာကို ရောက်ရှိတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ သည်နေရာကို ရောက်ရန်လည်း သူတို့က ကြီးမားသော ပေးဆပ်မှုများအား ပြုလုပ်ခဲ့ကြရသည်။
အလွန်အမင်း အေးစိမ့်သော လေများက သူတို့ကို လာရောက် ရိုက်ခတ်နေသည်။ သူတို့ရှေ့တွင်ကား ဓားများမှလွဲ၍ တခြားဘာမှ မမြင်ရတော့ပေ။ ထိုနေရာကပင် ဓားများကို မြှုပ်နှံထားသော ဓားတောင်ကုန်း ဖြစ်ရပေမည်။
“သွားရအောင်” တစ်ယောက်က ပြောသည်။ ရီဖူရှင်းကလည်း ထိုနေရာဘက်ကို ဦးတည်ကာ သွားသည်။
သည်တစ်ကြိမ်တွင်ကား သူတို့က အချိန်အတန်ကြာ လမ်းလျှောက်ကြရကာ အဆုံးအစမဲ့သော မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော ဓားများရှိနေသည်ကိုမြင်ရ၏။
“ကျုပ်က အာကာသ လောကဓာတ်ကို ခံစားမိတယ်” တန်ခိုးရှင်အချို့က ပြောသည်။
“အမှန်ပဲ၊ အဲဒါက အာကာသ လောကဓာတ်တွေပဲ” နောက်တစ်ယောက်က ခေါင်းညိတ်သည်။
“ဘယ်လောက်တောင် ရင်းနှီးလိုက်သလဲ”
ရီဖူရှင်း၏ဘေးမှ ရာရာက ရေရွတ်သည်။ သည်နေရာက သူမနှင့် အလွန် ရင်းနှီးသည်ဟု အဘယ်ကြောင့် ခံစားနေရသတည်း။ သူမက မရဏတောင်၌ လေ့ကျင့်သော်လည်း သည်မျှ နက်ရှိုင်းသော နေရာသို့ တစ်ခါမှ မရောက်ဖူးပေ။ သူမငယ်ရွယ်စဥ် အခါက ကျေးရွာခေါင်းဆောင်အား သည်နေရာနှင့် ပတ်သက်၍ မေးဖူးသော်လည်း သူမ အရွယ်ရောက် လာသောအခါ အလိုလို သိလာမည်ဟု ကျေးရွာ ခေါင်းဆောင်က ဖြေခဲ့သည်။
“ကြည့်လိုက်” တစ်ယောက်က ရှေ့ကို လှမ်းကြည့်သည်။ အချို့က အတူတူပင် ရပ်လိုက်ကြသည်။ သူတို့၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါသွားကြ၏။
မြေပြင်ပေါ်တွင်သာ ဓားများကို စိုက်ထူထားသည် မဟုတ်ဘဲ ကောင်းကင်ထဲတွင်လည်း မရေမတွက်နိုင်သော ဓားပျံများရှိနေကာ မြေပြင်ကို ဓားသွားများဖြင့် ချိန်ရွယ်ထားကြသည်။ ထို့အပြင် ထိုနေရာ၌ အလွန် ပြင်းထန်သော ဓားအသိများ စီးဆင်းနေကာ ကြောက်မက်ဖွယ်ရာ နေရာတစ်ခုအဖြစ် ခံစားရစေသည်။ ထိပ်သီးရှိ တန်ခိုးရှင်များပင် ထိုအခိုက်တွင် ထိတ်လန့် တုန်လှုပ်ကြရသည်။
ယခု သူတို့အား ကြောက်ရွံ့စေသော စွမ်းအားတစ်ခုကို ခံစားနေကြရသည်။
ရီဖူရှင်း၏ နှလုံးကလည်း ခုန်သွားသည်။ သူက ဖြည်းညင်းစွာဖြင့် ရှေ့ကို တိုးသွားသည်။ အဝေးတွင် ကောင်းကင်၌ ပျံသန်းနေကြသော ဓားများအပြင် ဘေး၌ လင်းလက်နေသာ အရာတစ်ခုအား သူမြင်နေရ၏။
ထိုအရာက ဓားတစ်လက်နှင့် တူသော်လည်း မျက်လုံး တစ်လုံးနှင့်လည်း ဆင်တူသည်။
ကောင်းကင်နှင့် မြေပြင်အကြား ဖြစ်တည်နေသော ဓားအသိများမှာ ထိုနေရာမှ ရင်းမြစ် ဖြစ်တည် နေဟန်ရသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ယူချင်းနှင့် ဟွာဂျီယူတို့ နှစ်ယောက်လုံးက ရာရာကို လှမ်းကြည့် လိုက်ကြသည်။
သူတို့က ရာရာနှင့် တိုက်ခိုက်စဥ်က တူညီသော မြင်ကွင်းကို တွေ့မြင်ခဲ့ကြရသည်။
“ဟိုမှာကြည့်” တစ်ယောက်က အဝေးကို လက်ညှိုး ထိုးပြသည်တွင် အားလုံးက လှမ်းကြည့် လိုက်ကြသည်။ ထိုခဏတွင်ပင် သူတို့၏ စိတ်နှလုံးများ တုန်ခါသွားကြသည်။
“ဆရာ” ရန်ရှောင်နှင့် တခြားတပည့် ရှစ်ယောက်တို့က သံပြိုင်အော်ဟစ် လိုက်ကြသည်။
အားလုံးက ထိုနေရာကို လှမ်းကြည့်သည်တွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုအား မြင်ကြရသည်။
ကောင်းကင်ထက်တွင် အလွန်တရာ ရက်စက် ပြင်းထန်ဟန်ရသော ဓားဝင်္ကပါ တစ်ခုရှိနေကာ ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်ထားသည်။ မဆုံးနိုင်သော ဓားအသိများက အောက်ကို ကျဆင်းနေကာ မြေပြင်အထက် လေဟာနယ်၌ ကြောက်မက်ဖွယ် ဓားများကိုလည်း သူတို့က မျက်စိတစ်ဆုံး မြင်ကြရသည်။
ပေတစ်ရာခန့် ရှည်လျှားသော ရှေးဟောင်း မရဏဓားကိုးလက် အောက်ကို စိုက်ထားပြီး ကောင်းကင်နှင့် မြေပြင်အကြား တွဲလဲခိုနေကြသည်။ ကောင်းကင်ထက်အောင် အထပ်ထပ် ပိတ်ဆို့ထားသော ဓားဝင်္ကပါ အောက်တွင် ထိုင်နေသူကား စစ်တုရင် ရှန့်ထိုဖြစ်သည်။ သူ၏ခန္ဓာကိုယ် အနီးတွင် မြေပြင်တစ်ခုလုံးအား ဖြန့်ကြက်ထားသော မရေမတွက်နိုင်သော စစ်တုရင်နယ်ရုပ်များအား မြင်ကြရသည်။ စစ်တုရင်နယ်ရုပ် တစ်ခုစီက ဓားတစ်လက်စီ၏ စွမ်းအားများကို ပိုင်ဆိုင်ကာ ဝင်္ကပါအား တွန်းလှန်နေကြဟန် ရသည်။
ကြီးမားကျယ်ပြန့်သော စစ်တုရင်ခုံ တစ်ခုက ပေါလောပေါ်နေကာ စစ်တုရင်ရှန့်ထိုက စစ်တုရင်ခုံထက်၌ ထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ကား ပေတစ်ရာခန့် မြင့်မားကာ ရှေးနတ်ဘုရား တစ်ပါးအလား ထင်မှတ်ရသည်။ သို့သော်လည်း သူကား အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ပေ။ အနည်းငယ်မျှသော ဂရုမစိုက်မှုက သူ၏အသက်အား နုတ်ယူသွားနိုင်ပေသည်။
ပိုမိုကြောက်မက်ဖွယ် ကောင်းသည်ကား ဓားဝင်္ကပါအတွင်းမှ ဓားအသိများကား အကန့်အသတ်မဲ့စွာ စီးဆင်းနေကြဟန် ရကာ အောက်မှ ဓားများအား အဆုံးအစမဲ့သော ဓားစွမ်းအင်များ ထောက်ပံ့ပေးထားသည်။ စစ်တုရင်ရှန့်ထိုကား သူ၏စစ်တုရင် ပညာဖြင့်ပင် ဝင်္ကပါကို ခုခံထား နိုင်သော်လည်း အချိန်ကြာလာသည် နှင့်အမျှ ရှန့်ထိုတစ်ပါးပင် ဝင်္ကပါအတွင်း၌ အားပြတ် သေဆုံးနိုင်ပေသည်။
တော်ဝင်မြေမှ လူများအားလုံး တုန်လှုပ် သွားကြသည်။ အမှန်ပင် သည်နေရာတွင် ရှန့်ထိုတစ်ပါး ပိတ်မိနေခဲ့ကာ ကူရာမဲ့နေခဲ့သည်။
ရန်ရှောင်တို့က ရှေ့ကို တက်ရန် ကြံစည် လိုက်ကြစဥ်မှာပင် စစ်တုရင်ရှန့်ထိုက မျက်လုံးကို ဖွင့်လိုက်သည်။
“ရပ်လိုက်” အသံတစ်သံအား ကြားကြရကာ ရန်ရှောင်နှင့် တခြားလူများ အားလုံးကို ရပ်တန့် သွားစေသည်။
“မင်းတို့ ခြေထောက်ကို ကြည့်ကြ၊ နောက်ခြေလှမ်းတွေက မင်းတို့အသက်ကို နုတ်ယူလိမ့်မယ်”
စစ်တုရင်ရှန့်ထိုက ထပ်ပြောသည်။ ရန်ရှောင်နှင့် တခြားလူများ အားလုံးက မြေပြင်ကို ငုံ့ကြည့်လိုက်ကြသည်။ သူတို့အားလုံးကို အေးစက်သော အငွေ့အသက်များ ရစ်ပတ်လာသည်ဟု ခံစားလိုက်ကြရသည်။
“သတိထား” ရီဖူရှင်းကလည်း လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းကာ ပြောသည်။ သူက အန္တရာယ်၏ အငွေ့အသက်ကို ခံစားမိကာ အနီးမှ လူများကို သတိပေး လိုက်သည်။
သည်နေရာကား သူတို့ ရင်ဆိုင် ကြုံတွေ့ခဲ့သော နေရာများထက် ပိုမို၍ အန္တရာယ်များပေသည်။
***