လျှို့ဝှက်ချက်
Vol. 19 Ch. 260
တောင်ထွတ်ရွေးချယ်မှု အခမ်းအနား ကျင်းပမည့်ရက်က တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။
အပြင်ဘက်တောင်တွင် လူတိုင်းက အပြင်းအထန် လေ့ကျင့်နေကြပြီး သူတို့၏ သန်မာမှုများကို တောင်ထွတ်ရွေးချယ်မှု အခမ်းအနားသို့ မရောက်မီ တိုးတက်လာစေရန် စက္ကန့်တိုင်းတွင် ကြိုးစားနေကြသည်။
သူတို့အားလုံးက သည်အခမ်းအနားသည် သူတို့၏ အနာဂတ်ကို ဆုံးဖြတ် ပေးနိုင်ကြောင်း နားလည်ကြပေသည်။
သူတို့က မိုင်သန်းပေါင်းများစွာနှင့် မရေမတွက်နိုင်သော တိုက်ကြီးများစွာကို ဖြတ်သန်းလာခဲ့ပြီးမှ ကန်ရွှမ်းကလန်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သာ အတွင်းတောင်သို့ မဝင်ရောက်နိုင်ပါက နောက်တစ်ကြိမ် အခွင့်ရေးရရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် အတွင်းတောင် အတွင်းသို့ ဝင်ခွင့်ရခဲ့မည် ဆိုပါကလည်း သူတို့တွင် အချိန်များစွာ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် သူတို့၏ မျိုးဆက်တွင် နောက်ကျ ကျန်ရစ်ခဲ့ပေမည်။
ထိုကြောင့် အပြင်ဘက်တောင်တွင် သည်အရေးကြီးသော အချိန်ကာလ၌ မည်သူမှ သက်သောင့်သက်သာ ရှိမနေကြပေ။
ဇူယွမ်ကတော့ ခြွင်းချက်ဖြစ်သည်။
စမ်းချောင်း နံဘေးတွင် ဇူယွမ်က မျက်လုံးမှိတ်ကာ ထိုင်နေပြီး ရွှေရောင်မူလချီများက သူ၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် လည်ပတ်လျက်ရှိသည်။ ထိုစီးဆင်းနေသော မူလချီများမှာ သားရဲသုံးကောင်၏ ပုံသဏ္ဌာန်ဖြင့် သူ၏ ခန္ဓာကိုယ်တွင် မှုန်ဝါးဝါး ပုံရိပ်များအဖြစ် လှည့်ပတ်လျက် ရှိသည်။ ထိုသားရဲ သုံးကောင်ဆီမှာ ရုန့်ရင်းသော အရှိန်အဝါများ ဖြာထွက်လျက်ရှိပြီး နဂါးဟိန်းသံများက ပဲ့တင်ထပ်လျက် ရှိသည်။
ဝရုန်း …
ထိုပြင်းထန်စွာ စီးဆင်းနေသော မူလချီစီးကြောင်း သုံးခုသည် တုန်ခါသွားပြီး ဇူယွမ် ထိုင်နေသော ကျောက်တုံးကြီးကို အက်ကြောင်းများ ရုတ်တရက် ဖြစ်ပေါ်လာစေကာ လေထဲတွင် ပေါက်ကွဲသံ သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်က တင်းကျပ်စွာ ပတ်ထားသော မျက်လုံးအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးသည်နှင့် မျက်လုံးထဲတွင် တောက်ပစွာ လင်းလက်နေပြီးနောက် တဖြည်းဖြည်းချင်း လျော့ပါး ပျောက်ကွယ်သွားသည်။
သူ၏ မျက်ဝန်းထဲတွင် ကျေနပ်မှုအပြည့်ဖြင့် အသက်ရှူ ထုတ်လိုက်သည်။ လဝက်ခန့် လေ့ကျင့်ပြီးနောက်တွင် နဂါးအမျိုးအစား မူလသားရဲ သွေးအဆီအနှစ် သုံးခုကို သန့်စင်နိုင်ခဲ့ပြီး နဂါးကိုးကောင်နိယာမ မူလချီထဲမှ မူလချီသုံးခုကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအရာကို သူအဆုံးသတ်ကျင့်ကြံမှု လုပ်ဆောင်ပြီးပါက နဂါးကိုးကောင် နိယာမမှာ အသေအချာပင် စွမ်းအား ကြီးမားလာလိမ့်မည် ဖြစ်သည်။
“ကြည့်ရတာ နင် နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို အစောပိုင်းအဆင့် ရောက်သွားပြီနဲ့ တူတယ်” ဇူယွမ် အောင်မြင်မှု၏ အရသာကို ခံစားနေချိန် အတွင်း မွေးပျံ့သော သင်းရနံ့နှင့်အတူ အနီရောင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဂူဟွမ်ဂျီက ပြုံးလျက်ပင် ဇူယွမ်အား ကြည့်လိုက်သည်။
ဇူယွမ်က သူမကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး “ရှန်ဇူတပည့်တွေနဲ့ ရှန်ဇူတပည့် မဟုတ်တဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည် ဖြစ်နေတဲ့အချိန်မှာ နင်က ဒီကို အမြဲလာနိုင်သေးတယ်”
သည်အချိန် အတွင်းတွင် သူမက အမြဲ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်အား ဇူယွမ်ထံတွင် လာရောက် သင်ကြားလျက်ရှိပြီး သူမက နှစ်ဖက်လုံး၏ကြားတွင် မည်သည့်ဘက်မှ ပါဝင် ပတ်သက်မှုမရှိဘဲ နေသည်။
ဂူဟွမ်ဂျီက နှုတ်ခမ်းစူလိုက်ပြီး “သည်လို အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေက နင်နဲ့ငါနဲ့ကို သဘောထား ကွဲစေမှာလား”
သူမအနေဖြင့်လည်း ရှန်ဇူတိုက်ကြီးမှ တပည့်များသည် အခြားသူများ အပေါ်တွင် ဖိနှိပ်လွန်းသည်ကို နားလည်ပေသည်။ ထိုဖိနှိပ်ခံရသော သူများမှာလည်း သူတို့၏ သက်ဆိုင်ရာ တိုက်ကြီးများတွင် ဂုဏ်ယူဖွယ် ကောင်းသော ပါရမီရှင်များ ဖြစ်သည်။ ထိုနှစ်ဖက် တွေ့ဆုံမှု ဖြစ်သော အချိန်တွင် သူတို့အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လာသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ထိုကဲ့သို့ သဘောထား ကွဲလွဲမှုများကို သူမအနေဖြင့် ရပ်တန့်ရန် စွမ်းအားမရှိသလို ပါဝင် ပတ်သက်လိုခြင်းလည်း မရှိပေ။
ဇူယွမ်က ပြောလိုက်သည် “လူတိုင်းက မင်းလိုသာဆိုရင် သည်ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး”
ဂူဟွမ်ဂျီမှာ မာနကြီးသော သူတစ်ယောက် ဖြစ်သော်လည်း သူမက သူမ၏ နောက်ခံအင်အားကို အသုံးပြုပြီး တစ်ပါးသူအပေါ် အနိုင်ကျင့်ခြင်း အရှက်ခွဲခြင်းများ မပြုလုပ်ပေ။ ထိုအချက်များက ဇူယွမ် သူမကို သဘောကျသော အချို့အချက်များ ဖြစ်သည်။
ဂူဟွမ်ဂျီက ဇူယွမ်၏ ရှေ့တွင် ထိုင်လိုက်ပြီး စိတ်ဝင်တစားနှင့် မေးလိုက်သည် “တောင်ထွတ်ရွေးချယ်မှု အခမ်းအနားပြီးရင် နင်ဘယ်တောင်ထွတ်ကို ရွေးချယ်မှာလဲ”
ဇူယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ ထိုနောက် သူက အဖြေမပေးဘဲ “မင်းကကော”
ဂူဟွမ်ချီက သူမ၏ လက်ချောင်းလေးများကို မေးဖျားပေါ် တင်လိုက်ပြီး ဖြေလိုက်သည် “ငါကတော့ ကန်ရွှမ်းတောင်ထွတ်ကို ဝင်ရောက်ချင်တယ်။ အဲဒီတောင်ထွတ်က ကလန်ခေါင်းဆောင် အုပ်ချုပ်ပြီးတော့ တပည့်တွေကြားထဲမှာ အကျော်ကြားဆုံး တောင်ထွတ် တစ်ခုပဲလေ”
ဇူယွမ်က အံ့အားသင့်စွာ မေးလိုက်သည် “မင်းရဲ့ အကြီးအကဲအိုကြီးက ဟုန်ယာတောင်ထွတ်က ဆရာသခင်မလား”
ဂူဟွမ်ဂျီက မျက်မှောင်ကြုတ်လိုက်ပြီး “ဟုန်ယာတောင်ထွတ်က အပြင်ပန်း သဏ္ဌာန်ကျင့်စဉ်တွေကို အထူး ကျင့်ကြံကြပြီးတော့ လူတိုင်းက သတ္တုတုံးလို ကြွက်သားကြီးတွေနဲ့ တကယ်ကို ရုပ်ဆိုးလွန်းတယ်။ ငါဘယ်တော့မှ ဟုန်ယာတောင်ထွတ်ကို သွားမှာ မဟုတ်ဘူး”
ဇူယွမ် ကြောင်အသွားသည်။ မူလချီကျင့်ကြံသူ တစ်ယောက်က အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ပိုင်း ကွဲပြားသွားခဲ့သည်။ အတွင်းပိုင်း ကျင့်ကြံခြင်းမှာ မှုလချီသိုလှောင်ခန်းမှ မူလချီများကို ကျင့်ကြံခြင်း ဖြစ်ပြီး အဆုံးအစမဲ့သည့် ခမ်းနားကြီးကျယ်သော ကြယ်တာရာ မြစ်ကြီးကို ဖန်တီးခြင်းဖြစ်သည်။
အပြင်ပိုင်း ကျင့်ကြံခြင်းမှာ အခြားတစ်ဖက်တွင် တည်ရှိပြီး မူလချီများကို ခန္ဓာကိုယ်အတွင်း အချိုးကျ ရောစပ်ခြင်း ဖြစ်သည်။ ထိုသို့ ပေါင်းစပ်ကာ ကျင့်ကြံခြင်းသည် လက်ဗလာ ခြေဗလာဖြင့် ကောင်းကင်နှင့် မြေပြင်ကိုပင် ဆုတ်ဖြဲနိုင်စွမ်း ရှိပေသည်။ ပြောကြသည်မှာ ထိုကျင့်ကြံမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပါက လူတစ်ယောက် ခန္ဓာကိုယ်သည် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်ပြီး ထိုအဆင့်၌ လက်နှင့် အသာအယာ ပုတ်ရုံမျှဖြင့် ကြယ်များကို ကြေမွ ပျက်စီးစေနိုင်ပေသည်။
သို့သော်လည်း အတွင်းပိုင်း ကျင့်ကြံမှုဖြစ်စေ အပြင်ပိုင်း ကျင့်ကြံမှုဖြစ်စေ လူတစ်ဦး၏ ကျင့်ကြံမှုက အဆင့်တစ်ခုသို့ ရောက်နေရန် လိုအပ်ပေသည်။ ဇူယွမ်၏ လက်ရှိအခြအနေမှာ ထိုအဆင့်သို့ရောက်ရန် အရည်အချင်း မပြည့်မီသေးပေ။
ဇူယွမ်က သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည် “အခြား တောင်ထွတ်တွေ အကြောင်းကရော”
ဂူဟွမ်ဂျီက ရယ်မောကာ ရှင်းပြလိုက်သည် “ဓားကပ်ဘေး တောင်ထွတ်ကတော့ သူတို့ရဲ့ မူလချီတွေကို ဓားသွားတွေ ပုံစံဖြစ်အောင် လေ့ကျင့်ကြတယ်။ ဒါကြောင့် သူတို့ရဲ့ တိုက်ခိုက်မှုတွေက ထက်ရှကာ သေဆုံးစေနိုင်ပြီး နဂါးငွေ့တန်းကိုပင် ဖြတ်နိုင်စွမ်းရှိတယ်။ သူတို့ရဲ့ ထက်ရှမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ကိုယ် သူတို့ ကန်ရွှမ်းကလန်ရဲ့ နံပါတ်တစ်လို့ ခေါ်ဆိုကြတယ်”
“ဒါက ဓားကပ်ဘေး တောင်ကုန်းက တပည့်တွေကြားထဲမှာ အလွန်ကျော်ကြားရတဲ့ အကြောင်းအရင်းပဲ”
ဇူယွမ်၏ မျက်ဝန်းအိမ်မှာ ကျဉ်မြောင်းသွားသည်။ လုဖန်းက အစောပိုင်းတွင် သူ၏ အကြီးအကဲများမှာ ဓားကပ်ဘေးတောင်ထွတ် မြင့်မားသော အဆင့်အတန်း ရှိသည်ဟု ပြောခဲ့သေးသည် မဟုတ်လော။
ဂူဟွမ်ဂျီက ပတ်ဝန်းကျင် ဂရုတစိုက်နှင့် စစ်ဆေး ကြည့်လိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောသည် “ငါသိရသလောက်တော့ ဓားကပ်ဘေး တောင်ထွတ်ရဲ့ ဆရာသခင်က မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းရဲ့ အစေခံကောင်လေး တစ်ယောက်တဲ့”
“သူက မျိုးနွယ်စုခေါင်းဆောင်ရဲ့ သင်ခန်းစာတွေကို နားထောင်ရင်းနဲ့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ကိုယ်ပိုင်ဓားကျမ်းကို ရရှိခဲ့ပြီးနောက် မျိုးနွယ်စုခေါင်းဆောင် သေဆုံးသွားတဲ့ အချိန်မှာ ဓားကပ်ဘေး တောင်ထွတ်ကို တည်ထောင်လိုက်တာပဲ”
“ဒါပေမဲ့ မျိုးနွယ်စု ခေါင်းဆောင်က သူ့ကို တပည့်တစ်ယောက်လို့ ဘယ်တော့မှ မခေါ်ခဲ့တဲ့အတွက် သူက ကန်ရွှမ်းကလန်ရဲ့ အဓိက မျိုးနွယ်ကလို့ ပြောလို့မရဘူး”
“နင်မှတ်ထားရမှာက အဲဒီတောင်ထွတ်က ဆရာသခင်ရှေ့မှာ အစေခံကောင်လေး ဆိုတဲ့ စကားကို မပြောမိဖို့ပဲ။ အဲဒါက တားမြစ်ခံထားရတဲ့ စကားလုံးဖြစ်တယ်”
ဇူယွမ် အံ့အားသင့်သွားသည်။ ဓားကပ်ဘေး တောင်ထွတ်၏ ဆရာသခင်မှာ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွမ်၏ တပည့်တစ်ယောက် မဟုတ်ဘဲ အစေခံ တစ်ယောက်သာ ဖြစ်နေလိမ့်မည်ဟု သူမထင်ထားပေ။ ထိုအရာက ကန်ရွှမ်းကလန်၏ နက်ရှိုင်းသော လျှို့ဝှက်ချက် တစ်ခု ဖြစ်ဟန်တူသည်။ ဂူဟွမ်ဂျီပင်လျှင် ထိုလျှို့ဝှက်ချက်အား သူမ၏ ဟုန်ယာတောင်ထွတ်ရှိ ဆရာသခင်ထံမှ သိရှိရခြင်း ဖြစ်ပေလိမ့်မည်။
“အခြားသော တောင်ထွတ်တွေက ဆရာသခင်တွေကရော မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းရဲ့ တပည့်တွေလား” ဇူယွမ်က မေးလိုက်သည်။
“မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းဆီမှာ တပည့်လေးယောက် ရှိခဲ့တယ်။ အခုလက်ရှိ ကလန်ခေါင်းဆောင်က ပထမတပည့်ပဲ ပြီးတော့ ငါ့ရဲ့ အကြီးအကဲအိုကြီးနဲ့ သူတော်စင် မှော်စာလုံးတောင်ထွတ်၊ နှင်းပဒုမ္မာတောင်ထွတ်က ဆရာသခင်တို့က ကျန်သုံးယောက်ပဲ”
“မိုးကြိုး အကျဉ်းထောင် တောင်ထွတ်ကရော” ထိုတောင်ထွတ် အကြောင်း ဂူဟွမ်ဂျီပြောရန် ကျန်ခဲ့သည်ကို သူသတိပေးလိုက်သည်။
“မိုးကြိုးအ ကျဉ်းထောင် တောင်ထွတ်က ဆရာသခင်လား ဟမ့် … အဲဒီလူက ကန်ရွှမ်းကလန်မှာ အသက်အကြီးဆုံးပဲ” ဂူဟွမ်ဂျီက လေသံနှိမ့်လိုက်ပြီး “သူလည်းပဲ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းရဲ့တပည့် တစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကန်ရွှမ်းကလန်ကို လာရောက်ပြီးတော့ မျိုးနွယ်စု ခေါင်းဆောင်က သူ့ကို လမ်းညွှန်မှုတွေ အများကြီး ပေးခဲ့တယ်။ သည်လိုနဲ့ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်တက် လာခဲ့ပြီးတော့ မျိုးနွယ်စု ခေါင်းဆောင် သေဆုံးပြီးနောက်မှာ မိုးကြိုး အကျဉ်းထောင် တောင်ထွတ်ကို တည်ထောင်ခဲ့တာပဲ။ အဲဒီနောက်မှာ သူက ကန်ရွှမ်းကလန်ရဲ့ စည်းကမ်း ပြဋ္ဌာန်းတာနဲ့ အပစ်ပေး အရေးယူတာတွေကို တာဝန်ယူ လုပ်ဆောင်တယ်”
ဇူယွမ်က အသာအယာ ခေါင်းညိတ်လိုက်သည်။ သူ့အနေဖြင့် ကန်ရွှမ်းကလန်၏ တောင်ထွတ် ခုနစ်ခုတွင် သည်လို စိတ်ဝင်စားဖွယ် ကောင်းသော သမိုင်းများ ရှိလိမ့်မည်ဟု မတွေးမိချေ။
သို့သော်လည်း ထိုခက်ခဲ ရှုပ်ထွေးသော အခြေအနေများက ဇူယွမ်ကို ပိုပြီး သတိရှိစေသည်။ အတိတ်က သူတာ်စင် အကြွင်းအကျန် နယ်မြေတွင် မျိုးနွယ်စု ခေါင်းဆောင်က သူသေဆုံးရခြင်းမှာ သွေးရိုးသားရိုး မဟုတ်ဘဲ ကန်ရွှမ်းကလန်က တစ်စုံတစ်ဦး ပါဝင်နေသည်ဟု ပြောခဲ့ပေသည်။
ထိုအရာက မျိုးနွယ်စု ခေါင်းဆောင်၏ ထင်မြင်ချက်မျှသာ ဖြစ်ကောင်း ဖြစ်နိုင်သောကြောင့် မည်သည့်အရာမှ မသေချာသေးပေ။
ဘာပဲဖြစ်ဖြစ် ဇူယွမ်အတွက်တော့ အနည်းငယ် သတိထားသည်က ပိုကောင်းပေသည်။
“အာ … မူလသူတော်စင် တောင်ထွတ်လို့ခေါ်တဲ့ နောက်တောင်ထွတ် တစ်ခု ရှိသေးတယ်။ အဲဒီတောင်ထွတ်က အထူးခြားဆုံး တောင်ထွတ်တစ်ခုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတောင်ထွတ်ကို မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုယ်တိုင် ပိတ်လှောင် ထားခဲ့လို့ပဲ။ အဲဒီတောင်ထွတ်ရဲ့ အဓိက တောင်ထွတ်ကို မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးခါနီး ကတည်းက ချိပ်ပိတ်ထားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ အဲဒီတောင်ထွတ်ကို တပည့် အနည်းငယ်ကပဲ ရွေးချယ်ကြတယ်။” ဂူဟွမ်ဂျီက ထပ်ပြောလိုက်သည်။
ဇူယွမ်က ခေါင်းညိတ်လိုက်သည်။ သူစကားပြောဖို့ ပြင်လိုက်စဉ်မှာ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် ခေါင်းမော့ကာ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ဇူယွမ် လှမ်းကြည့်လိုက်လျှင် ကြိုးကြိုးစားစားနှင့် လေ့ကျင့်နေသော တပည့်များမှာ ကြောက်ရွံ့ ထိတ်လန့်နေကြသော မျက်နှာများဖြင့် အနောက်သို့ ဆုတ်လာသည်ကို တွေ့လိုက်ရသည်။
သူက မျက်မှောင်ကြုတ်ပြီး မတ်တတ် ထရပ်လိုက်သော အခါ အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်က တပည့်များကို ဖြတ်၍ လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းမပျိုမှ လှပသော ရုပ်ရည် သွင်ပြင်ရှိပြီး သူမ၏ အသားအရည်က နှင်းအလား ဖြူစွတ်လှပေသည်။ သူမ၏ မျက်ခုံး မျက်လုံးများမှာ ထက်ရှပြီး အေးစက်မှုကို ပေးစွမ်းသည်။ သူမလက်ထဲတွင် အစိမ်းရောင် အနားသတ်ထားသည့် ဓားရှည် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ဇူယွမ်၏ အကြည့်က သူမ၏ သေးကျဉ်းသော ခါးလေးပေါ်၌ စည်းနှောင် ထားသည်ဟု ဆိုရုံမျှ ချည်ထားသော ရွှေရောင် ခါးစည်းနားတွင် ရပ်တန့်သွားသည်။
ဇူယွမ်၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားသည်။
ရွှေရောင်ခါးစည်းနှင့် အတွင်းတောင် တပည့်။
ဂူဟွမ်ဂျီလည်း ထိုမိန်းမပျိုလေးကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ခုံးနှစ်သွယ်မှာ ထိစပ်လုမျှ တွန့်ကွေးသွားပြီး ဖြည်းညင်းစွာ ရေရွတ်လိုက်သည် “သူမက ဒီကို ဘာကြောင့် ရောက်လာတာလဲ”
ဇူယွမ်က မေးလိုက်သည် “သူမက ဘယ်သူလဲ”
ဂူဟွမ်ဂျီက ခေါင်းခါ ယမ်းလိုက်ပြီးနောက် ဇူယွမ်ကို ကြည့်ကာ “လုရွှမ်းယင် ဓားကပ်ဘေး တောင်ထွတ်က ရွှေရောင် ခါးစည်းတပည့်ပဲ”
ဇူယွမ်က ချက်ချင်းပင် နားလည်သွားသည်။
သူမကား လုဖန်း ပြောခဲ့ဖူးသော သူ၏ ကလန်မှ အမတော်ပင် ဖြစ်လိမ့်မည်။
ကြည့်ရသည်မှာ သူမက သည်ကို မိတ်ဆွေဖြစ်ရန် လာပုံမရပေ။