← Chapters

စစ်တုရင်ရှန့်ထို၏ ဖိတ်ခေါ်မှု

Vol. 009 Ch. 812

စစ်တုရင်ရှန့်ထို၏ ဖိတ်ခေါ်မှု

Vol. 009 Ch. 812

တော်ဝင်မြေမှ လူများအားလုံးက သုန်မှုန်စွာ စောင့်ဆိုင်း နေကြသည်။ သူတို့က ဝင်္ကပါရှစ်ခုကို ကျော်ဖြတ်ပြီး နောက်ပိုင်း ယခင်လို စိတ်အေးလက်အေး မရှိကြတော့ပေ။ နဝမမြောက် ဝင်္ကပါမှ ပေးသော သင်ခန်းစာကား လောလောလတ်လတ်ပင် ရှိသေးသည်။ စစ်တုရင် ရှန့်ထိုကား ပြည်နယ်ကိုးခုတွင် ဝင်္ကပါပညာ၌ အထူးချွန်ဆုံးလူ ဖြစ်သည်။ သို့တိုင်အောင် သူကား ဤနေရာ၌ ပိတ်လှောင်ခံ ထားရသည်။

“ဟိုမှာ ကြည့်လိုက်” တစ်ယောက်က စစ်တုရင်ရှန့်ထို ပိတ်ဆို့ခံထားရသော နေရာကို လက်ညှိုး ထိုးပြသည်တွင် ဓားဝင်္ကပါနှင့်အတူ ဓားစွမ်းအင်များ၏ ပင်မရင်းမြစ် ဖြစ်သော ဓားမျက်လုံးအား မြင်ကြရသည်။ ဧရာမဓားကား မြေပြင်ကို ထိုးစိုက်ထားပြီး ပတ်ပတ်လည်၌ ရှေးဆန်သော ဓားအငွေ့အသက်များ၊ သွေးရနံ့များ ပြင်းထန်စွာ ရစ်ပတ်ထားသည်။

ထိုအခိုက်တွင်ပင် ဓားထံမှ ဖျတ်ခနဲ လင်းလက်သွားကာ အေးစက်သော အားလှိုင်းတစ်ခု ပတ်ဝန်းကျင်ကို လှိုင်းလေအလား ရိုက်ခတ် သွားသည်တွင် အားလုံးက ကျောချမ်းသွားကြသည်။

သူတို့အားလုံးက ဓား၏ မျက်လုံးအစုံကို မြင်လိုက်ကြရသည်။ ဧရာမဓားကြီး၏ မျက်လုံးအစုံ ဖြစ်သည်။

ချက်ချင်းပင် သူတို့မြင်နေသည်က ဓားတစ်လက် မဟုတ်တော့ဘဲ သက်ရှိ သတ္တဝါ တစ်ကောင်အလား ထင်မြင်လာကြသည်။

“ဒီဓားက အသက်ဝင် နေတာလား၊ ဒါမှမဟုတ် အမြင်မှားနေတာလား” တစ်ယောက်က တီးတိုးပြောသည်။

“မဟုတ်ဘူး မင်းမြင်တာ မမှားဘူး” တစ်ယောက်က ပြန်ပြောသည်။ အားလုံး၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါကြသည်။ သူတို့က ဓားမျက်လုံးအစုံ၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဟု ခံစားကြရသည်။

ထိုအခိုက်တွင် ဓားအလင်းများက သူတို့အနီး ပတ်လည် နေရာတိုင်း၌ ဖြစ်ပေါ်လာတော့သည်။ သူတို့၏အပေါ် ကောင်းကင်၌ တိမ်များက အရောင်ပြောင်းလဲ သွားကာ သွေးမျက်လုံး အစုံရှိသော နေရာမှ မဆုံးနိုင်သော ဓားအသိများ စီးဆင်းလာကာ သူတို့အား ပိတ်ဆို့သည်။

“အခု နောက်ဆုတ်ဖို့ အရမ်း နောက်ကျ သွားပြီလား” တစ်ယောက်က လေးနက်စွာ မေးသည်။ သည်နေရာက သူတို့မြှုပ်နှံရာ နေရာဖြစ်သွားနိုင်သည်ဟု အားလုံးက တွေးမိကြသည်။

ထိုအချိန်တွင် တစ်ယောက်က နောက်ကို တစ်လှမ်း ဆုတ်လိုက်သည်။ တစ်လှမ်းမျှသာ ဖြစ်သော်လည်း ဧရာမဓား၏ အာရုံကို သွားရောက် ဖမ်းစားမိဟန်ရ၏။ ထိုအခိုက်တွင် သူက သူ့ထံကို စိမ့်ဝင်လာသော အေးစက်မှုအား ခံစားလိုက်ရကာ သတ်ဖြတ်ခြင်း အငွေ့အသက်များက သူ့ကို လာရောက် ချိန်ရွယ်သည်ဟု ခံစားရသည်။

“ဟင်”

အတွေးတစ်ခု သူ၏ခေါင်းထဲကို ရောက်လာကာ သူက နောက်ကို မြန်ဆန်စွာ ဆုတ်သည်။ ကောင်းကင်ထက်တွင် ဖြည်းညင်းစွာ ရွေ့လျှားနေသာ ဓားစွမ်းအင်နှင့် ဓားဝင်္ကပါက ရုတ်တရက် သက်ဝင် လှုပ်ရှားလာကာ ဓားတစ်လက်က ပစ်မှတ် တွေ့သွားဟန်ဖြင့် သူ့ထံကို တန်းတန်းမတ်မတ် ကျဆင်းလာသည်။

ဝှီး

ဓားက လေဟာနယ်ကို ဖြတ်သန်းကာ အောက်ကို ကျဆင်းလာသည်။ မိုရှီအဆင့်တွင် ရှိသော တန်ခိုးရှင်ကား အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ဓား၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရကာ အစိတ်အစိတ် အမြွှာမြွှာ ဖြစ်သွားသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်အား သွေးရနံ့များ ပျံ့လွင့်သွား၏။

လူအများ၏ စိတ်နှလုံးများက ပြင်းထန်စွာ တုန်ခါကြသည်။ မည်သူမှ မလှုပ်ရှား ရဲကြတော့ဘဲ ကျောက်ရုပ်အလား ရပ်နေကြတော့သည်။

“ဓားဝင်္ကပါက အရင်ဆုံး တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ခြေလှမ်းတစ်လှမ်း မှားတာနဲ့ သေဖို့ ပြင်ထားပေတော့” စစ်တုရင်ရှန့်ထိုက ပြောသည်။ သူ၏စကားကို ကြားသည်တွင် အားလုံးက ထိတ်လန့် သွားကြသည်။

ခြေလှမ်းတိုင်းက အသတ်ခံရရန် အခွင့်အလမ်းများ ရှိနေသည်။

စစ်တုရင်ရှန့်ထို ကလည်း မှားယွင်းသော ခြေလှမ်းကို လှမ်းမိခဲ့ဟန်တူသည်။ ခြေလှမ်း မှားယွင်းခြင်းက ရှန့်ထို တစ်ပါးကိုပင် ပိတ်မိနေစေသည်။ သူက ချက်ချင်း အသတ်မခံ ရသော်လည်း သည်နေရာမှ မထွက်နိုင်ပါက သေရမည်သာ ဖြစ်သည်။

“ဆရာ၊ ဆရာ့ကို ဒီနေရာက ထွက်နိုင်အောင် ဘယ်လိုလုပ်ပေးရမလဲ” ရန်ရှောင်က မေးသည်။ သူကား မိမိ၏ဘေးရန်နှင့် ပတ်သက်၍ စိတ်မပူဘဲ စစ်တုရင်ရှန့်ထိုကို ကူညီရန်သာ တွေးတော နေမိသည်။

“ငါက ဓားဝင်္ကပါကို စစ်တုရင် ကစားကွက်အဖြစ် ပြောင်းလဲထားပြီးပြီ။ လျူကျောင်းကို ဓားရအောင် ကူညီပေးလိုက်ကြ” စစ်တုရင်ရှန့်ထို၏ မျက်လုံးများက ဓားမျက်လုံး၏ အောက်၌ရှိသော ဧရာမဓားကြီးထံသို့ ရောက်နေသည်။

“ဒီဓားက မရဏတောင်က ဓားတွေအကုန်လုံးကို ထိန်းချုပ်တယ်။ ဓားကို လက်ဝယ်ရရင် ဝင်္ကပါကလည်း ပျောက်သွားလိမ့်မယ် ”

ရန်ရှောင်နှင့် တခြားလူများက ခေါင်းညိတ်ကြသည်။ လျူကျောင်းက သူတို့အား ကျော်ဖြတ်ကာ နတ်နဂါး ကစားကွက်ကို ခြေဖျက်ခဲ့သူဖြစ်ရာ သူတို့အားလုံးထက် စစ်တုရင်ပညာ၌ ထူးချွန်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထို့ကြောင့် သူတို့အား လျူကျောင်းကို ကူညီခိုင်းသည်မှာ မသင့်တော်သော ညွှန်ကြားမှု မဟုတ်ပေ။

သူတို့အားလုံးက လျူကျောင်းကို လှမ်းကြည့် ကြသည်တွင် သူ့နောက်၌ ရွှေ‌ရောင် အလင်းများ ဖြာထွက် လာသည်ကို မြင်ကြရသည်။ သူ့အပေါ်ကို မိုး၍ ရှေးဗုဒ္ဓရုပ်တု တစ်ခုဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်စေသည်။ သူ၏လက်များက ပူးကပ်သွားကာ ပညာရှိခြင်း၏ တံဆိပ်တော် တစ်ခုအသွင် ဖြစ်ပေါ်လာစေ၏။

ရုတ်တရက် လျူကျောင်းကား ပြင်ပလောကမှ အရာခပ်သိမ်းကို နားလည်နိုင်စွမ်း ရရှိသွားကာ လောကဓာတ်များနှင့် ဝင်္ကပါပညာတို့အား ရှင်းလင်းစွာ သိမြင်လာခဲ့သည်။

“ဒီဝင်္ကပါက ရှစ်ထောင့်ဝင်္ကပါနဲ့ ရှေးဓာတ်ငါးမျိုးကို ပိုင်ဆိုင်ပြီးတော့ ကောင်းကင်နဲ့မြေပြင်ကို ဗဟိုထားပြီး ဝင်္ကပါအနေနဲ့ တည်ဆောက် ထားတာပဲ။ မင်းတို့က ဒါကို ဖြေရှင်းဖို့ တတ်စွမ်းသမျှ ဝင်္ကပါပညာကို သုံးဖို့လိုတယ်။ မင်းတို့ရဲ့ အသက်ကို အလဟဿ မဖြစ်စေနဲ့”

စစ်တုရင်ရှန့်ထိုက လူကျောင်းကို လေးနက်စွာ ပြောသည် “လျူကျောင်း၊ မင်းက ဦးဆောင်သူပဲ”

“ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်” လျူကျောင်းက ပြန်ပြောသည်။ ထို့နောက် သူက ရှေ့ကို တစ်လှမ်း တက်လိုက်သည်။ သူ၏ခြေလှမ်းတွင် အလင်းတစ်ချက် ဖြစ်ပေါ်လာပြီး ပြန်လည် မှေးမှိန်သွားသည်။ ထိုနေရာအား လျူကျောင်းက ရယူသွား၏။

“ကောင်းတယ်” လူအများအပြား၏ မျက်လုံးများက အရောင်လက် သွားကြသည်။ ယခု လျူကျောင်းက ခြေလှမ်းအား ထိုမျှ ယုံကြည်မှုဖြင့် လှမ်းခဲ့သည်။ သူက စစ်တုရင်ရှန့်ထို၏ နတ်နဂါး ကစားကွက်ကို ဖြေရှင်းဖူးရာ သည်ဝင်္ကပါနှင့် ရင်းနှီး ကျွမ်းဝင်နေဟန် ရသည်။ သူက သည်နေရာကို ရောက်လာခြင်းမှာလည်း ဝင်္ကပါအား ဖြေရှင်းရန် ဖြစ်ပေသည်။

“အသက်တံခါး” ရီဖူရှင်းက လျူကျောင်း ယူလိုက်သော နေရာကို ကြည့်ကာ ရေရွတ်သည်။ သူက စစ်တုရင် ကျေးရွာ၌ ကတည်းက ဝင်္ကပါပညာအား တစိုက်မတ်မတ် လေ့လာခဲ့ရာ လျူကျောင်း ယူလိုက်သော နေရာကိုလည်း မှတ်မိပေသည်။

“ဦးလေး၊ နက္ခတ္တ သင်္ကေတတွေက အဆိုးနဲ့အကောင်းကို ခန့်မှန်းနိုင်တယ်။ ဦးလေးက ခြေလှမ်းတိုင်းကို တွက်ချက်လို့ မရဘူးလား” ရီဖူရှင်းက ဝမ်ရှင်းကို မေးသည်။ သူတို့နှစ်ယောက်လုံးက တစ်လှမ်းမှ မလှုပ်ရှားကြသေးပေ။

“အဆိုးနဲ့အကောင်းကို သာမန်  ခန့်မှန်းတာက အလုပ်မဖြစ်ဘူး။ ဥပမာ မင်းက ခြေတစ်လှမ်းအတွက် အဆိုးကို ရှောင်ဖယ်နိုင်တယ်ဆိုရင် နောက်ထပ် ခြေလှမ်းတွေကို ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဝင်္ကပါ တစ်ခုလုံးကို ရင်ဆိုင်တဲ့အခါကော ဘယ်လိုလုပ်မလဲ။ ဒါက နက္ခတ္တဗေဒနဲ့ မသက်ဆိုင်ဘူး” ဝမ်ရှင်းက ဆက်ပြောသည်။ “မှန်တယ်၊ ငါတို့က မင်းရဲ့ ဝင်္ကပါပညာနဲ့ နက္ခတ္တဗေဒပညာကို ပေါင်းစပ်နိုင်တယ်၊ ဒီလိုဆိုရင် ငါတို့အတွက် အခွင့်အလမ်း ပိုများနိုင်တယ်”

“ဟုတ်ကဲ့” ရီဖူရှင်းက ခေါင်းညိတ်သည်။ “ဓားက ရွေ့လျားနေတယ်။ ဝင်္ကပါကလည်း အဆက်မပြတ် ပြောင်းလဲနေတယ်။ ဦးလေး ပြောတာမှန်တယ်။ ကျွန်တော်တို့က ဝင်္ကပါတစ်ခုလုံးကို အဖြေရှာဖို့ပဲ ကြိုးစားရမယ်။ ခြေလှမ်းတစ်လှမ်းက ဘာမှ မဟုတ်ဘူး။ ခြေလှမ်းတွေ အတော်များများ ဘေးကင်းကင်းနဲ့ လှမ်းနိုင်ရင်တောင် တစ်လှမ်းမှားရင် အားလုံးသွားပြီပဲ”

တော်ဝင်မြေများမှ လူများက မလှုပ်ရှားကြသေးပေ။ အမှန်တကယ်အားဖြင့် သူတို့က မလှုပ်ရှားရဲကြခြင်း ဖြစ်သည်။ သူတို့က သည်နေရာ၏ အန္တရာယ်ကြီးပုံကို လက်တွေ့  ကြုံတွေ့ပြီးဖြစ်ရာ ယခုအချိန်တွင် နောက်ဆုတ်ရန် မဖြစ်နိုင်တော့သည့်တိုင် နောက်ဆုတ်ရန် အတွေးများသာ ကျန်ရှိတော့သည်။

သို့သော် သူတို့ကား လမ်းတစ်ဝက်ကို ရောက်နေပြီးဖြစ်ကာ နောက်ဆုတ်၍ မရတော့ပေ။ နောက်ဆုံးတွင် မရဏတောင်က အဘယ်ကြောင့် တားမြစ်နယ်မြေ ဖြစ်နေသည်ကို သူတို့အားလုံး နားလည်လိုက်ကြသည်။

လျူကျောင်း ကဲ့သို့သော ရှန့်ထိုသုံးပါးက လက်ထပ် သင်ကြားပေးခြင်း ခံရသော ထူးကဲပါရမီရှင်များ ကသာ အခွင့်အရေး အနည်းငယ် ရှိပေသည်။ တခြားလူများမူကား မည်သို့မှ မဖြစ်နိုင်ပေ။

“မင်းလည်း လာခဲ့ပါ” ပိတ်မိခံနေရသော စစ်တုရင်ရှန့်ထိုက ရီဖူရှင်းကိုလည်း ကြည့်ကာ ပြောသည်။

ရီဖူရှင်းက နတ်ဘုရားအလား ဧရာမကြီးမားသော စစ်တုရင်ရှန့်ထိုအား ကြည့်သည်။

“အရှင်”

သူက စစ်တုရင်ရှန့်ထိုနှင့် တစ်ကြိမ် တွေ့ဖူးရာ ရှန့်ထိုက သူ့အား မှတ်မိသည်မှာ သဘာဝပင်။

“မင်းက နတ်နဂါး ကစားကွက်ကို ဖြေရှင်းဖူးတယ်။ မင်းက ဒီနေရာကို ရောက်လာနိုင်တာ မထူးဆန်းဘူး”

စစ်တုရင်ရှန့်ထိုက ဆက်ပြောသည်။

“မင်းနဲ့လျူကျောင်းက အတူတူ ပူးပေါင်းကြ။ ကျုပ်က ဒီနေရာက ထွက်နိုင်တဲ့အခါ မင်းရဲ့ အကူအညီကို မေ့မှာ မဟုတ်ဘူး”

ရီဖူရှင်းက စစ်တုရင်ရှန့်ထိုကို ကြည့်ကာ ပြန်ပြောသည်။

“လျူကျောင်းနဲ့ ကျွန်တော်တို့က ကိုယ်စီ ကွဲပြားခြားနားတဲ့ အတွေးတွေကို ပိုင်ဆိုင်ကြပါတယ်။ ဒါကြောင့် ဝင်္ကပါကို အဖြေရှာရာမှာ အမှားအယွင်းတွေ ဖြစ်လာနိုင်ပါတယ်။ လျူကျောင်းက ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ပြီး အရှင့်ရဲ့ ဆက်ခံသူလည်း ဖြစ်တယ်။ သူက ဝင်္ကပါကို အဖြေရှာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

သူ၏အသံကား တည်ငြိမ်နေကာ အမှားအယွင်း မရှိပေ။ သူနှင့်လျူကျောင်းတို့က ဝင်္ကပါကို အတူတူ ဖြေရှင်းပါက မည်သူက မည်သူ့ စကားကို နားထောင်မည်နည်း။

ထို့ကြောင့် သူတို့ ပူးပေါင်းရန် မဖြစ်နိုင်ပေ။

ထို့အပြင် လျူကျောင်းက ဝင်္ကပါကို အဖြေရှာရာတွင် လူအများအပြား အသက်များ ဆုံးရှုံးရတော့မည်ကို သူသိထားသည်။ သို့တိုင်အောင် ကစားကွက်ကား ဖြေရှင်းရန် မလွယ်ကူပေ။

စစ်တုရင်ကျေးရွာ၌ နတ်နဂါး ကစားကွက်ကို လျူကျောင်းက ဖြေရှင်းနိုင်ခဲ့သည်မှာ လီခိုင်ရှင်း၏ အမှားရွှေ့ကွက်ကြောင့် ဖြစ်သည်။ မဟုတ်လျှင် ကစားကွက်အား လျူကျောင်းက အမှန်တကယ် အဖြေထုတ် နိုင်မည်လား မည်သူမှ မသိနိုင်ပေ။

ယခု ဓားဝင်္ကပါက နတ်နဂါး ကစားကွက်ထက် အဆမတန် အားကောင်းသည်မှာ သေချာသည်။ ထို့အပြင် တစ်ကွက် မှားခြင်းကလည်း သေခြင်းတရားသာ ရှိ၏။

ဤသို့သော အခြေအနေတွင် မြေရိုင်းပြည်နယ်မှ လူများအား လျူကျောင်း၏ လက်တွင်းသို့ ဝကွက်အပ်ရန်မှာ မဖြစ်နိုင်ပေ။ ရီဖူရှင်း ကိုယ်တိုင်က ဝင်္ကပါကို ရင်ဆိုင်လျှင် သူကိုယ်တိုင် ယုံကြည်မှု မရှိပါက လှုပ်ရှားမည်မဟုတ်ပေ။

ဝင်္ကပါကို အဖြေရှာရန်ထက် မြေရိုင်းပြည်နယ်မှ လူများ၏အသက်က လောလောဆယ် ပိုမို၍ အရေးကြီးပေသည်။

***

All Chapters