← Chapters

ရွှေတုန်းလျှိုနှင့် ထပ်မံဆုံတွေ့ခြင်း

Vol. 84 Ch. 1173

ရွှေတုန်းလျှိုနှင့် ထပ်မံဆုံတွေ့ခြင်း

Vol. 84 Ch. 1173

ခုနစ်ရက်သည် လျှပ်တစ်ပြက် ကုန်ဆုံးသွားခဲ့၏။ မန်ဟို အထွတ်မြတ်ကျွန်း‌ပေါ်က သစ်လုံးအိမ်အပြင်တွင် တရားဟောခြင်းအား နိဂုံးချုပ်လိုက်သည့်အခါ ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများ၊ သားရဲများ၊ ငှက်များ၊ အပင်များနှင့် ငါးများပင်လျှင် ... သူ့တရားပြီးသွားသည့်တိုင် ဉာဏ်အလင်းပွင့်ရာတွင် ဆက်လက်နစ်မြောနေကြပုံရသည်။

မန်ဟိုက ဖြည်းဖြည်းချင်း ထရပ်၍ သူ့ပတ်ပတ်လည်ရှိ ဖြစ်တည်မှုအားလုံးကို ကြည့်လိုက်သည်။ တခဏကြာတွေးပြီးသော် သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ငါတို့က ရေစက်ပါနေမှတော့ မင်းတို့အားလုံးကို နောက်တစ်ကြိမ် ကူညီပေးမယ်"

သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်၀န်းကျင်ရှိ အင်မော်တယ်ချီနှင့် စိတ်ဝိညာဉ်စွမ်းအင်များ တဝုန်းဝုန်း ထကြွလာစေသည်။ ထို့နောက် ၎င်းတို့သည် အထွတ်အမြတ်ကျွန်း၏ မြေဆီလွှာထဲသို့ စိမ့်၀င်၍ ၎င်းကို ထာ၀ရတစ်လျှောက်လုံး အားဖြည့်ပေးနေ‌လိမ့်မည်။

ယခုတွင် ကျွန်းသည် အမှန်စင်စစ် အထွတ်မြတ်မြေတစ်မြေဖြစ်သွားခဲ့လေပြီ။။ လာမည့်နှစ်များတွင် ထိုနေရာ၌ တစ်ရက်ကျင့်ကြံခြင်းက အပြင်တွင် တစ်နှစ်ကျင့်ကြံခြင်းနှင့် တူပေလိမ့်မည်။ ကမ်းစပ်အလွန်ရှိ မြေများအပေါ်တွင်ပင် သက်ရောက်မှုရှိသည်။ သက်ရောက်မှုက သိပ်မကြီးမားသော်လည်း ပတ်၀န်းကျင်တစ်ခုလုံးအား ကျင့်ကြံအားထုတ်ဖို့ အသင့်တော်ဆုံးနေရာတစ်နေရာ ဖြစ်စေသေးလေသည်။

ထိုသို့လုပ်ပြီးသောအခါ မန်ဟိုက သစ်လုံးအိမ်ကို ပြန်ကြည့်ပြီးနောက် လှည့်၍ ပျောက်ကွယ်သွားတော့သည်။ တံခါးက အသေပိတ်သွားခဲ့၏။ အနီရောင်အ၀တ်အစားများနှင့် ရုပ်တုနှစ်ခုသည် တစ်ယောက်ကိုတစ်ယောက် ပြုံး၍ ကြည့်ရင်း ထိုနေရာတွင် ထာ၀ရ တည်ရှိနေလိမ့်မည်။ မည်သူမျှ ၎င်းတို့ကို ဖူးမြော်နိုင်တော့မည်မဟုတ်ပေ။

ယနေ့မှစ၍ အထွတ်မြတ်မြေသည် မည်သူမဆို လာရောက်နိုင်သည့်နေရာ ဖြစ်မည်။ သို့သော် သစ်လုံးအိမ်ထဲကိုတော့ မန်ဟို့ထက် ကျင့်ကြံအဆင့်နိမ့်ကျသော ဘယ်သူမှ မဝင်ရောင်နိုင်တော့ပေ။

မန်ဟိုသည် ကျွန်းမှ ထွက်ခွာ၍ ယခုတွင် မည်သူ့ကိုမှ ဝင်ခွင့်မပြုသည့် တားမြစ်နေရာ‌တစ်‌‌နေရာဖြစ်သော သွေးမိစ္ဆာဂိုဏ်း၏ သွေးမင်းသားလျှိုမြောင်သို့ ရောက်လာခဲ့၏။ ကျွန်းက တောင်ပိုင်းဒေသ၏ အထွတ်မြတ်မြေဆိုလျှင် သွေးမင်းသားလျှိုမြောင်းက သွေးမိစ္ဆာဂိုဏ်းအတွက် အထွတ်မြတ်မြေဖြစ်သည်။

သွေးမိစ္ဆာဂိုဏ်းချုပ်မှာ ဟိုးတစ်ချိန်ကတည်းက တရားထိုင်ရင်း ကွယ်လွန်သွားခဲ့လေပြီ။ မန်ဟိုက သူ့ဂူ၏အရှေ့တွင် ရပ်၍ လက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

သူသည် သွေးမိစ္ဆာဂိုဏ်းတွင် ခုနစ်ရက် နေ၏။ သွေးမိစ္ဆာဂိုဏ်းရှိ မည်သူမှ သူ၏တည်ရှိမှုကို မသိသည့်အတွက် ခုနစ်ရက်မှာ အလွန်တိတ်တိတ်ဆိတ်ဆိတ် ကုန်ဆုံးသွားခဲ့လေသည်။

ထိုအချိန်အတောအတွင်း သူက သူ့သိုလှောင်အိတ်ထဲမှ လင်းနို့နက်ကို ထုတ်လိုက်သည်။ ဝိညာဉ်ဖွေရှာကြည့်သော်လည်း သူ၏လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့်ပင်လျှင် အသုံးတည့်သော အချက်အလက်တစ်စုံတစ်ရာမှ မတွေ့ရှိခဲ့ပေ။ သူသိရသမျှမှာတော့ လင်းနို့နက်က သူ့ကို အငမ်းမရပူးကပ်ချင်နေသည်ကိုသာ ဖြစ်သည်။

ထို့အပြင် ဖောက်ပြန်စိတ်ဝိညာဉ်တစ်ကောင်၏ အငွေ့အသက်ကိုလည်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထို့ကြောင့် စစ်ဆေးပေးဖို့ ကြက်တူရွေးကိုပင် ခေါ်ထုတ်လိုက်ရ၏။

ကြက်တူရွေးက စိတ်၀င်တစား စူးစမ်းပြီးနောက် လင်းနို့နက်သည် သေချာပေါက် ဖောက်ပြန်စိတ်ဝိညာဉ်သွေးဆက်ဖြစ်ကြောင်း ပြော၏။ ထိုအချက်အလက်က လေဟုန်ခွင်းလောကတွင် သွေးခွေးကြီး ပူးကပ်ခဲ့သော ဖောက်ပြန်စိတ်ဝိညာဉ်‌လင်းနို့မှာ အပြည့်အစုံမဟုတ်နိုင်ဆိုသော မန်ဟို၏ သံသယများကို အတည်ပြုလိုက်သည်။ တခဏ တွေးပြီးသော် သူက အလွန်တရာဆာလောင်နေသော သွေးခွေးကြီးဆီ လင်းနို့နက်ကို ပေးလိုက်သည်။

သွေးခွေးကြီးက ဟိန်းဟောက်၍ ၎င်းကို စတင် စုပ်ယူတော့သည်။

ခုနစ်ရက်ကြာသော် မန်ဟိုသည် သွေးမင်းသားလျှိုမြောင်မှ ထွက်လာခဲ့သည်။ သူက ထိုနေရာကိုလည်း အင်မော်တယ်ချီတို့ဖြင့် ကောင်းချီးပေး၍ အထွတ်မြတ်မြေသဖွယ် ကျင့်ကြံအားထုတ်ဖို့အတွက် အတိုင်းထက်အလွန် သင့်တော်သောနေရာတစ်နေရာ လုပ်ပေးလိုက်သည်။ သွေးမင်းသားလျှိုမြောင်းရှိ သစ်လုံးအိမ်ကိုလည်း ချိတ်ပိတ်လိုက်၏။

သူ့မှာ ဘယ်အချိန်မှ ပြန်လာနိုင်မလဲ မသိ၍ သူ ရှုချင်နှင့်အတူ ပြန်လာပါက .... သူ ထွက်ခွာခဲ့စဉ်တုန်းအတိုင်း အကုန်လုံး ရှိနေပါစေရန် မျှော်လင့်မိ၏။

သွေးမိစ္ဆာဂိုဏ်းမှ ထွက်လာပြီးနောက် သူက ရှေးကံကြမ္မာဆိုးဘုရားကျောင်းသို့ သွားကာ ထိုနေရာတွင် ရုပ်တုတစ်ရုပ် ဖန်ဆင်းလိုက်သည်။ ထိုရုပ်တုကား .... သွေးခွေးကြီး၏ ရုပ်တုဖြစ်၏။

သွေးခွေးကြီးသည် သွေးအင်မော်တယ်ကြောင့် ဖြစ်တည်လာခဲ့သော သွေးဝိညာဉ်တစ်ကောင် ဖြစ်၏။ ထိုသွေးအင်မော်တယ်သာ ယခု မန်ဟို့ရှေ့မှောက်သို့ ရောက်လာခဲ့လျှင် သူမအနေဖြင့် သူ့ကို ယှဉ်နိုင်တော့မည်မဟုတ်ပေ။ သို့သော် သွေးခွေးကြီး ၎င်း၏မူလဘိုးဘေးနှင့် ဆက်သွယ်နိုင်အောင် ယခုလို ကူညီပေးခြင်းက သင့်တော်သည်ဟု မန်ဟို ခံစားရလေသည်။

ရုပ်တုကို ကြည့်ပြီးနောက် သွေးခွေးကြီးက ခံစားချက်များ ရှုပ်ထွေးနေသော အမူအရာဖြင့် ရှေးကံကြမ္မာဆိုးဘုရားကျောင်းကို လှည့်ပတ်ကြည့်နေသည်။

နောက်ဆုံးတော့ မန်ဟိုသည် သွေးခွေးကြီးကို သူနှင့်အတူ ခေါ်ရင်း ပြန်လည်မွေးဖွားခြင်းဂူသို့ ထွက်ခွာလာခဲ့၏။

မန်ဟို ပြန်လည်မွေးဖွားခြင်းဂူနှင့် ဝေးကွာနေခဲ့သောကာလတစ်လျှောက် ကျင့်ကြံသူများသည် ထိုနေရာတွင် ပြန်လည်မွေးဖွားဖို့ ကြိုးစားကြစမြဲဖြစ်၏။ ကံဆိုးစွာနှင့် မည်သူမှ မအောင်မြင်ခဲ့သည့် သက်သေအနေဖြင့် အရိုးများက သူ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့စဉ်တုန်းကထက် များပြားနေခဲ့လေပြီ။ သူက ဂူ၏ အတွင်းပိုင်းထဲသို့ လျှောက်လာခဲ့ရင်း ... အရင်တစ်ခေါက်ရောက်ခဲ့တုန်းက သူ ရပ်ခဲ့သော နံရံ၏အရှေ့သို့ ရောက်လာသည်။ သူက မျက်လုံးများ တောက်ပနေလျက် ၎င်းကို လေ့လာကြည့်၏။

သူ့မှာ သူ ထွက်သွားဖို့ ပြင်နေခဲ့တုန်း ဤနေရာတွင် မြင်ခဲ့ရသည့် တံခါးကို ထာဝရတစ်လျှောက်လုံး မေ့နိုင်မည်မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင်ကဲ့သို့အရာတစ်ခု ချက်ချင်း ပျောက်ကွယ်သွားခဲ့သလို ဖြစ်ခဲ့သည်။ သို့သော် မန်ဟိုမှာ သူ ဘာမြင်ခဲ့ရသလဲ မသေချာခဲ့သည်။

ထိုအချိန်က သူ၏ကျင့်ကြံအဆင့်ကြောင့် သူ့မှာ ထိုတံခါး၏ ပဟေဠိကို မဖြေနိုင်ခဲ့ပေ။ သို့သော် ယခုတော့ ထိုနံရံ၏ အရှေ့တွင် သူကား မျက်လုံးများ တောက်ပနေလျက် ရပ်နေလေပြီ။

“ငါ့ရဲ့လက်ရှိကျင့်ကြံအဆင့်အရဆိုရင် သဲလွန်စများ ရနိုင်မလား မသိဘူး... “ သူက ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ရင်း မိုးပြာအလင်းကွန့်မြူးသွားစေသည်။ သူ၏လောကပါလတာအိုအင်မော်တယ်အဆင့်သည် ယခင်ထက်ပို၍ သန့်စင်နေပြီဖြစ်ပြီး တတိယနိဗ္ဗာနသစ်သီးနှင့်ပေါင်းစည်းမှုသည်လည်း ပို၍ပြီးမြောက်နေခဲ့လေပြီ။

သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအား ဖြာထွက်သွားစဉ် သူက နံရံဘက်သို့ လက်ချောင်းကို လှုပ်ရှားလိုက်ကာ မိုးပြာရောင်အလင်းလှိုင်းအား နံရံကို ရိုက်ခတ်၍ တောက်ပစေလိုက်သည်။

သူ နံရံကို စိုက်ကြည့်နေစဉ် ၎င်းသည် အသွင်ပြောင်းစပြုလာ၏။ နံရံမှာ တွန့်လိမ်လူးလွန့်လာပြီး တစတစ ရှေးဟောင်းတံခါးတစ်ချပ် ပေါ်လာသည်။

သို့သော် တံခါးမှာ အစစ်အမှန်နှင့် ပုံရိပ်ယောင်အကြား ကူးလူးနေသကဲ့သို့ မငြိမ်မသက်ဖြစ်နေသည်။ ၎င်းသည် အန္တရာယ်အငွေ့အသက်များကို ထုတ်လွှတ်နေသည့်အပြင် ထိုစွမ်းအားရိုင်းများ သူ့ကိုယ်ထဲ စိမ့်ဝင်လာသည်ကိုပင် မန်ဟို တွေ့လိုက်ရ၏။

တစ်စုံတစ်ယောက်က သူ နားမလည်သော စကားလုံးများဖြင့် အော်ဟစ်ဒေါကန်နေသည့်အလားပင်။ အသံသည် သူနားထဲသို့ သက်ရှိများ တီးတိုးပြောနေသလိုလို ငိုသံသံလိုလို ပဲ့တင်ထပ်လာသည်။ သူက အေးစက်စက် နှာမှုတ်၍ ပြောလိုက်၏။ “စိတ်လှည့်စားမှုနဲ့ အလိမ်အညာတွေ”

သူက တံခါးကို လှမ်း၍ ဖိတွန်းလိုက်ရာ ဝုန်းခနဲ မြည်ဟည်းသွားသည်။ သို့ရာတွင် တံခါးက တုပ်တုပ်မလှုပ်။

ရုတ်တရက် သူ့အနောက်မှ ရှေးဆန်သောအသံတစ်သံ စကားပြောလိုက်သည်ကို ကြားလိုက်ရ၏။ “မင်း တံခါးကို မဖွင့်နိုင်ဘူး....”

အသံက ဗြုန်းစားကြီး ပြောလိုက်ခြင်းဖြစ်ပြီး မန်ဟိုမှာ လက်ရှိကျင့်ကြံအဆင့်ဖြင့်ပင် သူ့နောက်တွင် လူတစ်ယောက်ယောက် ရောက်လာခဲ့သည်ကို သတိမထားမိခဲ့ပေ။

သူက လှည့်၍ ကြည့်လိုက်ရာ အဘိုးအိုတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ အဘိုးအိုတွင် တန်ခိုးရှင်တစ်ဦး၏ အသွင်အပြင်ရှိပြီး မန်ဟို့ကို ကြည့်ကာ ပြုံးနေ၏။

မန်ဟိုမှာ ပင့်သက်ရှိုက်မိလိုက်သည်။ ဤအဘိုးကြီးကို သူ ချက်ချင်း မှတ်မိလိုက်လေသည်။ ထိုလူသည် တစ်ခါက သူ့ပန်းချီကို ရေးဆွဲပေးခဲ့သော အဘိုးအို .... ရွှေတုန်းလျှိုမှတစ်ပါး အခြားမဟုတ်ပေ။

"စီနီယာ ရွှေတုန်းလျှို"

"မင်း အဲ့ဒီ့တံခါးကို မဖွင့်နိုင်သလို မဖွင့်ရဘူး" ရွှေတုန်းလျှိုက လေးစားမှုတို့ပြည့်သျှံနေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်ရင်း ပြောသည်။

"အဲ့ဒီနောက်မှာ ဘာရှိနေတာလဲခင်ဗျ" မန်ဟိုမှာ ရွှေတုန်းလျှို ဘာကြောင့် ဤနေရာတွင် ရှိနေသလဲ အချိန်ကုန်ခံစဉ်းစားမနေပေ။ လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ရွှေတုန်းလျှိုသည် သူ့မှတ်ဉာဏ်ထဲတွင် တည်ရှိသော မည်သူမဆို ကျီမျိုးနွယ်စု၏ ကံကြွေးဖြင့် သုတ်သင်ခြင်းမခံရနိုင် ဟု ပြောခဲ့၏။ ထိုစဉ်ကတည်းက ထိုကဲ့သို့ အစွမ်းမျိုးကို ပိုင်ဆိုင်ထားခြင်းအရ ရွှေတုန်းလျှို၏ ကျင့်ကြံခြင်းအခြေခံ မည်မျှ မယုံနိုင်လောက်အောင် အစွမ်းထက်သလဲ သက်သေပြခဲ့ပြီးလေပြီ။

အမှန်တွင် လက်ဆုပ်လက်ကိုင်ပြစရာမရှိသော်လည်း ရွှေတုန်းလျှိုသည် သူထင်ထားသည်ထက်ပင် ပို၍အစွမ်းထက်ကြောင်း မန်ဟို ပြောနိုင်၏။

"အဲ့ဒီတံခါးက နောက်တစ်ကမ္ဘာကို ဦးတည်နေတာ" ရွှေတုန်းလျှိုက ဖြည်းဖြည်းချင်း ရှင်းပြသည်။ "မင်း တစ်ချက်လောက် ကြည့်ချင်သလား" သူ လက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးပေါ်တွင် ဝဲတစ်ဝဲ ပေါ်လာသည်။ "ဝဲပေါ်ကို မင်းလက် တင်လိုက်။ ဒါဆို မြင်ရလိမ့်မယ်"

မန်ဟို့မျက်လုံးများ အရောင်လက်သွားသည်။ တခဏစဉ်းစားပြီးသော် သူက လက်ကို ဆန့်၍ ဝဲပေါ် တင်လိုက်သည်။ သူ ၎င်းကို ထိလိုက်လျှင် သူ့အမြင်များ ဝေဝါးသွား၏။

ပြန်လည်ရှင်းလင်းလာသောအခါ ကြယ်တာရာကောင်းကင်တစ်ခုကို ကြည့်နေရကြောင်း သူ တွေ့လိုက်ရသည်။ ကြယ်တာရာကောင်းကင်သည် ကြီးမားကျယ်ပြန့်၍ အတိုင်းအဆမဲ့ပြီး မည်သည့်တောင်ပင်လယ်မှ၊ မည်သည့်ဂြိုဟ်မှ ရှိမနေပေ။ ၎င်းက အကန့်အသတ်မရှိသော အနန္တဟင်းလင်းပြင်တစ်ခုသာ ဖြစ်ပြီး ထိုအထဲတွင် ဧရာမ လိပ်ပြာကြီးများကို မန်ဟို မြင်လိုက်ရသည်။ လိပ်ပြာများမှာ ဖော်ပြမတတ်အောင် ကြီးမားလှသဖြင့် ၎င်းတို့၏ တောင်ပံများပေါ်တွင် ကမ္ဘာများ တည်ရှိနေလေသည်။

ကမ္ဘာများသာမဟုတ် ကျင့်ကြံသူများလည်း တည်ရှိနေသည်။

လိပ်ပြာကြီးများ ကြယ်တာရာကောင်းကင်ကို ဖြတ်၍ ပျံသန်းလာစဉ် ၎င်းတို့နောက်တွင် ဆန့်တန်းနေသော မျဉ်းကြောင်းများကို မြင်ရနိုင်၏။ ထိုမျဉ်းကြောင်းများက ၎င်းတို့ ဆွဲလာနေသော ဧရာမမြေထုကြီးတစ်ခုနှင့် ဆက်သွယ်နေလေသည်။

ထိုမြေထုကြီးက လူတစ်ယောက်၏ ပုံသဏ္ဌာန်ရှိသည်။

လိပ်ပြာများသည် မြေထုကြီးကို ဆွဲ၍ ပျံသန်းနေကြပြီး ၎င်းတို့ဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းလာနေစဉ် ကြယ်တာရာများကြေမွ၍ ကောင်းကင်ဘုံများ ပြိုကွဲကုန်ရလေသည်။

ကမ္ဘာလောက၏ ပုံရိပ် ပျောက်ကွယ်ပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည့်အခါ မန်ဟိုမှာ အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ တံခါးက နံရံပေါ်တွင် ရှိနေဆဲဖြစ်သော်လည်း ဝဲကား ပျောက်သွားခဲ့လေပြီ။

"သူတို့ ဒီကို မကြာခင် ရောက်လာတော့မယ်....." ရွှေတုန်းလျှို၏အသံက ပြန်လည်မွေးဖွားခြင်းဂူတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

"သူတို့က ကောင်းကင်ဘုံ ၃၃ ခုရဲ့ အပြင်ကနေ လာနေကြတာ။ သူတို့ တောင်ကောင်းကင်ဂြိုဟ်ကို ရောက်လာရင် တောင်ကောင်းကင်ဂြိုဟ်ဟာ အပြတ်ရှင်းခံရလိမ့်မယ်။ အဲ့ဒီအခိုက်အတန့်မှာ .... ကပ်ဘေးကြီး စပြီ" မန်ဟိုပြန်လှည့်ကြည့်လိုက်ရာတွင် ရွှေတုန်းလျှိုသည် ပျောက်ကွယ်သွားခဲ့ပြီး သူ့အသံ၏ ပဲ့တင်သံများကိုသာ ကြားရတော့၏။

မန်ဟိုမှာ ဖြည်းဖြည်ချင်း ပျောက်ကွယ်နေသော တံခါးကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေမိသည်။ နံရံသည် နဂိုအတိုင်းပြန်ဖြစ်သွားပြီး မန်ဟိုမှာတော့ အတွေးထဲတွင် နစ်မြောလျက် ရပ်ကျန်ခဲ့လေသည်။

တောင်ပင်လယ်လောက၏ သမိုင်းကြောင်းနှင့် ပက်သက်၍ များစွာ သိထားသည့်အတွက် မန်ဟိုသည် ၎င်း ပျက်သုန်းခြင်းကပ်ဘေးကြီးကို ရင်ဆိုင်နေရကြောင်း သိသည်။ ၎င်းက သူ့သိုလှောင်အိတ်ထဲရှိ ကြေးမုံနှင့် တစ်ခုခု ပက်သက်နေသည်ကိုလည်း သူ ကောင်းကောင်း သိထားသည်။

"လာနေပြီဆိုတော့ ပုန်းနေလို့မရဘူး...." သူက ရေရွတ်လိုက်သည်။ "ဒါပေမဲ့ အဲ့ဒီအချိန်မတိုင်ခင် အစွမ်းထက်အောင် လုပ်ထားဖို့ အချိန်ရသေးတယ်" ထို့နောက် သူက မျှော်လင့်ချက်နေသော မျက်၀န်းများဖြင့် ရှေးဟောင်းတာအိုရေကန်များ ရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

တာအိုရေကန်များ၏အောက်တွင် သူ အလွန်တရာ သွားချင်နေသော နတ်မီးတောက်ကမ္ဘာ ရှိသည်။ သူသည် ယခင်တစ်ခေါက် ထိုနေရာသို့ ရောက်ခဲ့စဉ်တုန်းက နတ်မီးတောက်အဆီအနှစ်အနည်းငယ်ကို ထုတ်ယူဖို့ အသက်ဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရ၏။ ထိုနတ်မီးတောက်အဆီအနှစ်က သူ့ဝှက်ဖဲများထဲက တစ်ချပ် ဖြစ်လာခဲ့သည်။

ယခု ထိုရှေးဟောင်းတာအိုရေကန်များနှင့် နတ်မီးတောက်ကမ္ဘာသို့ သူ ထပ်မံသွားရောက်ပေမည်။ ဤ‌တစ်ခေါက်တွင် …. နတ်မီးတောက်အဆီအနှစ်လေးကိုသာ ထုတ်ယူမည်မဟုတ်၊ ရနိုင်သမျှ ယူဖို့ ပြင်ဆင်ထားသည်...

သူ့အတွက် ၎င်းက သူ၏ အတိုက်အခိုက်စွမ်းရည်ကို အဆပေါင်းများစွာ မြှင့်တင်နိုင်သည့် နေရာတစ်နေရာ ဖြစ်လေသည်။

မန်ဟိုသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလျက် ပြန်လည်မွေးဖွားခြင်းဂူထဲမှ ထွက်လာခဲ့၏။ သူနှင့် သွေးခွေးကြီးက အမြန်ဆုံးနှုန်းဖြင့် လေကိုခွင်းသွားသော အလင်းတန်းများအသွင် ပြောင်းသွားကြသည်။ ဝေဟင်တွင် တိမ်တိုက်များ တုန်ခါ၍ အရောင်အဝါများ လင်းလက်သွားပြီး အသက်ရှူချိန်အနည်းငယ်ကြာသောအခါ သူကား ရှေးဟောင်းတာအိုရေကန်များ၏ အနီး၌ ပေါ်လာခဲ့လေပြီ။

သူသည် ရေကန်များကို ငုံ့ကြည့်ပြီး သူ၏ မျက်လုံးများက အကြီးဆုံးကန်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် သူက မျက်လုံးများ စူးရှ‌တောက်ပနေလျက် ကြယ်တံခွန်ကြီးသဖွယ် ကောင်းကင်မှ ထိုးဆင်း၍ အလယ်ကန်သို့ တဟုန်ထိုး ဦးတည်သွားသည်။

နီးသထက် နီးလာလေပြီ။

All Chapters