← Chapters

လုရွှမ်းယင်

Vol. 19 Ch. 261

လုရွှမ်းယင်

Vol. 19 Ch. 261

လက်ထဲတွင် ဓားတစ်လက် ကိုင်ဆောင်ထားသော အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုလေးသည် တောင်ပေါ်ရှိ စမ်းချောင်းဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်း လာနေသည်။ များစွာသော တပည့်များက ကြောက်ရွံ့ခြင်း လေးစားခြင်းတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူမအား တစ်ယောက်ပြီး တစ်ယောက် လမ်းဖယ် ပေးလိုက်ကြသည်။ သူတို့အားလုံး ထိုမိန်းမပျိုလေးဆီမှ နက်ရှိုင်းသော ဓားချီများကို ခံစားမိပေသည်။

ထို့ပြင် သူမ၏ ခါးတွင် စည်းနှောင်ထားသော ရွှေရောင်ခါးစည်းက သူမ၏ အဆင့်အတန်းကို ဖော်ပြနေသည်။

ရွှေရောင် ခါးစည်းနှင့် အတွင်းတောင် တပည့် …

အပြင်ဘက်တွင် သင်ကြား ပို့ချပေးရန် များသောအားဖြင့် အနက်ရောင် ခါးစည်းအဆင့်ရှိ တပည့်များသာလျှင် အပြင်ဘက်တောင်သို့ လာရောက်လေ့ ရှိကြသည်။ အဆင့်အတန်းနှင့် ပတ်သက်၍ အပြင်ဘက်တောင်မှ တပည့်များ အနေဖြင့် အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုနှင့် တွေ့ဆုံခွင့်ရရန် အလွန် ဝေးကွာလှပေသည်။

သို့သော်လည်း အနက်ရောင် ဝတ်စုံနှင့် မိန်းမပျိုသည် ပတ်ဝန်းကျင်ရှိ တပည့်များ၏ အကြည့်များကို ဂရုမစိုက်ပေ။ သူမ၏ မျက်လုံးထဲတွင် အေးစက်မှုနှင့် မောက်မာမှုများသာ ရှိနေပေသည်။ မည်သည့် အပြင်ဘက်တောင် တပည့်မဆို သူမ တစ်ချက် ကြည့်ရန်ပင် မထိုက်တန်ချေ။

သူမက ဆက်လက် လျှောက်လှမ်း လာခဲ့ပြီး အဆုံးတွင် ဇူယွမ်နှင့် ဂူဟွမ်ဂျီတို့ ရှိနေသော နေရာသို့ ရောက်လာခဲ့သည်။

ဇူယွမ်က သတိထားပြီး သူမကို စိုက်ကြည့် လိုက်သည်။ ထိုအမျိုးသမီးက လုဖန်း၏ ကလန်မှ အစ်မတော် ဖြစ်သည်။ သူမက ရုတ်တရက် သည်နေရာသို့ ရောက်လာခဲ့သည်။ ထိုသို့ ရောက်လာ ခဲ့သည်မှာ မိတ်ဆွေ ဖွဲ့ရန်တော့ မဖြစ်နိုင်ပေ။

သို့သော်လည်း လုရွှမ်းယင်ဟု ခေါ်သော ထိုမိန်းကလေးသည် သူအား အမူမထားဟန်ဖြင့် တစ်ချက်မျှကြည့်ကာ ဂူဟွမ်ဂျီကို လှမ်းကြည့်လိုက်သည်။

သူမ၏ အေးစက်စက် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် သူမက ဂူဟွမ်ဂျီ၏ လက်ကို ဆွဲကိုင်ကာ ပြုံးလျက် ပြောလိုက်သည် “ဟွမ်ဂျီ ညီမလည်းပဲ ကန်ရွှမ်းကလန်ကို လာမယ်လို့ လုဖန်းက အစ်မကို ပြောပြကတည်းက ညီမနဲ့ တွေ့ချင်နေခဲ့တာ။ ကောင်းလိုက်တာ ညီမသာ အတွင်းတောင် တပည့်ဖြစ်လာခဲ့ရင် အစ်မတို့ မကြာခဏ တွေ့လို့ရပြီ”

ဂူဟွမ်ဂျီက သူမ၏ စိတ်လိုလက်ရ ပြုမူနေမှုကို အနည်းငယ် သဘာဝမကျဟု ခံစားမိပေသည်။ သူမငယ်ရွယ်စင် အခါက သူတို့၏ ကလန်နှစ်ခုကြားတွင် ရင်းနှီး ကျွမ်းဝင်မှုများ ရှိခဲ့ကြောင်း သူမသိပေသည်။ သို့သော်လည်း ထိုခံစားချက်များမှာ လုရွှမ်းယင် ကန်ရွှမ်းကလန်သို့ လေ့ကျင့်ရန် သွားရောက်စဉ် ကတည်းက လျော့ပါးသွားပြီ ဖြစ်သည်။

ထိုကြောင့် သူမကိုယ်တိုင်လည်း ထိုသို့ ရုတ်တရက် ရင်းနှီး ကျွမ်းဝင်ဟန်ဖြင့် လာရောက် နှုတ်ဆက်သည့်အခါ မည်သို့ ပြုမူရမည်မှန်း မသိတော့ချေ။

ဂူဟွမ်ဂျီက သူမ၏ လက်ကို အသာအယာ ပြန်ဆွဲယူလိုက်ပြီး “အစ်မတော်လုက ဘာအကြောင်းကြောင့် အတွင်းတောင်ကနေ ရုတ်တရက် ထွက်လာရတာလဲ ရှင့်”

လုရွှမ်းယင်က အသာအယာ ရယ်မောလိုက်ပြီး “ဘာလို့လဲဆိုတော့ ညီမ ဒီမှာ ရောက်နေတယ် ကြားလို့ တွေ့ရအောင် လာခဲ့တာလေ။ အစ်မ အစောတုန်းက လုဖန်းကိုလည်း ခေါ်ထားပြီးသွားပြီ အစ်မတို့သုံးယောက် ခဏလောက် ဆုံကြမလား။ လုဖန်းနဲ့ ညီမ ငယ်ငယ်တုန်းက ရင်းရင်းနှီးနှီး ရှိခဲ့တာ အမှတ်ရမိတယ်”

ဂူဟွမ်ဂျီက ချက်ချင်းပင်  မျက်မှောင် ကြုတ်လိုက်သည်။ သူမက ဉာဏ်ထက်သော သူတစ်ယောက် ဖြစ်သဖြင့် လုရွှမ်းယင် သည်နေရာသို့ ရောက်လာခဲ့သည်မှာ ဇူယွမ်အတွက် မဟုတ်ဘဲ သူမကြောင့်သာ ဖြစ်ကြောင်း နားလည်လိုက်သည်။

သူမ၏ ထင်မြင်ချက်မှာ အတိအကျပင် ဖြစ်သည်။ လုရွှမ်းယင် သည်နေရာသို့ လာရောက်ခြင်းမှာ ဂူဟွမ်ဂျီနှင့် လုဖန်းတို့ အကြား ကောင်းမွန်သော ဆက်ဆံရေး ရရှိအောင် အခွင့်အရေး လာရောက်ဖန်တီးခြင်း ဖြစ်ပေသည်။

ဂူဟွမ်ဂျီ ကြီးပြင်းလာသည်နှင့် အမျှ လုဖန်းနှင့် တဖြည်းဖြည်း ဝေးကွာလာပြီး အခြား တောကြိုအုံကြားရှိ တိုက်ကြီးမှ လာသော တောသားမြို့တက် တစ်ယောက်နှင့် ရင်းရင်းနှီးနှီး ရှိနေကြောင်း သူမသိခဲ့ရသည်။ ထိုအရာမှာ လုရွှမ်းယင် အတွက် လက်သင့်ခံရန် အတော်ပင် ခက်ခဲပေသည်။ ဂူကလန်၏ အကြီးအကဲအိုကြီး တစ်ယောက်မှာ ကန်ရွှမ်းကလန် ဟုန်ယာ တောင်ထွတ်၏ ထင်ရှားသော ဆရာသခင် ဖြစ်ပေသည်။ လုဖန်းနှင့် ဂူဟွမ်ဂျီတို့သာ စုံမက်ခဲ့ကြပါက သူတို့ လုကလန် အတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိမည် ဖြစ်သည်။

ထိုအရာထက် ပိုပြီး အရေးကြီးသည်မှာ ဓားကပ်ဘေး တောင်ထွတ်၏ ဆရာသခင်ပင် သူမအား ထိုကိစ္စနှင့် ပတ်သက်၍ ကိုယ်တိုင် လာရောက် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

လုရွှမ်းယင်၏ အမြင်တွင် လုဖန်းက သာလွန်သော စွမ်းရည် ရှိသောကြောင့် ပါရမီရှိသော ဂူဟွမ်ဂျီနှင့်သာ လိုက်ဖက်ပေသည်။ သို့သော်လည်း ယခုချိန်တွင် သူတို့နှစ်ယောက်ကြား တောကြိုအုံကြားမှ လာသော အကောင် တစ်ကောင်က ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟု ကြားသိခဲ့ရသည်။ ထိုကြောင့် သူမ၏ ကျင့်ကြံချင်းကို ဘေးဖယ်ထားပြီး လုဖန်းနှင့် ဂူဟွမ်ဂျီတို့ နီးစပ်အောင် ဆောင်ရွက်ပေးရန် အပြင်ဘက်တောင်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဂူဟွမ်ဂျီက ခေါင်းယမ်းလိုက်ပြီး အခက်အခဲ ရှိနေဟန်ဖြင့် ပြန်လည် ပြောလိုက်သည် … “အစ်မတော်လု တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက နီးကပ်လာပြီ။ ကျွန်မရဲ့ စိတ်ထဲမှာ လေ့ကျင့်မှုကိုပဲ အာရုံစိုက်ချင်တယ်”

လုရွှမ်းယင်က ပြုံးလိုက်ကာ “အဲဒါဆိုရင် အနားယူဖို့လည်း အရေးကြီးတယ် လေကွယ်။ အချိန်ခဏလောက် အနားယူ လိုက်တာက ညီမရဲ့ လေ့ကျင်မှုကို မထိခိုက်စေ လောက်ပါဘူး”

ဂူဟွမ်ဂျီက စတင်ပြီး ခေါင်းကိုက် လာသည်ဟု ခံစားလိုက်ရသည်။ သည်မိန်းမမှာ အမှန်ပင် ပြောဆိုရ ခက်ခဲလှပေသည်။ သူမက နောက်တစ်ကြိမ် ထပ်၍ ငြင်းပယ်ရန် ကြိုးစားလိုက်သည် “ကျွန်မက ဇူယွမ်နားမှာ သိမ့်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့် နေရတာပါ။ နေ့တိုင်း သူ့မှာ သတ်မှတ်ထားတဲ့ အချိန်ရှိတယ်။ အဲဒါကြောင့် ကျွန်မတကယ် မအားလို့ပါ”

လုရွှမ်းယင်မှာ ခဏမျှ ကြောင်အ သွားပြီးနောက် သူမ၏ မျက်ဝန်းတွင် ငွေရောင် အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားခဲ့ကာ ဇူယွမ်ထံသို့ လှမ်းကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး “ဒီတစ်ယောက်က မောင်လေးဇူယွမ် ထင်တယ်။ အတွင်းတောင်မှာ တောင်မှ မောင်လေးရဲ့ သတင်းတွေ ပျံ့နှံ့နေတာကို အစ်မကြားခဲ့သားပဲ”

ဇူယွမ်က မည်သည့်စကားမှ မဆိုဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

လုရွှမ်းယင်က ပေါ့ပေါ့တန်တန်သာ ပြောလိုက်သည် “မောင်လေးဇူယွမ် ဒီနေ့တစ်နေ့ ဟွမ်ဂျီကို ဒီတစ်ချိန် အနားပေး လိုက်ရင်ရော ဘယ်လိုလဲ။ နောက်တော့မှ တစ်ခါပြန်ချိန်းပေါ့ကွယ်။ အဲဒီလို အဆင်ပြေတယ်မလား”

သူမမှာ ပြုံးလျက်ရှိသည်။ သူမအနေဖြင့် ရနိုင်မလားဟု မေးလိုက်သော်လည်း သူမ၏ လေသံတွင်အား သူမဆုံးဖြတ်သည့် အတိုင်း သည်ကိစ္စ ဖြစ်ရမည်ဟု မှတ်ယူထားကြောင်း ပြသနေသည်။

ဇူယွမ်၏ အမူအယာမှာ ယခင်အတိုင်းသာ ရှိနေပြီး မျက်လုံးများကို မှေးစင်းကာ ဖြေလိုက်သည် “နေ့စဉ် လေ့ကျင့်မှုတွေက သူ့အချိန်နဲ့သူ ပြည့်နှက်နေတာ။ သူမသာ ဒီနေ့သင်ခန်းစာကို လွဲချော်သွားရင် သူနောက်ထပ် တစ်ရက် စောင့်ရမယ်။ သည်နေရာမှာ မူလကျင့်စဉ် လေ့ကျင့်တဲ့ သူတွေ အများကြီးရှိတယ် ဒါကြောင့်မို့လို့ အချိန်တွေက ပြင်ဆင်လို့ မရဘူး”

လုရွှမ်းယင်၏ မျက်နှာပေါ်မှာ အပြုံးမှာ အေးခဲ သွားတော့သည်။ သူမ၏ အဆင့်အတန်းဖြင့် ဆိုပါက အပြင်ဘက်တောင် တပည့်ဖြစ်သော ဇူယွမ်အနေဖြင့် သူမ၏ ဆန္ဒကို လိုက်လျောလိမ့်မည်ဟု အစောပိုင်းက ယုံကြည်နေခဲ့သည်။ တကယ့်ကို သည်ကိစ္စက သေးငယ်သော ကိစ္စလေးပင် ဖြစ်သည်။ သို့သော်လည်း ဇူယွမ်က သူမ တွေးမထင် ထားမိလောက်အောင် မာနကြီးပြီး မောက်မာပေသည်။

“မောင်လေး ဇူယွမ်က တကယ့်ကို ထူးခြားတဲ့ သူတစ်ယာက်ပဲ” လုရွှမ်းယင်က သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။

သူမက ဇူယွမ်ကို အမှုမထားဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ လုဖန်းက သူမကို သူနှင့် ဇူယွမ်အကြားရှိ သဘောထား ကွဲလွဲမှုများကို ပြောပြပြီး ဖြစ်သည်။ သို့သော်လည်း  လုဖန်းနှင့် လုရွှမ်းယင် နှစ်ယောက်လုံးမှာ ထိုကိစ္စကို သူတို့ စိုးရိမ်ရန်ပင် မထိုက်တန်ဟု ထင်နေကြသည်။

ဇူယွမ်က တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် ပထမနေရာကို လုဖန်းထံမှ လုယူမည်ဟု ကြေညာခဲ့သော အချိန်နှင့် သူမက အားပါးတရပင် ရယ်မိ လိုက်သေးသည်။ ထိုတောကြိုအုံကြားမှ လာသည့်ကောင်က သူ၏ စွမ်းရည်ကို အမှန်ပင် အများကြီး မျှော်လင့် ထားပေသည် …

သူမ၏ မျက်လုံးထဲတွင် မူလစဦး ပထမအဆင့်သာ ရှိသော ဇူယွမ်မှာ လုဖန်းအား စိန်ခေါ်ရန်ပင် မထိုက်တန်ချေ။

ထို့ကြောင့်လည်း သူမက ဇူယွမ်ကို ဂရုမစိုက်ဘဲ သည်နေရာသို့ ဂူဟွမ်ဂျီနှင့်သာ တွေ့ဆုံရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ အမြင်တွင် ဇူယွမ်မှာ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတွင် လုဖန်း၏ ခြေထောက်အောက်၌ အရှက်တကွဲ အနင်းချေခံရမည့် ကောင်လေး တစ်ယောက်သာ ဖြစ်သည်။

သို့သော်လည်း သူမ မျှော်လင့် မထားမိသည်က သည်တောကြိုအုံကြားမှ ကောင်က သူမကို အနည်းငယ်မှပင် မျက်နှာသာ မပေးခြင်း ဖြစ်သည်။

ဇူယွမ်က ခေါင်းခါ ယမ်းလိုက်ပြီး “ကျွန်တော်က စည်းမျဉ်း စည်းကမ်း အတိုင်းပဲ လုပ်ပါတယ်။ စည်းမျဉ်း စည်းကမ်းက မည်သူ့အပေါ်မဆို အတူတူပါပဲ။ ဒါကြောင့် အစ်မတော်လု အနေနဲ့ ကျွန်တော့်ကို အပြစ်မမြင်ဖို့ မျှော်လင့်ပါတယ်”

သူ၏ လေသံမှာ တည်ငြိမ်နေပြီး အလေးအနက် ထားကာ ပြောဆိုနေခြင်း ဖြစ်သည်။

သို့သော်လည်း လုရွှမ်းယင်က ထိုသို့ မတွေးထင်ပေ။ သူမက ဇူယွမ်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သူမ၏ မူလချီများက စတက်ပြီး တလိပ်လိပ် ထိုးတက် လာခဲ့သည်။ ထိုအရာမှာ အားနည်းသည်ဟု ထင်ရ သော်လည်းပဲ အလွန်အမင်း ထက်ရှသော ဓားတစ်ချောင်း၏ အော်ရာ အရှိန်အဝါများ ထွက်ပေါ်လာ သလိုပင် ဖြစ်သည်။

ထိုဖိအားများက ဇူယွမ်ဆီ ဦးတည်သွားခဲ့သည်။

“အစ်မတော်လု”

ဂူဟွမ်ဂျီက ချက်ချင်းပင် ဇူယွမ်၏ အရှေ့တွင်  ပိတ်ရပ်လိုက်သည်။ ထိုနောက် မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေသော လေသံဖြင့် ပြောလိုက်သည် “အစ်မတော်။ ဒါဘာလုပ်တာလဲ”

လုရွှမ်းယင်က ခဏမျှ ကြောင်အသွားခဲ့သည်။ ထိုနောက် သူမက ဂူဟွမ်ဂျီ ဒေါသ ထွက်နေသည်ကို မြင်သောအခါ သူမ၏ ဓားချီများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး စိတ်မကောင်း ဖြစ်နေဟန်ဖြင့် ပြောလိုက်သည် “ဟွမ်ဂျီ … တကယ် ငါနဲ့ မလိုက်ခဲ့ချင်ဖူးပေါ့”

ဂူဟွမ်ဂျီက ပြတ်ပြတ်သားသားပင် ပြောလိုက်သည် “ကျွန်မ အခုတလော လေ့ကျင့်တဲ့ ကိစ္စတွေနဲ့ အလုပ်များနေတယ် ဒါကြောင့် ကျွန်မ တခြားကိစ္စတွေမှာ စိတ်မပြန့်ချင်ဘူး”

သို့သော်လည်း သူမက လုရွှမ်းယင် လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်သည်ကို သိပေသည်။ ထို့ကြောင့် သူမက ညှိနှိုင်းလိုက်သည် “အဲဒါက အစ်မအတွက် တကယ် အဆင်မပြေဘူး ဆိုရင် တောင်ထွတ် ရွေးချယ်မှု အခမ်းအနား ပြီးတဲ့နောက် ကျွန်မတို့ ဆုံတွေ့ဖို့ အချိန်တွေ ရှိလာနိုင်ပါတယ်”

သည်စကားများက ဂူဟွမ်ဂျီ၏ နောက်ဆုံး လိုက်လျောချက် ဖြစ်မှန်း လုရွှမ်းယင် သဘောပေါက်ပေသည်။ ထိုကြောင့် သူမက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ ဒါဆိုလည်း တောင်ထွတ် ရွေးချယ်မှု အခန်းအနားပြီးတဲ့ အချိန်အထိ အစ်မ စောင့်ပေးပါမယ်။ စိတ်မပူပါနဲ့ ဒီခမ်းနား ကြီးကျယ်တဲ့ ပွဲတော်ကို တက်ရောက်ဖို့ အတွက် အစ်မ ဒီမှာပဲ ရှိနေမှာပါ”

ပြောပြီးသည်နှင့် သူမက တစ်ဖက်သို့ လှည့်ကာ ထွက်သွား လိုက်လေသည်။

လှည့်ထွက်သွားစဉ် အတွင်း သူမက အေးစက်သော အကြည့်ဖြင့် ဇူယွမ်အား စိုက်ကြည့် သွားပေသည်။

အားလုံး၏ အာရုံစိုက်နေသော အကြည့်များ အောက်တွင် လုရွှမ်းယင်က တောင်ပေါ်ရှိ စမ်းချောင်းမှ ထွက်ခွာ လာခဲ့ပြီးနောက် ပုံမှန်အတိုင်း အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လုဖန်းရှိနေရာ တောင်ခြေ တစ်နေရာသို့ ရောက်လာခဲ့သည်။

လုရွှမ်းယင် တစ်ယောက်တည်း ရောက်လာသည်ကို မြင်လိုက်သည်နှင့် လုဖန်းမှာ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး “ဟွမ်ဂျီက လိုက်မလာဘူးလား”

လုရွှမ်း၏ မျက်နှာအမူအယာမှာ ခက်ထန်သွားပြီး အေးစက်စက် အလင်းတန်းက သူမ၏ မျက်လုံးအစုံတွင် ယှက်သန်းသွားကာ အေးစက်စွာ ပြောလိုက်သည် “အဲဒီမှာရှိနေတဲ့ ကောင်လေးက တကယ်ကို မုန်းစရာ ကောင်းတာပဲ”

သူမက ဇူယွမ်ပေါ်တွင် အပြစ်ပုံချနေခြင်းသာ ဖြစ်သည်။

“လုဖန်း … တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ နင်အခွင့်အရေး ရရင် သူ့ကို မသန်စွမ်း ဖြစ်အောင် လုပ်လိုက်စမ်းပါ”

“သူ့ကို ငါ ရွာက တက်လာတဲ့ အမှိုက်ကောင်က ရွာကလာခဲ့သလိုပဲ လိမ်လိမ်မာမာ နေသင့်ပြီး အသားစားဖို့ အိပ်မက် မက်နေတာကို ရပ်လိုက်ဖို့ အသိပေးချင်တယ်”

သူမ၏ အသံက အမှန်ပင် အေးစက်နေသည်။

လုဖန်းက ခေါင်းညိတ်လိုက်ပြီး တောင်ပေါ်ရှိ စမ်းချောင်းလေး ဆီသို့ မကောင်းသော လက္ခဏာနှင့် လှမ်းကြည့်လိုက်သည်။

“စိတ်မပူပါနဲ့။ အချို့လူတွေက သူဘယ်တော့မှ အပြစ်ပြုလို့ မရတဲ့လူတွေ ဖြစ်တယ် ဆိုတာကို သူနားလည်အောင် ငါလုပ်လိုက်မယ်”

All Chapters