နဂါးငါးကောင်၏ ညှင်းပန်းနှိပ်စက်မှု
Vol. 84 Ch. 1174
မန်ဟို နောက်ဆုံးတစ်ခေါက် ဤနေရာသို့ ရောက်လာခဲ့စဥ်တုန်းက ကံကြမ္မာကောင်းရရှိဖို့ စုဝေးနေကြသော ကျင့်ကြံသူများ ရှိခဲ့သည်။ ရံဖန်ရံခါ တာအိုရေကန်များသည် ဝုန်းခနဲ ဝုန်းခနဲ ပန်းထွက်တတ်၏။ တာအိုအရိပ်များ ပေါ်လာလျှင် ဉာဏ်အလင်းရှာဖို့ အခွင့်အရေးရရှိမည်။ သို့မဟုတ် ကျင့်ကြံသူများသာ ကံကောင်းလျှင် အစစ်အမှန်ကံကြမ္မာကောင်းများဖြစ်မည့် မှော်ပစ္စည်းများ ထွက်ပေါ်လာတတ်သည်။
ထိုအချိန်အတိုင်းပင် ယခုတွင်လည်း ကျင့်ကြံသူများစွာသည် ကန်များ၏ပတ်ပတ်လည်၌ ကံကြမ္မာကောင်းပေါ်ထွက်လာမည့် အခွင့်အရေးကို စောင့်စားနေကြ၏။ ဤအခိုက်အတန့်တွင် မန်ဟိုက ကောင်းကင်ထက်မှ ကြယ်တံခွန်ကြီးသဖွယ် ထိုးဆင်းလာသည်။
"အဲ့ဒါ ... အဲဒါ ဘာကြီးတုန်း"
"ကြယ်တံခွန်ကြီးလား"
"မဟုတ်ဘူး လူဟ။ ကျင့်ကြံသူဟ။ သူ ...သူ ဘာလုပ်နေတာတုန်း" လူများသည် ကြယ်တံခွန်ကြီးနှင့်တူသည့်အရာကို ပထမဆုံး မြင်လိုက်သည့်အခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။ သူတို့မှာ အလယ်တာအိုရေကန်သို့ ရောက်အောင် ထိုကဲ့သို့ သိုင်းကွက်မျိုးအား အသုံးပြုသည့် လူရှိသည်ဟူ၍ တစ်ခါမှပင် မကြားခဲ့ဖူးပေ။
ပတ်၀န်းကျင်ပေါ် သက်ရောက်နေသော ဖိအားသည် အလယ်သို့ တိုးကပ်သွားလေလေ၊ ပြင်းထန်လာလေလေ ဖြစ်ရာ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များပင်လျှင် သတိထားရလေသည်။ ထိုမျှသာမက အပေါ်တည့်တည့်မှ ထိုးဆင်းဖို့ ကြိုးစားလျှင် အကျိုးဆက်သည် ပို၍ပင် ဆိုးဝါးလိမ့်မည်။ ကန်များအနီးရှိလူများ၏အမြင်အရ ၎င်းမှာ မဖြစ်နိုင်သောအရာသာ။
သို့ထိတိုင် ယခု မျက်စိရှေ့တည့်တည့်တွင် မြင်နေရသောမြင်ကွင်းက လူတိုင်းကို ပင့်သက်ရှိုက်မိလိုက်စေတော့သည်။
မန်ဟို ကန်အားလုံး၏ အလယ်တည့်တည့်ရှိ အကြီးဆုံးတာအိုရေကန်ဆီသို့ ကြယ်တံခွန်ကြီးသဖွယ် ထိုးဆင်းသွားနေစဉ် တဝုန်းဝုန်း မြည်သံများအား ကြားရနိုင်သည်။ သူက အလွန်လျင်မြန်သောနှုန်းဖြင့် ရွေ့လျားနေပြီး မည်သည့်အရာကမှ သူ့လမ်းကို မတားနိုင်ပေ။ ပတ်၀န်းကျင်တွင် ဖိအားမရှိသည့်အလားထင်ရသော်လည်း တကယ်တော့ ဖိအားသည် အမှန်ဒိဋ္ဌ တည်ရှိ၏။ သူ့အတွက် မပြောပလောက်ခြင်းသာ ဖြစ်သည်။
မန်ဟို အလယ်ရေကန်ထဲသို့ ထိုးဆင်းသွားသည်နှင့် ကန်ရေများမှာ ဝုန်းခနဲ လေပေါ် ပန်းထွက်၍ ဘေးဘယ်ညာလွင့်စင်ကုန်သည်။ သူက ငုပ်လျှိုးသွားပြီး မျက်စိတစ်မှိတ်အတွင်း ကန်၏ကြမ်းပြင်သို့ ရောက်သွားခဲ့ကာ ညာလက်ဝါးကို ဖြန့်၍ ကန်ကြမ်းပြင်ကို ဖိချလိုက်သည်။
ကန်ကြမ်းပြင်ထက်ရှိ နုန်းအနှစ်များမှာ လူးလွန့်သွားပြီး ဘေးသို့ တွန်းထုတ်ခံလိုက်ရရာ နေရာရွှေ့ပြောင်းခြင်းမုခ်၀တစ်ခုအား ပေါ်လွင်လာစေသည်။ မန်ဟိုက ၎င်းအပေါ်တွင် ရပ်၍ ညာခြေကို ဆောင့်နင်းလိုက်၏။ မုခ်ဝမှအလင်းရောင်များက ကန်မျက်နှာပြင်ထက်ရှိ လူများပင် မြင်ရသည်အထိ လင်းလက်တောက်ပလာသည်။
မျက်စိတစ်မှိတ်အတွင်း မန်ဟိုက ပျောက်ကွယ်သွားခဲ့လေပြီ။ သူ ပြန်ပေါ်လာသောအခါ အောက်ကမ္ဘာ၏ ပထမအဆင့်တွင် ဖြစ်သည်။ မှော်ပစ္စည်းများက တောင်လိုပုံနေပြီး မရေမတွက်နိုင်သော သားရဲများသည် ရတနာများကို လေလယ်ရှိ တံခါးကြီးထံသို့ သယ်နေကြသည်။ တံခါးကြီးကို ငိုက်မျဉ်းနေသော ဧရာမသားရဲကြီးများက စောင့်ကြပ်နေ၏။ သို့သော် တခဏကြာသော် ၎င်းတို့က စိတ်လှုပ်ရှားသွားသည့်အလား တုန်ရီလာပြီး မျက်လုံးများ ဖွင့်လိုက်ကြသည်။
မန်ဟို့ကိုမြင်လျှင် သားရဲအတော်များများက ဟိန်းဟောက်လိုက်သော်လည်း တစ်စုံတစ်ယောက်က ၎င်းတို့လည်မျိုကို ဖြစ်ညစ်၍ ပါးစပ်များကို ပိတ်လိုက်သကဲ့သို့ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ၎င်းတို့မှာ မျက်လုံးများပြူးကျယ်သွားပြီး မည်သည့်ဆူညံသံမှ မပြုရဲကြတော့ပေ။ ၎င်းတို့က မလှုပ်မယှက် ဝပ်လျက် မန်ဟို့ကို ကြောက်လန့်မှု၊ မယုံနိုင်မှုတို့ဖြင့် ကြည့်နေကြသည်။
၎င်းတို့ မြင်နေရသည့်အရာမှာ မန်ဟို့ထံမှ ဖြာထွက်နေသော မိုးပြာရောင်အလင်းဖြစ်သည်။ ထိုအလင်းရောင်က ၎င်းတို့အားလုံးကို ရုတ်တရက် ရှေ့သို့ ပျံထွက်၍ မန်ဟို့ရှေ့တွင် ၀ပ်တွားခစားလိုက်စေသည်။
၎င်းတို့သာမဟုတ်။ မြင်ရသမျှ သားရဲအကုန်လုံး မန်ဟို့ကို မြင်လျှင်ချင်း ဝပ်စင်းရှိခိုးကြသည်။ ၎င်းတို့၏မျက်လုံးများတွင် ထိတ်လန့်မှုတို့ ပြည့်နေပြီး အကုန်လုံး ကတုန်ကယင် ဖြစ်နေကြလေသည်။ မန်ဟို၏အရှိန်အဝါနှင့် မိုးပြာရောင်အလင်းက ၎င်းတို့ကို ကြောက်ဒူးတုန်လာစေသည်။
မန်ဟိုပင်လျှင် ထိုကဲ့သို့အရာမျိုးဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ သူ့ကို ဝန်းရံထားသော လောကပါလတာအိုအင်မော်တယ်အလင်းကို အလေးအနက် ကြည့်နေစဉ် သားရဲများသည် တစ်ပြိုင်တည်း ဟစ်ကြွေးလိုက်ကြ၏။ "တာအိုအင်မော်တယ်ကို ဂါ၀ရပြုပါတယ်"
မန်ဟိုက မျက်လုံးများတောက်ပနေလျက် မဆိုစလောက် ခေါင်းညိတ်လိုက်၏။ သူသည် စကားတစ်ခွန်းမဆိုဘဲ ၀ပ်စင်းနေသော သားရဲများကို ကျော်ဖြတ်၍ တံခါးထဲ ၀င်ရောက်ကာ ထို့အလွန်က ဒုတိယအဆင့်တွင် ပေါ်လာတော့သည်။
၎င်းသည် ဧရာမတောင်ကြီးတစ်လုံးပုံစံရှိသည့် ပလ္လင်ကြီးတစ်ဆူဖြင့် အဆင့်ဖြစ်၏။ ထိုတောင်ထိပ်ပေါ်တွင်လည်း ဧရာမကြီးမားပြီး ရှေးဆန်သောအငွေ့အသက်များ ထုတ်လွှတ်နေသည့် သားရဲတစ်ကောင် ရှိသည်။ မန်ဟို့ကို မြင်သည်နှင့် သားရဲ၏မျက်လုံးများမှာ မယုံနိုင်မှုတို့ဖြင့် ဝိုင်းစက်ပြူးကျယ်သွားသည်။ ၎င်းမှာ သူ့ကို စက္ကန့်ပိုင်းမျှ စစ်ဆေးပြီးနောက် အသက်ပြင်းပြင်း ရှုသွင်းမိလိုက်၏။
"မင်းပဲကိုး။ မင်းက .... လောကပါလအင်မော်တယ်ဖြစ်လာခဲ့တာပါလား"
မန်ဟိုက တောင်ထိပ်သို့ ပျံတက်၍ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သူ ဤနတ်မီးလျှံစမ်းသပ်ပွဲကို စိန်ခေါ်ခဲ့စဉ်က သူနှင့်အတူ ရှိခဲ့သည့် မြောက်ပိုင်းသဲကန္တာရကျင့်ကြံသူ၏အရိပ်အယောင်အား မမြင်ရတော့ပေ။
မန်ဟို လှည့်ပတ်ကြည့်နေသည်ကို မြင်သော် သားရဲက ပြောသည်။ "သူ ထွက်သွားပြီ"
ထို့နောက် ၎င်းက လက်ယှက်၍ အရိုအသေပေးလိုက်၏။
"ဂါ၀ရပြုပါတယ် ကြီးမြတ်သော တာအိုအင်မော်တယ်"
"ငါ နောက်အဆင့်ကို သွားချင်တယ်" မန်ဟိုက တည်ငြိမ်စွာ တုံ့ပြန်သည်။ ဤတစ်ခေါက်တွင် သားရဲက သူ့ကို တားမြစ်ခြင်းမရှိတော့ပေ။ ၎င်းသည် ချက်ချင်း နောက်ဆုတ်၍ မန်ဟို့အတွက် နတ်မီးတောက်ကမ္ဘာ၏တံခါးအား ဖွင့်ပေးလိုက်သည်။
မန်ဟိုက အသက်ပြင်ပြင်း ရှုလိုက်ပြီး သူ၏ မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်မှုတို့ဖြင့် တောက်ပလာ၏။ သူက ရှေ့တက်ကာ နတ်မီးတောက်ကမ္ဘာထဲ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။ ရှေးဟောင်းသားရဲကြီးမှာတော့ အံ့အားသင့်လျက် ကျန်ရစ်ခဲ့သည်။ မန်ဟို ပထမဆုံး ဤနေရာသို့ လာခဲ့စဉ်တုန်းက သူ ဤမျှ အစွမ်းထက်လာလိမ့်မည်ဟု ၎င်း ထင်မထားခဲ့ပေ။
"ပထမဆုံးအကြိမ်လာတုန်းက သူက ဒုတိယအဆင့်ကိုတောင် ဖြတ်နိုင်တယ်ဆိုရုံလေး ဖြတ်နိုင်ခဲ့တာ
"ဒုတိယအကြိမ်လာတော့ နတ်မီးတောက်အဆီအနှစ်ကို ယူနိုင်တဲ့အထိ အစွမ်းထက်လာခဲ့တယ်
"တတိယအကြိမ်လာတဲ့အခါမှာ လောကပါလတာအိုအင်မော်တယ်ဖြစ်နေမယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ သူ့အရှိန်အဝါက ငါ့ကိုတောင် ကြောက်လန့်တုန်ရီလာစေတယ်။ သူ ငါ့ကို သတ်ချင်ရင် အတွေးတစ်ချက်လေးနဲ့ သတ်လို့ရနေပြီ" သားရဲမှာ အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး နတ်မီးတောက်ကမ္ဘာသို့ ဦးတည်နေသောလမ်းအား အထိတ်တလန့် ကြည့်လိုက်သည်။
မန်ဟိုသည် နတ်မီးတောက်ကမ္ဘာထဲ၌ ပြန်ပေါ်လာသောအခါ ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အကန့်အသတ်မဲ့ နတ်မီးတောက်နတ်မီးလျှံများဖြင့် ၀န်းရံခံထားရသည့် ဧရာမစေတီကြီးများကို မြင်လိုက်ရသည်။
ကမ္ဘာထဲတွင် မီးတောက်မီးလျှံများ ပြည့်နှက်နေသည့်အပြင် အဆုံးမရှိသော အရိုးပုံများကိုလည်း မန်ဟို မြင်လိုက်ရသည်။ သူ ဤနေရာသို့ အရင်တစ်ခေါက် လာခဲ့တုန်းက သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အလွန်အားနည်းခဲ့ပြီး အလောသုံးဆယ်ကြည့်ခဲ့ရသည့်အတွက် အနီးကပ်အကဲမခတ်နိုင်ခဲ့ပေ။ သို့သော် ယခုလက်ရှိ သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် သူသည် စေတီများအောက်၌ ပြန့်ကျဲနေသော အရိုးများကိုသာမက အရိုးများဖြင့် ပြုလုပ်ထားသော စေတီပေါင်းကိုးသိန်းကိုးသောင်းကိုလည်း မြင်လိုက်ရသည်။
"ဒီတစ်ခေါက် ငါ့ကျင့်ကြံခြင်းအခြေခံက အရင်တစ်ခေါက်နဲ့ မတူတော့ဘူး။ ဒီနတ်မီးတောက်ကမ္ဘာထဲမှာ ဘာရှိနေလဲ ငါ သိချင်မိတယ်။ အရင်တစ်ခေါက်တုန်းက မတွေ့ခဲ့တဲ့ ဖြစ်တည်မှုတွေ ရှိနေလောက်မလား” သူက မျက်လုံးများတောက်ပနေလျက် သူ၏နတ်ဘုရားအာရုံကို တတိယအဆင့်နတ်မီးတောက်ကမ္ဘာအား ပြည့်နှက်သွားစေသည်။ သူသည် စေတီပေါင်းကိုးသိန်းကိုးသောင်း၏ ဝိုးတိုးဝါးတားအရိပ်များကိုသာမက အရင်တုန်းကအတိုင်း ၎င်းတို့အလယ်ရှိ ဧရာမမြို့ကြီးကိုလည်း မြင်လိုက်ရ၏။
မြို့သည် မည်းနက်နေသော်လည်း အဖြူရောင်နွယ်များ၊ အပင်များဖြင့် ဖုံးလွှမ်းခံထားရသည်။ ၎င်း၏အထက် လေလယ်တွင် ပျံဝဲနေသည်မှာတော့ ပတ်ဝန်းကျင်တစ်ခွင်တွင် မီးအလင်းရောင်ဖြန့်ကျက်လျက် ထာဝစဉ်လောင်ကျွမ်းနေမည့်ပုံရသော မီးပွားတစ်စဖြစ်သည်။
နတ်ဘုရားအာရုံ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားစဉ် ရင်းနှီးသောကြိမ်းဝါးသံကြီးကို မန်ဟို ရုတ်တရက် ကြားလိုက်ရသည်။
"တောက်ဖန် မင်း သေရမယ်"
"မင်း ငါ့ကို သတ်ခဲ့တာ တောက်ဖန်။ ငါ အသက်ပြန်ရှင်လာရင် မင်း သေချာပေါက် အသတ်ခံစေရမယ်
"အင်မော်တယ်တွေရဲ့ ကမ္ဘာက ဒဏ်ခတ်ခံရဖို့ ကံပါပြီးသား။ အင်မော်တယ်မြေတွေဟာ အိုမင်းလာပြီး အင်မော်တယ်တွေ သေရလိမ့်မယ်။ ဒါမဲ့ ငါ လက်မလျှော့ဘူး
"အမှန်တရားကို ငါ သိတယ်။ မင်း ငါ့ကို ဘယ်လောက်ဖိနှိပ်ထား၊ ဖိနှိပ်ထား အရှုံးကို ငါ ဝန်မခံဘူး
"ငါ-ိုးမမျောက်။ ငါ လွတ်လာလို့ကတော့ မင်းကို အရေခွံစုတ်ပစ်မယ်
"ငါ ဝိညာဉ်ကူးပြောင်းပြီးရင် ဒီနေရာကနေ ထွက်ရဖို့ ငါ့ကိုယ်ငါ သတ်မယ်။ ငါ့ ဝိညာဉ်ကူးပြောင်းမှုမအောင်မြင်ရင် ဘဝပြန်ဝင်စားခြင်းသံသရာတွေ လည်ပြီးတဲ့နောက်မှာတောင်မှ နိုးထလာဖို့ မျှော်လင့်ချက်မရှိတော့ဘဲ ကျန်သက်ရှိသတ္တဝါတွေလို မေ့ပျောက်သွားရလိမ့်မယ်။ ဒါကြောင့် ငါ ဒီနေရာအတွက် ကောင်းကင်အမိန့် ထားရစ်ခဲ့မယ်
"ငါ့အမိန့်တော်မှာ ငါ့မီးတောက်ဖြစ်တည်မှုရဲ့ အကြွင်းအကျန်၊ ငါ့တာအိုမီးတောက်ရဲ့ အနှစ်သာရ ပါရှိတယ်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့အထိ အဲဒီအကြွင်းအကျန် တည်ရှိနေပါစေလို့ ငါ ဟော်ရန်စစ် မျှော်လင့်တယ်"
လက်ရှိကျင့်ကြံအဆင့်ဖြင့်ပင် ထိုစကားများကို ကြားရခြင်းက မန်ဟို့ကို လုံးလုံးတုန်လှုပ်သွားစေသေးသည်။ အသံသည် ကြောက်သူငယ်အိမ်သဖွယ် ရှည်မျောမျောမျက်ဆံရှိနေသော မီးပွားထဲမှ လာနေသယောင်ပင်။
သူ နောက်ဆုံးတစ်ခေါက် ဤနေရာသို့ ရောက်ခဲ့တုန်းက သူ့နတ်ဘုရားအာရုံမှာ ဤအသံထွက်လာသည့်အခါတွင် ပြာကျတော့မလို ဖြစ်ခဲ့၍ သူ့မှာ လက်လျှော့ခဲ့ရလေသည်။ သို့သော် ဤတစ်ခေါက်တွင်တော့ တုန်လှုပ်နေသည့်တိုင် သူသည် သူ၏နတ်ဘုရားအာရုံကို ဆက်လက်ဖြန့်ကျက်နိုင်သေး၏။ ၎င်းက မီးပွားကို ကျော်၍ ဆက်လက်ပျံ့နှံ့သွားသည်။
မန်ဟို့မျက်နှာတွင် အံ့ဩမှုတို့ ချက်ချင်း ဖြတ်ပြေးသွားသည်။ ဤနေရာသို့ သူ ရောက်ခဲ့ဖူးသည့် အရင်နှစ်ခေါက်တုန်းက သူ့နတ်ဘုရားအာရုံသည် ဤကမ္ဘာမှာ သေးငယ်သောနေရာလေးတစ်နေရာဖြစ်သည်ဟု ပြောခဲ့၏။ သို့သော် ယခု သူ့နတ်ဘုရားအာရုံ ဖြာထွက်သွားသည့်အခါ ဤကမ္ဘာသည် သူထင်ထားခဲ့သည်ထက် အဆ, အဆများစွာ ကြီးမားကြောင်း တွေ့လိုက်ရသဖြင့် သူ့မှာ အံ့အားသင့်သွားတော့သည်။
စေတီပေါင်းကိုးသိန်းကိုးသောင်းသာ မဟုတ်။
သို့မဟုတ် စေတီကိုးသိန်းကိုးသောင်းက နတ်မီးတောက်ကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်ဟု ပြောလျှင် ပိုမှန်သည်။ ကမ္ဘာကို နယ်ပယ်ခြောက်ခု ပိုင်းခြားထား၏။
မန်ဟိုက လောလောဆယ်တွင် ကျန်နယ်ပယ်ငါးခု ဝန်းရံထားသော အလယ်နယ်ပယ်တွင် ဖြစ်သည်။ သေသေချာချာ ကြည့်လျှင် မတူညီသောနယ်ပယ်ခြောက်ခုလုံး ဆက်နေကြောင်း မြင်ရပေမည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ... ၎င်းတို့က လူတစ်ယောက်၏ပုံသဏ္ဌာန်ကို ဖော်ဆောင်ထားကြသည်။
နယ်ပယ်တစ်ခုစီတွင် ချိတ်စည်းများသဖွယ် အပေါ်မှ ဖိထားသကဲ့သို့ စေတီများက ပြွတ်ကြပ်နေသည်။ အားလုံးအထဲ အံ့ဩစရာအကောင်းဆုံးမှာ နယ်ပယ်တိုင်း၌ မဟူရာမြို့တစ်မြို့စီတွင် ရှိနေခြင်းဖြစ်သည်။ ထိုမြို့တစ်မြို့စီအပေါ်တွင်တော့ တောက်လောင်နေသော မီးပွားတစ်စ။
အမှန်အတိုင်းပြောရလျှင် ယင်းက မန်ဟို့ကို အံ့အားသင့်သွားစေသောအရာမဟုတ်ပေ။ သူ့ကို မှင်သက်သွားစေသည့်အရာမှာတော့ ပတ်ပတ်လည်ရှိ နယ်ပယ်ငါးခုနှင့် ချိတ်ဆက်နေသော စစ်ရထားများဖြစ်သည်။ စစ်ရထားငါးစီးရှိပြီး တစ်စီးစီကို ဧရာမနဂါးနီတစ်ကောင်စီက ဆွဲထားသည်။ ထိုဧရာမနဂါးကြီးငါးကောင်မှာ အိပ်ပျော်နေကြပုံရပြီး ထိုနေရာတွင် လဲလျောင်းနေကြသော ၎င်းတို့၏ပုံစံကား တောင်တန်းငါးသွယ်သဖွယ် ဖြစ်နေသည်။
သို့သော် သူ၏နတ်ဘုရားအာရုံ ၎င်းတို့အပေါ်မှ ဖြတ်သွားသည်နှင့် ဧရာမနဂါးနီကြီးများသည် .... ရုတ်တရက် လှုံ့ဆော်ခံလိုက်ရသကဲ့သို့ လှုပ်ရွလာကြသည်။ တစ်ဆက်တည်းမှာပင် တထောင်းထောင်း ထကြွနေသော စွမ်းအားလှိုင်းကြီးတစ်လှိုင်းသည် ၎င်းတို့ထံမှ လိမ့်ထွက်လာ၏။
မန်ဟိုမှာ အသက်မနည်းရှူ၍ သူ၏နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်ရသည်။ သူသည် ထွက်ပေါက်နားတွင် ခဏစောင့်နေပြီး နဂါးနီငါးကောင် မနိုးလာကြောင်း မြင်သည့်အခါမှ သက်ပြင်းချလိုက်မိတော့သည်။
ထိုနဂါးငါးကောင်သည် တာအိုနယ်ပယ်ထက်ပင် ကြောက်စရာကောင်းသော သုတ်သင်ခြင်းအငွေ့အသက်များဖြင့် ပြည့်ဝနေ၏။ ၎င်းတို့က ဖန်ရှုတောက်၏ကျင့်ကြံအဆင့်ထက်ပင် ကျော်လွန်ကြောင်း မန်ဟို အာရုံရလိုက်သည်။
ရုတ်တရက် စစ်ရထားများကို ဆွဲရင်း မာန်သွင်းဟိန်းဟောက်နေသော နဂါးငါးကောင်၏ပုံရိပ်ကို သူ မြင်ယောင်လိုက်မိသည်။ ထိုစစ်ရထားများက ဧရာမတန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ငါးဖက်ငါးလံမှ ဆွဲ၍ ညှင်းပန်းနေသည်။
မန်ဟိုမှ အသက်ပြင်းပြင်းရှူလိုက်ရင်း မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ အတန်ကြာ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် သူ၏မျက်လုံးများ တောက်ပလင်းလက်လာသည်။
“ဟော်ရန်စစ်က ဘယ်သူပဲဖြစ်ဖြစ် သူ့ရဲ့ နတ်မီးတောက်အနှစ်သာရက ငါ့အတွက် မယုံနိုင်လောက်အောင် အသုံးတည့်ခဲ့တဲ့အပြင် ဆက်ပြီး အသုံးတည့်နေဦးမှာ... ဒါကြောင့် ဒီနေရာမှာ ထူးဆန်းတာတွေ ဘယ်လိုပဲဖြစ်နေဖြစ်နေ နတ်မီးတောက်အနှစ်သာရတစ်ခုလုံးကို ယူဖို့ ငါ လက်လျှော့မှာမဟုတ်ဘူး” ဤနေရာ၏ ခမ်းနားကြီးကျယ်မှုက မန်ဟို့နှလုံးသားတွင် သတိတရားတို့ ပြည့်သွားစေပြီး ၎င်း၏ထူးဆန်းမှုက သူ့အပေါ် ဖိအားသဖွယ် သက်ရောက်လာသည်။
သူသည် ဤနေရာသို့ အရင်တစ်ခေါက် ရောက်ခဲ့တုန်းက လုပ်ဆောင်ခဲ့သောအရာကို တွေးမိသော် မသိခဲ့ခြင်းသည် စိတ်ချမ်းမြေ့စရာဖြစ်ကြောင်း ဝန်ခံလိုက်ရတော့သည်။ ပို၍သာ သိခဲ့ပါက သူ စိတ်လေးရင်လေး ချီတုံချတုံဖြစ်ခဲ့လိမ့်မည်။