အန္တရာယ်
Vol. 009 Ch. 813
စစ်တုရင်ရှန့်ထိုက ရီဖူရှင်းကို ထူးမခြားနားစွာ ကြည့်ကာ ဘာမှ မပြောတော့ပေ။ ထို့နောက် သူက လျူကျောင်းကို ကြည့်သည်။ သူကား စစ်တုရင် ပညာတွင် ပြိုင်ဘက်ကင်း သော်လည်း ယခု ကြောက်မက်ဖွယ် ဓားဝင်္ကပါတစ်ခု၌ ပိတ်မိနေသည်။ သူကား အချိန်အရွေး သည်နေရာ၌ အသက်ဆုံးရှုံးနိုင်၏။ သူက လျူကျောင်းကို ဝင်္ကပါအား မည်သို့ ဖြိုခွင်းရမည် ဖြစ်ကြောင်း ညွှန်ကြား နိုင်စွမ်းမရှိပေ။ သူ၏အာရုံ အားလုံးက ဝင်္ကပါကို ခုခံရန် အသုံးပြုနေရသည်။ ထို့အပြင် ဝင်္ကပါကလည်း အဆက်မပြတ် ပြောင်းလဲနေရာ သူ့စိတ်ဝိညာဥ် စွမ်းအားက အသုံးပြုနိုင်စွမ်း၏ အကန့်အသတ်ကို ရောက်နေပြီ ဖြစ်သည်။
သို့တိုင်အောင် ရှန့်ထို အဆင့်မှ စွမ်းအားမြင့် တန်ခိုးရှင် ဖြစ်ရကား စစ်တုရင်ရှန့်ထိုက တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပေသည်။ သူ၏ နတ်ဘုရားအလား ခန္ဓာကိုယ်က ဝင်္ကပါကို ကြံကြံ့ခံနေဆဲ ဖြစ်ကာ ဝင်္ကပါကလည်း သူ့အား ဝါးမျိုနိုင်ခြင်း မရှိသေးပေ။
လျူကျောင်းက ရှီဟွာတောင်၊ ကျောက်မဟာ ပြည်ထောင်နှင့် စစ်တုရင်ရှန့်ထို၏ တပည့်များကို ဦးဆောင်ကာ ဝင်္ကပါကို စတင်၍ ဖြိုခွင်းသည်။
လျူကျောင်းကား ဝင်္ကပါပညာ၌ အတော်ကျွမ်းကျင်ဟန် ရကာ စစ်တုရင်ရှန့်ထို၏ တပည့်များ အကူအညီဖြင့် ဖြိုဖျက် မရနိုင်သော ဝင်္ကပါကို တစ်လှမ်းချင်း၊ တရွေ့ရွေ့ ဆက်လက် တိုးဝင်ကြသည်။ အားလုံးက ကွဲပြားခြားနားသော နေရာတွင် ရပ်နေကြကာ ဝင်္ကပါတစ်ခုအား တည်ဆောက် ထားကြဟန် ရသည်။
ရီဖူရှင်းက တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူက လျူကျောင်းအား ဦးစွာ စမ်းကြည့်စေမည်။
တော်ဝင်မြေမှ လူများက မူလနေရာတွင်ပင် မလှုပ်မယှက် ရပ်နေကြသည်။ သူတို့အားလုံး၌ ကိုယ်စီ ဝင်္ကပါ ပညာရှင်များအား ပိုင်ဆိုင် ကြသော်လည်း မသေချာဘဲနှင့် မည်သူကမှ မစွန့်စားရဲကြပေ။
လျူကျောင်းက ဝင်္ကပါကို ဖျက်နိုင်ပါစေဟုပင် သူတို့ မျှော်လင့်ကြသည်။ ဤနည်းဖြင့် သူတို့ကလည်း ဤနေရာမှ လွတ်မြောက် နိုင်ပေမည်။
ရှားကလန်မှ လူများအား ဦးဆောင်ကာ မရဏတောင်သို့ စူးစမ်းလေ့လာရန် ရောက်လာသော အကြီးအကဲ တစ်ယောက်လည်း ပါဝင်ပေသည်။
သူသည်လည်း ပြည်နယ်ကိုးခု၏ ရှီနှင့်ရှန့်ထို အဆင့်တွင် ပါဝင်သူဖြစ်သည်။
“မင်းက ဓားနဲ့ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခုကို လေ့လာ ဆန်းစစ်ပြီးပြီလား” ရှားကလန်မှ အကြီးအကဲက အနီးမှ လူများကို မေးသည်။
“ဟုတ်ကဲ့” အားလုံးက ခေါင်းညိတ်ကြသည်။
“သူက အသက်ရှိပြီးတော့ ကျုပ်တို့ လှုပ်ရှားမှုတွေကို သိနေသလိုပဲ။ ဓားဝင်္ကပါတွေ အကုန်လုံးကို အဲဒီဓားက ထိန်းချုပ်န်နေတာပဲ”
“မင်းတို့က မရဏ ဓားသမားနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ကြားဖူးကြလား” အကြီးအကဲက ထပ်မေးသည်တွင် အားလုံးက ခေါင်းယမ်း လိုက်ကြသည်။
အဘိုးအိုက ဆက်ပြောသည်။
“မရဏဓားသမားမှာ ဓားအစေခံ နှစ်ယောက် ရှိတယ်တဲ့။ သူတို့နှစ်ယောက်လုံး ကလည်း ရှန့်ထို အဆင့်တွေလို့ ပြောတယ်။ တစ်ယောက်က သေဆုံးသွားပြီးတော့ ခန္ဓာကိုယ်ကို စတေးတဲ့နည်းနဲ့ ဓားခန္ဓာကိုယ်အဖြစ် ပြောင်းလဲခဲ့တယ်လို့ ပြောကြတယ်”
“ဓားအစေခံတွေတောင်မှ ရှန့်ထိုတွေလား” လူအများအပြားက တုန်ယင်စွာ တွေးမိကြသည်။
“ရှန့်ထိုမှာလည်း အဆင့်တွေ ကွဲတယ်။ မရဏဓားသမားက ရှန့်ထိုအဆင့်မှာ ပြိုင်ဘက် ကင်းတယ်။ ဒါက ဘာထူးဆန်းလို့လဲ”
အဘိုးအိုက အသာအယာ ပြောသည်။ ရှီတန်ခိုးရှင်များကား ပြည်နယ်တိုင်း၏ တော်ဝင်မြေတိုင်းတွင် အကြီးအကဲများအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
“ခင်ဗျား ဆိုလိုတာက “ တစ်ယောက်က ဧရာမဓားကြီးကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးသည်။
ခန္ဓာကိုယ်ကို စတေးကာ ဓားခန္ဓာအဖြစ် ပြောင်းလဲခဲ့သည်။
ဓားထံမှ လာသော အငွေ့အသက်များက ရှေးဆန်ကာ မဆုံးနိုင်သော သွေးနံ့များ ရနေသည်။ ဓားများ၏ ဆရာသခင်ကား ကောင်းကင်နှင့် မြေပြင်အကြားရှိ ဓားများ အားလုံးကို ထိန်းချုပ်နိုင်သော ဓားအဖြစ် ပြောင်းလဲကာ ဓားဝင်္ကပါများနှင့်ဓားများကို စေခိုင်းသည်။
သည်အချက်က အမှန်တရား ဆိုပါလျှင် သူတို့အားလုံးကို လွန်စွာ အံ့ဩစေနိုင်ပေတော့မည်။ ထိုသို့သော ဓားက ဤနေရာတွင် တည်ရှိသည်။ ထိုအရာက ဘာကို ဆိုလိုသနည်း။
မည်သူမှ မသိနိုင်။ မည်သူမှလည်း ထိုလျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်မည် မဟုတ်သည်လည်း ဖြစ်နိုင်၏။
“သူတို့က တစ်ဆင့် ဖြေနိုင်လိုက်ပြီ”
တစ်ယောက်က လျူကျောင်းကို ကြည့်ကာ ပြောသည်။ လျူကျောင်းက အင်အားစုသုံးခု၏ ခေါင်းဆောင် ဖြစ်ဟန်ရကာ ကိုယ်ပိုင်ဝင်္ကပါ တည်ဆောက်၍ ဓားဝင်္ကပါအား ရင်ဆိုင် ကျော်ဖြတ်နေဟန် ရသည်။ သူဖြတ်သွားသည့် အလျှောက် ဓားစက်ကွင်း တစ်ခုကလည်း ကြေပျက် သွားသည်။
“သူက ဒီရက်စက် ကြမ်းတမ်းတဲ့ ဓားဝင်္ကပါကို အဖြေရှာနိုင်တယ် ဆိုတာ ဟုတ်မလား” တစ်ယောက်က မယုံကြည်ဟန်ဖြင့် ပြောသည်။
ထိုပတ်ဝန်းကျင် တစ်ခုလုံးအား အဆုံးအစမဲ့သော လူသတ်ငွေ့အသက်များဖြင့် ဖုံးအုပ်ထားသည်။ လျူကျောင်းနှင့် သူ့အုပ်စုတို့က ရှေ့ကို ဆက်တိုး သွားနေကြသည့်တိုင် ပန်းတိုင်နှင့် အလွန်ဝေးကွာ သေးပေသည်။
ထိုစဥ်မှာပင် ကျောက်မဟာ ပြည်ထောင်မှ လူတစ်ယောက်က ရှေ့ကို တက်သွားသည်တွင် သူ၏ခြေလှမ်းက မြေပြင်ပေါ်ကို ကျသည်နှင့် အလွန် အေးစက်သော အငွေ့အသက်တစ်ခု သူ့ထံကို ဆင်းသက်လာ၏။ သူ၏မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ ကောင်းကင်ထက်ကို ကြည့်သည်။ အလင်းတန်း တစ်ခုက လျှပ်စီးတန်းအလား ဆင်းသက်လာပြီး သူကား လေထဲတွင်ပင် အပိုင်းအပိုင်း အစစဖြစ်ကာ ပျောက်ကွယ် သွားတော့၏။
“ခြေတစ်လှမ်းမှားရင် သေမယ်”
လျူကျောင်းနှင့် တခြားလူများက ထိုတန်ခိုးရှင် ပျောက်ကွယ် သွားရာနေရာကို ကြည့်ကာ ရင်ဘတ်များ လေးလံ လာကြသည်။
သိသာစွာပင် သည်ကြောက်မက်ဖွယ် ကောင်းသော ဝင်္ကပါထဲ၌ လျူကျောင်း ကဲ့သို့သော ပြီးပြည့်စုံသူပင် အမှားပြုလုပ် နိုင်ပေသည်။
လျူကျောင်းက သက်သောင့်သက်သာ မရှိသော ပုံစံဖြင့် ထိုနေရာတွင် ရပ်နေသည်။ သူက ကျောက်မဟာပြည် ထောင်ဘက်မှ လူများကို ကြည့်ကာ ပြောသည်။
“ဒါက မရဏတောင် ဓားဝင်္ကပါရဲ့ ပင်မနေရာပဲ။ ဒီဝင်္ကပါကို ဖြေရှင်းနိုင်ရင် ကျုပ်တို့က မရဏဓားကို ရဖို့ အခွင့်အလမ်း ရှိပြီး မရဏတောင်ကို ထိန်းချုပ် နိုင်လိမ့်မယ်။ ပြီးတော့ အရှေ့ဘက် ပြည်နယ်ရဲ့ စစ်တုရင်ရှန့်ထို အရှင်ကိုလည်း ကယ်တင်နိုင်မယ်။ ခြေလှမ်းတိုင်းက အန္တရာယ်တွေနဲ့ ပြည့်နှက် နေပြီးတော့ ကျွန်တော်က လုံးဝ ဥဿုံသေချာမှု မရှိဘူး။ ရှန့်ထိုနဲ့ ဘုရင်မင်းမြတ်က ညွှန်ကြားထားတယ် ဆိုရင်တောင်မှ ကျောက်မဟာ ပြည်ထောင်ကလူတွေ နောက်ဆုတ် ချင်တယ်ဆိုရင် ကျုပ်က ကန့်ကွက်မှာ မဟုတ်ဘူး”
ကျောက်မဟာ ပြည်ထောင်မှ လူများ၏ အမူအရာများက သိပ်မကောင်းကြပေ။ မည်သို့ဆိုစေ သေဆုံးသွားသူက သူတို့ ကျောက်မဟာ ပြည်ထောင်မှ မဟုတ်ပါလား။
“မှန်တယ်၊ တကယ်လို့ ဝင်္ကပါကို မကျော်ဖြတ်နိုင်ရင် ကျုပ်တို့ အားလုံး ဒီနေရာမှာ သေဆုံးကြရ လိမ့်မယ်”
“ဒါဆိုလည်း ဆက်သွားပါ” ကျောက်မဟာ ပြည်ထောင်မှ ကျောက်ထိုက ပြောသည်။ ကျောက်ထိုကား ကျောက်ရာနှင့် ကျောက်ယိုတို့၏ ဝမ်းကွဲအစ်ကို ဖြစ်ကာ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်၏ အကြီးဆုံးသားလည်း ဖြစ်၏။ သူကား ကွန်းရှီအဆင့်တွင် ရှိသော ထိပ်သီး တန်ခိုးရှင်တစ်ဦး ဖြစ်သည်။ သူ၏ထက်မြက်သော အရည်အချင်းများကြောင့် ကျောက်မဟာ ပြည်ထောင် လူငယ်မျိုးဆက်၏ ခေါင်းဆောင်အဖြစ် အလိုအလျောက် အသိအမှတ် ပြုထားခံရသူလည်း ဖြစ်၏။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်တွင် သားများစွာ ရှိပေသည်။ သို့တိုင်အောင် သူ၏ကလေးများအား အသက်အန္တရာယ်နှင့် သက်ဆိုင်သော ကိစ္စရပ်များအား ခိုင်းစေလေ့ မရှိပေ။ သည်တစ်ခေါက်တွင်လည်း ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က တာဝန်ပေးသည် ဆိုသည့်တိုင် အဓိက ရောက်လာရသည်မှာလည်း သူတို့၏စိတ်ဆန္ဒ အလျောက်သာ ဖြစ်ပေတော့သည်။
“ကောင်းပြီ” လျူကျောင်းက ခေါင်းညိတ်သည်။
“ကျုပ်တို့က အလှည့်ကျ တက်မယ်။ ခြေလှမ်းတိုင်းအတွက် အားလုံးမှာ တူညီတဲ့ အခွင့်အရေး ရှိတယ်။ ခြေလှမ်းမှားရင် မှားတဲ့လူရဲ့ကံပဲ”
အားလုံးက ခေါင်းညိတ်သည်။ သို့သော် ကျောက်ထိုကား အပြည့်အဝ မယုံကြည်ပေ။ သည်ခရီးစဥ်ကို ဦးဆောင်သူက လျူကျောင်း ဖြစ်သည်။ ပုံမှန်အားဖြင့် စစ်တုရင်ရှန့်ထို၏ တပည့်များက သေဆုံး၍ မရပေ။ ရှီဟွာတောင်နှင့် ကျောက်မဟာ ပြည်ထောင်တို့ အကြားတွင်လည်း လျူကျောင်းက ရှီဟွာတောင် အင်အားစုကို ပိုမို၍ ကာကွယ်ပေးမည် ဖြစ်သည်။ လျူကျောင်း၏ ဝင်္ကပါ အရည်အချင်းဖြင့် ဆိုပါက မည်သည့် ခြေလှမ်းက ပိုမို၍ အန္တရာယ်များသည်ကို သူသိရပေမည်။
သို့သော်လည်း သူက ထိုသံသယများကို ထုတ်ပြောမည်တော့ မဟုတ်ပေ။
လျူကျောင်းက ဝင်္ကပါကို ဆက်လက်၍ ရင်ဆိုင်သည်။ သူတို့အုပ်စုကလည်း ရှေ့ကို တရွေ့ရွေ့ တက်ကြ၏။ သူတို့က ယခု ဝင်္ကပါ၏ နက်ရှိုင်းသော အပိုင်းကို ရောက်လာကာ ဧရာမဓားကြီးထံသို့ သွားနေကြသည်။ သူတို့၏ ဦးတည်ချက်က ပိုမို၍ ရှင်းလင်းလာသည်။
ဝင်္ကပါကို ရင်ဆိုင်ရာတွင် ကျဆုံးသည့်လူ အရေအတွက်ကလည်း တဖြည်းဖြည်း များပြား လာခဲ့သည်။ ထိုအထဲတွင် ကျောက်မဟာ ပြည်ထောင်မှ လူများ၏ သေဆုံးနှုန်းက ရှီဟွာတောင်ထက် မြင့်မားပေ၏။ စစ်တုရင်ရှန့်ထို၏ တပည့်များကား ဝင်္ကပါပညာ၌ ထူးချွန်သူများ ဖြစ်ကြရာ သူတို့ ကိုယ်တိုင်၏ အန္တရာယ်များကို အနည်းနှင့် အများ တွက်ချက်နိုင်ပြီး ဘေးကင်းအောင် နေနိုင်ကြပေသည်။ တိုက်ဆိုင်စွာပင် သေဆုံး သူများမှာလည်း အားနည်းသော တန်ခိုးရှင်များ ဖြစ်နေကြသည်။
ဤသို့သော အခြေအနေတွင် ဘာဖြစ်နေသည်ကို အားလုံးက နားလည်ကြသည်။ သို့သော် မည်သူကမှ အပြစ်တင်စကား မဆိုနိုင်ကြပေ။ သေခြင်းတရားနှင့် ကြုံတွေ့ရသော အခါ အားလုံးက အားအနည်းဆုံး လူများကို စတေးကြမည် ဖြစ်သည်။
“ကျုပ် နုတ်ထွက်တယ်” အသံတစ်သံ ထွက်လာသည်။ သူကား ရွှေဖီးနစ် စစ်သူရဲများထဲမှ လူငယ် တစ်ယောက်ဖြစ်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် အေးစက်သော အကြည့်တစ်ချက်က သူ့ထံကို ရောက်လာ၏။
“ကျောက်ရန်၊ နင် အတင့်ရဲလှချည်လား” ကျောက်စီရီက ငေါက်ငမ်း လိုက်သည်။
“ကျုပ် ရှေ့ဆက် မတိုးနိုင်ဘူး။ ကျုပ်တို့ ကျောက်မဟာ ပြည်ထောင်က လူတွေ ဘယ်နှယောက် သေဦးမလဲ မသိနိုင်ဘူး။ ကျုပ် နောက်ဆုတ်မယ်” ကျောက်ရန်က ကျောက်စီရီကို တင်းမာစွာ ကြည့်သည်။ မကြာသေးမီက သူ၏အစ်ကိုမှာ ဝင်္ကပါထဲ၌ သေဆုံးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မကြာမီလည်း သူ၏အလှည့်ကို ရောက်လာတော့မည်ဟု ခံစားနေရသည်။
ဝင်္ကပါကို ကျော်ဖြတ်နိုင်သည်ဆိုလျှင်ပင် သူကား သေဆုံးရမည် သေချာ၏။
သိသာစွာပင် သူကား စတေးမခံလိုပေ။
“ကျောက်ရန်ပြောတာကို ကျုပ်လက်ခံတယ်” နောက်တစ်ယောက်က ပြောသည်။ သူကလည်း လျူကျောင်းကို စူးရှစွာ လှမ်းကြည့်၏။ ထို့နောက်တွင် သဘောမတူ ကန့်ကွက်သံများ ပိုမို၍ ညံစည်လာခဲ့၏။ ကျောက်မဟာပြည်ထောင်မှ လူအများအပြားကား ရှေ့ကို ဆက်သွားရန် ငြင်းပယ်ကြသည်။
စစ်တုရင် ရှန့်ထိုကို ကယ်တင်သည့် ကိစ္စတွင် သူတို့က အဘယ်ကြောင့် စတေးခံရမည်နည်း။
ဤသို့သော အခြေအနေတွင် အားလုံးက မိမိအတွက်သာ စဥ်းစားကြမည်ဖြစ်သည်။ လျူကျောင်းကား တစ်ဝက်ကျော်သော နေရာကိုပင် ရောက်နေပြီ ဖြစ်ရာ အလွန် အံ့ဖွယ်ကောင်းသည်ဟု ဆိုရပေမည်။ သို့သော် လူအများ၏ စိတ်နှလုံးက သူ့အပေါ် ယုံကြည်ခြင်းများ မရှိကြတော့ပေ။
ကျောက်မဟာ ပြည်ထောင်မှ လူများသာ မဟုတ်ပေ။ ရှီဟွာတောင်မှ လူများပင် စတင်၍ လက်လျှော့ လာကြသည်။
သူတို့က ဤနေရာကို မူလကတည်းက မလာသင့်ပေ။
သည်ခရီးစဥ်ကား အန္တရာယ် များလွန်းပေ၏။ တော်ဝင်မြေများ အားလုံး ပေါင်းစပ်သည်တွင် မရဏတောင်ကို ကျော်ဖြတ်ခြင်းက အလွန် လွယ်ကူမည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။ သို့သော် သူတို့အားလုံး မှားယွင်းခဲ့ကြပေသည်။
လျူကျောင်းက စိတ်ပျက်ဟန်ဖြင့် ပြောသည်။
“ကျုပ်တို့က ဒီအထိတောင် ရောက်လာခဲ့ကြပြီ။ ဘာလို့ လက်လျှော့ချင်ရတာလဲ။ ဒါပေမဲ့ ဆက်မသွားချင်တဲ့ လူကို ကျုပ်က အတင်း မတိုက်တွန်းပါဘူး”
ထို့နောက် သူက ဆက်လက်၍ဝင်္ကပါကို ရင်ဆိုင်သည်။ အချို့က ဆက်သွားကြသည်။ အချို့က ကျန်ရစ်ကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အတန်ကြာ သောအခါ ကျောက်ထိုက ရပ်တန့်လိုက်၏။ သူက အလွန် စိတ်ပျက်သော ဟန်ပင်ဖြင့် ပြောသည်။
“ငါတို့အခု လက်လျှော့လိုက်လို့ ရပြီ “ ကျောက်မဟာ ပြည်ထောင်က အလွန်တရာ ကြီးမားသော ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရ၏။ သူတို့က အဆုံးနှင့် နီးလေလေ လျူကျောင်းထံမှ လာသော ဖိအားများက ပိုပြင်းထန်လေဟု ခံစားရသည်။ ဝင်္ကပါအား ကျော်ဖြတ်နိုင်သည့်တိုင် ကျောက်မဟာ ပြည်ထောင်ကား တစ်ယောက်မှ မကျန်အောင် သေဆုံးသွားမည်ဟု သူထင်မြင်သည်။ လျူကျောင်းမူကား ရန်ရှောင်တို့ ကိုးယောက်နှင့် ဆက်လက်၍ ရှေ့ကို သွားသည်။ သူတို့က ဧရာမဓားကြီးထံသို့ နီးကပ်လေလေ ကြောက်မက်ဖွယ် ဓားဝင်္ကပါများကလည်း သူတို့ကို အထပ်ထပ် ရစ်ပတ်လည် ဖြစ်ကာ အလွန်အမင်း အားကောင်း လာနေသည်။
***