အခန်း (၁၁၆၄)
Vol. 84 Ch. 1164
“ဘုန်း”
ညင်သာသောအသံနှင့်အတူ ယန်ချီလင်းသည် အင်မော်တယ်သခင်အဆင့်သို့ ဝင်ရောက်သွားသည်။
ကောင်းကင်နေမင်းဓားက တုန်ခါနေပြီး သူ၏ ကျင့်ကြံဆင့်ကို ဖိနှိပ်လိုက်သည်။
အဆင့်တက်လာသော စွမ်းအားသည် ဖြည်းဖြည်းချင်း ချေဖျက်ခံလိုက်ရပြီး တည်ငြိမ်သွားသည်။
ထိုဓားသည် အင်မော်တယ်သခင်တစ်ပါးကို အပြည့်အဝ လွှမ်းမိုးထားနိုင်သည်။
သူက ထိုဓားဖြင့် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည်။
ယန်ချီလင်း၏ မျက်လုံးများသည် အဆုံးမရှိသော ရွှေအလင်းကို ထုတ်လွှတ်နေသည်။
“ကောင်းကင်နေမင်းဓား၊ အဖေ ....”
ဓားရှည်ထဲတွင် ယန်တင်းထျန်၏ အမှာစကား ရှိနေသည်။
ယန်တင်းထျန်က အလွန်အရေးကြီးသောနေရာတွင် ကျင့်ကြံနေပြီး အနာဂတ်တွင် ပြန်လာခဲ့မည်ဟု ပြောထားသည်။
ထို့အပြင် ယွင်လန်ဓားအင်မော်တယ် ဟန်မူယဲ့က အလွန်အားကောင်းပြီး တစ်ခုခုဖြစ်လာလျှင် အကူအညီတောင်းရန် အကြံပေးထားသည်။
အဆင့်နိမ့်ကမ္ဘာ၏ အင်မော်တယ်သခင်က အလွန်အားကောင်းသည်ဟု ပြောထားသော သူ့အဖေ၏စကားကို နားမလည်သော်လည်း သံသယမရှိပေ။
ကောင်းကင်နီကမ္ဘာတွင် ယန်တင်းထျန်ကို တိုက်ရိုက်ကြည့်ရဲသောလူများ မရှိကြပေ။
ထို့အပြင် သူ့အဖေက ယွင်လန်ဓားအင်မော်တယ်ကို ယုံကြည်ပြီး ကောင်းကင်နေမင်းဓားကိုပင် လူကြုံပေးလိုက်သည်။
ယွင်လန်ဓားအင်မော်တယ်က စိတ်ချရသည်။
“ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ယွင်လန်ဓားအင်မော်တယ်”
ယန်ချီလင်းက ရေရွတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်အလင်းက ပေါက်ကွဲထွက်လာပြန်သည်။
ဟန်မူယဲ့က ဖူယွီအင်မော်တယ်ကမ္ဘာ၏ ခြံဝိုင်းသို့ ပြန်ရောက်လာသောအခါတွင် ရယ်မောလျက် ထွက်သွားသော မတူညီသည့်ဝတ်စုံနှင့် ကျင့်ကြံသူများကို မြင်ရသည်။
သူက အထဲသို့ ဝင်လာသောအခါ ဓားအင်မော်တယ်ရှုမင်နှင့် တခြားလူများက မကျေနပ်သောမျက်နှာထားဖြင့် ရှိနေကြသည်။
“အဲဒီလူတွေက ကျောက်ယန်အင်မော်တယ်ကမ္ဘာရဲ့ လှုံ့ဆော်မှုကြောင့် ငါတို့ကိုစိန်ခေါ်ဖို့ ရောက်လာတာပဲ”
ဓားအင်မော်တယ်ရှုမင်က တီးတိုးပြောသည်။
ကျောက်ယန်အင်မော်တယ်ကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာ ဖြစ်သော်လည်း အားကောင်းပြီး အင်မော်တယ်သခင်တစ်ရာခန့်ကို ပိုင်ဆိုင်ထားသည်။
ထိုအင်မော်တယ်ကမ္ဘာမျိုးကို မျက်နှာချိုသွေးချင်သောလူများ ရှိနေသည်။
ယခုလေးတင်ထွက်သွားသော လူများက ဖူယွီအင်မော်တယ်ကမ္ဘာကို ခြိမ်းခြောက်ရန် ရောက်လာခဲ့သည်။ သူတို့က ရွှေတောင်ထွတ်ပြိုင်ပွဲမှ နုတ်ထွက်သွားရန် ပြောခဲ့သည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ လူများက ဒေါသထွက်နေကြသည်။ အကယ်၍ စည်းကမ်းများကြောင့်သာ မဟုတ်လျှင် တိုက်ခိုက်မိလိမ့်မည်။
“ထားလိုက်ပါတော့။ အဲဒီအကြောင်းကို စိတ်ပူမနေနဲ့။ ချပ်ဝတ်တွေနဲ့ အသားကျအောင် ပြင်ဆင်ထားကြပါ”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ကိုယ်ပိုင်အခန်းဆီသို့ ပြန်သွားသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကျင့်ကြံရန် လှုပ်ရှားလိုက်ကြသည်။
သူတို့အားလုံးက ရွှေကျီးကန်းချပ်ဝတ်နှင့် အဆင့်တူသော အားကောင်းသည့်ချပ်ဝတ်များကို ရရှိထားကြသည်။
ရွှေတောင်ထွတ်ပြိုင်ပွဲတွင် အဆင့်ကောင်းရရန် ပေးအပ်ထားသော ဟန်မူယဲ့၏လက်ဆောင် ဖြစ်သည်။
ထိုချပ်ဝတ်ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အနည်းဆုံး နှစ်ဆတိုးလာသည်။
နောက်ရက်များတွင် ဟန်မူယဲ့က အခန်းထဲမှ ထွက်မလာခဲ့ပေ။
သူက ခန္ဓာကိုယ်ကို သန့်စင်ပြီး မူလဝိညာဉ်ဓားများကို ပေါင်းစပ်နေခဲ့သည်။
ရွှေရောင်ငှက်၏ တကျီကျီမြည်သံအောက်တွင် ဟန်မူယဲ့၏ စည်းမျဉ်းစွမ်းအားက ပိုမိုသန်မာလာသည်။
“အရူးပဲ ....”
ရွှေရောင်ငှက်က များသောအားဖြင့် ထိုစကားကို ပြောခဲ့သည်။
ဟန်မူယဲ့၏ ခွန်အားသည် နေ့စဉ် တိုးတက်လာသည်။
တစ်လအကြာတွင် ဟန်မူယဲ့က အခန်းထဲမှ ထွက်လာခဲ့သည်။
ခြံဝိုင်းထဲတွင်ထိုင်နေသော တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ပြိုင်ပွဲက ၅၆ရက်ကြာရင် စတင်လိမ့်မယ်။ ခင်ဗျားမှာ ရန်သူတွေ ဘယ်လောက်တောင်များနေလဲ သိလား”
သူက ဆက်ပြောသည်။
“အနည်းဆုံး အင်မော်တယ်ကမ္ဘာသုံးရာက စိန်ခေါ်ချင်နေတယ်”
“ခင်ဗျားတို့မှာ အခွင့်အရေးမရှိတော့ဘူး”
တာအိုတန်ခိုးရှင်စုယွီက ခေါင်းခါသည်။
‘အင်မော်တယ်ကမ္ဘာသုံးရာက စိန်ခေါ်ချင်တာလား’
ဟန်မူယဲ့က တည်ငြိမ်နေသောမျက်နှာထားဖြင့် တာအိုတန်ခိုးရှင်စုယွီ၏ ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။
ထိုကျောက်စိမ်းပေလွှာထဲတွင် အမျိုးမျိုးသော အင်မော်တယ်ကမ္ဘာများကို အဆင့်သတ်မှတ်ထားသည်။
သို့သော် အပေါ်ယံသာ ဖြစ်သည်။
ဥပမာအနေဖြင့် ကောင်းကင်တစ်သောင်းမြို့၏ ဖုံးကွယ်ထားသော အင်အားစုကို မည်သူမှ မသိကြပေ။
အဆင့်မြင့်အင်မော်တယ်ကမ္ဘာ တစ်ရာသည် အနည်းဆုံး အင်မော်တယ်သခင် ဆယ်ယောက်စီကို စေလွှတ်ခဲ့သည်။
ထိုထဲတွင် အင်မော်တယ်သခင် အယောက်နှစ်ဆယ်ပါဝင်သော ကမ္ဘာသုံးခု ရှိနေသည်။ ထိုအင်မော်တယ်သခင်များကြားတွင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများလည်း ရှိနေကြသည်။
အလယ်အလတ်အဆင့် ကမ္ဘာတစ်ထောင်သည် အင်မော်တယ်သခင် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို ဦးဆောင်၍ စေလွှတ်ခဲ့ကြသည်။
ယခင်က ဖူယွီအင်မော်တယ်ကမ္ဘာသည် ထိုခွန်အားမျိုးကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။
အင်မော်တယ်ကမ္ဘာများ၏ ခွန်အားနှိုင်းယှဉ်ချက်အပြင် အချက်အလက်တချို့လည်း ရှိနေသေးသည်။
ဥပမာအနေဖြင့် လောင်းကြေး ဖြစ်သည်။
ဟန်မူယဲ့က ကြည့်လိုက်သည်။ ဖူယွီအင်မော်တယ်ကမ္ဘာ၏ အဆင့်တစ်ဆယ်အတွင်းသို့ ဝင်ရောက်နိုင်ခြေသည် သုံးသောင်းပုံလျှင် တစ်ပုံသာ ရှိသည်။
ထိုဖြစ်နိုင်ခြေသည် အမည်မရှိသော အင်မော်တယ်ကမ္ဘာများအတွက် အများဆုံးဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် အဆင့်နိမ့်ကမ္ဘာများကို အာရုံစိုက်သောလူ မရှိပေ။
“တာအိုရောင်းရင်းယွင်လန်၊ လောင်းကြေးထပ်ဖို့ စိတ်ဝင်စားလား”
တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“ထိပ်ဆုံးဆယ်ယောက်က အနိုင်ရဖို့ ဖြစ်နိုင်ချေများတယ်”
ဟန်မူယဲ့က ထိပ်ဆုံးနေရာတွင်ရှိသော နာမည်များကို မြင်လိုက်ရသည်။
ချုံထျန်းအင်မော်တယ်ကမ္ဘာ၏ ကျူးကျီသည် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့်တွင် ရှိနေပြီး အဆင့်မြင့်အင်မော်တယ်ရတနာ ပါ့ကွားကြေးမုံကို ပိုင်ဆိုင်ထားသည်။
သူက ဆယ်ခုမြောက်နေရာတွင် ဖြစ်ပြီး အဆင့်တစ်ဆယ်ကို ရရန်အတွက် တစ်ဝက်ခန့် ဖြစ်နိုင်ချေရှိသည်။ အဆင့်ကိုးဆိုလျှင် သုံးပုံတစ်ပုံဖြစ်ပြီး အဆင့်တစ်ဆိုလျှင်တော့ အပုံသုံးရာတွင် တစ်ပုံဖြစ်သည်။
ချုံထျန်းအင်မော်တယ်ကမ္ဘာသည် အဆင့်မြင့်ကမ္ဘာ ဖြစ်သည်။
သို့သော် ရွှေတောင်ထွတ်၏ အင်အားစုများသည် အင်မော်တယ်သခင်ကျူးကျီကို အဆင့်တစ်နေရာ ရနိုင်မည်ဟု မျှော်လင့်မထားပေ။
နောက်ထပ် အင်မော်တယ်သခင် အထွတ်အထိပ်အဆင့် ယွင်ရှုသည်လည်း အဆင့်တစ်ဆယ်အတွက် လျာထားခံရသည်။ အဆင့်တစ်ဆယ်အတွက် နှစ်ပုံတစ်ပုံဖြစ်ပြီး အဆင့်ကိုးအတွက် ငါးပုံတစ်ပုံ ဖြစ်သည်။ အဆင့်တစ်နေရာအတွက် အပုံကိုးရာတွင် တစ်ပုံဖြစ်သည်။
သူတို့နှစ်ယောက်လုံးက အဆင့်တူသော်လည်း ကိုင်ဆောင်ထားသော အင်မော်တယ်ရတနာက အနည်းငယ် ကွဲပြားသည်။
ဟန်မူယဲ့က တခြားအင်မော်တယ်သခင်များကိုလည်း မြင်ရသည်။
ထိုစာရင်းက သူ့ကို အလွန်ဆွဲဆောင်ထားနိုင်သည်။
ထို့အပြင် သူ၏ အဆင့်တစ်ဆယ်အတွင်းသို့ ဝင်ရောက်နိုင်ခြေက အပုံတစ်သိန်းသုံးသောင်းတွင် တစ်ပုံဖြစ်သည်။
သူက အဆင့်ကိုးအတွင်းသို့ ဝင်ရောက်နိုင်မည်ဟု သတ်မှတ်မခံရပေ။
‘သူတို့က ငါ့ကို အထင်သေးနေတာလား’
‘တာအိုရောင်းရင်းယွင်လန်၊ ထိပ်ဆုံးဆယ်ယောက်က အောင်မြင်ဖို့ သေချာတယ်”
“ခင်ဗျားကလည်း အင်မော်တယ်သခင်အဆင့်မှာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် လောင်းကြေးထပ်ပြီး အဆင့်တစ်ဆယ်အတွင်း ဝင်သွားရင် ချမ်းသာလာလိမ့်မယ်”
ဘေးတွင်ရှိသော တာအိုတန်ခိုးရှင်စုယွီက တိုက်တွန်းနေသည်။
ဟန်မူယဲ့၏ နောက်ခံက အနည်းငယ် ထူးခြားလိမ့်မည်။ ထိုသို့မဟုတ်လျှင် သူက နတ်စွမ်းအားသလင်းကျောက် နှစ်ရာကို တစ်ခါတည်း ရလာမည်မဟုတ်ပေ။
သို့သော် လွန်ခဲ့သော ရက်များတွင် သူက ဖူယွီအင်မော်တယ်ကမ္ဘာ၏ ခွန်အားကို မြင်ခဲ့ရသည်။ အနည်းငယ် စိတ်ပျက်စရာကောင်းသည်။
သူတို့က အဆင့်တစ်သောင်းအတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
အကယ်၍ အဆင့်တစ်သောင်းအတွင်းသို့ မဝင်ခဲ့လျှင် အခြေခံအကျဆုံး ဆုကြေးဖြစ်သော နတ်စွမ်းအားသလင်းကျောက် သုံးရာကိုပင် ရမည်မဟုတ်ပေ။
ထို့ကြောင့် သူက ဖူယွီအင်မော်တယ်ကမ္ဘာ၏ လူများအပေါ်တွင် စိတ်အားထက်သန်မှု လျော့နည်းသွားခဲ့သည်။
ယခု သူက ဟန်မူယဲ့ကို လောင်းကြေးထပ်စေချင်သည်။
ထိုသို့ဆိုလျှင် သူက ပွဲစားခအနည်းငယ် ရလိမ့်မည်။
“ကောင်းပြီ။ လောင်းကြေးထပ်မယ်”
ဟန်မူယဲ့က တာအိုတန်ခိုးရှင်စုယွီကို ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာပြောသည်။
“နတ်စွမ်းအားသလင်းကျောက်နဲ့ပဲ လောင်းကြေးထပ်လို့ရတာလား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်စုယွီ၏ မျက်လုံးများက တောက်ပလာပြီး ရယ်မောလျက် လက်ကို ဝှေ့ယမ်းသည်။
“နတ်စွမ်းအားသလင်းကျောက်တင်မကဘူး နတ်စွမ်းအားသလင်းကျောက်အဖြစ် ပြောင်းလဲနိုင်တဲ့ ပစ္စည်းတိုင်းကို လောင်းကြေးထပ်လို့ရတယ်။ အင်မော်တယ်ကျောက်တုံး၊ မှော်ရတနာ၊ ဆေးလုံး အရာအားလုံးကို လက်ခံတယ်”
တာအိုတန်ခိုးရှင်စုယွီက ထူးခြားဆန်းကြယ်ပြီး ဂုဏ်ယူနေသော မျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“စိတ်မပူပါနဲ့။ ရွှေတောင်ထွတ်ရဲ့ လောင်းကြေးကို ဝင်္ကပါနဲ့ မှတ်တမ်းတင်ထားတယ်။ တခြားလူတွေက တာအိုရောင်းရင်းရဲ့ လောင်းကြေးအကြောင်းကို မသိနိုင်ဘူး”
‘ဝင်္ကပါလား’
ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့၏ ကောင်းကင်ပြောင်းလဲခြင်းစံအိမ်အကြောင်းကို တွေးမိသည်။
သူထင်ထားသည့်အတိုင်း ဖြစ်သည်။
တာအိုတန်ခိုးရှင်စုယွီက သူ့ကို ခန်းဆောင်ထဲသို့ ခေါ်သွားသည်။ အလင်းလွှာများသည် သူ့ရှေ့တွင် ပေါ်လာသည်။
အလင်းလွှာတွင် ပါဝင်ယှဉ်ပြိုင်သူများအားလုံး၏ နာမည်ကို ဖော်ပြထားသည်။
နောက်တွင် လောင်းကြေးအကြောင်းလည်း ပါဝင်သည်။
လူအများ၏ လောင်းကြေးသည် သုညဖြစ်သည်။
လောင်းကြေးအများစုသည် အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ပြီး နာမည်ကြီးသော လူများဆီတွင် စုစည်းနေကြသည်။
လောင်းကြေးအများဆုံးလူများသည် နတ်စွမ်းအားသလင်းကျောက် သိန်းချီ၍ တန်ဖိုးရှိသည်။
ဤနေရာသည် သင်္ချိုင်းအင်မော်တယ်မြို့၏ ကုန်သွယ်ရေးခန်းဆောင်နှင့် ဆင်တူသည်။
သို့သော် ဤနေရာသည် လောင်းကစားရုံ ဖြစ်လာသည်။
“တာအိုတန်ခိုးရှင်စုယွီ၊ ထိပ်ဆုံးမှာရှိတဲ့ လူတွေက အနည်းဆုံး နတ်စွမ်းအားသလင်းကျောက် တစ်သိန်းစီကို ပိုင်ဆိုင်ထားကြတယ်။ သူတို့က ကျဆုံးသွားရင် ဒါမှမဟုတ် နှုတ်ထွက်သွားရင် အလကားဖြစ်မသွားဘူးလား”
ဟန်မူယဲ့က မေးသည်။
လောင်းကြေးကို လက်ခံသောလူက ဖြစ်နိုင်ခြေကို တွက်ချက်ထားလိမ့်မည်။ လောင်းကြေးများသော လူများကို အကောင်းဆုံးကြိုးစား၍ အကွက်ချပြီး ဖိနှိပ်လိမ့်မည်။
နတ်ဘုရားရင်းမြစ်နန်းတော်သည် တာအိုဂိုဏ်းဖြစ်ပြီး ဖြောင့်မတ်သောအင်အားစု မဟုတ်ပေ။
တရားမျှတမှုသည် ကျင့်ကြံခြင်းလောကတွင် မည်သို့ ရှိနိုင်မည်နည်း။
“ဟားဟား၊ တာအိုရောင်းရင်က တကယ်ဉာဏ်ကောင်းတာပဲ”
တာအိုတန်ခိုးရှင်စုယွီက ခပ်ဟဟရယ်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောသည်။
“ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး လောင်းကြေးထပ်လို့ရတယ်”
“တချို့ကျွမ်းကျင်သူတွေက ကြွယ်ဝမှုအကုန်သုံးပြီး ကိုယ့်ကိုယ်ကိုယ် လောင်းကြေးထပ်ကြတယ်”
သူက အများအပြား လောင်းကြေးထပ်လိုက်လျှင် အကွက်ချခံရလိမ့်မည်။ သို့သော် အနိုင်ရရန် ဆုံးဖြတ်မထားလျှင် ကျင့်ကြံခြင်းလောကတွင် မည်သို့ ရှေ့ဆက်သွားနိုင်မည်နည်း။
ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်တချို့ကို ထုတ်လွှတ်ပြီး ခေါင်းညိတ်သည်။
‘ဟုတ်တယ်။ အနိုင်ရဖို့ ဆုံးဖြတ်မထားရင် ရွှေတောင်ထွတ်ကို ပြိုင်ပွဲဝင်ဖို့ ဘာဖြစ်လို့ ရောက်လာမှာလဲ’
‘သူက ကိုယ့်ကိုယ်ကိုယ် လောင်းကြေးထပ်တော့မှာလား’
ဟန်မူယဲ့က အလင်းလွှာထဲသို့ ဝင်ရောက်ပြီး ပျောက်ကွယ်သွားသောအခါ တာအိုတန်ခိုးရှင်စုယွီက စပ်စုချင်နေသည်။
သူက ဟန်မူယဲ့ကို ကိုယ့်ကိုယ်ကိုယ် လောင်းကြေးထပ်ရန် အားပေးခဲ့သည်။ ထိုသို့ဆိုလျှင် သူက ပွဲစားခ ပိုရလိမ့်မည်။
သူရနိုင်သော ပွဲစားခသည် အများဆုံး နတ်စွမ်းအားသလင်းကျောက် တစ်ထောင်သာဖြစ်သော်လည်း သူက တစ်ထောင်လုံးရရန် စိတ်ကူးမထားပေ။
သူက ပွဲစားခတစ်ထောင် ရရန်အတွက် ဟန်မူယဲ့က အနည်းဆုံး နတ်စွမ်းအားသလင်းကျောက် တစ်သိန်းကို လောင်းကြေးထပ်ရမည်။
ဟန်မူယဲ့က ထိုမျှ မချမ်းသာနိုင်ပေ။ ထို့အပြင် သူက မတုံးအလျှင် ထိပ်ဆုံးလူများကို လောင်းကြေးထပ်လိမ့်မည်။
သူ့ကိုယ်သူ လောင်းကြေးထပ်လျှင် ကြွယ်ဝမှုကို ဖြုန်းတီးနေခြင်းသာ ဖြစ်သည်။
‘ဖူယွီအင်မော်တယ်ကမ္ဘာက အဆင့်တစ်သောင်းအတွင်းဝင်ဖို့ အရမ်းကြိုးစားရလိမ့်မယ်။ အဆင့်တစ်ထောင်ဝင်ဖို့ မဖြစ်နိုင်ဘူး။ အဆင့်တစ်ဆယ်ဆိုရင် ပြောနေစရာမလိုတော့ဘူး’
ကျင့်ကြံခြင်းလောက၏ အရာအားလုံးသည် ခွန်အားအပေါ်တွင် မူတည်နေသည်။ ကံကောင်းခြင်း မဟုတ်ပေ။
ဤနေရာသည် လောင်းကစားရုံသဖွယ် ဖြစ်နေသော်လည်း အရာအားလုံးကို အချိန်အတော်ကြာအောင် သေချာတွက်ချက်ထားခဲ့သည်။
များပြားသောအကျိုးအမြတ်ကို မည်သူမှ မရနိုင်ပေ။
ယခင်က လူအနည်းငယ်သည် ချက်ချင်းချမ်းသာလာသော်လည်း လူအများစုက မွဲတေသွားကြသည်။
“အဲဒါတွေကို ဘယ်သူက ဂရုစိုက်မှာလဲ။ တကယ်လို့ သူ့ကိုယ်သူ ပြန်ပြီး လောင်းကြေးထပ်ရင် ငါ့ရဲ့ ပွဲစားခက ပိုများလိမ့်မယ်”
သူက ရေရွတ်လိုက်ပြီး ရှေ့တွင်ရှိသော အလင်းလွှာကို ကြည့်သည်။