အခန်း (၁၁၆၅)
Vol. 84 Ch. 1165
တာအိုတန်ခိုးရှင်စုယွီက အလင်းလွှာတွင်ရှိသော ဟန်မူယဲ့၏ နာမည်ကို အာရုံစိုက်ထားသည်။
ချက်ချင်းဆိုသလိုပင် သူက ဟန်မူယဲ့၏ နာမည်နောက်တွင် နံပတ်တစ်ခုကို မြင်လိုက်ရသည်။
တစ် ....
‘နတ်စွမ်းအားသလင်းကျောက် တစ်ခုလား’
‘သူက နတ်စွမ်းအားသလင်းကျောက် တစ်ခုပဲ လောင်းကြေးထပ်တာလား’
တာအိုတန်ခိုးရှင်စုယွီ၏ နှုတ်ခမ်းစေ့လိုက်သည်။
‘နတ်စွမ်းအားသလင်းကျောက် တစ်ခုကို ဘယ်လိုလုပ်ပြီး ခွဲယူရမှာလဲ’
သို့သော် တာအိုတန်ခိုးရှင်စုယွီက အံ့အားသင့်နေခဲ့သည်။ ဟန်မူယဲ့က ပထမနေရာအတွက် လောင်းကြေးထပ်ထားသည်။
ချက်ချင်းဆိုသလိုပင် မယုံကြည်နိုင်စရာကောင်းသော အချိုးတစ်ခု ပေါ်ထွက်လာသည်။
တစ်ပုံလျှင်တစ်သန်း ဖြစ်သည်။
ထိုနံပတ်သည် သာမန်လူများအတွက် အမြင့်ဆုံးဖြစ်သည်။
တာအိုတန်ခိုးရှင်စုယွီ၏ အမြင်တွင် အဆင့်နိမ့်ကမ္ဘာ၏ အင်မော်တယ်သခင်များက ပထမနေရာကို လုံးဝမရနိုင်ပေ။
အစောပိုင်း ဖရိုဖရဲဖြစ်နေသော တိုက်ပွဲများတွင် ကံကောင်းခြင်းကို မှီခိုနိုင်လိမ့်မည်။ သို့သော် နောက်ပိုင်းတိုက်ပွဲများသည် စစ်မှန်သည်။
အစစ်အမှန် ကျွမ်းကျင်သူကသာ အဆင့်တစ်ထောင်အတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။
အဆင့်တစ်ရာအတွင်းသို့ ဝင်ရောက်လာသော လူများက အင်မော်တယ်ဘုရင်တစ်ပါး၏လက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ကြသည်။
ထိပ်ဆုံးဆယ်ယောက်သည် အင်မော်တယ်ဘုရင်ကို စိန်ခေါ်နိုင်သည်။
ထိပ်ဆုံးသုံးယောက်သည် အင်မော်တယ်ဘုရင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်။
လုံလောက်သော အခြေခံအုတ်မြစ်ကို မပိုင်ဆိုင်လျှင် အနိုင်ရရန် မဖြစ်နိုင်ပေ။
အဆင့်မြင့်အင်မော်တယ်ကမ္ဘာ၏ ကျွမ်းကျင်သူနှင့် ဖုံးကွယ်နေသော လူများကသာ ခွန်အားသန်မာပြီး အဆင့်မီသည်။
လောင်းကြေးထပ်ရန် ခွင့်ပြုထားသော နတ်ဘုရားရင်းမြစ်နန်းတော်သည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်လိမ့်မည်။
ယခင်က အနိုင်ရရန် ဖြစ်နိုင်ခြေမြင့်ပြီး လောင်းကြေးများသော လူများက အဆုံးအထိ ရောက်မလာခဲ့ကြပေ။
“ဝီ”
ထိုအချိန်တွင် အလင်းလွှာက ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် မှောင်မည်းသွားခဲ့သည်။
‘ဘာဖြစ်သွားတာလဲ’
တာအိုတန်ခိုးရှင်စုယွီက စိတ်ရှုပ်ထွေးနေသည်။
ကောင်းကင်စုပေါင်းကုန်းမြေ၏ လောင်းကစားခန်းဆောင်သည် တစ်ခါမှ ချို့ယွင်းချက်မရှိခဲ့ပေ။
‘အခု ဘာဖြစ်သွားတာလဲ’
ယခု နတ်ဘုရားကမ္ဘာတွင်ရှိသော ကောင်းကင်ရင်းမြစ်နန်းတော်၏လူများက သူ့ထက် ပိုမိုစိုးရိမ်နေကြသည်။
သူတို့က ကောင်းကင်စုပေါင်းကုန်းမြေ၏ လောင်းကစားဝင်္ကပါနှင့် ပတ်သတ်ပြီး အမှားအယွင်းရှိနေကြောင်း ရှာတွေ့လိုက်သည်။
မကြာခင်မှာပင် စာတစ်စောင်ရောက်လာသည်။
လောင်ကြေးသည် အကန့်အသတ်ပမာဏကို ကျော်လွန်သွားသည်။
‘အကန့်အသတ်ကို ကျော်လွန်သွားတာလား’
ထို့နောက် သူတို့က ပြဿနာကို ရှာဖွေနိုင်ခဲ့သည်။
အဆင့်ရှစ်သောင်းအောက်တွင်ရှိနေသော ပြိုင်ပွဲဝင်တစ်ယောက်က နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို လောင်းကြေးထပ်ခဲ့သည်။
သန်းတစ်ရာကို ပထမနေရာအတွက် လောင်းထားသောကြောင့် အချိုးအရဆိုလျှင် မရေမတွက်နိုင်သော နတ်စွမ်းအားသလင်းကျောက်များကို ပြန်လျော်ပေးရလိမ့်မည်။
ကောင်းကင်စုပေါင်းကုန်းမြေတွင် ထိုသို့ များပြားသော နတ်စွမ်းအားသလင်းကျောက်များ မရှိပေ။
နတ်ဘုရားကမ္ဘာ၏ ဂိုဏ်းများအားလုံးကို စုပေါင်းလိုက်လျှင်ပင် လျော်ကြေးပေးနိုင်မည်မဟုတ်ပေ။
နတ်စွမ်းအားသလင်းကျောက်များက သုံးစွဲနေရသော ကုန်ပစ္စည်းတစ်မျိုး ဖြစ်သည်။ ထိုသလင်းကျောက်များ ဖြစ်ပေါ်လာရန်အတွက် အချိန်ယူရသည်။
ဂိုဏ်းများသည် မရေမတွက်နိုင်သော နတ်စွမ်းအားသလင်းကျောက်များကို သိုလှောင်ထားမည်မဟုတ်ပေ။
ထိုအချက်အလက်သည် နတ်ဘုရားရင်းမြစ်နန်းတော်ကို ဆွံ့အသွားစေသည်။
ဝင်္ကပါက မည်းမှောင်နေပြီး ကောင်းကင်စုပေါင်းကုန်းမြေကို စောင့်ကြည့်ရန် မဖြစ်နိုင်တော့ပေ။
ထိုသို့ အချိန်ကြာမြင့်စွာ ဆက်ရှိနေလျှင် အရှုပ်အထွေးကြီးတစ်ခု ဖြစ်လာလိမ့်မည်။
နတ်ဘုရားရင်းမြစ်နန်းတော်၏ အကြီးအကဲများအားလုံးက ဆွေးနွေးလိုက်ပြီး နန်းတော်သခင်၏ ထင်မြင်ချက်ကို တောင်းခံသည်။
အဆုံးတွင် နတ်ဘုရားရင်းမြစ်နန်းတော်နှင့် တခြားအင်အားစုကြီး သုံးခုက နတ်စွမ်းအားသလင်းကျောက် သန်းသုံးသိန်း၊ တန်ဖိုးမဖြတ်နိုင်သော ရတနာများနှင့် ကောင်းကင်စုပေါင်းကုန်းမြေကို အာမခံအနေဖြင့် ထားရှိပြီး ဝင်္ကပါထဲသို့ ထည့်သွင်းလိုက်သည်။
နာရီဝက်အကြာတွင် ဝင်္ကပါကအလင်းလွှာက ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
“ပြီးပြီ ....”
နတ်ဘုရားရင်းမြစ်နန်းတော်မှတစ်ဆင့် ဝင်္ကပါကို စောင့်ကြည့်နေသော အကြီးအကဲများက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
“ဟမ့်၊ ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ဟန်မူယဲ့က နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို လောင်းကြေးထပ်ခဲ့တယ်”
အနက်ရောင်ဝတ်စုံနှင့် နန်းတော်သခင်က နှာမှုတ်လိုက်သည်။
အကြီးအကဲများ၏ မျက်နှာထားကလည်း တင်းမာနေသည်။
“ချူးကျန်းထျန်နဲ့ ရှန်းလျူယွင်ကို ရွှေတောင်ထွတ်ဆီ စေလွှတ်လိုက်မယ်”
နန်းတော်သခင်က တီးတိုးပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် အကြီးအကဲများက အနည်းငယ် အံ့အားသင့်သွားကြသည်။
“နန်းတော်သခင်၊ ချူးကျန်းထျန်နဲ့ ရှန်းလျူယွင်က စစ်မြေပြင်ကိုသွားဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့က ရွှေတောင်ထွတ်ကို စိတ်ဝင်စားမှာမဟုတ်ပါဘူး”
အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ညင်သာစွာပြောသည်။
“ဟုတ်ပါတယ်။ သူတို့က အင်မော်တယ်ဘုရင်အဆင့်မှာ ရှိနေကြတယ်။ ရွှေထောင်ထွတ်မှာ ဝင်ပြိုင်ရင်လည်း အဓိပ္ပာယ်မရှိဘူး”
နောက်ထပ် အကြီးအကဲတစ်ယောက်က ထောက်ခံသည်။
အင်မော်တယ်ဘုရင်များကို ရွှေတောင်ထွတ်သို့ လွှတ်လိုက်လျှင် သူတို့၏ ဂုဏ်သတင်းကို ထိခိုက်စေလိမ့်မည်။
အင်မော်တယ်ဘုရင်များက မာနကြီးကြသည်။
“မသွားဘူးတဲ့လား”
နန်းတော်သခင်၏ အကြည့်များက အေးစက်နေသည်။ သူက နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“အင်အားစုသုံးခုကလည်း အင်မော်တယ်ဘုရင်အဆင့်တွေကို စေလွှတ်လိမ့်မယ်”
“ငါတို့က သန်းချီပြီး လောင်းကြေးထပ်ထားတယ်။ ကောင်းကင်စုပေါင်းကုန်းမြေကိုတောင် ထည့်ထားရတယ်”
သူက မကျေနပ်ဘဲ ပြောလိုက်သည်။
“ဝင်္ကပါရဲ့ စည်းကမ်းကြောင့်သာမဟုတ်ရင် ငါက အဲဒီလောင်းကြေးကို ပြောင်းပြီးနေပြီ”
“အခြေအနေကို အခွင့်ကောင်းယူချင်တဲ့လူတွေ အမြဲတမ်းရှိတယ်”
သူ့စကားကြောင့် တခြားလူများ၏ မျက်နှာထားက တောင့်တင်းသွားသည်။
အမှန်ပင်ဖြစ်သည်။ လောင်းကြေးက အလွန်အထင်ကြီးစရာကောင်းသည်။
“ဟန်မူယဲ့ကို တိုက်ရိုက်သတ်ပစ်လိုက်ရမလား”
လူအိုကြီးတစ်ယောက်က မေးသည်။
“သူ့ရဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြီး တခြားလူတွေကို လှုပ်ရှားခိုင်းလိုက်မယ်”
“ထောင်ချောက်ဆင်မယ်။ ဟန်မူယဲ့ကို သတ်ဖြတ်နိုင်ရင် နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို ဆုကြေးအနေနဲ့ ပေးမယ်”
နန်းတော်သခင်က အံကြိတ်ထားပြီး ကြမ်းတမ်းသော အကြည့်များဖြင့် ပြောလိုက်သည်။
ရွှေတောင်ထွတ်၏ လောင်းကစားရုံမှတစ်ဆင့် နတ်ဘုရားရင်းမြစ်နန်းတော်နှင့် တခြားအင်အားစုများသည် နတ်စွမ်းအားသလင်းကျောက် သန်းဆယ်ချီ၍ ရနိုင်ကြသည်။
သို့သော် ယခုအချိန်တွင် သူတို့က အရာအားလုံးကို လောင်းကြေးထပ်လိုက်ရသည်။
လောင်းကစားပွဲ၏ မပြောင်းလဲနိုင်သော စည်းကမ်းများကိုသာ အပြစ်တင်ရမည်။
သူတို့က ရှုံးနိမ့်ခဲ့လျှင် နတ်ဘုရားရင်းမြစ်နန်းတော်က မွဲပြာကျသွားလိမ့်မည်။
“တာဝန်ထုတ်လိုက်”
“ငါက ဟန်မူယဲ့ကို သေစေချင်တယ်”
နန်းတော်သခင်က ဟိန်းဟောက်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်စုပေါင်းကုန်းမြေ တစ်ခုလုံးက ဆူပွက်သွားသည်။
အလင်းလွှာတွင် ဟန်မူယဲ့ဟူသော နာမည်စာလုံးများက တောက်ပနေသည်။
သန်းတစ်ရာလောင်းကြေးကြောင့် ဟန်မူယဲ့၏ နာမည်က နံပတ်တစ်နေရာသို့ ရောက်သွားသည်။ သူက လူတိုင်းကို နောက်ချန်ထားခဲ့ပြီး ဒုတိယအဆင့်နှင့် အလွန်ကွာခြားနေသည်။
‘ဟန်မူယဲ့လား’
‘အဲဒါက ဘယ်သူလဲ’
“ရူးနေတာပဲ ....”
မရေမတွက်နိုင်သော အသံများသည် လောင်းကစားရုံတွင် ပေါ်ထွက်လာသည်။
နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာသည် အလွန်များပြားသည်။
နတ်ဘုရားဘုရင်များ ရှိနေသော နတ်ဘုရားကမ္ဘာ၏ ဂိုဏ်းများကပင် နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို ခက်ခဲစွာ ထုတ်ပေးရလိမ့်မည်။
ထိုပမာဏကို နှစ်သောင်းချီ၍ စုစည်းရမည်။
ထိုကြွယ်ဝမှုကို ရွှေတောင်ထွတ်တွင် လောင်ကြေးထပ်လိုက်သည်။ မထိုက်တန်ပေ။
“ဟန်မူယဲ့နဲ့ ဖူယွီအင်မော်တယ်ကမ္ဘာက ဘယ်မှာလဲ”
“ဟန်မူယဲ့က ဘယ်ကနေရောက်လာတာလဲ”
“ချက်ချင်းစုံစမ်းလိုက်။ ငါတို့က ပြိုင်ပွဲမတိုင်ခင် အဲဒီလူရဲ့အကြောင်းကို သိရမယ်”
ကောင်းကင်စုပေါင်းကုန်းမြေက ဆူပွက်နေသည်။
လက်ရွေးစင်များက နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာအား ထုတ်ပေးနိုင်သော ဟန်မူယဲ့ကို သိချင်နေကြသည်။
လူအများအပြားက သူ၏ ထူးခြားသေ အရည်အသွေးကို မြင်ချင်ကြသည်။
“သူက ရူးနေတာလား”
တာအိုတန်ခိုးရှင်စုယွီက နာမည်တံဆိပ်ပြားတွင် အသစ်ရောက်လာသော နတ်စွမ်းအားသလင်းကျောက်တစ်ထောင်ကို ကြည့်လိုက်ပြီး ကြောင်အနေသည်။
နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာ ....
ထိုပမာဏကို ထုတ်ပေးနိုင်သောလူများ ရှိနေကြသည်။
သူတို့အားလုံးက နတ်ဘုရားဘုရင်တစ်ဝက်အဆင့်သို့ ရောက်နေပြီး နာမည်ကြီးကြသည်။
သို့သော် ထိုကျွမ်းကျင်သူများ၏ လျော်ကြေးအချိုးအစားက အဓိပ္ပာယ်မရှိအောင် များပြားနေမည်မဟုတ်ပေ။
ထို့ကြောင့် အများစုက အနည်းငယ်သာ အကျိုးအမြတ်ရနိုင်သည်။
တာအိုတန်ခိုးရှင်စုယွီက နတ်စွမ်းအားသလင်းကျောက် တစ်ထောင်ကို ရထားသော်လည်း ပျော်ရွှင်နေသည်ဟု မခံစားရပေ။
“တာအိုရောင်းရင်းစုယွီ၊ ငါ့အပေါ်မှာ လောင်းကြေးထပ်လိုက်ပါ့လား”
ဟန်မူယဲ့က အလင်းလွှာထဲမှ ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ သူက ညင်သာစွာ ပြောသည်။
“သလင်းကျောက်တစ်ခုဆိုရင် တစ်သန်းပြန်ရမယ်။ တကယ်လို့ လောင်းကြေးနိုင်သွားရင် အမြတ်များလိမ့်မယ်”
အကယ်၍ နတ်စွမ်းအားသလင်းကျောက် တစ်ထောင်ကို လောင်းကြေးထပ်လိုက်လျှင် သန်းတစ်ထောင် ပြန်ရလိမ့်မည်။
သန်းတစ်ထောင် ....
သူက တစ်သက်လုံး ကြိုးစားရှာဖွေလျှင်ပင် ထိုပမာဏကို မရနိုင်ပေ။ လောင်းကြေးသည် သူ့ကို အမှန်တကယ် ဆွဲဆောင်ထားသည်။
တာအိုတန်ခိုးရှင်စုယွီက ပြုံးနေသောဟန်မူယဲ့ကို ကြည့်လိုက်ပြီး စကားမပြောနိုင်ခဲ့ပေ။
‘ဒါက နတ်စွမ်းအားသလင်းကျောက်တွေကို ဖြုန်းတီးနေတာပဲ မဟုတ်ဘူးလား’
သို့သော် ဟန်မူယဲ့၏ရှေ့တွင် ထိုသို့ပြောရန် မသင့်တော်ပေ။
တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့၏မျက်နှာကို ကြည့်လိုက်ပြီး ရုတ်တရက် အတွေးရသွားသည်။
‘သူက သန်းတစ်ရာကို ကိုယ်တိုင်ထုတ်သုံးခဲ့တာလား။ ဒါမှမဟုတ် သူ့နောက်ကွယ်မှာ အင်အားစုတစ်ခု ရှိနေတာလား’
‘သူ့မှာ နတ်စွမ်းအားသလင်းကျောက်တွေ အများကြီးရှိဖို့ မဖြစ်နိုင်ဘူး’
‘ဟန်မူယဲ့က အဆင့်နိမ့်အင်မော်တယ်ကမ္ဘာကနေ ရောက်လာတာ။ အဆင့်မြင့်အင်မော်တယ်ကမ္ဘာ ဖြစ်နေရင်တောင် နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို ထုတ်ပေးနိုင်မှာမဟုတ်ဘူး’
‘ထိပ်ဆုံး အင်မော်တယ်ကမ္ဘာဆယ်ခုကို ပေါင်းလိုက်ရင်တောင် အဲဒီလောက်အများကြီး မရှိနိုင်ဘူး’
‘အဲဒါက ဟန်မူယဲ့ရဲ့လောင်းကြေး မဖြစ်နိုင်ဘူး။ တချို့အင်အားစုတွေက လှုပ်ရှားလိုက်တာပဲ ဖြစ်ရမယ်’
‘သူ့မှာ ထူးခြားတဲ့နည်းလမ်းတွေ ရှိနေတာလား’
“ကောင်းပြီ။ လောင်းကြေးထပ်မယ်”
တာအိုတန်ခိုးရှင်စုယွီက အလင်းလွှာဆီသို့ လျှောက်သွားပြီး နတ်စွမ်းအားသလင်းကျောက် သုံးရာကို နာမည်ကတ်ပြားထဲမှ ထုတ်ယူသည်။
သူက စဉ်းစားလိုက်ပြီး စုစုပေါင်း နတ်စွမ်းအားသလင်းကျောက် ၂,၁၀၀ကို လောင်းကြေးထပ်ခဲ့သည်။
သို့သော် ဟန်မူယဲ့၏ လျော်ကြေးက တစ်သန်းပုံတစ်ပုံမှ တစ်သောင်းပုံတစ်ပုံအထိ လျော့ကျသွားခဲ့သည်။
တစ်သောင်းသည်လည်း အဆင်ပြေသည်။ အကယ်၍ အနိုင်ရသွားလျှင် သူက နတ်စွမ်းအားသလင်းကျောက် ၂၁သန်းကို ရနိုင်လိမ့်မည်။ ထိုပမာဏသည် သူတစ်သက်လုံး ကျင့်ကြံရန် လုံလောက်သည်။
ကံကောင်းမှုများနှင့် မကြုံတွေ့ခဲ့လျှင် ချမ်းသာလာမည်မဟုတ်ပေ။
အကယ်၍ ဟန်မူယဲ့က အံ့အားသင့်စရာတစ်ခုကို ယူဆောင်လာလျှင် သူ့အတွက် အဆင်ပြေသွားလိမ့်မည်။
တာအိုတန်ခိုးရှင်စုယွီက အလင်းလွှာထဲမှ ပြန်ထွက်လာသောအခါတွင် ဟန်မူယဲ့ကို မတွေ့ရတော့ပေ။
ခန်းဆောင်သည် ဆူညံနေပြီး မရေမတွက်နိုင်သော ကျွမ်းကျင်သူများက တောက်ပနေသော မျက်လုံးများဖြင့် အလင်းလွှာတွင်ရှိသော အချက်အလက်ကို ကြည့်နေကြသည်။
တစ်ယောက်ယောက်က နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို ထုတ်သုံးလာမည်ဟု မည်သူမှ ထင်မထားကြပေ။