← Chapters

အခန်း (၁၁၆၆)

Vol. 84 Ch. 1166

အခန်း (၁၁၆၆)

Vol. 84 Ch. 1166

“ဟမ်၊ ငါ့ရဲ့ လျော်ကြေးအချိုးက သုံးသိန်းလား။ ငါ့အတွက် သလင်းကျောက်တစ်ရာ လောင်းမယ်”

“ဟားဟား၊ ငါကလည်း တစ်ရာလောင်းမယ်”

“ငါးသိန်းပုံတစ်ပုံလား။ ငါက အဲဒီလောက်တောင် လူသိနည်းတာလား။ သလင်းကျောက်သုံးဆယ် လောင်းမယ်”

ခန်းဆောင်သည် ဖရိုဖရဲဖြစ်နေသည်။ အလင်းလွှာတွင် ဆက်တိုက်ပြောင်းလဲနေသော ကိန်းဂဏန်းများကြောင့် နတ်ဘုရားရင်းမြစ်နန်းတော်၏ လူများက မသက်မသာ ဖြစ်လာကြသည်။

‘အဲဒီလူတွေက ဘာလုပ်နေတာလဲ’

ယခင်ပြိုင်ပွဲများတွင် အသန်မာဆုံးလူများက အာရုံစိုက်မခံဘဲ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားကြသည်။

အများစုက နတ်စွမ်းအားသလင်းကျောက် တစ်ခုပင် လောင်းကြေးမထပ်ကြပေ။

သို့သော် ယခုအချိန်တွင် အနည်းငယ် သန်မာသောလူများနှင့် ဖုံးကွယ်ထားသော လူများက ပမာဏတချို့ကို လောင်း‌ကြေးထပ်လာကြသည်။

ထိုလူများက အဆင့်တက်လာလျှင် သူတို့က အနည်းဆုံး သန်းထောင်ချီသော နတ်စွမ်းအားသလင်းကျောက်များကို ပေးချေရလိမ့်မည်။

“ဒါတွေအားလုံးက ဟန်မူယဲ့ရဲ့ အမှားပဲ”

နန်းတော်သခင်က အံကြိတ်ထားသည်။ သူက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါနေသည်။

နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာသည် ရွှေတောင်ထွတ်ပြိုင်ပွဲတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်သည်။

တင်းမာသော လေထုသည် ဆူညံသံများနှင့် ပြည့်နှက်ပြီး ဖရိုဖရဲဖြစ်နေသည်။

တစ်ယောက်နှင့်တစ်ယောက် မရင်းနှီး‌သော လူများက ဆုံတွေ့သောအခါတွင် အရင်ဆုံး ပြောလိုက်ကြသည်။

“ဟန်သန်းတစ်ရာက ဘယ်သူလဲ မင်းတို့သိလား”

ဟန်သန်းတစ်ရာ ....

ယွင်လန်ဓားအင်မော်တယ် ဟန်မူယဲ့သည် ကိုယ့်ကိုယ်ကိုယ် သန်းတစ်ရာလောင်းကြေးထပ်ခဲ့သည်။ ထို့အပြင် သူ့ကို ဆုကြေးထုတ်ထားခဲ့သည်။ သူ့ကို သတ်ဖြတ်နိုင်သောလူက နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို ရလိမ့်မည်။ ထို့ကြောင့် ဟန်မူယဲ့က ကောင်းကင်စုပေါင်းကုန်းမြေတွင် ဟန်သန်းတစ်ရာဟူသော နာမည်ကို ရလာခဲ့သည်။

နောက်ရက်များတွင် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသော်လည်း ဖူယွီအင်မော်တယ်ကမ္ဘာ၏ လက်ရွေးစင်များက နှောင့်ယှက်ခံလိုက်ရသည်။ မရေမတွက်နိုင်သော လူများသည် စပ်စုချင်သောကြောင့် သူတို့၏ခြံဝိုင်းကို နေ့စဉ် လာကြည့်နေကြသည်။

လူတိုင်းက သန်းတစ်ရာထုတ်သုံးနိုင်သောလူကို သိချင်ကြသည်။

ရက်တစ်ရာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ကောင်းကင်စုပေါင်းကုန်းမြေ၏ ဝင်္ကပါက ရုတ်တရက် ပိတ်သွားခဲ့သည်။

ဝင်္ကပါ၏ ရွှေအလင်းသည် အလင်းလွှာများအဖြစ် ပြောင်းလဲသွားသည်။

“ပြိုင်ပွဲ စတင်တော့မယ် ....”

ပဲ့တင်ထပ်နေသော အသံနှင့်အတူ ကောင်းကင်နှင့်မြေကြီးက တုန်ခါလာသည်။ အဆုံးမရှိသော အင်မော်တယ်အလင်းသည် အရာအားလုံးကို လွှမ်းခြုံသွားသည်။

ကမ္ဘာတစ်ခုလုံးက ပုံရိပ်ယောင်ဖြစ်လာပြီး ကောင်းကင်စုပေါင်းကုန်းမြေက တိုက်ရိုက် ပျောက်ကွယ်သွားသည်။

အလင်းတန်းများသည် လူတိုင်းကို လွှမ်းခြုံထားပြီး တည်နေရာရွှေ့ပြောင်းပေးလိုက်သည်။

အခန်းထဲတွင်ထိုင်နေသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး အပြင်ဘက်သို့ ပျံထွက်လာသည်။

“တာအိုရောင်းရင်းယွင်လန်၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာနိုင်ပါစေ”

အပြင်ဘက်တွင်ရပ်နေသော တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပြောသည်။

အစပိုင်းတွင် သူက နတ်စွမ်းအားသလင်းကျောက်တချို့ ရှာဖွေရန်အတွက် ဟန်မူယဲ့နှင့် ဖူယွီအင်မော်တယ်ကမ္ဘာ၏ သတင်းများကို ရောင်းစားရန် ပြင်ဆင်ခဲ့သည်။

သို့သော် တွေးကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသည်။

ဟန်မူယဲ့၏ လောင်းကြေးက အလွန်မြင့်မားပြီး နတ်ဘုရားကမ္ဘာတွင်ရှိသော အင်အားစုများနှင့် ပတ်သတ်နေလိမ့်မည်။

သူက အထောက်အထားနှင့် ကျင့်ကြံဆင့်ကို ဖုံးကွယ်ပြီး ရွှေတောင်ထွတ်သို့ ရောက်လာသော အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူများကို ကိုယ်တိုင် မြင်ခဲ့ရသည်။

အင်မော်တယ်ဘုရင်များပင် ပါဝင်လာသည်။ အကယ်၍ သူက ဤကိစ္စတွင် ဝင်ပါနေလျှင် အလောင်းမကျန်ဘဲ သေဆုံးသွားရလိမ့်မည်။

နတ်စွမ်းအားသလင်းကျောက်များကို အသုံးပြုချင်လျှင် အသက်ရှင်နေမှ ဖြစ်မည်။

လောင်းကြေးထပ်ထားသော နတ်စွမ်းအားသလင်းကျောက်များကိုတော့ စိတ်မပူပေ။ ကောင်းကင်စုပေါင်းကုန်းမြေ၏ ဝင်္ကပါမှတစ်ဆင့် ဆောင်ရွက်သောကြောင့် သူလောင်းကြေးထပ်ထားသောအကြောင်းကို မည်သူမှ မသိနိုင်ပေ။

“ကောင်းပြီ။ တာအိုရောင်းရင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”

ဟန်မူယဲ့က ရယ်လိုက်ပြီး ကောင်းကင်ထက်တွင် ပျံသန်းသွားသည်။

တာအိုတန်ခိုးရှင်စုယွီနှင့် ဟန်မူယဲ့တို့က မရင်းနှီးကြပေ။ သို့သော် သူတို့နှစ်ယောက်လုံးက ကျင့်ကြံသူများဖြစ်ပြီး တာအိုတန်ခိုးရှင်စုယွီက ဟန်မူယဲ့၏အောင်ပွဲကို မျှော်လင့်နေသောကြောင့် ဆုတောင်းပေးခဲ့သည်။

ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ဖုံးကွယ်ထားသောလှည့်ကွက်များ မရှိဘဲ လူတိုင်းက လွတ်လပ်စွာ ကျင့်ကြံနိုင်လျှင် ပြီးပြည့်စုံနေလိမ့်မည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပနေပြီး အလင်းတန်းထဲသို့ ဝင်ရောက်သွားသည်။

“အဲဒါက ဟန်မူယဲ့ပဲ”

နတ်ဘုရားကမ္ဘာတွင် အလင်းလွှာမှတစ်ဆင့် ‌စောင့်ကြည့်နေသောလူများက ပြောလိုက်ကြသည်။

“အဖွဲ့လေး၊ နံပတ် ၉၁၆။ အဲဒါက သူပဲ”

“အဖွဲ့လေးရဲ့ ကျွမ်းကျင်သူတွေကို မြန်မြန်ရှာလိုက်။ သူ့ကို သတ်နိုင်တဲ့လူတွေ ဘယ်နှယောက်ရှိလဲ ကြည့်ရအောင်”

“သူ့ကို အာရုံစိုက်ထားပါ။ တခြားလူတွေကို ဂရုမစိုက်နဲ့အုံး”

မရေမတွက်နိုင်သော အလင်းလွှာများသည် အင်မော်တယ်လောကတွင် ပေါ်ထွက်လာပြီး ရွှေတောင်ထွတ်၏မြင်ကွင်းကို ပြသနေသည်။

ပြိုင်ပွဲတိုင်းသည် ထိုသို့ပင်ဖြစ်သည်။ မြင်ကွင်းများကို ထုတ်လွှတ်ပြသသည်။

တချို့ကတော့ နေ့စဉ်ကုန်ကျစရိတ် နတ်စွမ်းအားသလင်းကျောက် သုံးထောင်ကို သည်းမခံနိုင်သောကြောင့် မကြည့်ကြပေ။

သို့သော် ဤတစ်ကြိမ်က ကွဲပြားသည်။

ကောင်းကင်စုပေါင်းကုန်းမြေ၏ သတင်းများအရ ဟန်မူယဲ့ဟုခေါ်သော ပြိုင်ပွဲဝင်တစ်ယောက်သည် နတ်စွမ်းအားသလင်းကျောက် သန်းတစ်ရာကို လောင်းကြေးထပ်ခဲ့သည်။

ထို့အပြင် သူလောင်းကြေးထပ်လိုက်သော အချိန်တွင် လျော်ကြေးအချိုးအစားက တစ်သန်းပုံတစ်ပုံ ဖြစ်နေသည်။

ထိုအရာသည် မကြုံစဖူး ထူးကဲသော လောင်းကြေးတစ်ခု ဖြစ်သည်။

နတ်ဘုရားရင်းမြစ်နန်းတော်က ကောင်းကင်စုပေါင်းကုန်းမြေနှင့် အင်မော်တယ်ရတနာများကို ထုတ်သုံးပြီး လောင်းကြေးကို ဖြေရှင်းလိုက်ရသည်။

အကယ်၍ ဟန်မူယဲ့က ရွှေတောင်ထွတ်၏ နံပတ်တစ်နေရာကို ရသွားလျှင် နတ်ဘုရားလောကတစ်ခုလုံးက ပြောင်းလဲသွားနိုင်သည်။

ချဲ့ကား၍ပြောနေခြင်း မဟုတ်ပေ။

ထို့ကြောင့် ဟန်မူယဲ့ကို မြင်တွေ့နိုင်ရန်အတွက် အင်မော်တယ်ကမ္ဘာများအားလုံးက နေ့စဉ် နတ်စွမ်းအားသလင်းကျောက်သုံးထောင်ကို အသုံးပြုပြီး အလင်းလွှာကို အသက်သွင်းထားကြသည်။

ထိုသို့ ရှားပါးသော ပြိုင်ပွဲကို လူတိုင်းက ကြည့်ချင်ကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့တွင် ဖြစ်သည်။

အင်မော်တယ်အလင်းဖြင့် တောက်ပနေသော အလင်းလွှာသည် ပြိုင်ပွဲမြင်ကွင်းကို ပြသနေသည်။

ထိုအချိန်တွင် ဟန်မူယဲ့က ပုံရိပ်ယောင်တောင်တန်းတစ်ခုသို့ ရောက်လာသည်။

ဆယ်ပေခန့်ကြီးမားသော ဝံပုလွေများသည် သူ့ပတ်ဝန်းကျင်တွင် ရှိနေကြသည်။

မြို့တံတိုင်းပေါ်တွင်ရပ်နေသော ရှုဝေက ပြုံးလိုက်သည်။

လွန်ခဲ့သောနှစ်များတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်ပွဲကို သူက ပြန်တွေးမိသည်။

အခြေအနေက မည်သို့ပင် အန္တရာယ်များနေပါစေ ဟန်မူယဲ့က အောင်မြင်ခဲ့သည်။

သူတို့ကို တစ်ခါမှ စိတ်မပျက်စေခဲ့ပေ။

“ယွင်လန်ဓားအင်မော်တယ်”

“အဲဒါက ယွင်လန်ဓားအင်မော်တယ်ပဲ”

မရေမတွက်နိုင်သော အသံများကို ကြားရသည်။

အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာတွင်ရှိသော အဖွဲ့အစည်းအားလုံးသည် အလင်းလွှာတွင်ရှိသော ပုံရိပ်ကို မြင်နိုင်ကြသည်။

“ယွင်လန်ဓားအင်မော်တယ်လား”

မဟူရာချပ်ဝတ်ဂိုဏ်း၏ အဓိကခန်းဆောင်တွင် ဂိုဏ်းချုပ်ဖြစ်သော အင်မော်တယ်သခင်ဟယ်လင်းက မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“အဲဒီလူက ငါတို့ဂိုဏ်းကို လာဖူးတယ်မဟုတ်လား”

‘ဂိုဏ်းကို လာဖူးတာလား’

‘အင်‌မော်တယ်ကမ္ဘာရဲ့ လက်ရွေးစင်က မဟူရာချပ်ဝတ်ဂိုဏ်းကို ဘာဖြစ်လို့ ရောက်လာမှာလဲ’

“အကြီးအကဲကျူးချန်၊ ဘယ်လိုထင်လဲ”

အင်မော်တယ်သခင်ဟယ်လင်းက ဘေးတွင်ရပ်နေသော ကျူးချန်ကို ကြည့်လိုက်သည်။

ယခုအချိန်တွင် ကျူးချန်က သင်္ချိုင်းအင်မော်တယ်မြို့နှင့် ဟန်မူယဲ့၏ ထောက်ပံ့မှုကြောင့် မဟူရာချပ်ဝတ်ဂိုဏ်းတွင် အလွန်အရေးပါနေသည်။

ယခင်က ကျူးချန်သာဆိုလျှင် ဂိုဏ်းချုပ်၏မေးခွန်းကြောင့် တစ်ကိုယ်လုံး တုန်ခါပြီး ခြေထောက်များ ပျော့ခွေသွားလိမ့်မည်။

သို့သော် ယခုအချိန်တွင် မတူညီတော့ပေ။

ကျူးချန်က သင်္ချိုင်းအင်မော်တယ်မြို့မှ ပို့လိုက်သော နတ်စွမ်းအားသလင်းကျောက် သုံးသန်းကို ရရှိထားသည်။

ထိုသလင်းကျောက်များဖြင့် သူက မဟူရာချပ်ဝတ်ဂိုဏ်းကို လွှမ်းမိုးနိုင်သည်။

သူ့လက်ထဲတွင်ရှိသော နတ်စွမ်းအားသလင်းကျောက်များကြောင့် မဟုတ်လျှင် မဟူရာချပ်ဝတ်ဂိုဏ်းက အလင်းလွှာကို ကြည့်နိုင်မည်မဟုတ်ပေ။

“ယွင်လန်ဓားအင်မော်တယ်က ကမ္ဘာဦးရုပ်သေးရုပ်ကို အားကိုးနေတာလား”

ကျူးချန်က ပတ်ဝန်းကျင်တွင်ရှိသော လူများကို ကြည့်လိုက်သည်။

ကမ္ဘာဦးရုပ်‌သေးရုပ် ....

ဟန်မူယဲ့က ထိုရုပ်သေးရုပ်များကို ဝယ်သွားခဲ့သည်။

အင်မော်တယ်သခင်ဟယ်လင်းက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ကမ္ဘာဦးရုပ်သေးရုပ်တွေက သူ့လက်ထဲမှာလား”

အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က အလင်းလွှာကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“တကယ်လို့ ကမ္ဘာဦးရုပ်သေးရုပ်တွေကို ထုတ်သုံးလာရင် ငါတို့ မဟူရာချပ်ဝတ်ဂိုဏ်းက ....”

သူက စကားကို အဆုံးမသတ်နိုင်ခဲ့ပေ။ ကျူးချန်က ကျယ်လောင်စွာ ဖြတ်ပြောလိုက်သည်။

“ယွင်လန်ဓားအင်မော်တယ်က ကမ္ဘာဦးချပ်ဝတ်ရုပ်သေးရုပ်ကို သန့်စင်ဖို့အတွက် ဝိညာဉ်သတ္တုတွေ ထောက်ပံ့ပေးမယ်လို့ ကတိပေးထားတယ်။ ပြီးတော့ ရုပ်သေးရုပ်ရဲ့ ပုံကြမ်းကိုလည်း ပို့ပေးလိမ့်မယ်”

“နတ်စွမ်းအားသလင်းကျောက် သုံးသန်းကိုလည်း ပေးထားတယ်”

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

လူအများအပြားက ဒေါသထွက်နေကြသည်။

ယခုအချိန်တွင် မဟူရာချပ်ဝတ်ဂိုဏ်းသည် ယွင်လန်ဓားအင်မော်တယ်နှင့် ပူးပေါင်းတော့မည်ဟု ကျူးချန်က ပွင့်လင်းစွာ ကြေညာခဲ့သည်။

“တကယ်လို့ ယွင်လန်ဓားအင်မော်တယ်က ရွှေတောင်ထွတ်မှာ သေသွားခဲ့ရင် ဘာမှမလိုတော့ဘူး”

ကျူးချန်က လူတိုင်းကို ကြည့်လိုက်သည်။ သူ့စကားကြောင့် သူတို့အားလုံးက ကြောင်အသွားကြသည်။

ဟန်မူယဲ့က သေသွားခဲ့လျှင် နတ်စွမ်းအားသလင်းကျောက် သုံးသန်းကို ပြန်ပေးနေရန် မလိုတော့ပေ။

“တကယ်လို့ ယွင်လန်ဓားအင်မော်တယ်က အသက်ရှင်နေပြီး နံပတ်တစ်ဖြစ်သွားရင်တော့ ....”

ကျူးချန်က ပြုံးသည်။

ဆက်ပြောနေရန် မလိုတော့ပေ။

အကယ်၍ ယွင်လန်ဓားအင်မော်တယ်က ချန်ပီယံဖြစ်လာလျှင် သူ၏ ဂုဏ်သတင်းက နတ်ဘုရားရင်းမြစ်နန်းတော်ကိုပင် ကျော်လွန်သွားလိမ့်မည်။

အင်မော်တယ်သခင်ဟယ်လင်းက ချောင်းဟန့်လိုက်ပြီး ရှေ့တွင်ရှိသော အလင်းလွှာကို ကြည့်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“စောင့်ကြည့်ကြတာပေါ့”

စောင့်ကြည့်မည်။

ရွှေတောင်ထွတ်ကို စောင့်ကြည့်မည်။ ယွင်လန်ဓားအင်မော်တယ်၏ ခွန်အားကို စောင့်ကြည့်မည်။

အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားလောက၏ အင်အားစုများသည် သန်းတစ်ရာလောင်းကြေးထပ်ထားသော ယွင်လန်ဓားအင်မော်တယ်၏ ထူးခြားမှုကို စောင့်ကြည့်နေကြသည်။

“ဘုန်း”

ဟန်မူယဲ့က လက်သီးထိုးလိုက်သည်။

သူ့ရှေ့တွင်ရှိသော ဝံပုလွေပုံရိပ်က ပျက်စီးသွားသည်။

သူက မရပ်တန့်ဘဲ ဆက်တိုက်လှုပ်ရှားပြီး လက်သီးထိုးနေသည်။

ပုံရိပ်ယောင်ဝံပုလွေ ဆယ်ကောင် သေဆုံးသွားသည်။ ရွှေအလင်းသည် သူ့ကို လွှမ်းခြုံထားသည်။

ချက်ချင်းဆိုသလိုပင် သူက ပေတစ်သောင်းကျယ်ဝန်းသော လွင့်မျောနေသည့်စင်မြင့်ပေါ်သို့ ရောက်သွားသည်။

စင်ပေါ်တွင် မတ်တပ်ရပ်‌နေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်က ဟန်မူယဲ့ဆီသို့ ပျံသန်းလာသည်။

လေပြင်းများ တိုက်ခတ်လာပြီး လေဓားသွားသည် ဟန်မူယဲ့၏ ဦး‌ခေါင်းကို ခုတ်ချသည်။

“ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့်”

စောင့်ကြည့်နေသော ကျွမ်းကျင်သူများက တိုက်ခိုက်လိုက်သော လူငယ်၏ ကျင့်ကြံဆင့်ကို ချက်ချင်းပြောနိုင်ကြသည်။

လူငယ်က ရွှေတောင်ထွတ်တွင် အဝေးသို့ ရောက်နိုင်မည်မဟုတ်ပေ။

သို့သော် တိုက်ပွဲတချို့ကို ကျော်ဖြတ်ရန် ပြဿနာမရှိပေ။

“ဘုန်း”

ဟန်မူယဲ့က လက်သီးထိုးချလိုက်သည်။

လက်သီးပုံရိပ်သည် ပေတစ်ထောင်ကြီးမားသော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုသားရဲက ဟိန်းဟောက်လိုက်ပြီး လေဓားသွားကို ဖျက်ဆီးသည်။ ထို့နောက် တိုက်ခိုက်လိုက်သောလူငယ်ကို ခုန်ုအုပ်သည်။

လူငယ်က ကြောက်ရွံ့နေပြီး နောက်ဆုတ်တော့မည့်အချိန်တွင် သားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

“ဘန်း”

လူငယ်က စင်ပေါ်မှ ပြုတ်ကျသွားသည်။

အလင်းစက်ကွင်းသည် ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။

All Chapters