အိပ်မက်တွေက အိပ်မက်မဟုတ်ဘူး
Vol. 10 Ch. 38
မက်ဒါနာက သူ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူ့ရဲ့အတွေးတွေက ဝေဝါးနေဆဲပဲ။ တစ်ညတာဆိုတဲ့ ကာလအတွင်းမှာ သူဟာ လက်တွေ့အဆန်ဆုံးသော အိပ်မက်သုံးခုကို မက်ခွင့်ရခဲ့တယ်။ အစစ်အမှန်နဲ့ သိပ်ကိုနီးစပ်လွန်းတဲ့အတွက် ဘဝသုံးခုကို ဖြတ်သန်းခဲ့ရတဲ့အတိုင်းပဲ။
“ငါက လိပ်ပြာလေးဖြစ်သွားတာလား၊ ဒါမှမဟုတ် လိပ်ပြာလေးက ငါဖြစ်လာတာလားဆိုတဲ့ စကားပုံက ဒါမျိုးကိုဆိုလိုတာလား။”
မက်ဒါနာက တာအိုဝါဒရဲ့စကားပုံတစ်ခုကို ပြေးသတိရမိတယ်။ ပြီးတဲ့နောက်မှ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူဟာ အစစ်အမှန်နိုးထနေတာမျိုး မဟုတ်သေးမှန်း သတိပြုမိလိုက်တယ်။ သူရှိနေတဲ့ နေရာက ဗလာနတ္တိ။ တစ်ခုတည်းသော တည်ရှိမှုဆိုလို့ အဖြူရောင်မြူတွေ။ သားရဲကြီးသုံးကောင်ရဲ့ပုံရိပ်က လွဲလို့ပေါ့။
“စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ... ပထမဘဝမှာ ကိုယ်ခုမှသိတဲ့လူတစ်ယောက်ကို ကယ်တယ်ဖို့အတွက် အသက်နဲ့ရင်းပြီး စွန့်စားခဲ့တယ်။ ဒုတိယဘဝမှာကျ ချစ်တဲ့သူတစ်ယောက်တည်းကို ကာကွယ်ဖို့အတွက်နဲ့ အသက်နဲ့ရင်းပြီး စွန့်စားခဲ့ပြန်တယ်။ တတိယဘဝမှာ ချစ်ရတဲ့သူနဲ့အတူလိုက်သေဖို့ ရွေးချယ်ခဲ့ပြန်တယ်။”
ဖီးနစ်ပုံရိပ်ဆီကနေ တည်ကြည်အေးမြတဲ့ အမျိုးသမီး တစ်ယောက်ရဲ့အသံထွက်လာတယ်။ ပြီးတဲ့နောက် သားရဲပုံရိပ်က တဖြည်းဖြည်းကျုံ့ဝင်သွားပြီး လူတစ်ယောက်ရဲ့ပုံစံအဖြစ်ပြောင်းလဲသွားလေရဲ့။
အနီရောင်ဆံပင်တွေက ခါးအထိဖြာကျနေပြီးတော့ ဒေါင်းငှက်မွှေးအင်္ကျီရှည်ကို ဝတ်ဆင်ထားတဲ့ မိန်းမလှတစ်ယောက်က အခုမက်ဒါနာရှေ့မှာရပ်နေပြီ။ ဘယ်လိုပဲကြည့်ကြည့် အဲဒီမိန်းကလေးရဲ့အသက်ကို ခန့်မှန်းမရဘူး။ အသက်သုံးဆယ်အရွယ် ရင့်ကျက်တဲ့ မိန်းမလှတစ်ယောက်ရဲ့အရှိန်အဝါမျိုးရှိပေမဲ့ မက်ဒါနာနဲ့ရွယ်တူလိုထင်ရပြန်တယ်။ အဲဒီအမျိုးသမီးရဲ့ညာဘက်ပါးပြင်မှာ မျက်ရည်ခံမှဲ့ရှိတယ်။ ဒါပေမဲ့ အဲဒါက သူ့ခန္ဓာကိုယ်မှာ အထင်ရှားဆုံးအမှတ်သင်္ကေတမဟုတ်ဘူး။ မက်ဒါနာရဲ့အကြည့်က ချက်ချင်း ဆံပင်နီအမျိုးသမီးရဲ့ရင်ဘတ်ပေါ်ကို ရောက်သွားတယ်။
“ဒါ... ဒါသဘာဝအတိုင်းဆိုရင် တည်ရှိဖို့တောင် မဖြစ်နိုင်ဘူးဆိုတဲ့ ဒဏ္ဍာရီလာ G...G Cup မဟုတ်လား။”
ဒေါက်....
မက်ဒါနာက ပေါက်ကရတွေလျှောက်ပြောနေတဲ့အတွက် ဖီးနစ်မိန်းမပျိုက မက်ဒါနာရဲ့ခေါင်းကို လက်သီးဆုပ်နဲ့ခေါက်လိုက်တယ်။ ပြီးတဲ့နောက်မှ ပါးစပ်ထဲက လေပူတွေကို မှုတ်ထုတ်လိုက်ပြီးတော့...
“ပထမဆုံးစတွေ့တဲ့သူကို ပေါက်ကရတွေပြောစရာလား၊ နတ်ဘုရားလောင်းလျာလေးရဲ့။”
နောက်တော့မှ ဖီးနစ်က သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်ပါတယ်။ အထွေအထူး မိတ်ဆက်စရာတော့ မလိုအပ်ခဲ့ပေမဲ့ပေါ့။
“တို့ကတော့ မြင်တဲ့အတိုင်းပဲ ဖီးနစ်ဝိညာဥ်၊ ဒီကိုယ်ခန္ဓာက တို့ရဲ့သေဆုံးသွားပြီဖြစ်တဲ့ အရင့်အရင်ပိုင်ရှင်တစ်ယောက်ရဲ့ပုံစံကို ယူထားတာ။ ကိုင်းတိုချစ်ခဲ့တဲ့မိန်းကလေးရဲ့ပုံစံလို့ဆိုပါတော့။”
အာကိုင်းဂါမီကိုင်းတိုက မိန်းကလေးတစ်ယောက်ကို လိုက်ရှာနေမှန်း မက်ဒါနာသိတယ်။ ဒါပေမဲ့ ဖီးနစ်ဝိညာဥ်က အဲဒီမိန်းကလေးရဲ့ပုံစံဖြစ်နေမှန်း သူမသိခဲ့ဘူး။ သူ့မျက်နှာက ချက်ချင်းမချိုမချဥ်ဖြစ်သွားတယ်။
“အဲဒီအနီရောင်အရူးက ဖိအားပေးပြီး သူ့ချစ်သူပုံစံဖန်ဆင်းခိုင်းတာတော့ မဟုတ်ပါဘူးနော်။”
ဒေါက်... ဒေါက်... ဒေါက်...
မက်ဒါနာရဲ့စကားအဆုံးမှာတော့ ဖီးနစ်က ဆံဖြူမလေးခေါင်းကို သုံးချက်တိတိ ဆင့်ခေါက်လိုက်တယ်။ ပြီးမှ နောက်ထပ်သက်ပြင်းချလိုက်ပြီး ရှင်းပြပါတယ်။
“ငါတို့သားရဲတွေက လူပုံစံဖန်ဆင်းရင် ပိုင်ရှင်ဖြစ်ဖူးတဲ့လူတွေရဲ့ပုံစံကိုပဲ ဖန်ဆင်းလို့ရတာ။ ငါ့ရဲ့နောက်ပိုင်ရှင်ဟောင်းတစ်ယောက်က ကလေးမလေးဖြစ်နေလို့ မရွေးလိုက်တာ ဟုတ်ပြီလား။” ဖီးနစ်က ပြောပြောဆိုဆိုနဲ့ ပုံစံထပ်ပြောင်းလိုက်တယ်။ ရင့်ကျက်တဲ့မိန်းမပျိုရဲ့ပုံရိပ်က ပိုကျုံ့သွားပြီး ဆံပင်အနီကိုမှ Twin Tails စတိုင်ဆံပင်နှစ်ခွခွဲစည်းထားတဲ့ ဆယ်ကျော်သက်ကောင်မလေးအဖြစ်ပြောင်းသွားတယ်။
မက်ဒါနာကတော့ ‘နင်ဘာပြောချင်လဲ ငါသိပါတယ်။' ဆိုတဲ့အပြုံးကြီးနဲ့ ကြည့်နေတာပေါ့။ ဖီးနစ်ကတော့ လေပူတွေထပ်မှုတ်ထုတ်ပြီး မိန်းမလှပုံစံကို ပြန်ပြောင်းလိုက်တယ်။
“ဒါနဲ့ ငါတို့သိတဲ့ကိုင်းတိုက ကိုင်းတိုအစစ်မဟုတ်ဘူးမဟုတ်လား။ စကြဝဠာကိုဖြတ်ကူးပြီး ကမ္ဘာကိုတည်ထောင်ခဲ့တဲ့သူကရော ဘာဖြစ်သွားတာလဲ။”
မက်ဒါနာက သလင်းကျောက်တွေရဲ့မူလအစနဲ့ အိုမီဂါရင်းမြစ်ရဲ့ဖန်တီးရှင်အကြောင်း သားရဲတွေသိမလားဆိုပြီး မေးလိုက်တယ်။ ဒါပေမဲ့ သူတို့ကတော့ ခေါင်းခါပြပါတယ်။ ဖီးနစ်က သက်ပြင်းအခါခါချရင်း...
“မူလကိုင်းတိုရဲ့နာမည်က ဆောင်ဟိုင်လို့ခေါ်တယ်။ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က အတူတူပေမဲ့ အနီရောင်နတ်ဘုရား ကိုင်းတိုက ကြယ်ပင်လယ်ခရီးသည် ဆောင်ဟိုင်ရဲ့ကိုယ်ပွားသာသာပဲ။ အထူးကိုယ်ပွားမလို့ သူကိုယ်တိုင်လို့ပြောလို့ရတယ်ဆိုပေမဲ့ပေါ့။ ဆောင်ဟိုင်ဘာဖြစ်သွားလဲ ငါတို့သေချာမသိပေမဲ့ ခန့်မှန်းလို့ရတယ်။ နံပါတ်တစ်ကတော့ သူချစ်ရတဲ့သူကိုရှာဖို့အတွက် ဒီစကြဝဠာကနေ ထွက်သွားတာဖြစ်နိုင်တယ်။ နံပါတ်နှစ်ကတော့ အထီးကျန်မှုတွေကို မခံစားနိုင်တော့ဘဲ ထာဝရကိုစွန့်ခွာတာပဲ။”
“ထာဝရကို စွန့်ခွာတယ်...”
“နတ်ဘုရားတွေက ထာဝရအသက်ရှင်နေတာ ကလေး။ သူတို့က တဖြည်းဖြည်းအထီးကျန်လာကြပြီး နောက်ဆုံးမှာ အသက်ရှင်ချင်စိတ် ကင်းမဲ့သွားကြတယ်။ ကြယ်ပင်လယ်ကူးသန်းသူရဲ့နှောင်းပိုင်းစိတ်အခြေအနေက အဲဒါနဲ့ကိုက်ညီတယ်။"
သူတို့စကားပြောနေတဲ့အချိန်မှာပဲ ကျားဖြူရဲ့ပုံရိပ်က ပြောင်းလဲသွားပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနဲ့ အသားညိုညိုထိပ်ပြောင်ပြောင်လူကြီးက ဖီးနစ်ဘေးမှာရပ်နေတယ်။
“ သူများအကြောင်းစပ်စုတာ တော်လောက်ပြီကလေး။ မင်းအကြောင်းပဲ ပြောရအောင်... မင်းရဲ့သက်တမ်းက ကုန်သွားပြီ။ ငါတို့က အချိန်ဆွဲပေးထားရုံပဲ။ “
“.....” ဒီတော့မှ မက်ဒါနာလည်း သူဘာလို့ ဒီကိုရောက်နေတာလဲဆိုတာကို ပြန်ပြီးမှတ်မိလာတယ်။ သူက ခုထိမှောင်ရိပ်ထဲမှာပုန်းနေတဲ့ နဂါးပြာကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။
“ရှင်ပြောတော့ နည်းလမ်းရှိကောင်းရှိနိုင်တယ်ဆို... ဘာဖြစ်လို့ မှောင်ရိပ်ခိုပြီးပုန်းနေတာလဲ။”
“.....” နဂါးပြာက မက်ဒါနာရဲ့ရုတ်တရက်အပြုအမူကြောင့် ဆွံအသွားလေရဲ့။ ဒါပေမဲ့ ဟန်ကိုယ့်ဖို့ဆိုသလို ချောင်းဟန့်လိုက်ပြီး...
“အဟမ်း... နည်းလမ်းကတော့ တကယ်ရှိတာပါ။ ငါတို့ဘယ်လိုလုပ်ပေးရမလဲ မသိရုံပဲ။”
“ဘာရယ်... ပြောတော့ နည်းလမ်းရှိတယ်ဆို...”
“အင်းလေ... မင်းအတွက် နည်းလမ်းတစ်ခုရှိတာကို ငါတို့သိတယ်။ ဒါပေမဲ့ နည်းလမ်းကိုယ်တိုင်ကိုတော့ ငါတို့မသိဘူး။ အထက်တန်းကျောင်းသားတစ်ယောက်က စက္ကူကိုဝါးကလုပ်မှန်းသိပေမဲ့ ကိုယ်တိုင်ဘယ်လိုလုပ်ရမလဲ မသိသလိုပေါ့။”
မက်ဒါနာက သူ့နဖူးသူဖြတ်ရိုက်လိုက်တယ်။ ပြီးနောက် ပါးစပ်ထဲက လေပူတွေကို မှုတ်ထုတ်လိုက်ပြီး
“ဟုတ်ပြီထားတော့... ဆိုးလိုက်တဲ့ ဥပမာ။ ရှေ့ကိုထွက်လာပြီး ရှင်သိတဲ့ နည်းလမ်းဆိုတာကြီးကို ပြောပါဦး။”
နဂါးပြာရဲ့ပုံရိပ်ကလည်း တခြားနှစ်ယောက်လိုပဲ ကျုံဝင်သွားတယ်။ သူ့ပုံစံက အရပ်မြင့်မြင့်နဲ့ချိုပါတဲ့လူတစ်ယောက်ဖြစ်ပြီး အနက်ရောင်ဝတ်ရုံရှည်ကြီးကို ခြုံထားတယ်။ မက်ဒါနာက အဲဒီပုံစံကိုမြင်တာနဲ့ ထရယ်တော့တာပဲ။
“ဘာလဲ... ရှင့်ပုံစံက RPG ဂိမ်းတစ်ခုထဲက မိစ္ဆာဘုရင်လိုပဲ။”
“တကယ်လည်း ဒီခန္ဓာကိုယ်က မဟူရာကျောက်တုန်းအင်ပါယာကို ဒုက္ခပေးခဲ့တဲ့ မိစ္ဆာဘုရင်ကြီးဒိုင်ယာဘလိုရဲ့ပုံစံ။ သူက ငါ့သခင်ခဏဖြစ်ဖူးပေမဲ့ တိုက်ပွဲထဲမှာ အသတ်ခံလိုက်ရတယ်လေ။ ငါက သူ့နေရာမှာ ဒေါသကြီးတဲ့နဂါးအဖြစ်နေခဲ့တာ။”
နဂါးပြာကြီးက ပြောရင်းဆိုရင်းနဲ့ ဖီးနစ်ကိုလှည့်ကြည့်ပြီး မေးလိုက်ပါတယ်။ “အဖွားကြီး၊ ဘာလို့အဲဒီမျက်စိဆံပင်မွှေးစူးစရာပုံစံပြောင်းထားတာလဲ။ ခုနကလို ချစ်စရာပုံစံလေးပြောင်းပါလား။”
ဖီးနစ်က လက်ကိုပိုက်ပြီး နဂါးပြာကို မျက်စောင်းထိုးပြလိုက်တယ်။ “ရှင်သိဖို့လိုတာက ကျွန်မက စင်သီယာမဟုတ်ဘူးနော်။”
စင်သီယာက နဂါးပြာရဲ့ချစ်သူမှန်း မက်ဒါနာသိပြီးနေပြီ။ ပြောရရင် အရင်တစ်ခါတုန်းက ဒီသားရဲသုံးကောင်ပြောတဲ့စကားတွေကို သူနားစွန်နားဖျားကြားလိုက်ရတယ်လေ။ မက်ဒါနာလည်း ပါးစပ်ကို လက်ဝါးနဲ့အုပ်ပြီးတော့ အူတက်အောင်ရယ်တော့တာပဲ။
“မိ... မိစ္ဆာဘုရင်ပုံစံနဲ့နဂါးကြီးက လို... လိုလီကွန်း...”
“ဟေ့... ဟေ့... ဟေ့... အဲဒီလိုမပြောနဲ့ကွ။ ငါနဲ့စတွေ့တော့ စင်သီယာက အရွယ်ရောက်ပွဲတောင်လုပ်ပြီးနေပြီ။” နဂါးပြာက ခုခံဖို့လုပ်ပေမဲ့ ဖီးနစ်ကတော့ ပါးစပ်အငြိမ်ကိုမနေတာ။
“အဲဒီကောင်မလေးက တမင်သက်သက် အရွယ်ရောက်ပွဲကို စောလုပ်ခဲ့တာလေ။ ဒီတော့ နင်ဆယ်ကျော်သက်ကလေးမလေးကို ကြိုက်ခဲ့တဲ့တယ်ဆိုတဲ့အချက်က ပြောင်းလဲမသွားဘူး။”
ဖီးနစ်ကို ခါးကိုကော့ ရင်ကိုမော့ပြီးပြောလိုက်တယ်။ နဂါးပြာကတော့ သူ့လက်ဝါးကြီးနဲ့မျက်နှာကိုအုပ်ထားတယ်။ လက်ချောင်းတွေကြားက မြင်နေရတဲ့ မျက်နှာတစ်စိတ်တစ်ပိုင်းအရတော့ ရှက်လွန်းလို့ နီရဲနေတဲ့ပုံပဲ။
“ပြီးတော့ ဘာတဲ့... ရှင်သူ့ကို ရှင့်ရတနာခန်းထဲက စားလို့ရတာမှန်သမျှ ပေးသေးတယ်မဟုတ်လား။ ကလေးကို မုန့်ကျွေးကြိုက်တဲ့အထာကြီးနဲ့။”
“တော်တော့အဖွားကြီး... မင်းလွန်လွန်းနေပြီ။”
မက်ဒါနာကတော့ သားရဲကြီးနှစ်ကောင် ရန်ဖြစ်နေတာကိုကြည့်ရင်းနဲ့ မျက်လုံးလေး ကလယ်ကလယ်နဲ့။ ကျားဖြူကတော့ သက်ပြင်းချလိုက်ပြီး ကျန်တဲ့နှစ်ယောက်ကို ငြိမ်ခိုင်းလိုက်တယ်။ မငြိမ်ရင် ထထိုးတော့မယ့်မျက်နှာနဲ့။
“ငါ့ကောင်တို့ အချိန်က သိပ်ရတာမဟုတ်ဘူး။ သူ့ကို ပြောစရာရှိတာ ပြောရအောင်။”
“အင်း...” ဖီးနစ်နဲ့နဂါးပြာကလည်း ခေါင်းညိတ်လိုက်တယ်။ နဂါးပြာက ပြန်တည်ကြည်သွားပြီး
“မင်းကို ငါတို့ပြောမယ့်နည်းလမ်းဆိုတာက မင်းဆက်ခံထားတဲ့ နည်းပညာစွမ်းအားနဲ့ဆိုင်တယ်။ ဒီစွမ်းအားရဲ့မူလပိုင်ရှင် လောကသခင် အီဆန်ကလည်း မင်းလိုပဲ နတ်ဘုရားအဖြစ်မရောက်ခင် ခန္ဓာကိုယ်က သေဆုံးသွားခဲ့ဖူးတယ်။ ဒါပေမဲ့ သူက သူ့အသိစိတ်ကိုတည်မြဲအောင် လုပ်နိုင်တဲ့ နည်းပညာကိုရှာတွေ့ပြီး ခန္ဓာကိုယ်ကို အသစ်ပြန်ဖန်တီးခဲ့တာ။ တိုက်ပွဲတွေမှာ သူ့ခန္ဓာကိုယ်ကို ရန်သူတွေက အကြိမ်ကြိမ်ဖျက်ဆီးပစ်ခဲ့ဖူးပေမဲ့ သူက မသေဘဲပြန်လာနိုင်တယ်။ သူ့အသိစိတ်ကို ထာဝရတည်မြဲအောင်လုပ်ထားတာကြောင့်ပဲ။”
ဖီးနစ်ကလည်း လက်ပိုက်ထားလိုက်ပြီး ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်လိုမျိုးလေသံနဲ့ ဖြည့်ပြောပါတယ်။
“နင်သိတဲ့အတိုင်းပဲ သူက ငါတို့အရင်စကြဝဠာမှာ သောကဆင်းရဲ အပြစ်သားသခင်ကြီးနဲ့အတူ ချုပ်နှောင်ခံထားရပေမဲ့ ဆက်ခံသူဖြစ်တဲ့ နင်ကတော့ အဲဒီကိုသွားနိုင်တယ်။ တစ်နည်းအားဖြင့် သူ့ဆီကနည်းပညာကို တောင်းလို့ရနိုင်ခြေရှိတယ်ဆိုတာပဲ။ ဒါပေမဲ့ ပြဿနာက...”
ဒီကနေစပြီးတော့ ကျားဖြူက ဆက်ပြောပါတယ်။ “အခုမင်းက အရမ်းအားနည်းနေတယ်။ မင်းခန္ဓာကိုယ်က သက်တမ်းကုန်နေပေမဲ့ မပျက်စီးသေးဘူး။ အားနည်းတဲ့ခန္ဓာကိုယ်နဲ့သိစိတ်က ပြင်ပစွမ်းအားတွေ ဝင်ရောက်ခြယ်လှယ်ရ လွယ်ကူစေဖို့အတွက် အခွင့်အရေးကိုပေးတယ်။ အီဆန်က နောက်ဆုံးတိုက်ပွဲမှာ အပြစ်သားသခင်ကြီးကို ဆန့်ကျင်ခဲ့ပေမဲ့ သူကိုယ်တိုင်မှာလည်း လောဘနဲ့အတ္တရှိတယ်။ မင်းရဲ့သိစိတ်နဲ့ခန္ဓာကိုယ် အားနည်းနေတာကို အခွင့်ကောင်းယူပြီးတော့ မင်းခန္ဓာကိုယ်ကို ဝင်ပူးနိုင်တယ်။”
“ဝင်ပူးတယ်... သရဲဝင်ပူးသလိုမျိုးလား။”
“ဘယ်သူမှ အပြစ်သားသခင်ကြီးနဲ့အတူ ထာဝရအကျဥ်းမကျချင်ဘူး ကလေး။ အီဆန်က မင်းရဲ့ဝိညာဥ်ကို ဟိုဖက်စကြဝဠာက သူ့နေရာမှာ ဝင်အစားနေခိုင်းပြီး မင်းခန္ဓာကိုယ်ထဲ သူဝင်လိုက်တာမျိုးလုပ်နိုင်တယ်။ သူက ဒီဘက်ကမ္ဘာမှာ မင်းအဖြစ်ဟန်ဆောင်နေပြီး လွတ်လပ်မှုအရသာကို ခံစားနေရချိန်မှာ မင်းကတော့ အပြစ်သားသခင်ကြီးကို ထာဝရအဖော်ပြုနေရလိမ့်မယ်။”
မက်ဒါနာက သူအရင်ရောက်ဖူးတဲ့ ကြယ်မဲ့ကောင်းကင်ကြီးနဲ့ အထီးကျန်နန်းဆောင်လေးကို ပြန်သတိရလာပါတယ်။ သူဆိုရင်လည်း အဲဒီနေရာကနေ ထွက်ပြေးဖို့အတွက် ကြိုးစားမှာပဲ။ နဂါးပြာက မက်ဒါနာကို ညွန်ပြလိုက်ပြီး ဆက်ပြောပါတယ်။
“အစောပိုင်းက ဘဝသုံးခုက ငါတို့်မင်းကို သူ့ဆီတတိယအကြိမ် ပို့မပေးခင် မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုးရှိမရှိ စစ်ဆေးတာပဲ။”
“အဲဒီတော့ ကျွန်မမှာ အဲဒီလိုအရည်အချင်းမျိုးရှိလား။”
“သေခြင်းတရားကို မျက်တောင်မခတ်ဘဲ ရင်ဆိုင်နိုင်တဲ့သူက လောကသခင်တစ်ယောက်ကို ရင်ဆိုင်နိုင်တယ်။”
“ကောင်းပြီလေ။ ကျွန်မကို အဲဒီနေရာဆီ ပို့ပေးနိုင်မလား။ အဲဒီနည်းပညာကို ရအောင်ယူခဲ့မယ်။”
“သတိထားပါ။ အဲဒီစုန်းမက ငါတို့လေးယောက်ပေါင်းထက် ပိုစွမ်းအားကြီးတယ်။”
နဂါးပြာနဲ့တခြားသားရဲတွေက ပြောပြောဆိုဆိုနဲ့ မက်ဒါနာအတွက် ပေါ်တယ်တစ်ခုကို ဖန်ဆင်းပေးလိုက်တယ်။ ပေါ်တယ်ရဲ့တစ်ဖက်ခြမ်းမှာ ကြယ်တာရာမဲ့ကောင်းကင်ကြီးရှိနေတာ မြင်ရတယ်။ မက်ဒါနာက အဲဒီကို ခြေလှမ်းလိုက်ရင်းကနေ နောက်ကိုပြန်လှည့်ကြည့်ရင်း မေးလိုက်ပါတယ်။
“ဒါနဲ့... အဲဒီဘဝသုံးခုက တကယ်ပဲ အိပ်မက်တွေပါနော်။”
နဂါးပြာကတော့ မက်ဒါနာကို လေးနက်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီးတော့ နားလည်ရခက်တဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။
“အိပ်မက်တွေက အိပ်မက်ပဲမဟုတ်ဘူး။ လက်တွေ့ဘဝပဲ။”
မက်ဒါနာက အဲဒီစကားကို အပြည့်အဝ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ပေါ်တယ်ထဲကို သူခြေလှမ်းနေပြီးပြီဖြစ်ပြီး ခန္ဓာကိုယ်က တစ်ဖက်စကြဝဠာဆီ ကူးပြောင်းနေပြီမလို့ ပြန်မေးဖို့အခွင့်မရှိတော့ဘူး။
...
ဝေးလံလှသော အပြိုင်ကမ္ဘာဒိုင်မေးရှင်းတစ်ခုတွင်...
ဖလောအာက မင်းလွင်ရဲ့အေးစက်နေတဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားရင်း ငိုကျွေးနေတယ်။
“ပြောတုန်းက ကျောင်းအတူတူတက်ကြမယ်ဆို။ အခုတော့ ဘာဖြစ်လို့ ဒီလုပ်ရတာလဲ။ အမြဲကိုယ်မလုပ်နိုင်တာကို မလုပ်ဖို့ သတိပေးထားရဲ့နဲ့။”
မင်းလွင်ရဲ့မိဘတွေကတော့ ခုံတန်းတစ်ခုပေါ်မှာ အတူတူထိုင်နေရင်း တစ်ယောက်ကိုယ်တစ်ယောက် ပွေ့ဖက်ထားကြတယ်။ သူတို့မျက်လုံးတွေက အသိစိတ်မရှိတော့သလိုမျိုး အဝေးကိုကြည့်လို့။ သူတို့ရှေ့မှာ အကြိမ်ကြိမ်ဒူးထောက်တောင်းပန်နေတဲ့ လင်ဒါကို ရှိတယ်လို့တောင် မထင်ကြဘူး။
“ဒါတွေအားလုံး ကျွန်မအပြစ်တွေပါ။ ကျွန်မသူ့ကို အလိုလိုက်မိလို့ဖြစ်တာ။ ဒီအပြစ်အတွက် တရားဥပဒေကပေးတဲ့ပြစ်ဒဏ်ကို ကျွန်မခံယူပါ့မယ်။ ဒါမှ မလုံလောက်သေးဘူးဆိုရင် ကျွန်မအသက်ကို ရှင်တို့အတွက်ပေးပါ့မယ်။”
လင်ဒါရဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျနေတယ်။ မကြာခင်မှာပဲ သူ့ကို တခြားရဲနှစ်ယောက်က လက်ထိပ်ခတ်လိုက်ပြီး ဆွဲခေါ်သွားကြတယ်။
ဖလေရာကတော့ လမ်းပေါ်မှာရပ်နေပြီး ထာဝရအိပ်ပျော်သွားပြီဖြစ်တဲ့ မင်းလွင်ကို စိုက်ကြည့်နေရင်း နားမလည်နိုင်စွာနဲ့ စကားတစ်ခွန်းကို ရေရွတ်လို့။
“ဘာလို့လဲ... ငါတို့က တစ်ခါပဲတွေ့ဖူးတာလေ။”
...
ပိုးကောင်တစ်ကောင်က သူ့ရှေ့မှာရပ်နေတဲ့ သက်လတ်ပိုင်းလူရဲ့ရင်ဘတ်ကို လက်တံနဲ့ထိုးချလိုက်တယ်။ သက်လတ်ပိုင်းလူက မရှောင်ဘဲ အဲဒီလက်တံကို ဖမ်းဆုပ်လိုက်ပြီး ပိုးကောင်ကို လက်ထဲကိုင်ထားတဲ့ ပြန်လည်ဖန်တီးထားတဲ့ ဒဏ္ဍာရီလာဓားနဲ့ပိုင်းဖြတ်ပစ်လိုက်တယ်။
အသက်မဲ့နေတဲ့ ပိုးကောင်ရဲ့ခန္ဓာကိုယ် မြေပြင်ပေါ်လဲကျသွားပြီးတဲ့နောက် အဲဒီလူက သူ့ရင်ဘတ်ကိုယ်သူ ပြန်ငုံကြည့်လိုက်ပါတယ်။ သွေးတချို့စီးကျနေပေမဲ့ ပိုပြီးထူးဆန်းတဲ့မြင်ကွန်းက သူ့ရဲ့ညာဘက်ရင်အုံတစ်ခြမ်းလုံးဟာ စက်ပစ္စည်းတွေနဲ့ အစားထိုးထားတာပါ။
“ဒီလူလွန်မသားပိုးကောင်က ငါ့ခန္ဓာကိုယ်အစစ်ကိုပါ ထိအောင်လုပ်သွားတာပဲ။ တော်တော်မုန်းဖို့ကောင်းတဲ့ကောင်တွေ... ထွီ...”
လူတစ်ဝက်စက်ရုပ်တစ်ဝက်ဖြစ်နေတဲ့ လူလတ်ပိုင်းက ရွံရှာနေဟန်နဲ့ ပိုးကောင်သေရဲ့မျက်နှာပေါ်ကို တံထွေးထွေးလိုက်တယ်။ သူ့ခြေရင်းမှာတော့ ပိုးကောင်သေတွေ တောင်လိုပုံလို့။ မဟုတ်ဘူး... တကယ်တော့ သူရှိနေတဲ့ မြို့ပျက်ကြီးတစ်ခုလုံးမှာ ပိုးကောင်သေတွေနဲ့ပြည့်နေတာ။
“ဆာရေမွန် ခင်ဗျားရဲ့ပိုးကောင်သတ်ဖြတ်မှုစံချိန်က အခုဆိုရင် အကောင်ရေရှစ်သောင်းကျော်သွားပါပြီ။ အခုတိုက်ပွဲမှာ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကိုလည်း သတ်နိုင်ခဲ့သေးတာဆိုတော့ ဆုငွေအများကြီးရမှာသေချာပါတယ်။ ဒါပေမဲ့ နောက်တစ်မြို့ကိုမသွားခင် နည်းနည်းအနားယူပါလား။ ဒဏ်ရာရထားပြီး ဆရာ့ရဲ့စက်အစိတ်အပိုင်းတွေကိုလည်း ပြင်ရဦးမယ်လေ။”
မဟာမိတ်စစ်တပ်ယူနီဖောင်းဝတ်ထားတဲ့ စစ်သားလေးတစ်ယောက်က ရေမွန်ကို လေးစားတဲ့အကြည့်တွေနဲ့ကြည့်ရင်း ပြောလိုက်တယ်။ ရေမွန်က အသက်ရှင်ရမှာပျင်းရိနေတဲ့ မျက်လုံးတွေနဲ့ စစ်သားလေးကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“မင်းရဲ့မြူတန့်အစွမ်းက နည်းပညာမဟုတ်လား...”
“ဟုတ်ပါတယ်... D rankမလို့ သိပ်အသုံးမဝင်ပေမဲ့ပေါ့။”
“ဒါဆိုရင် ငါ့ကိုဆေးပစ္စည်းတွေနဲ့စက်ပြင်တဲ့ကိရိယာတွေပေး။ ငါ့ကိုလာမထိနဲ့။ ငါက နည်းပညာမြူတန့်တွေဆိုရင် သေအောင်ရွံတယ်။”
“ဟုတ်... ဟုတ်ကဲ့။” စစ်သားလေးက ရှေးဦးသူနာပြုသေတ္တာနဲ့ စက်ပြင်တဲ့ကိရိယာသေတ္တာကို ရေမွန်အတွက်ပြင်ပေးလိုက်ပါတယ်။ ရေမွန်က သူ့ဒဏ်ရာတွေကိုသူစပြီး ဆေးထည့်တယ်။ စစ်သားလေးကတော့ ရေမွန်ကိုကြည့်နေရင်းကနေ သိချင်စိတ်နဲ့မေးလိုက်တယ်။
“ဒါနဲ့ဆရာက ဘာလို့နည်းပညာမြူတန့်တွေကို မကြိုက်တာလဲ။”
ရေမွန်က စစ်သားလေးရဲ့စကားကြောင့် ခေါင်းမော့ကြည့်လိုက်ပြီး ဖြေလိုက်လေရဲ့။
“ သူတို့အားလုံးက စိတ်ပျက်စရာကောင်းလောက်အောင် လိမ်တတ်တဲ့ လူလိမ်တွေမလို့။”
ရေမွန်က စကားဆက်မပြောတော့ဘဲ ပက်တီးကိုပြီးအောင်ဆက်စည်းတယ်။ စစ်သားလေးကတော့ ရေမွန်ရဲ့လည်ပင်းမှာ မာဖလာလိုပတ်ထားတဲ့ ရေချိုးခန်းသုံးပဝါဟောင်းလေးကို နားမလည်စွာနဲ့ ဆက်ကြည့်နေလေရဲ့။
....
“အရှင်မ၊ နောက်ဆုံးကျန်တဲ့ လူသားကို သတ်ဖြတ်ပြီးပါပြီ။”
ပိုးဖလံက ဧရာမညီလာခံခန်းမကြီးထဲကို ဝင်လာပြီး ဥစာကီကို ဦးညွှတ်လိုက်ပါတယ်။ ဥစာကီကတော့ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ်။
“လူသားမျိုးနွယ်တောင် မရှိတော့ဘူးတဲ့လား။ ဒီလောကကြီးက ပိုပြီးအထီးကျန်စရာကောင်းလာပြီပဲ။” တခြားပိုးကောင်တွေကတော့ အသံတောင်မထွက်ရဲဘဲ သူတို့ဘုရင်မကို ခစားလို့။