ကူးယူခြင်း
Vol. 10 Ch. 39
နောက်တစ်ကြိမ်မျက်လုံးဖွင့်လိုက်တော့ မက်ဒါနာက မျှော်မှန်းထားပြီးသား မြင်ကွင်းကို ထပ်ပြီးမြင်ရတယ်။ ကြယ်မရှိတဲ့ကောင်းကင်ကြီးနဲ့အထီးကျန်ပလ္လင်တစ်လုံး။ အဲဒီပလ္လင်ပေါ်မှာတော့ ငွေရောင်ဆံပင်နဲ့မိန်းကလေး ထိုင်နေပါတယ်။ သူက မက်ဒါနာကို စိတ်မဝင်စားဟန်နဲ့ ကြည့်လိုက်တယ်။
“ထပ်ရောက်လာပြန်ပြီပဲ။”
“နောက်ထပ်တစ်ကြိမ် ထပ်တွေ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ သခင်မ အီဆန်။”
မက်ဒါနာရဲ့သဘာဝမကျတဲ့လေသံကြောင့် အီဆန်က မျက်ခုံးပင့်လိုက်တယ်။ အဲဒီနောက်တော့ မက်ဒါနာကို သေချာအကဲခတ်လိုက်ပြီးပြောလိုက်တယ်။
“နင့်ရဲ့အသက်ဓာတ်က မတည်မငြိမ်ဖြစ်နေပါလား။ ဘာဖြစ်လာတာလဲ။” ဒါပေမဲ့ သူ့ရဲ့အံ့ဩမှုက အချိန်အကြာကြီးခံပုံမရဘဲ စက္ကန့်အနည်းငယ်ကြာတော့ ပြန်တည်ငြိမ်သွားပြီး မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်လာတယ်။ မက်ဒါနာက အဲဒီအပြုံးကို သဘောမကျပေမဲ့ လိုက်ပြုံးတယ်။ အဲဒီနောက်တော့ လာရင်းကိစ္စကို ပြောလိုက်ပါတယ်။
“ရှင်တွေ့တဲ့အတိုင်းပဲ ကျွန်မရဲ့အသက်ဓာတ်က ပျက်စီးတော့မှာ။ ဒါပေမဲ့ ရှင့်မှာ အဲဒီအတွက်နည်းလမ်းရှိတယ်မဟုတ်လား။ အဲဒီနည်းလမ်းကို ကျွန်မကိုပေးလို့ရမလား။”
အီဆန်ကတော့ ရယ်မောလိုက်တယ်။ သူ့ပုံစံက ဒီတောင်းဆိုမှုအတွက် အံ့ဩပုံမပေါ်ဘူး။ သူက ပလ္လင်ပေါ်ကနေ ဆင်းလာပြီး မက်ဒါနာရှေ့မှာရပ်လိုက်တယ်။
“နင်လည်း တခြားသက်ရှိတွေလိုပါပဲ၊ သေရမှာကိုတော့ ကြောက်တတ်သား။ သေခြင်းတရားကနေ ရှောင်ဖယ်နိုင်တဲ့ နည်းလမ်းကို တခြားသူတွေဆီကနေ ကြားပြီးရောက်လာတာထင်တယ်။ ဒါပေမဲ့ အဲဒီလိုအရာမျိုးကို အလကားရနိုင်မယ်လို့ထင်ရင်တော့ မှားသွားလိမ့်မယ်နော်။”
အီဆန်က မက်ဒါနာကို ကောက်ကျစ်တော့မယ့်အပြုံးပြုံးပြရင်း ပြောလိုက်တယ်။ မက်ဒါနာကတော့ သတိကြီးကြီးထားနေရင်းကနေ ပြန်ခွန်းတုံ့ပြန်တယ်။
“တန်ကြေးတစ်ခုခုပေးရမှာလား။ အရောင်းအဝယ်လုပ်တဲ့ သဘောပေါ့။”
အီဆန်က ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် သူ့လက်ကိုမြှောက်လိုက်ပြီး မက်ဒါနာကို လက်ညိုးနဲ့ညွန်ပြလိုက်တယ်။
“နင့်ခန္ဓာကိုယ်ကို ငါ့အတွက်ခဏငှားပေး။” ဒီတောင်းဆိုမှုက ကျောချမ်းစရာကောင်းပေမဲ့ သားရဲလေးကောင်ဆီကနေပြီး သိထားပြီးသားဖြစ်လို့ မက်ဒါနာက အံ့ဩသွားတဲ့ပုံတော့ မပေါ်ပါဘူး။
“ကျွန်မက မပေးနိုင်ဘူးဆိုရင်ရော ရှင်က ဘာလုပ်မှာလဲ။”
မက်ဒါနာရဲ့စကားကိုကြားတော့ အီဆန်က လက်ကိုနောက်ပစ်ပြီး မက်ဒါနာရဲ့မျက်လုံးတွေထဲကို စိုက်ကြည့်ပါတယ်။ သူတို့နှစ်ယောက်လုံးက ငွေရောင်ဆံပင်တွေနဲ့ဖြစ်ပြီး ရုပ်ချင်းအနည်းငယ်ဆင်တူကြပေမဲ့ အီဆန်က ပိုရင့်ကျက်ပုံပေါက်တယ်။ ပြီးတော့ ချစ်စရာကောင်းတဲ့ပုံပေါ်အောင် ကြိုးစားနေပေမဲ့ တစ်ခုခုမကောင်းတာလုပ်တော့မယ့် မြွေဟောက်လိုမိန်းကလေးမျိုးပုံစံပေါက်နေပါတယ်။
“ဒါကတော့ မရိုးရှင်းဘူးလား။ ငါ့အနေနဲ့ နင်သေမှာကို ထိုင်ကြည့်နေရုံပဲလေ။”
အီဆန်က မက်ဒါနာရဲ့ခန္ဓာကိုယ်ကို ဗဟိုပြုပြီးတော့ ဘေးကနေ လှည့်ပတ်လမ်းလျှောက်တယ်။ တစ်ချိန်တည်းမှာပဲ ရယ်မောနေသေးတယ်။ သူ့ရယ်သံက ဆည်းလည်းလေးလှုပ်သွားသလို နားဝင်ချိုလှပေမဲ့ လှောင်ပြောင်ရယ်မောနေတဲ့ ရယ်သံမျိုးပါ။
“ဒါပေမဲ့ ငါသေသွားရင် နင့်အတွက်လည်း အပြင်ထွက်ဖို့ အခွင့်အရေးမရှိတော့ဘူးမဟုတ်လား။ ငါက နင့်ရဲ့တစ်ဦးတည်းသော ဆက်ခံသူလေ။”
မက်ဒါနာကလည်း တူညီစွာကောက်ကျစ်တော့မယ့် အပြုံးကို ပြုံးလိုက်ပြီးတော့ သွေးတိုးစမ်းလိုက်တယ်။ အီဆန်က မက်ဒါနာကို ပတ်ပြီးသွားနေတာကို ရပ်လိုက်ပြီ။ ဒါပေမဲ့ မျက်နှာပေါ်မှာတော့ အပြုံးကရှိနေတုန်းပဲ။
“နင်က ငါ့ကိုအကျပ်ကိုင်ချင်တာလား။ ငါက ဒီနေရာမှာ နှစ်သန်းပေါင်းများစွာ နေခဲ့ပြီးသား။ နောက်ထပ် နှစ်နည်းနည်းလောက် ထပ်နေလို့လည်း ကိစ္စမရှိဘူး။ နင်သေပြီးရင် နောက်တစ်ယောက်ရောက်ချင်ရောက်လာမှာပေါ့။”
မက်ဒါနာက အဲဒီစကားကြောင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ အီဆန်ရဲ့စကားကြောင့် သိပ်တုန်လှုပ်သွားပုံမရဘူး။ သူ့သက်တမ်းက မကြာခင် ကုန်ဆုံးတော့မှာဆိုပေမဲ့ သေရမှာကို မကြောက်တဲ့ပုံစံမျိုးရှိနေပါတယ်။
“ဒီနေရာက ရှေးဟောင်းတိုက်ပွဲကွင်းပြင်ကြီးနော်။ အရင်တုန်းက နင့်အသက်ကိုတောင်ရင်းပြီးတော့ ဒီနေရာမှာ စစ်တိုက်ခဲ့တာဆိုတော့ တော်တော်ရဲရင့်ခဲ့တဲ့ပုံပဲ။ အခုတော့ အဲဒီလိုမဟုတ်ပါလား။”
“အဲဒီစစ်ပွဲက စကြဝဠာတစ်ခုလုံးနဲ့ဆိုင်တဲ့အရေးလေ။ စစ်ရှုံးတဲ့အခါ ငါပါသေမှာမလို့ စစ်ထဲဝင်ခဲ့တာ။ ငါလည်း တခြားသက်ရှိတွေလိုပဲ သေရမှာကြောက်တယ်။”
အီဆန်က သူ့မျက်ခွံကို လက်ချောင်းနဲ့ကိုင်လှန်ပြပြီး မက်ဒါနာကို ပြောင်ပြတယ်။ နတ်မိမယ်တစ်ပါးလို အရှိန်အဝါရှိခဲ့တဲ့ ဒီမိန်းကလေးက အခုတော့ လူပြက်တစ်ယောက်လိုဖြစ်နေတယ်။
“မြန်မြန်လေး နင့်ခန္ဓာကိုယ်ကို ငါ့ကိုငှားစမ်းပါ။ ငါက ပြန်ပြင်ပြီး ဆက်သုံးမယ်။ နောက်နှစ်နှစ်ဆယ်လောက်ကြာရင် နင့်ကိုပြန်ပေးမှာမလို့ မစိုးရိမ်ပါနဲ့။ အစွမ်းအထက်ဆုံး နတ်ဘုရားသုံးပါးထဲက တစ်ယောက်ရဲ့စကားကို နင်စိတ်ချနိုင်ပါတယ်။”
မက်ဒါနာကတော့ ခေါင်းကိုခါလိုက်ပါတယ်။ “ငါလည်း နင့်လိုပဲ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့ စစ်ပွဲတစ်ခုကိုတိုက်နေခဲ့တာ။ လူသားတွေစစ်ရှုံးသွားရင် ငါလည်းဒုက္ခရောက်မှာအမှန်ပဲ။ ဒါပေမဲ့ ငါက မသေချင်လို့ စစ်တိုက်နေခဲ့တာမဟုတ်ဘူး။ တခြားသူတွေ ဒုက္ခမရောက်အောင် တိုက်ခိုက်နေခဲ့တာ။ ကိုယ်တိုင်ရဲ့သေခြင်းရှင်ခြင်းကိုတော့ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး။”
မက်ဒါနာက သူ့ခြေထောက်အောက်က မြေပြင်ကို ငုံကြည့်လိုက်တယ်။ သူ့မျက်နှာက ပြုံးနေတယ်ဆိုပေမဲ့ မျက်ရည်တချို့ မြေပြင်ပေါ်ကို ကျသွားတယ်။ အီဆန်က မက်ဒါနာကိုကြည့်နေရင်းကနေ သူ့လက်ချောင်းတချို့ကို နှုတ်ခမ်းပေါ်တင်လိုက်တယ်။ ပြီးတဲ့နောက် ခါးကိုကိုင်းပြီး ပြောပါတယ်။ သူ့ဆံနွယ်တွေကတော့ ကျောပြင်မှာပြန့်ကျလို့။
“ဒါဆိုရင်လည်း အဲဒီအပေးအယူက တန်နေတာပဲမဟုတ်လား။ စက်ယန္တရားတွေရဲ့သခင်မဖြစ်တဲ့ငါက နင့်ထက်ပိုပြီးတော့ စွမ်းအားရောဉာဏ်ပညာအရာမှာပါ ကြီးမြတ်တယ်။ နင်ရင်ဆိုင်နေရတဲ့ ရန်သူတွေက ငါ့အတွက် ပမွှားလေးပဲ။ နင်သာ နင့်ခန္ဓာကိုယ်ကို ငါ့ကိုငှားမယ်ဆိုရင် တစ်ခဏအတွင်းစစ်ကိုပြီးအောင် တိုက်ပေးမယ်။ ငါ့ဉာဏ်ပညာနဲ့ဆိုရင် သက်တမ်းကိစ္စကိုလည်း လွယ်လွယ်လေးရှင်းလို့ရတယ်။ နင်ကတော့ ဒီမှာခဏနေခဲ့ပြီး ငါလျှောက်လည်လို့ဝသွားတဲ့အခါ ပြန်သွားလို့ရမယ်။”
“နင်က စွမ်းအားကြီးလွန်းတယ်ဟုတ်...”
“ဟုတ်တယ်၊ စိတ်ချထားလိုက်။”
“အဲဒီနှစ်နှစ်ဆယ်ကတိကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် ငါက နင့်ကို ဘယ်လိုအရေးယူမှာလဲ။”
“......”
“အာမခံချက်မရှိတဲ့ အလဲအလှယ်ကို ယုံကြည်နိုင်စရာ အကြောင်းမရှိဘူး။”
“ဒါဆိုလည်း ဒီမှာပဲ လဲသေလိုက်ပါတော့လား။”
ဟားဟားဟား... ဟားဟားဟား.... ဟားဟားဟား...
အီဆန်က မက်ဒါနာကို နောက်ထပ်တစ်ကြိမ်ပတ်ပြီး ရယ်မောပြန်ပါတယ်။ ဒီတစ်ခါတော့ လုံးဝအရူးတစ်ယောက်လို ရယ်မောနေတာ။ မက်ဒါနာကတော့ လက်သီးကို ဆုပ်ထားလိုက်တယ်။
“ငါက သေရမှာမကြောက်ဘူး၊ ဒါပေမဲ့...” သူက စကားကို ရပ်ထားလိုက်တယ်။ သူ့မျက်လုံးထဲမှာ ဝမ်းနည်းနေတဲ့ ဖအော်အာ၊ သူ့အဖေနဲ့အမေ၊ လင်ဒါ၊ ဖလေရာ၊ ရေမွန် စတဲ့သူတွေရဲ့မျက်နှာတွေကို မြင်လာတယ်။ စင်စစ် သူသေဆုံးသွားပြီး ဘာတွေဆက်ဖြစ်တယ်ဆိုတာကို သူမသိပေမဲ့ သူ့စိတ်ထဲကနေ တွေးကြည့်လို့ရတယ်။
“ငါသေသွားရင် အားလုံးဝမ်းနည်းနေကြမှာ.... ဒါကြောင့် အသက်ရှင်ရမယ်။”
ဝှစ်....
မက်ဒါနာက ရုတ်တရက်လှုပ်ရှားလိုက်တယ်။ သူ့ညာဖြောင့်လက်သီးက ရယ်မောနေတဲ့ အီဆန်ရဲ့မျက်နှာဆီ ပြေးဝင်သွားတယ်။ အီဆန်က မျက်လုံးပြူးသွားပြီး လက်ဖျောက်တစ်ချက်တီးလိုက်ပါတယ်။ သူ့နောက်ကနေ ပေါ်တယ်တစ်ခုပွင့်လာပြီး ငွေဖြူရောင် စစ်ရုပ်ကြီးတစ်ရုပ်ရဲ့ခေါင်းပေါ်လာတယ်။ မက်ဒါနာရဲ့လက်သီးက စက်ရုပ်ကိုထိုးမိသွားပေမဲ့ ဘာဒဏ်ရာမှမရသလို ဘာသက်ရောက်မှုမှလည်းမရှိသွားဘူး။
“ထင်ထားတဲ့အတိုင်းပဲ ငါက ဒီကိုငါ့ခန္ဓာကိုယ်အစစ်နဲ့ ရောက်လာတာမဟုတ်ဘဲ စိတ်စွမ်းအင်နဲ့လား။ ပေါ်တယ်က ငါ့အသိစိတ်ကို ဟိုဘက်စကြဝဠာဆီပို့ပေးပြီး ငါ့ရဲ့စိတ်စွမ်းအင်နဲ့ ငါ့ခန္ဓာကိုယ်ကိုပြန်ဖန်တီးပေးထားတာ။”
ပြီးတဲ့နောက် မက်ဒါနာက အီဆန်ကိုလည်း ကြည့်လိုက်ပါတယ်။ “ပြီးတော့ နင့်ရဲ့ခန္ဓာကိုယ်အစစ်ကလည်း ဒီမှာရှိမနေဘူး။ နင်ကလည်း စိတ်စွမ်းအင်နဲ့ဖန်တီးထားတဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတာ။ နင့်ဝိညာဥ်တစ်ခုပဲ လှုပ်ရှားလို့ရပြီး တကယ့်ခန္ဓာကိုယ်အစစ်က အဲဒါကြီးနဲ့အတူ ထောင်ကျနေတာမဟုတ်လား။”
မက်ဒါနာက ကောင်းကင်ပေါ်မှာရှိနေတဲ့ ဧရာမလူရုပ်ကြီးကို ကြည့်လိုက်တယ်။ အီဆန်ကတော့ ပြုံးနေဆဲပါပဲ။ သူက လက်ခုပ်တစ်ချက်တီးလိုက်ပြီး လူနှစ်ရပ်လောက်ရှိတဲ့ ငွေရောင်စက်ရုပ်ထောင်ချီကို ဆင့်ခေါ်လိုက်တယ်။
“ဒီတော့ နင်က တတိယနည်းလမ်းကို ရွေးချယ်လိုက်တယ်ပေါ့လေ။ ကောင်းသားပဲ၊ တစ်ယောက်ယောက်နဲ့မတိုက်ခိုက်ရတာကြာပြီပဲ။ ဒါပေမဲ့ ငါက ဒီစကြဝဠာရဲ့ထိပ်တန်းသုံးယောက်မှာပါတဲ့သူနော်။ နင်ပြိုင်ဘက်ရွေးမှားသွားပြီ။”
မက်ဒါနာကတော့ အီဆန်ရဲ့လှုပ်ရှားမှုတွေကိုသာ စောင့်ကြည့်နေပါတယ်။ ပြီးတဲ့နောက် တစ်ခုခုကို သဘောပေါက်သွားဟန်နဲ့ ပြုံးလိုက်တယ်။
“ထင်ထားတဲ့အတိုင်းပဲ အဲဒီစက်ရုပ်တွေက တကယ့်စက်ရုပ်မဟုတ်ဘူးပဲ။ နင်က နင့်စိတ်နဲ့ သူတို့ကို ဖန်တီးလိုက်တာ။ တစ်နည်းအားဖြင့် စိတ်ကူးယဥ်တာပဲ။ နင်က နင့်စိတ်ဝိညာဥ်စွမ်းအင်ကို အသုံးချပြီးတော့ နင့်စိတ်ကူးထဲကအရာတွေကို ဖန်တီးနေတာ။”
ဟားဟား...
အီဆန်က ရယ်မောလိုက်တယ်။ “နင်သိတော့ရော ဘာလုပ်လို့ရမှာလဲ။ ငါလိုနတ်ဘုရားတစ်ပါးရဲ့ဝိညာဥ်စွမ်းအားက ကြီးမားလွန်းလို့ ဒီလိုအရာတွေကို ဖန်တီးလို့ရတာ။ နင့်လိုသေမျိုးကတော့ ဒါမျိုးဖန်တီးဖို့မပြောနဲ့ နင့်ရဲ့ဝိညာဥ်စွမ်းအင်ကို သုံးတတ်မှာတောင်မဟုတ်ဘူး။ နင့်ကိုမြန်မြန်လေးသတ်ပြီး နင့်ခန္ဓာကိုယ်ကို ငါယူမယ်။”
အီဆန်က လှောင်ပြောင်နေရင်းနဲ့ လက်ကိုဝေ့ယမ်းလိုက်ပါပြီ။ ငွေရောင်စက်ရုပ်ထောင်ချီက မက်ဒါနာဆီကို ပြေးဝင်လာကြတယ်။ ဒါပေမဲ့ မက်ဒါနာကတော့ တည်တည်ငြိမ်ငြိမ်ရှိနေဆဲပါ။
“မဟုတ်ဘူး... ဒီစွမ်းအားကို ငါရင်းနှီးတယ်။ နတ်ဘုရားအသံဖြစ်တဲ့ ဆိုဖီယာအမြဲသုံးနေကျ စွမ်းအားပဲ။ ပြီးတော့ အဲဒါက ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါသိတယ်။”
မက်ဒါနာက သူ့မျက်လုံးတွေကိုမှိတ်လိုက်တယ်။ ကြာခဲ့ပြီဆိုပေမဲ့ တစ်ညမှာဆိုဖီယာက သူ့ကိုအနမ်းပေးခဲ့ဖူးတယ်။ အဲဒီအနမ်းနဲ့အတူလိုက်ပါလာတဲ့ နူးညံ့တဲ့ခံစားချက်က သူ့ဝိညာဥ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး ဝိညာဥ်စွမ်းအားကို သူခံစားနိုင်ခွင့်ရရှိခဲ့တယ်။
“နတ်ဘုရားအသံတစ်ယောက်ရဲ့စွမ်းအားကို ပုံတူကူးရင် နင့်ကိုချဖို့မခက်ပါဘူး။”
မက်ဒါနာက မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့လက်ကိုမြှောက်လိုက်တယ်။ သူ့ခေါင်းပေါ်မှာတော့ ငွေရောင်စက်ရုပ်တစ်ရုပ်ရဲ့ဓားက အုပ်မိုးထားပြီးဖြစ်ပြီး တဖြည်းဖြည်းနဲ့ထိမိဖို့ နည်းကပ်လာပြီ။
“Silver Knight ထွက်လာခဲ့။”
ဝုန်း...
ငွေရောင်ဆံပင်နဲ့မိန်းကလေးရဲ့ခန္ဓာကိုယ်ကို အလင်းဒြပ်စင်တွေက ဖုံးလွှမ်းသွားပြီး ငွေရောင်စစ်သည်အဖြစ်ပြောင်းသွားတယ်။ အဲဒီနောက်တော့ အဲဒီစစ်သည်က စက်ရုပ်ကို အဝေးကိုကန်လွှတ်လိုက်တယ်။
“စစ်သည်ကောင်းတစ်ယောက်က ရန်သူထောင်ချီကို ယှဥ်ချနိုင်တယ်တဲ့။ အဲဒီစကားကို လက်ခံလား၊ အီဆန်။”
မိန်းကလေးတစ်ယောက်ရဲ့မူဟန်မျိုးလားလားမှမရှိတော့တဲ့ ငွေရောင်စစ်သည်ထဲက မက်ဒါနာက ဒဏ္ဍာရီလာဓားကိုကိုင်ပြီး အီဆန်ကိုညွန်ပြလိုက်တယ်။ အီဆန်ကတော့ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရင်နေပါတယ်။
“ဘယ်လိုလုပ်ပြီး သာမန်သေမျိုးတစ်ယောက်က ဝိညာဥ်စွမ်းအားအသုံးပြုနည်းကို စက္ကန့်ပိုင်းအတွင်း ကျွမ်းကျင်သွားတာလဲ။ မဖြစ်နိုင်တာ... ပြီးတော့ တစ်ကြိမ်တည်းနဲ့ သူ့ဝတ်စုံကို စိတ်ကူးယဥ်ပြီးပုံဖော်နိုင်သွားတယ်။”
အီဆန်ကိုယ်တိုင်ကလည်း အံ့မခန်းကိစ္စရပ်တွေကို ဖန်တီးနိုင်သူတစ်ယောက်ဖြစ်ပေမဲ့ မက်ဒါနာက နတ်ဘုရားအသံတွေရဲ့စွမ်းအားကို ဒီနေရာမှာ ပုံတူကူးချနိုင်သွားတဲ့အတွက် မယုံနိုင်လောက်အောင်ဖြစ်နေရပြီ။
“ငါကတော့ နင့်ကိုဖမ်းပြီး နင့်ရဲ့အသိပညာတွေအကုန်လုံးကို စုပ်ယူမယ်။”
ငွေရောင်စစ်သည်က အတောင်ပံကိုဖြန့်လိုက်တယ်။ တုန်လှုပ်နေတဲ့ အီဆန်က စက်ရုပ်တွေကို လှုပ်ရှားခိုင်းဖို့ မေ့နေတာကြောင့် ငွေရောင်စစ်သည်ရဲ့ဓားချက်နဲ့ အများစုသေဆုံးကုန်တယ်။ ဒါကြောင့် အီဆန်ကလည်း ရပ်ကြည့်မနေနိုင်တော့ဘဲ သူကိုယ်တိုင်လည်း နည်းပညာဝတ်စုံတစ်ခုကိုဖန်တီးကာ ငွေရောင်စစ်သည်ကို လိုက်လံတိုက်ခိုက်ပါတော့တယ်။
ထန်း... ထန်း... ထန်း...
နှစ်ယောက်လုံး လေထုထဲမှာ ဓားချက်များစွာယှဥ်ချပြီးတဲ့နောက် မြေပြင်ပေါ်ကို ပြန်ဆင်းသက်လိုက်ကြတယ်။ သူတို့ရှိနေတဲ့ ဥက္ကာခဲကြီးက အက်ကွဲနေပြီ။ ငွေရောင်စစ်သည်ချပ်ဝတ်ရဲ့ရင်ဘတ်မှာ လှံပေါက်ရာတစ်ခုရှိနေပြီး ငွေရောင်စစ်သည်က အီဆန်ကိုကြည့်လိုက်တယ်။
အမျိုးသမီးစစ်သည်တစ်ယောက်ပုံစံ နည်းပညာချပ်ဝတ်နဲ့ လှံကိုကိုင်ထားတဲ့ အီဆန်က သူနဲ့ဆန့်ကျင်ဘက်မှာရှိနေတယ်။ အီဆန်ကလည်း အခြေအနေမကောင်းပါဘူး။ သူ့လက်တစ်ဖက်မရှိတော့ဘဲ လက်က တုံးတိကြီးဖြစ်နေတယ်။
“စိတ်ဝိညာဥ်ခန္ဓာကိုယ်တွေက အံ့ဩဖို့ကောင်းသားပဲ။ အစိတ်အပိုင်းတွေပျက်စီးသွားရင်တောင် သွေးမထွက်ဘူးပဲ။” မက်ဒါနာက ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒါက အကုန်မဟုတ်ဘူး။
“ဒါပေမဲ့ လုံးလုံးပျက်စီးသွားရင်တော့ သေမှာမဟုတ်လား။ ပြီးတော့ ပြန်လည်ကောင်းမွန်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲတဲ့။”
ဆိုဖီယာက အဲဒီအကြောင်း မက်ဒါနာကိုပြောဖူးတယ်။ ဆိုဖီယာမှာ ဝိညာဥ်ကိုထိခိုက်ခံပြီးတိုက်ခိုက်ရတဲ့ စွမ်းအားကြီးတိုက်ကွက်ရှိနေလို့ သူသိတာ။
“ဒါကိုသိတာတောင်မှ နင်က ငါလိုလူတစ်ယောက်ကို စိန်ခေါ်ရဲတယ်ပေါ့။ မိုက်မဲတဲ့သေမျိုး၊ ပျောက်ကွယ်သွားပေတော့။”
အီဆန်က နည်းပညာဝတ်စုံအားကိုးနဲ့ မက်ဒါနာဆီကို ပြေးဝင်လာတယ်။ အရှိန်နှုန်းက တအားများလွန်းပြီး အနီးကပ်ရှောင်ဖို့မဖြစ်နိုင်တဲ့အနေအထားပါ။
ဖောင်း....
အီဆန်ရဲ့လှံက မက်ဒါနာရဲ့ကိုယ်ထဲနစ်ဝင်သွားတယ်။ ငွေရောင်စစ်သည်ချပ်ဝတ်က ထုတ်ချင်းပေါက်သွားပြီး သွေးတွေစီးကျလာတယ်။ အီဆန်ရဲ့မျက်နှာပေါ်မှာတော့ နိုင်ပြီဆိုတဲ့အပြုံးမျိုးရှိနေပါတယ်။ ဒါပေမဲ့ သူက သူ့လက်ကိုသူ ပြန်ငုံကြည့်လိုက်ပြီးနောက် နားမလည်နိုင်စွာနဲ့...
“ဘာလို့သွေးတွေထွက်လာတာလဲ....” လို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ဒူးထောက်ကျသွားတယ်။ ကိုယ်ပျောက်နေတဲ့ နောက်ထပ် ငွေရောင်စစ်သည်ကတော့ အီဆန်နောက်က လေထုထဲကနေ ပြန်လည်ထွက်ပေါ်လာတယ်။
“ငါ့ကိုယ်ငါကိုယ်ပျောက်အောင်လုပ်ပြီး ငါနဲ့ပုံစံတူကိုယ်ပွားတစ်ခုကို ဖန်တီးခဲ့တာလေ။ ငါက လက်တွေ့ကျအောင်တအားလုပ်မိသွားလို့ သွေးတွေကျလာတာ။ ပြီးတော့ အကြောသေအဆိပ်ကိုရော ဖန်တီးခဲ့သေးတယ်။ ဝိညာဥ်ခန္ဓာတွေနဲ့တိုက်တာက တကယ့်ကိုအမိုက်စားပဲ။ ငါတို့တွေးနိုင်သမျှကို ဖန်တီးလို့ရတာပဲ။”
“မဟုတ်ဘူး... ဝိညာဥ်စွမ်းအားက တကယ့်လောကအပေါ် သက်ရောက်မှုရှိပေမဲ့ အရာဝတ္ထုတွေကို ဖန်ဆင်းနိုင်စွမ်းမရှိဘူး။ ငါတည်ဆောက်ထားတဲ့ စိတ်ကူးပုံဖော်နယ်မြေထဲမှာရှိနေလို့ နင်နဲ့ငါက စိတ်ကူးလိုက်သမျှအရာဝတ္ထုတွေကို ဖန်တီးလို့ရနေတာ။ ပြီးတော့ ငါတို့ခန္ဓာကိုယ်တွေက ဝိညာဥ်ခန္ဓာတွေမလို့ အချင်းချင်းထိခိုက်အောင် လုပ်လို့ရနေတာ။”
မလှုပ်ရှားနိုင်တော့တဲ့ အီဆန်က ရှင်းပြလိုက်တယ်။ မက်ဒါနာကတော့ သက်ပြင်းချလိုက်ပြီး
“တစ်နည်းအားဖြင့် ငါအပြင်ပြန်ထွက်သွားရင် ဒါမျိုးလုပ်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ဆိုဖီယာကိုပြပြီး လန့်သေအောင်လုပ်ချင်တဲ့ဥစ္စာကို။”
“ဒါပေမဲ့ နင်က ဝိညာဥ်စွမ်းအားကို တကယ်သုံးတတ်သွားတာမလို့ ဇွန်းတွေဘာတွေတော့ ကွေးပြလို့ရမှာပါ။ သာမန်လူသားတွေက ခန္ဓာကိုယ်နဲ့တွဲမိနေသမျှ စိတ်စွမ်းအားကို လွတ်လွတ်လပ်လပ် အသုံးချလို့မရဘူး။”
အီဆန်ရဲ့စကားကြောင့် ငွေရောင်စစ်သည်ဝတ်စုံထဲက မက်ဒါနာက သူ့ခေါင်းသူဆုပ်ကိုင်လိုက်တယ်။ “မြူတန့်စွမ်းအားမပေါ်ခင် ဟိုးတုန်းက စိတ်စွမ်းအားတကယ်ရှိမရှိစမ်းတဲ့ ကြောင်တောင်တောင် စမ်းသပ်မှုကြီးနဲ့ တူမနေဘူးလား။”
နောက်မှမက်ဒါနာက သတိပြန်ဝင်လာပြီးတော့ အီဆန်ကို ကြည့်လိုက်ပါတယ်။ “ဒါနဲ့နေစမ်းပါဦး နင့်ကြည့်ရတာ တော်တော်အချိုးပြောင်းသွားသလိုပဲ။”
“ငါရှုံးသွားပြီ၊ ငါ့နယ်မြေထဲမှာကို ငါရှုံးသွားခဲ့တာ။ ဘာမှပြောစရာမရှိဘူး။ နင်ငါ့အသိဉာဏ်တွေကို ခိုးယူပြီး သတ်ရင်သတ်ပစ်လိုက်တော့။”
အီဆန်က မျက်လုံးကို မှိတ်ထားလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက ခေါင်းကိုခါလိုက်ကာ အီဆန်ရဲ့နဖူးကို တောက်လိုက်ပါတယ်။
“ငါက နင့်ဆီက နည်းပညာတွေကိုပဲ လိုချင်တာ။ နင့်အသက်ကိုမဟုတ်ဘူး။ နောက်ပိုင်း နင်ဒီမှာနေရတာ အထီးကျန်တယ်ဆိုရင်လည်း ငါနင့်ကိုမကြာမကြာလာတွေ့မယ်လေ။ ဘယ်လိုလဲ။”
“မက်ဒါနာ၊ နင်က အတော်ထူးဆန်းတဲ့သူပဲ။” အီဆန်က ဒီလိုပြောလိုက်ပြီးနောက် တိတ်ဆိတ်သွားတယ်။ မက်ဒါနာကတော့ အီဆန်ရဲ့ခေါင်းကို ဆုပ်ကိုင်လိုက်ပြီးတော့ မျက်လုံးတွေကိုမှိတ်လိုက်ပါတယ်။ အဲဲဒီနောက်တော့ သူ့ခေါင်းထဲကို အချက်အလက်တွေတိုးဝင်လာပါတော့တယ်။