ဝိညာဉ်ခရီး
Vol. 77 Ch. 1066
ကောင်းကင် သင်္ဘောထက်၌ အချိန်၊ နာရီ၊ နေ့ရက်များမှာ မတော်တဆမှု တစ်ခုတစ်လေမှ မရှိပဲ ဖြတ်ကျော်သွားနေခဲ့၏။ ဝေ့ဝူယင်မှာ အပြင်ကိုပင် ပြန်မထွက်တော့ပဲ ချိပ်ပိတ်ထားသည့် အခန်းထဲတွင်သာ တစ်ချိန်လုံး အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ရင်း အချိန်ဖြုန်း နေခဲ့သည်။
“အဂ္ဂိရတ် ကြယ်တာရာ ပေါင်းဆုံခြင်းရဲ့ အကျိုးသက်ရောက်မှုက အတော်လေး ကြောက်ဖို့ကောင်းတာပဲ”
လွန်ခဲ့သည့် သုံးဆယ့် နှစ်ရက် အတွင်း ဝေ့ဝူယင် ထိုစကားလုံးများကို အကြိမ် ဘယ်လောက်တောင် ရေရွတ်မိသလဲ မမှတ်မိတော့ချေ။ ထိုလျှို့ဝှက် ဆန်းကြယ်သော ဖြစ်စဉ်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့သည့်တိုင် သူ လက်ခံရရှိခဲ့သည့် အဂ္ဂိရတ် လမ်းစဉ် ဉာဏ်အလင်းများကတော့ နှစ်ပေါင်း သောင်းချီသည် အထိ များပြားလွန်းခဲ့ပေသည်။
လွန်ခဲ့သည့် သုံးဆယ့် နှစ်ရက် အတွင်း ဝေ့ဝူယင် ဆေးဖော်စပ်ရာတွင် တစ်ခါမှ မကျရှုံးခဲ့ချေ။ ထိုထက် ပိုမို၍ ပြောရလျှင် သူ ဖော်စပ်ခဲ့သည့် ဆေးတိုင်း အဆင့်မြင့် အရည်အသွေးအောက် တစ်ခုမှ မရောက်ချေ။ အများစုက အထွတ်အထိပ် အရည်အသွေးနှင့် သာလွန်ခြင်း အဆင့်များသာ ဖြစ်သည်။ ထိုအောင်မြင်မှုများကြောင့်ပင် သူ့ မှော်ဆေးအိုးမှ ထုတ်လွှတ်သည့် အသန့်စင်ဆုံး မြူနှင်းများ၏ ထူထပ်မှုနှင့် ပမာဏမှာလည်း နှစ်ဆမျှ မက တိုးလာခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ ဖန်တီးခြင်း မျက်လုံးမှာလည်း ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်တွင် များစွာ အထောက်အကူ ဖြစ်ခဲ့ပေသည်။ ၎င်း၏ မွမ်းမံမှု အောက်တွင် အဂ္ဂိရတ် ထုတ်ကုန်များမှာ သာမန် အဆင့်ထက် များစွာ ပိုမို၍ မြင့်မား လာခဲ့ပေသည်။
သတ်မှတ်ချိန် ပြည့်သွားကြောင်း သတိပြုမိသည်နှင့် ဝေ့ဝူယင်မှာ ဒြပ်စင် ဥဿုံ မှော်ဆေးအိုးကို သိမ်းဆည်းကာ ချိပ်ပိတ် အခန်းထဲမှ ပြန်လည် ထွက်လာခဲ့သည်။ သူ လျူစုယင်ထံ ပြန်လာခဲ့၏။ မိန်းကလေးမှာ ယနေ့တိုင် မျက်လုံးများကို မှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အနားယူနေဆဲ ဖြစ်သည်။ ဝေ့ဝူယင် လျူစုယင်ကို တစ်ချက် ကြည့်ကာ မူလ နေရာတွင် ပြန်ထိုင်လိုက်၏။
“မင်းတို့တွေ အာရုံခံနိုင်လား...”
ဝေ့ဝူယင် ကြယ်တာရာ ဝိညာဉ်များကို မေးလိုက်၏။ သူ့ကို လေ့လာ စောင့်ကြည့်နေသည့် ဘယ်သူမဆို အလွန်အမင်း လျှို့ဝှက်သူ ဖြစ်သည်။ အကယ်၍ သာမန်ထက် ထူးခြားသည့် အာရုံ ခံစားမှုနှင့် ကြယ်တာရာ ဝိညာဉ်များကြောင့်သာ မဟုတ်လျှင် သူ သတိပြုမိမည်ပင် မဟုတ်ချေ။
“ကျုပ် ခံစားမိတယ်... အဲဒါက အာကာသ စွမ်းအင်ပဲ...”
ခရာတိုက ချက်ချင်းပင် အဖြေပေးလိုက်၏။
"စိတ်စွမ်းအင် ခြေရာ တစ်ချို့လည်း ပါတယ်...”
ဧဒင်ကလည်း ဖြည့်စွက်လိုက်သည်။ သူတို့ နှစ်ယောက်မှာ ဟင်းလင်းပြင် တာအိုနှင့် စိတ်တာအိုကို လျှောက်လှမ်းနေသည့် ကြယ်တာရာ ဝိညာဉ်များ အသီးသီး ဖြစ်ကြလေရာ ဆင်ခြင် သုံးသပ်မှု အချို့ ပြုလုပ်ပြီး နောက်တွင် ထိုအရာကို ရှင်းလင်းစွာ ခံစားမိနေခဲ့ပြီ ဖြစ်သည်။
“အဲဒါက ပတ်ဝန်းကျင် ပေါင်းစပ်ခြင်းနဲ့လည်း နည်းနည်း ဆင်သလိုပဲ... ဟုတ်တယ်... ဟုတ်တယ်...”
အိုရီကလည်း ခေါင်းတစ်ညိတ်ညိတ်ဖြင့် ပြောလိုက်၏။ အာကာသ၊ စိတ်နှင့် ပေါင်းစပ်ခြင်း တည်းဟူသော စွမ်းအင် သုံးခု ပါဝင်နေသည့် နည်းလမ်းမှာ အလွန် အဆင့် မြင့်မားမှာ ကျိန်းသေပေသည်။ ၎င်းအား အသုံးပြုနေသည့် ကျင့်ကြံသူမှာလည်း ကြောက်မက်ဖွယ် ကောင်းမှာ ကျိန်းသေ ပေသည်။
ဝေ့ဝူယင်က မျက်လုံးများကို မှိတ်လိုက်ကာ ၎င်းအား တန်ပြန်နိုင်သည့် နည်းလမ်းကို စိတ်ထဲမှ ပုံဖော်ကြည့်နေလိုက်၏။ နာရီအချို့ ကြာမြင့်ပြီးနောက် ကောင်းကင်သင်္ဘောမှာ မြေပြင်ပေါ် ဆင်းသက်ကာ ရပ်တန့် သွားခဲ့သည်။
လျူစုယင်က အချိန်ကိုက်ပင် မျက်လုံးများကို ဖွင့်လိုက်၏။
“ငါတို့ ရောက်ပြီ...”
သူမက ပြောလိုက်ကာ ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် ထွက်ပေါက်ဆီ ဦးတည်ကာ ထွက်ခွာ သွားခဲ့၏။ အစမှ အဆုံးအထိ မိန်းကလေးမှာ ဝေ့ဝူယင်ကို နောက်က လိုက်လာရန် တစ်ခါမှ မပြောခဲ့ပါချေ။ ဝေ့ဝူယင်မှာ ထိုအရာကို သတိထားမိလေရာ ခေါင်းခါရင်း ပြုံးလိုက်မိ၏။ သို့သော်လည်း... သူ့တွင် အခြား ရွေးချယ်စရာ ဘာရှိလို့နည်း။
ကောင်းကင် သင်္ဘော၏ အပြင်ဘက်ကို ရောက်သည်နှင့် တစ်ပြိုင်နက် မိုးထိအောင် မြင့်မားလှသည့် ဧရာမ မိုးမျှော်တိုက်ကြီး တစ်ခုကို ဝေ့ဝူယင် တွေ့မြင်လိုက်ရလေသည်။ ၎င်း၏ ထိပ်ဖျားကို မြင်ရရန် အတွက် ဝေ့ဝူယင်မှာ ဇက်ကျိုးမတတ် မော့ကြည့်လိုက်ရသည်။ သို့တိုင်အောင် ၎င်းမှာ အဆုံးမဲ့ မြို့တော်၏ အမြင့်ဆုံး မျှော်စင် နှစ်ခုထဲ၌ မပါဝင်ပါချေ။
ဝေ့ဝူယင် အနောက်အရပ်ကို လှမ်းကြည့်လိုက်မိ၏။ သူတို့ မိုင်ပေါင်း ဘယ်လောက်အထိ ခရီးနှင်လာခဲ့သနည်း။ အဆုံးမဲ့ မြို့တော်၏ အရွယ်အစားကို ဝေ့ဝူယင် နောက်တစ်ကြိမ် စိတ်ထဲမှ အံ့အားသင့် လိုက်မိသည်။ ၎င်းက သာမန်ဂြိုဟ်ကြီးများထက်ပင် အဆပေါင်းများစွာ ပိုမို ကြီးမားမှာ ကျိန်းသေလှပေသည်။
လျူစုယင်ကတော့ စကားတစ်ခွန်းမှ မပြောပဲ မိုးမျှော် အဆောက်အဦကြီးဆီ ဦးတည်လိုက်၏။ ဝေ့ဝူယင် ခပ်မြန်မြန်ပင် အမှီလိုက်လိုက်ကာ မိန်းကလေးနှင့် ဘေးချင်းယှဉ် လျှောက်လိုက်သည်။
လမ်းတစ်လျှောက်၌ ငွေရောင်နှင့် အနက်ရောင် ဝတ်စုံဝတ် ကျင့်ကြံသူ များစွာကို ဝေ့ဝူယင် တွေ့ရှိလိုက်ရ၏။ သူတို့၏ ဝတ်စုံ ဒီဇိုင်းများက လျူစုယင် ဝတ်ဆင်ထားသည့် ငွေရောင် ဝတ်စုံနှင့် အတော်လေး ဆင်တူနေသည်ကို ဝေ့ဝူယင် သတိထားမိလိုက်သည်။ သူတို့သည်လည်းပဲ အလားတူပင် မျှော်စင်ထံ ဦးတည် နေကြခြင်းပင်။
ဝေ့ဝူယင် မသိမသာဖြင့် ထိုကျင့်ကြံသူများကို အကဲခတ် ကြည့်လိုက်၏။ မကြာခင် သူတို့ အားလုံးမှာ ငယ်ရွယ်ကာ လောကသခင် အဆင့်၌ ရှိနေကြကြောင်း သတိထား လိုက်မိသည်။ ထို့အပြင် အားလုံးမှာ အကာသ အငွေ့အသက်များကို တူညီစွာပင် ထုတ်လွှတ် နေကြပေသည်။ ထိုအရာက အာကာသ ကြယ်တာရာ ဝိညာဉ်၏ လက္ခဏာ တစ်ရပ် ဖြစ်ပေလိမ့်မည်။
လမ်းတစ်လျှောက်၌ ကျင့်ကြံသူများစွာမှာ လျူစုယင်ကို တွေ့ရှိသည်နှင့် လေးလေးစားစားပင် နှုတ်ဆက် နေကြ၏။ သူတို့ထဲမှ အချို့ကတော့ ဝေ့ဝူယင်ကို အကဲခတ် နေကြကာ အနည်းငယ် အံ့သြ နေကြဟန် ရလေသည်။
ဝေ့ဝူယင် လျူစုယင် အနားကို ခပ်ကာ ခပ်တိုးတိုးလေး မေးလိုက်၏။
“အကြီးအကဲစုယင်... သူတို့တွေကရော ရေစက်ကြိုးပါတဲ့ လူတွေလားဗျ... ပြီးတော့ သူတို့လည်း ကျုပ်လို စမ်းသပ်ပွဲ ဝင်ဖို့ သွားနေတာလား... သူတို့ကရော တစ်ခါမှ မကျော်ဖြတ် ရသေးတာလား”
ကျင့်ကြံသူတိုင်း၏ လည်ပင်း၌ တွဲလောင်းကျနေသည့် လခြမ်းကျောက်စိမ်းသော့များကို ဝေ့ဝူယင် တွေ့မြင်နိုင်ပေသည်။ ထို့အပြင် ၎င်းတို့က သူ၏ သော့ထက်ပင် ပိုမို၍ တောက်ပကြပေသည်။
“ပထမ မေးခွန်းနဲ့ ဒုတိယ မေးခွန်းကို ဖြေရရင် ဟုတ်တယ်... တတိယ မေးခွန်းကို ဖြေရမယ် ဆိုရင်တော့ ခရီးသုံးသွယ် စမ်းသပ်မှုကို သုံးကြိမ် ကျော်ဖြတ်ရတယ်... ပထမက တစ်ခုကိုက သူတို့ ရောက်ရောက်ပြီးချင်းပဲ ကျော်ဖြတ်ရတယ်... ဒုတိယ တစ်ခုကိုက အာကာသ ပဲ့တင်သံ အဆင့်မှာ... တတိယ တစ်ခုကတော့ လောကသခင် အဆင့်မှာပဲ”
လျူစုယင်က ခပ်တိုတို တုတ်တုတ်ပင် ရှင်းပြလိုက်၏။
“ဒါဆို သူတို့က တတိယမြောက် စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ သွားနေကြတာပေါ့... ကျုပ်က သူတို့တွေနဲ့ အတူ စမ်းသပ်ပွဲဝင်ရမှာပေါ့”
ဝေ့ဝူယင် မေးလိုက်၏။ လျူစုယင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... နင် အာကာသ ဝေဟင်ဂိုဏ်းက အခြား ရေစက်ကြိုး ပိုင်ရှင်တွေနဲ့ စမ်းသပ်ပွဲ ဝင်ရမယ်... စမ်းသပ်ပွဲမှာ ဘယ်လောက် အထိ အောင်မြင်မလဲ ဆိုတဲ့ အဖြေက ဂိုဏ်းထဲမှာ နင့် အဆင့်အတန်းကို ဆုံးဖြတ်ပေးလိမ့်မယ်... ပေါ့ပေါ့ဆဆ မလုပ်နဲ့”
ဝေ့ဝူယင် လျူစုယင်ကို စောင်းကြည့်ကာ အနည်းငယ် ပြုံးပြလိုက်၏။
“ကျုပ် အကောင်းဆုံး လုပ်ပါ့မယ်”
“ဒီမှာ ရပ်နေ...”
မျှော်စင်အနားသို့ ရောက်ရှိပြီးနောက် လျူစုယင်က ပြောလိုက်၏။ ထို့နောက် သူမက များစွာသော တပည့်များကို ကျော်ဖြတ်ကာ မျှော်စင် ဝင်ပေါက်ဆီ ဆက်လက်၍ လျှောက်သွားခဲ့သည်။ ပြီးသည်နှင့် သူမက အားလုံးဘက်ကို လှည့်ကြည့်ကာ ကြေညာလိုက်၏။
“မင်းတို့ရဲ့ ခရီးစဉ်တွေ အတွက် ငါ ကြီးကြပ်သူ လုပ်ပေးမယ်...”
ထို့နောက် သူမက မျှော်စင် ဝင်ပေါက်ဘက်သို့ ပြန်လှည့်လိုက်၏။ ဝင်ပေါက် တံခါးကြီးမှာ ရောင်စုံ အလင်းတန်းများနှင့် စတင်၍ တောက်ပလာကာ မကြာခင် ပျောက်ကွယ် သွားခဲ့သည်။ အတွင်းပိုင်း၌ ရှိနေသည်က ငွေရောင် အရည်ထုထည်ကြီး ဖြစ်လေသည်။
လောကသခင် အဆင့် လူငယ် ကျင့်ကြံသူ များစွာ၏ အမူအရာများက စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် သွားကြ၏။ သူတို့ ခရီးသုံးသွယ် စမ်းသပ်မှုကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ထို့ကြောင့်ပင် အသေးစိတ် ရှင်းလင်းချက်များကို မလိုအပ်ပါချေ။ ပြင်းထန်သည့် ခြေလှမ်းများနှင့် အတူ သူတို့မှာ ငွေရောင် အရည်ထုထဲသို့ စတင် တိုးဝင် သွားကြတော့၏။
ဝေ့ဝူယင်မှာ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ် သွားသည့် ပုံရိပ်များကို ငေးကြည့် နေခဲ့မိ၏။ မကြာခင်မှာပင် သူ့ မျက်လုံးများမှာ မှတ်ဉာဏ်ထဲမှ ပုံရိပ်တစ်ခုကို ဖျပ်ခနဲ တွေ့ရှိလိုက်ရသည်။ သူမက ခပ်ရှည်ရှည် အနက်ရောင် ဆံနွယ်များနှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ဝေ့ဝူယင် မိတ်မဆက်နိုင်သေးခင်မှာပင် သူမမှာလည်း ငွေရောင် အရည်ထုထဲ တိုးဝင် ပျောက်ကွယ် သွားခဲ့၏။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က သူမ၏ ပန်းချီကားကို ဝေ့ဝူယင် မြင်တွေ့ခဲ့ဖူးပေသည်။ အော်ရာ အရဆိုလျှင် မိန်းကလေးမှာ လောကသခင် အဆင့်ကို မကြာသေးခင်ကမှ ချိုးဖျက် ဝင်ရောက်ထားခြင်း ဖြစ်သည်။ အများဆုံး တစ်လလောက်သာ ကြာမြင့်နိုင်သေးသည်။
“သွားတော့လေ...”
ရုတ်တရက် ဝေ့ဝူယင်မှာ လျူစုယင်၏ အသံကို ကြားလိုက်ရ၏။ ထိုအခါတွင်မှ သူ တစ်ယောက်တည်းသာ ကျန်ရှိတော့ကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။ သူ ငွေရောင် အရည်ထုကြီးကို လှမ်းကြည့်လိုက်မိ၏။ သူ့ထံတွင် ခရီးသုံးသွယ် စမ်းသပ်မှုနှင့် ပတ်သက်၍ ဘာအချက်အလက်မှ မရှိပါချေ။ အခြားလူများနှင့် ခြားနားစွာပင်... သူက ပထမဆုံး အကြိမ် ကျော်ဖြတ်ရမည့် လူဖြစ်ပေသည်။
ဝေ့ဝူယင် ငွေရောင် အရည်ထုဆီ ဖြည်းညင်းစွာပင် လျှောက်သွားလိုက်၏။
“ခရီးသုံးသွယ် စမ်းသပ်မှု အကြောင်း နည်းနည်းလောက် ပြောပြလို့ မရဘူးလားဗျ... မတော်တဆ အဲဒါကို ဖျက်ဆီး ပစ်မိမှာ စိုးလို့ပါ”
ဝေ့ဝူယင် လျူစုယင်ကို လှမ်းကြည့်ရင်း ပြောလိုက်၏။ သို့သော်လည်း... မိန်းကလေးက အထူးတလှယ် တုန့်ပြန်ခြင်း မပြုပဲ ငွေရောင် အရည်ထုဆီကိုသာ လက်ညိုးထိုးပြလိုက်သည်။ သူမ ဆိုလိုသည့် အဓိပ္ပာယ်က ရှင်းလင်းပေသည်။
သွားစရာ ရှိတာသာသွား ဟူ၍ပင်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။
“ကျုပ် သတိမပေးဘူး မပြောနဲ့နော်..”
ထိုကဲ့သို့ ပြောပြီးနောက် သူက ငွေရောင် အရည်ထုထဲ လှမ်းဝင် လိုက်တော့သည်။ ဝေ့ဝူယင် ဝင်ရောက် သွားသည်ကို စောင့်ကြည့်ရင်း လျူစုယင်မှာ မျက်မှောင်ကြုတ်လိုက်တော့၏။
***