ဝိညာဉ်ခရီး (၂)
Vol. 77 Ch. 1067
ငွေရောင် အရည်ထုထဲကို တိုးဝင်လိုက်သော အခိုက်၌ ဝေ့ဝူယင်မှာ ဂျယ်လီပျော့ပျော့ထဲကို ဝင်ရောက်ရသလို ခံစားလိုက်ရသည်။ ၎င်းက သက်တောင့်သက်သာ သိပ်မရှိလှချေ။ ကံကောင်းထောက်မစွာပင် ထိုဖြစ်စဉ်က သိပ်မကြာလှပါချေ။ ငွေရောင် အရည်ထုထဲမှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်မှာ လုံးဝ ခြားနားသည့် နေရာတစ်ခုကို ရောက်ရှိနေကြောင်း သတိထားလိုက်မိလေသည်။
သူက သဲသောင်ကမ်းခြေ တစ်ခုပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်၏။ သူ၏ အရှေ့တွင်တော့ အလွန် အပြောကျယ်လှသည့် သမုဒ္ဒရာကြီး တစ်စင်း ရှိနေခဲ့လေသည်။ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေမင်း၏ ရောင်စဉ်များမှာ အဝါရောင် ဖြစ်သည့်တိုင် ကောင်းကင်နှင့် ပင်လယ်ပြင်ကြီးကတော့ လှပစွာပင် ကြည်ပြာရောင် သမ်းနေခဲ့သည်။
သဲသောင်ကမ်းခြေထက်၌ အာကာသ ဝေဟင်ဂိုဏ်း၏ အခြား ရေစက်ကြိုး ပိုင်ရှင်များလည်း ရှိနေခဲ့ပေသည်။ သူတို့ အားလုံးမှာ ကြာပန်း သဏ္ဌာန်ထိုင်ကာ ငြိမ်သက်စွာပင် ကျင့်ကြံ နေကြ၏။ သူတို့၏ ဝိညာဉ်အော်ရာများက မြင်သာစွာပင် ဆူပွက် နေကြသည်။
“လောကနယ်မြေလား...”
ဝေ့ဝူယင် ခန္ဓာကိုယ်ကို ညွှတ်ကိုင်းရင်း သဲသောင်ပြင်ကို ထိကြည့်လိုက်သည်။ ထို့နောက် သဲတစ်ဆုပ်ကို ယူကာ အနံ့ခံ ကြည့်လိုက်၏။
“ဝိညာဉ်စွမ်းအင်...”
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်မိသည်။ သဲများထဲတွင် ဝိညာဉ်စွမ်းအင် အကြွင်းအကျန်များ တည်ရှိနေပေသည်။ သို့သော်လည်း... သူ ဆက်လက်၍ မစူးစမ်းနိုင်သေးခင်မှာပင် သဲသောင်ကမ်းခြေ တစ်ခုလုံးကို ခြုံငုံ၍ ကြေညာသံ တစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“ဝိညာဉ် ခရီးစဉ် စပြီ... တစ်ဖက် ကမ်းခြေကို တက်လှမ်းဖို့ အတွက် မင်းတို့ရဲ့ လမ်းကြောင်းကို ပြင်ဆင်ထားကြပါ... ရေစက်ကြိုး ပိုင်ရှင်တို့... မင်းတို့ သိထားတဲ့ အတိုင်း ဒီခရီးစဉ်မှာ ဝိညာဉ်ခွန်အား တစ်ခုတည်းကိုပဲ ခွင့်ပြုတယ်... အခြား စွမ်းအင် အမျိုးအစားတွေကို သုံးရင် ခရီးစဉ် ကျရှုံးတယ်လို့ သတ်မှတ်မယ်”
အသံက အနည်းငယ် ကွဲပြားမှုများ ရှိသည့်တိုင် လျူစုယင်၏ အသံပင် ဖြစ်ကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။
“ပထမ ခရီးက ပင်လယ်ကို ဖြတ်ရမှာလား...”
ဝေ့ဝူယင် အပြာရောင် ပင်လယ်ကြီးကို ကြည့်လိုက်မိ၏။ နေအလင်းရောင်၏ အောက်၌ ကြပ်ခွပ်လှိုင်းကလေးများက ကြယ်ပွင့်များလို တဖျပ်ဖျပ် လွင့်လူး နေပေသည်။
ထိုအခိုက်တွင်ပင် ရေစက်ကြိုး ပိုင်ရှင်များမှာ စတင်ကာ လှုပ်ရှား လာကြ၏။ လက်ဟန် ချိပ်စည်း အချို့ကို ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ ခြေထောက် အောက်များရှိ သဲများမှာ လေပွေလှိုင်းများလို စတင်ကာ ဝှေ့ယမ်း လာကြသည်။ ထို့နောက် ၎င်းတို့က ဖြည်းညင်းစွာပင် အသေးစား အရွယ် လှေကလေးများ အဖြစ် ဖွဲ့စည်း သွားကြ၏။
ရေစက်ကြိုး ပိုင်ရှင်များမှာ လျူစုယင် ပြောသည့် အတိုင်းပင် ထိုဖြစ်စဉ် အတွက် ဝိညာဉ်အင်အား တစ်ခုတည်းကိုသာ အသုံးပြု နေကြခြင်း ဖြစ်သည်။ အတွင်းပိုင်း၌ စိမ့်ဝင်နေသည့် ဝိညာဉ်အင်အား အကြွင်းအကျန်များ ကြောင့်ပင် သဲမှုန်ကလေးများကို ပြင်ပ ဝိညာဉ်အင်အား အသုံးပြု၍ ပုံဖော်ရာ၌ ပိုမို လွယ်ကူစေသည်။ ရိုးရှင်းသော်လည်း လုံလောက်ပေသည်။
ဝေ့ဝူယင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ မိန်းကလေးကို ကြည့်လိုက်၏။ သူမက အပြည့်အဝပင် အာရုံစိုက် နေကာ ဝိညာဉ်အင်အားကို သဲမှုန် တစ်ချင်းစီထဲသို့ ပေါင်းစပ်ရန် ကြိုးစား နေခဲ့ပေသည်။ ဝေ့ဝူယင် သူမကို မနှောက်ယှက်တော့ရန် ဆုံးဖြတ်လိုက်ကာ ပင်လယ်ထံကိုသာ လမ်းလျှောက် ချဉ်းကပ် သွားလိုက်၏။
ကမ်းစပ်သို့ အရောက်၌ ဝေ့ဝူယင် ရပ်လိုက်၏။ ပင်လယ်ထဲရှိ ရေများက သာမန်ရေများ မဟုတ်ကြချေ။ ဝိညာဉ်အင်အားများကို အားနည်းသွားအောင် စုပ်ယူနိုင်သည့် ထူးဆန်းသော အရည်များသာ ဖြစ်ပေသည်။ ပထမ ခရီးစဉ်မှာ ဝိညာဉ်အင်အားကို အသုံးပြု၍ ထိုစုပ်ယူမှု အင်အားအား ခုခံ ဖြတ်ကျော်ရန် ဖြစ်ပုံ ပေါ်သည်။
ရေစက်ကြိုး ပိုင်ရှင်များမှာ လှေကို ပုံသဏ္ဌာန် မပျက် ထိန်းသိမ်းဖို့ လိုသည့် အပြင် ပြိုလဲမှုများ မဖြစ်အောင် အဆက်မပြတ် တိုးဝင်လာသည့် ဝိညာဉ် စုပ်ယူမှု အင်အားကိုလည်း တားဆီး ချေဖျက်ဖို့ လိုအပ်သည်။ စိတ်ဝင်စားစရာ ကောင်းလှသည်။
ဝေ့ဝူယင် ပင်လယ်၏ အခြားတစ်ဖက်ရှိ ကမ်းခြေကို လှမ်းကြည့်ဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း... လောကသခင် အဆင့် တစ်ယောက်၏ အမြင်အာရုံဖြင့်ပင် လှမ်းမမြင်ရပါချေ။ ၎င်းက အလွန် ဝေးကွာပုံ ပေါ်လေသည်။ ဝေ့ဝူယင် လက်ကို ရေအတွင်း နှစ်လိုက်ရင်း ၎င်း၏ စုပ်ယူမှု အင်အားကို စမ်းသပ်ကြည့်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်မိ၏။ အရည်များ အတွင်း၌ ထူးဆန်းသော စွမ်းအင်တစ်ခု စိမ့်ဝင်နေကာ ထိုစွမ်းအင်မှာ ဝိညာဉ်ယူနစ်များ အကြားရှိ ဆက်သွယ်မှုကို ချေဖျက်၍ ဝိညာဉ်အင်အားကို အဆက်မပြတ် အားနည်းစေခြင်းမျိုး ဖြစ်သည်။ ပြီးသည်နှင့် ၎င်းက ဝိညာဉ်ယူနစ်များကို တစ်ခုချင်းစီ စုပ်ယူကာ အရည်အဖြစ် ပြန်လည် ပြောင်းလဲပစ်သည်။
တစ်ခဏ အတွင်းမှာပင် ဝိညာဉ် ခရီးစဉ် မည်သို့ မည်ပုံ အလုပ်လုပ်သည်ကို ဝေ့ဝူယင် ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်။ ရေစက်ကြိုးပိုင်ရှင်များမှာ ပင်လယ်ကို ဖြတ်သန်းသည်နှင့် အမျှ သူတို့၏ ဝိညာဉ် ယူနစ်များမှာ ပင်လယ်၏ ခွန်အားအဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ တစ်နည်းဆိုရသော်... ထိုနည်းလမ်းမှာ ရေစက်ကြိုး ပိုင်ရှင်များ၏ ခွန်အားဖြင့် သူတို့ကို ပြန်လည် စမ်းသပ်ခြင်းပင် ဖြစ်လေသည်။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်ကာ ခန္ဓာကိုယ်ကို ဝိညာဉ်အင်အားနှင့် ဝန်းရံလိုက်၏။ အလင်းလွှာ တစ်ခုက သူ့ခန္ဓာကိုယ် ပတ်လည်တွင် ဖွဲ့စည်းလာခဲ့သည်။ အခြားလူများမှာ ထိုအရာကို သတိထားမိလေရာ စိတ်ထဲမှ ခေါင်းများကို ခါယမ်းလိုက်မိကြလေသည်။ သို့သော်လည်း... သူတို့က ဘာမှတ်ချက်စကားကိုမှ မဆိုကြပါချေ။ သူတို့အားလုံး ဝေ့ဝူယင် လုပ်ရန် ကြိုးပမ်း နေသည့် အရာကို သိကြပေသည်။ အချို့ကတော့ ဝေ့ဝူယင်ကို သနားဟန်ဖြင့် ကြည့်လိုက်ကြ၏။
ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သဲများမှာ ဝှေ့ယမ်းလာ၍ တစ်မီတာ ရှည်လျားသည့် တောင်ဝှေးတစ်ခု အသွင် ဖွဲ့စည်းသွား၏။ ဝေ့ဝူယင် ထိုတောင်ဝှေးကို ကိုင်၍ သဲသောင်ပြင်ကို ထိတွေ့လိုက်သည်။
ဟူး...
အလွန် ပြင်းထန်သည့် ဝိညာဉ်အင်အား တစ်ခု ဖြစ်ပေါ်လာကာ ပင်လယ်ကို ထိုးခွဲသွား၏။ ပင်လယ်ရေ မျက်နှာပြင် တစ်လျှောက်၌ ကျဉ်းမြောင်းကာ ရှည်လျားသည့် လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ဝေ့ဝူယင်က တောင်ဝှေးကို နောက်တစ်ကြိမ် မြှောက်ကာ ထိုလမ်းကြောင်း၏ အစကို ထိတွေ့လိုက်၏။
ဘုန်း....
ပြင်းထန်သည့် အော်ဟစ်သံ တစ်ခုနှင့် အတူ လမ်းကြောင်းမှာ ကျယ်ပြန့်သွားကာ ပင်လယ်ရေ ကြမ်းပြင် ရောက်သည် အထိ တဟုန်ထိုး ထိုးခွဲ သွား၏။ ပင်လယ်ကြီးကား နှစ်ခြမ်းကွဲ သွားခဲ့ပြီ ဖြစ်လေသည်။ ပတ်ပတ်လည်ရှိ ပင်လယ်ရေများမှာ လမ်းကြောင်းထံ တိုးဝင်၍ အတင်းပတင်း တိုက်စားဖို့ ကြိုးစား ကြသော်လည်း ဝိညာဉ်ယူနစ်များ အကြားရှိ ဆက်သွယ်မှုကို နည်းနည်းလေးမှ ချိုးဖျက်နိုင်စွမ်း မရှိကြပါချေ။
ဝေ့ဝူယင်က တုန့်ဆိုင်းခြင်း မပြုပဲ လမ်းကြောင်းထံ ခြေချလိုက်၏။ ဝိညာဉ် ခရီးစဉ်... ၎င်းက သူ့အတွက်တော့ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်းနှင့်ပင် ပိုမို၍ တူနေပေသေးသည်။
“...”
အခြား ရေစက်ကြိုး ပိုင်ရှင်များမှာ ဝေ့ဝူယင်ကို ကြည့်ကာ ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများက မယုံကြည့်နိုင်ခြင်းများနှင့် ပြူးကျယ်နေသည်။ တစ်ချိန်တည်း၌ အချို့ကတော့ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့ လိုက်ကြ၏။
“တကယ့် အရူးပဲ... ဒီပုံစံ အတိုင်းဆို ဝိညာဉ်အင်အားက ခဏလေးနဲ့ ကုန်သွားလိမ့်မယ်... ပင်လယ်က သူ့ ဝိညာဉ်ကို ဝါးမြိုသွားမှာ သေချာတယ်...”
“ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာ သူက ပထမဆုံးတော့ မဟုတ်ပါဘူးလေ... တကယ် ကံဆိုးတာပဲ... ရုပ်ကလေး ချောရဲ့သားနဲ့”
မိန်းကလေး ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်က ခေါင်းခါရင်း ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းများက နှာမြောတသခြင်း အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
“ငါတို့ သူ့ကို ပြောပြလိုက်သင့်လား...”
ကြင်နာတတ်ပုံ ရသည့် တစ်ယောက်က ဘေးနားရှိ လူများကို ကြည့်ရင်း မေးလိုက်၏။ သို့သော်လည်း... အားလုံး တိတ်ဆိတ်ငြိမ်သက် နေကြသည်။ မည်သူ တစ်ဦးတစ်ယောက်မှ ဝေ့ဝူယင်ကို သတိပေးစကား ပြောဆိုရန် ဆန္ဒ မရှိကြပါချေ။
ထိုအရာက သေကြောင်းကြံစည်ခြင်း ဖြစ်ကြောင်း လူငယ်လေးကို ပြောပြလိုက်ဖို့က လွယ်လွယ်လေး ဖြစ်သည်။ သို့သော်လည်း... ခရီးသုံးသွယ်မှာ ရေစက်ကြိုး ပိုင်ရှင်များ အကြားတွင် ပြိုင်ဆိုင်ခြင်း ပုံစံ တစ်မျိုး ဖြစ်သည်။
လူငယ်ထံမှ အလွန် ကြီးမားသည့် ဝိညာဉ်ဖိအားကို သူတို့အားလုံး ခံစားမိပေသည်။ အကယ်၍ သူ့ကို ပြန်ခေါ်ကာ မည်သို့မည်ပုံ ကျော်ဖြတ်ရမည် ဆိုသည့် နည်းလမ်းကို သင်ကြားပေးလိုက်ပါက ထိပ်ဆုံး သုံးယောက် နေရာ အထိ ကျိန်းသေ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ ထိုအခါ အကျိုးအမြတ် ထိခိုက်သွားမည်က သူတို့သာ ဖြစ်သည်။
“မသွားနဲ့... ရှင် သေလိမ့်မယ်...”
အားလုံး တွေဝေနေကြစဉ်မှာပင် ပိန်ပိန်သွယ်သွယ် ရေစက်ကြိုး ပိုင်ရှင် မိန်းကလေး တစ်ယောက်က လှမ်းအော်လိုက်၏။
ပင်လယ် အတွင်းပိုင်းသို့ ရောက်စပြုနေသည့် ဝေ့ဝူယင်မှာ မိန်းကလေး၏ အသံကို ရှင်းလင်းစွာပင် ကြားလိုက်ရသည်။ သူက လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ကာ နောက်သို့ ပြန်လှည့်၍ ကြည့်လိုက်၏။ ထို့နောက်... သူ့ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိုအရာက ရေစက်လေလော။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်တည်းက ထိုမိန်းကလေး၏ ရုပ်သွင်မှာ သူ့ဦးနှောက် အတွင်း စွဲထင် နေခဲ့ခြင်း ဖြစ်သည်။ ပင်လယ်၏ အန္တရာယ်များ အကြောင်းကို သူ အပြည့်အဝ သိရှိပြီး ဖြစ်သည်။ အခြားလူများ လျစ်လျူထားသည့် အခြေအနေတွင် သူ့ကို အော်ဟစ် သတိပေးပေးခဲ့သူက သူမ ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ချေ။
ဝေ့ဝူယင် သူမကို တောက်ပစွာ ပြုံးပြလိုက်ရင်း ပြန်လည် အော်ဟစ်လိုက်၏။
“ဒီကိုလာခဲ့... ဘာမဖြစ်ဘူး... ရဲ့ကျိလင်...”
***