အရှုံးမပေးခြင်း ခရီး (၂)
Vol. 77 Ch. 1069
“အကြွင်းမဲ့ စွမ်းအား၏ ရှေ့မှောက်တွင် အရာအားလုံး အဓိပ္ပာယ်မဲ့ရ၏”
၎င်းက သွေးပန်းပဲ ကုန်းမြေတိုက်ကြီးတွင် နာမည်ကြီးခဲ့သည့် ဆိုရိုးစကား တစ်ခု ဖြစ်၏။ ရဲ့ကျိလင် ငယ်ရွယ်စဉ် အခါက ထိုစကားလုံးများကို ကြိမ်ဖန်များစွာ ကြားခဲ့ဖူးသည်။
အထူးသဖြင့်... ထိုဆိုရိုးမှာ အနန္တ ဧကရာဇ်ဂိုဏ်းကြီး၏ တည်ထောင်သူ ဝူယုကို ရည်ညွှန်း၍ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ယနေ့မတိုင်ခင် အထိ အကြွင်းမဲ့ စွမ်းအား ဆိုသည့် အရာကို သူမ တစ်ခါမှ မမြင်ခဲ့ဖူးပါချေ။
သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်သည့် ဓားတစ်ချက်၏ အောက်တွင်ပင် ကောင်းကင်မှာ တုန်ရီကာ မြေပြင်မှာ လှုပ်ယမ်း သွားရသည်။ ရာပေါင်းများစွာသော လူသား သဏ္ဌာန် ပုံရိပ်များမှာလည်း ပျက်စီး သွားခဲ့ပြီ ဖြစ်လေသည်။ ထိုအရာက အကြွင်းမဲ့သော စွမ်းအားပင် ဖြစ်လေသည်။
ဝေ့ဝူယင်က အေးဆေး သက်သာစွာပင် ရှေ့သို့ ဆက်လိုက်၏။ စစ်မြေပြင်၌ မည်သည့် အသက် လက္ခဏာမှ မရှိတော့ချေ။ လွှမ်းခြုံနေသည့် သွေးရနံ့ပင်လျှင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
ရဲ့ကျိလင်မှာ နေရာတွင်ပင် ငေးကြောင်ကာ ရပ်ကြည့် နေခဲ့မိ၏။
“နောက်ကျ မကျန်ခဲ့စေနဲ့...”
ရုတ်တရက် ထွက်ပေါ်လာသည့် ဝေ့ဝူယင်၏ အသံက သူမကို ပြန်လည် သတိဝင် သွားစေခဲ့သည်။ ရဲ့ကျိလင် ခပ်မြန်မြန်ပင် ဝေ့ဝူယင်နောက်ကို အပြေးကလေး လိုက်လာခဲ့သည်။
စစ်မြေပြင်မှာ သည်အတိုင်း ငြိမ်သက်နေခြင်း မရှိပါချေ။ နောက်ထပ် လေပွေဝဲများနှင့် အတူ ရာပေါင်း များစွာသော ပုံရိပ်များ ထပ်မံ ဖွဲ့စည်းလာခဲ့၏။ ၎င်းတို့မှာ ပိုမို၍ပင် ကြမ်းတမ်း ခက်ထန်ကာ သွေးဆာနေသည့်ပုံ ပေါ်လေသည်။ သူတို့က အကြောက်အလန့် ကင်းမဲ့စွာပင် သူတို့ထံသို့ တိုးဝင်လာနေကြ၏။ ကောင်းကင်မှာ မြှားများနှင့် ပြည့်နှက်သွားကာ ဓားလှံ လက်နက်များမှာ သတ်ဖြတ်လိုမှု ရည်ရွယ်ချက်များနှင့် တလက်လက် တောက်ပ လာကြလေသည်။
ဝေ့ဝူယင်၏ လက်ထဲရှိ ဆေဘာမှာ နောက်တစ်ကြိမ် ဝှေ့ယမ်း သွား၏။ ၎င်းက ကောင်းကင်ကို ထပ်ပိုင်းပိုင်းကာ နောက်ထပ် ဆေဘာအလင်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း မည်သည့် တည်ရှိမှုမျှ လွတ်မြောက်ခြင်း မရှိကြပါချေ။
ပုံရိပ်ယောင် တစ္ဆေ အချို့က ဘာမလို့နည်း။ ဆေဘာအလင်းတန်းမှာ ဂြိုဟ်များ၊ နေများနှင့် မဟူရာ တွင်းပေါက်များကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။ ထိုမျှ ကြမ်းတမ်း ခက်ထန်သည့် တိုက်ရိုက် တိုက်ခိုက်မှုမျိုးကို ရဲ့ကျိလင်၏ ဘဝ တစ်လျှောက် တစ်ခါမှ မတွေ့မမြင်ဖူးပါချေ။
သူတို့ နှစ်ယောက်မှာ နာရီပေါင်း များစွာတိုင်အောင် ဆက်လက် လမ်းလျှောက်နေခဲ့ကြ၏။ လူသား သဏ္ဌာန် ပုံရိပ်များ၏ အရေအတွက်မှာ အကြိမ်တိုင်း၌ ပိုမို၍ တိုးလာကြကာ ထောင်မှသည် သန်းချီသည် အထိ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း... ဆေဘာတစ်ချက်မှာ ထိုအရာအားလုံးကို ရှင်းလင်းရန် လုံလောက်နေဆဲ ဖြစ်သည်။ ရဲ့ကျိလင်မှာ ဝေ့ဝူယင်၏ နောက်မှ ကပ်လိုက်လာရင်း ထိတ်လန့် တုန်လှုပ်မှုကိုပင် ခံစား လာရ၏။
နာရီပေါင်း သုံးဆယ်ခန့် အကြာတွင် ဝေ့ဝူယင်တို့မှာ နောက်ထပ်တံခါးနှင့် ငွေရောင် အရည်ထုတစ်ခု အရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ထိုအတောအတွင်း၌ လောကသခင် အဆင့် ပုံရိပ်ပေါင်း သန်းဆယ်ချီကို ရင်ဆိုင်ခဲ့ရသည့်တိုင် ရဲ့ကျိလင်မှာ သူမ၏ လေးနှင့် မြှားများကို ယခုတိုင် အသုံးမပြုရသေးချေ။ မိန်းကလေးမှာ လည်ချောင်းများ ချောက်ကပ်နေသလိုပင် ခံစားနေရ၏။
“ရှင်က ဘယ်သူလဲ...”
ထိုမေးခွန်းမှာ လွန်ခဲ့သည့် နာရီ ခြောက်ဆယ် လုံးလုံး သူမ၏ စိတ်ကို စိုးမိုး နေခဲ့ခြင်း ဖြစ်သည်။ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ထိုမေးခွန်း အပေါ် သူမ၏ သိလိုစိတ်က ပိုမို ပြင်းထန်လာနေခဲ့ပေသည်။ ထိုဆန္ဒကြောင့် ဝိညဉ်သည်ပင် တစစ်စစ် ကိုက်ခဲနေသလို သူမ ခံစားနေရ၏။
တတိယမြောက် တံခါး၏ ရှေ့သို့ အရောက်၌ ဝေ့ဝူယင်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ အာကာသ ဝေဟင်ဂိုဏ်း၏ စမ်းသပ်မှုများကို သူ ပိုမို၍ စိတ်ဝင်စားလာနေခဲ့ပြီ ဖြစ်သည်။
ဥပမာအားဖြင့် စစ်မြေပြင်တွင် ဆိုလျှင်... ထူးဆန်းသော သတ္တဝါ တစ်ကောင် သေဆုံးသွားသည်နှင့် အမျှ ကျန်သတ္တဝါများ၏ သတ်ဖြတ်လိုစိတ်မှာ ပိုမို ပြင်းထန်လာကာ တိုက်ခိုက်မှုများမှာလည်း ပိုမို ပြင်းထန် လာလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ရန်သူများကို နာရီပေါင်း များစွာ ကြာအောင် အဆက်မပြတ် ရင်ဆိုင် နေရခြင်းက စိတ်ရောကိုယ်ပါ နှစ်ခုစလုံးကို အပြည့်အဝ အားနည်း သွားစေနိုင်စွမ်း ရှိသည်။ တကယ့်ကို အရှုံးမပေးခြင်း ခရီးလမ်း ပီသပါပေသည်။
ဝေ့ဝူယင် ရဲ့ကျိလင်ကို လှည့်ကြည့်လိုက်မိ၏။ မိန်းကလေး မမှတ်မိသည့် အပေါ် သူ အံ့အားသင့်ခြင်း မရှိပါချေ။ ထိုစဉ်အခါက... သူက အနန္တ ဧကရာဇ်ဂိုဏ်းကို ဝင်ရောက်ခါစ ဖြစ်ကာ ကောင်းကင် ဧကရာဇ် တစ်ဦး အနေဖြင့် ခရီးဆက်နေချိန် ဖြစ်သည်။ အခြားလူများနှင့် ယှဉ်ပါက သူ၏ အဆင့်အတန်းက မနိမ့်ပါးလှသည့်တိုင် သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှ မထင်မရှား ကျင့်ကြံသူ တစ်ယောက် အတွက်တော့ သိရှိရန် အလှမ်းကွာ နေပေသေးသည်။
နောက်ပိုင်းတွင် ဝေ့ဝူယင် ထိုကုန်းမြေတိုက်ကြီး ရောက်ရှိကာ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သေးသော်လည်း မိန်းကလေးကတော့ ရှေ့ဟောင်းဂိတ်တံခါးမှ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် ဆယ်စုနှစ် နှစ်ခုမျှ အတွင်းမှာပင် သူမမှာ ထာဝရ ကြယ်တာရာ နယ်မြေ၏ အကန့်အသတ် ဖြစ်သည့် လောကသခင် အဆင့်ကို ရောက်ရှိခဲ့သည်။ သူမက ချီးကျူးမှုများနှင့် ထိုက်တန်သူ တစ်ယောက်ပင်။
“ငါ့နာမည်က ဝေ့ဝူယင်... မင်းနဲ့ အခုလို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်...”
ဝေ့ဝူယင်က မောက်မာမှု မရှိပါပဲ ဆိုလိုက်၏။
“ဝေ့ဝူယင်...”
ထိုနာမည်က ရင်းနှီးသလိုလို ရှိသော်လည်း ဘယ်နေရာမှာ ကြားဖူးသလဲ ဆိုတာ ရဲ့ကျိလင် မမှတ်မိပါချေ။ သူမ မျက်မှောင်ကြုတ်ကာ မှတ်ဉာဏ်များထဲ မွှေနှောက်ရှာဖွေဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ ရုပ်ရည်၊ ခွန်အားတို့နှင့် ဆက်စပ်မိသော ပုဂ္ဂိုလ် မရှိပါချေ။
"ကြည့်ရတာ နာမည်နဲ့တင် မလုံလောက်ဘူး ထင်တယ်...”
ဝေ့ဝူယင် ခြောက်ကပ်ကပ် ရယ်မောလိုက်မိ၏။
“လွန်ခဲ့တဲ့ နှစ်ဆယ့် သုံးနှစ်လောက်တုန်းက ငါ အနန္တ ဧကရာဇ်ဂိုဏ်းကို ဝင်ခဲ့တယ်... အဲဒီနောက် အဖွဲ့ဖွဲ့ဖို့ လုပ်တော့ မင်းကို ဖိတ်ခေါ်ဖို့ စဉ်းစားခဲ့သေးတယ်... ဒါပေမဲ့ မင်းက ကြယ်တာရာ နယ်မြေကနေ ထွက်သွားခဲ့ပြီလေ”
"ဘာကြီး...”
ရဲ့ကျိလင်၏ အမူအရာက အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွား၏။ အနန္တ ဧကရာဇ်ဂိုဏ်း... ထိုလူငယ်က ထာဝရ ကြယ်တာရာ နယ်မြေသား တစ်ယောက်လော။ နောက်ပြီး... အနန္တ ဧကရာဇ်ဂိုဏ်းက သူမကို သတိထားမိ နေခဲ့သည်လား။
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်၏။
“အံ့သြစရာ မရှိပါဘူး... သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးမှာ အာကာသ လမ်းစဉ်နဲ့ ပတ်သက်တဲ့ မင်းရဲ့ ပါရမီက ဒီလောက် သိသာနေတာပဲလေ... နှစ်နှစ်ဆယ်တည်းနဲ့ လောကသခင် အဆင့်... မင်း ထူးထူးချွန်ချွန် လုပ်နိုင်ခဲ့တာပဲ... အာကာသ ဝေဟင်ဂိုဏ်း လက်မဦးခင် မင်းကို မသိမ်းသွင်းနိုင်ခဲ့တာ နည်းနည်း ကံဆိုးတာပဲ”
ဝေ့ဝူယင်၏ လေသံက နှမြောမှုများနှင့် ပြည့်နှက် နေ၏။ ရဲ့ကျိလင်ကတော့ ဝေ့ဝူယင်ကို အချိန် ကြာမြင့်စွာ ငေးမော နေခဲ့မိသည်။ အတန်ကြာပြီး နောက်မှ သူမက စိတ်များကို ပြန်လည် စုစည်းကာ သက်ပြင်းတစ်ချက် ချလိုက်၏။ သူမ၏ လှပသော မျက်ဝန်း ဝိုင်းဝိုင်းကလေးများကတော့ အတိတ်ကို ပြန်လည် လွမ်းဆွတ်ဟန်ဖြင့် မျက်ရည်များဖြင့် ဝေ့သီ နေခဲ့သည်။
“ရဲ့ကလန် အဆင်ပြေရဲ့လား...”
ဝေ့ဝူယင်မှာ ထိုမေးခွန်းကို မျှော်လင့်ထားပြီး ဖြစ်သည်။ သူ၏ နှုတ်ခမ်းထက်၌ ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“မင်း ထွက်သွားပြီးတဲ့နောက် ပြန်လာမလား ဆိုတာကို ငါလည်း သေချာ မသိခဲ့ဘူး... ဒါပေမဲ့ မင်းရဲ့ ညီမလေး ရဲ့မူလင်နဲ့ ရဲ့မျိုးနွယ်ကို ငါ စောင့်ရှောက်ထားပါတယ်...”
ထိုအရာက ဝေ့ဝူယင် အတွက် အသေးအဖွဲ သတိထားမှုများစွာထဲမှ တစ်ခု ဖြစ်သည်။ ဖြစ်နိုင်ချေ ရှိသည့် အနာဂတ် အတွက် အလားတူ လုပ်ရပ် ထောင်ပေါင်းများစွာကို သူ ပြုမူခဲ့ပြီး ဖြစ်သည်။
အကယ်၍ အမှားအယွင်းသာ မရှိပါက ရဲ့ မိသားစုမှာ ထာဝရဂြိုဟ်ပေါ်တွင် ရှိနေပေလေိမ့်မည်။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ကာကွယ်မှု အောက်တွင် ကောင်းမွန်သည့် လမ်းကြောင်း တစ်ခုပေါ်၌ လျှောက်လှမ်း နေကြပေလိမ့်မည်။
ရဲ့ကျိလင်၏ မျက်ဝန်းများမှာ ခံစားချက် မျက်ရည်များဖြင့် ပြည့်လျှံနေ၏။ သို့သော်လည်း... သူမမှာ ထိုမျက်ရည်များကို မျက်ဝန်းအိမ် အတွင်းမှာပင် ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထိုအချက်က သူမ မည်မျှ စိတ်ဓာတ် ခိုင်မာကြောင်း ဖော်ပြနေ၏။
“ငါပြန်ရောက်ရင် သူတို့ အဆင်ပြေ မပြေ ထပ်ပြီး စစ်ဆေး ကြည့်လိုက်ပါ့မယ်”
ဝေ့ဝူယင်က အာမခံလိုက်၏။ ထာဝရ နယ်မြေ ပျက်စီးပြီးနောက်တွင် ရဲ့မျိုးနွယ် အဆင်ပြေသလား မပြေသလား ဆိုတာ သူ ကိုယ်တိုင်လည်း မသိပါချေ။ အကယ်၍ အဆင်မပြေပါက ပံ့ပိုးမှု အချို့ ပြုလုပ်ရသည်မှာ သူ့အတွက် အရေးမကြီးပါချေ။
ရဲ့ကျိလင်က ဝေ့ဝူယင်ကို အနည်းငယ် ထူးဆန်းဟန်ဖြင့် ကြည့်လိုက်၏။
“ရှင် ဒီကနေ ထွက်သွားနိုင်လို့လား...”
“ဟမ်...”
ထိုမေးခွန်းက ဝေ့ဝူယင်ကို အံ့အားသင့် သွားစေခဲ့၏။ အာကာသ ဝေဟင်ဂိုဏ်းက အပြင်ကို ထွက်ခွာခွင့် မပြုသည်လား။ အဆုံးမဲ့ မြို့တော် အတွင်းရှိ ကောင်းကင် မျိုးနွယ်များအား အပြင်တွင် မတွေ့ မမြင်ခဲ့ရခြင်းကို ထောက်ချင့်ရပါက ထိုအရာက ဖြစ်နိုင်ချေ ရှိသည်။
“မင်းတို့ ထွက်လို့ မရဘူးလား...”
"ရှင် ဘယ်တုန်းက ရေစက်ကြိုးပိုင်ရှင် ဖြစ်လာတာလဲ...”
ရဲ့ကျိလင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“လွန်ခဲ့တဲ့ သုံးဆယ့် လေးရက်... မင်းတို့ရဲ့ လက်ထောက် ဂိုဏ်းချုပ် ငါ့ကို ဒီနေရာ ခေါ်လာတုန်းကပေါ့...”
ဝေ့ဝူယင်က တွက်ချက်ကာ အဖြေပေးလိုက်၏။ ရုတ်တရက် သူ မဟာစက်ဝန်း ရှန့်ထို ညီလာခံကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုနေရာတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်နေမည်နည်း။
“...”
ရဲ့ကျိလင်မှာ အေးခဲသွားဟန် ရ၏။ အတန်ကြာ တိတ်ဆိတ် ငြိမ်သက်ပြီး နောက်တွင်မှ သူမက ပြန်လည် မေးလိုက်လေသည်။
“ဒီတစ်ကြိမ်က ရှင့်အတွက် ပထမဆုံးလား”
ဝေ့ဝူယင် ခေါင်းညိတ်ပြလိုက်၏။ ထိုအရာက အာကာသ ဝေဟင်ဂိုဏ်း၏ ခရီးသုံးသွယ် စမ်းသပ်မှုကို ပထမဆုံး အကြိမ် အဖြစ် ကြုံတွေ့ရခြင်း ဖြစ်သည်။ လျူစုယင်က သူ့ကို ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် အတင်းအကြပ် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
“ဒီတော့ ရှင်မသိဘူးပေါ့...”
ရဲ့ကျိလင်က ဝေ့ဝူယင်ကို ထူးဆန်းသည့် သတ္တဝါ တစ်ကောင်လို ကြည့်ရင်း မေးလိုက်သည်။
"ဘာကို သိရမှာလဲ... “
ဝေ့ဝူယင် ပခုံးတွန့်ပြလိုက်၏။ ရဲ့ကျိလင်က ချက်ချင်း ပြန်မဖြေချေ။ ထို့အစား သူမက ကောင်းကင်ကိုသာ မော့ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။ အတန်ကြာပြီးနောက်မှ သူမက လေးပင်သည့် လေသံဖြင့် ပြန်လည် ဖြေလိုက်လေသည်။
“ငါတို့တွေက ရေစက်ကြိုး ပိုင်ရှင်တွေ... ငါတို့ အလုပ်က အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ကာကွယ်ပြီး အလွှာကြားက လောကကို စောင့်ရှောက်ဖို့ပဲ... ငါတို့ကို ဒီနေရာကနေ ဘယ်တော့မှ ထွက်ခွာခွင့် ပြုမထားဘူး”
“ဘယ်တော့မှ ဟုတ်လား...”
ဝေ့ဝူယင်က မေးလိုက်၏။ ရဲ့ကျိလင်က ခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
“အင်း... ဘယ်တော့မှ”
***