လှည့်လည် သွားလာခြင်း ခရီး
Vol. 77 Ch. 1070
ရဲ့ကျိလင် ဝေ့ဝူယင်ကို ကိုယ်ချင်းစာစွာ ကြည့်လိုက်မိ၏။ အတိတ်မှာတုန်းက သူမသည်လည်း အလားတူပင် ခံစားခဲ့ရပြီး ဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်း နှစ်ဆယ်ခန့် ကြာမြင့်ပြီးနောက်တွင် သူမ အခြေအနေကို လက်ခံ နိုင်ခဲ့ပြီး ဖြစ်သည်။
အာကာသ ဝေဟင်ဂိုဏ်းမှာ သူမ အတွက် အခွင့်အရေးလည်း ဖြစ်သည်။ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးတွင် ဆိုပါက လောကသခင် အဆင့်ကိုပင် သူမ တစ်ဘဝလုံး တက်ရောက်နိုင်လိမ့်မည် မဟုတ်ပါချေ။ သို့သော်လည်း... အာကာသ ဝေဟင်ဂိုဏ်းတွင်တော့ ထိုအဆင့်ကို သူမ နှစ်ပေါင်း နှစ်ဆယ် အတွင်း ရောက်ရှိခဲ့သည်။ တစ်ခါမှ စိတ်ကူးမယဉ်ဖူးသည့် စွမ်းအားများကို ပိုင်ဆိုင်လာခဲ့သည်။
အနာဂတ်တွင် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာပါက သူမ သက်တမ်း သောင်းနှင့်ချီ နေနိုင်လိမ့်မည် ဖြစ်သည်။ သူမ၏ မိသားစုကတော့ ထို့မတိုင်ခင် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ သွားလောက်ပြီ ဖြစ်သည်။ အချိန်တဖြည်းဖြည်း ကြာမြင့်လာသည်နှင့် အမျှ မှတ်ဉာဏ်များမှာလည်း တဖြည်းဖြည်း မှေးမှိန် လွင့်ပါး သွားပေလိမ့်မည်။ ထိုအရာမှာ ကျင့်ကြံခြင်း လောက၏ သဘောတရား ဖြစ်ကြောင်း သူမ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိပေးခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းခါလိုက်၏။
“ငါကတော့ နှောင်ကြိုးတွေ ကြားထဲမှာ မနေနိုင်ပါဘူး... ဒီနေရာကနေ ငါ ထွက်သွားချင်တယ် ဆိုရင် လောကရှန့်ထိုတွေ ကောင်းကင် ရှန့်ထိုတွေ မပြောနဲ့ နတ်ဘုရားနဲ့ မိစ္ဆာတွေ လာတားလည်း မရဘူး... အာဏာရှင် ရှန့်ထိုကတော့ တားချင် တားနိုင်မှာပေါ့... ဟား... ဟား...”
ထို့နောက်... ဝေ့ဝူယင်က အသံကို ချုပ်တီးထားခြင်း မရှိပဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ သူ ဟာသ လုပ်နေခြင်း မဟုတ်ပါချေ။ မည်သည့် မြေကြီး ရှန့်ထို၏ လက်မှ ဖြစ်စေ လွတ်မြောက်ရန် သူ့ထံတွင် ယုံကြည်ချက် ရှိပေသည်။ အကယ်၍ လောကရှန့်ထို အဆင့် တစ်ယောက် လာတားဆီးလျှင်ပင် ထွက်ပြေးနိုင်သည့် နည်းလမ်းများ သူ့ထံတွ် ရှိပေသည်။ ထိုယုံကြည်ချက် ကြောင့်ပင် အာကာသ ဝေဟင်ဂိုဏ်းလို သားရဲတွင်းကို သူ တိုးဝင်လာခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင်က ဘာမှ ဆက်မပြောတော့ပဲ တတိယမြောက် တံခါးထဲကို လှမ်းဝင်လိုက်၏။ ငွေရောင် အရည်ထု၏ အခြား တစ်ဖက်၌ သူ တွေ့မြင်လိုက်ရသည်က အဆုံးမဲ့စွာ ပြောင်းလဲနေသည့် လောက တစ်ခုပင် ဖြစ်သည်။ ထိုနေရာ၌ ဦးတည်ချက် မရှိသလို အရောင်လည်း မရှိချေ။ အသွင် သဏ္ဌာန်ဆိုလျှင် ဝေလာဝေးပင်။ မြင်မြင်ရသမျှ အရာအားလုံးက အဆုံးမဲ့ ပျက်စီးခြင်းများသာ ဖြစ်လေသည်။
...
အဆုံးမဲ့ မြို့တော်၊ နယ်မြေ ခရီးသုံးသွယ် မျှော်စင်၏ အရှေ့၌ လျူစုယင်မှာ ဝင်ပေါက်နားတွင် ရပ်နေခဲ့လေသည်။ သူမက မျက်လုံးများကို မှိတ်ထားကာ ဝိညာဉ်အော်ရာမှာ တဖျပ်ဖျပ် တောက်ပနေ၏။
မိန်းကလေးမှာ တည်ငြိမ်သည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည့်တိုင် သူမ၏ နှလုံးသားကတော့ တဒိတ်ဒိတ် တုန်ရီနေခဲ့ပြီ ဖြစ်လေသည်။ သူမမှာ အစမှ အဆုံးအထိ ခရီးသုံးသွယ် စမ်းသပ်ပွဲ၏ ကြီးကြပ်သူ အဖြစ် တာဝန်ယူ နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အတွင်းပိုင်း၌ ဖြစ်ပျက်နေသမျှကို ရှင်းလင်းစွာပင် မြင်တွေ့ နေရသည်။ ဝေ့ဝူယင် လုပ်ဆောင်ခဲ့သမျှ လုပ်ရပ်တိုင်းကား ယုံကြည်ရန် ခက်ခဲလွန်းလှသည်။
ဝိညာဉ်ခရီးလမ်းမှာ အလွန် ခက်ခဲသည့် စမ်းသပ်မှု တစ်ခု ဖြစ်သည်။ များစွာသော ရေစက်ကြိုး ပိုင်ရှင်များမှာ ထိုစမ်းသပ်မှုတွင်ပင် ကျရှုံး ကြရသည်။ ရဲ့ကျိလင်မှာ အကောင်းဆုံးသော ဥပမာပင် ဖြစ်သည်။
အာကာသ ဝေဟင်ဂိုဏ်းကို ရောက်ရှိပြီးနောက်တွင် မိန်းကလေးမှာ ခရီးသုံးသွယ် စမ်းသပ်မှုကို နှစ်ကြိမ်တိုင်တိုင် ယှဉ်ပြိုင် ခဲ့ရပြီး ဖြစ်သည်။ ပထမ တစ်ကြိမ်က လောကပင်လယ် အဆင့်များ အတွက် ရည်ရွယ်သည့် ကြယ်တာရာ မျှော်စင်တွင် ဖြစ်ပြီး ဒုတိယ တစ်ကြိမ်က အာကာသ ပဲ့တင်သံ အဆင့် များ အတွက် ရည်ရွယ်သည့် ပဲ့တင်သံ မျှော်စင်တွင် ဖြစ်သည်။ နှစ်ကြိမ်စလုံး ပထမ အဆင့်တွင်ပင် သူမ ကျရှုံးခဲ့သည်။
သို့သော်လည်း... အသက်ရှင် လွတ်မြောက်မှုကြောင့် ရဲ့ကျိလင်မှာ တရားဝင် ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ ဝိညာဉ် ခရီးလမ်းကို ကျော်ဖြတ်ကာ အရှုံးမပေးခြင်း ခရီးလမ်းကို ရင်ဆိုင်ခဲ့ဖူးသည့် ရေစက်ကြိုး ပိုင်ရှင်များ ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် အလွန် နည်းပါးလှပေသည်။
သို့သော်လည်း ဝေ့ဝူယင်ကတော့ ခရီးလမ်း နှစ်ခု စလုံးကို သူမ တွေ့ဖူးသမျှ လက်အေးလက်အေး အရှိဆုံး ပုံစံဖြင့် ဖြတ်ကျော် သွားခဲ့ခြင်း ဖြစ်သည်။ ဝိညာဉ်ခရီးလမ်း၏ အခက်အခဲများက သူ့အတွက် ထမင်းစား ရေသောက်သဖွယ် ဖြစ်ကာ အရှုံးမပေးခြင်း ခရီးလမ်းမှာလည်း သူ့ကို ခြေတစ်လှမ်းမျှ နှောင့်နှေးအောင်ပင် မလုပ်နိုင်ခဲ့ပါချေ။ စုတ်ပြတ်သတ်နေသည့် ဆေဘာအား တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် သူက ခြိမ်းခြောက်မှု အားလုံးကို ဖြေရှင်းနိုင်ခဲ့ပေသည်။
အာကာသ ဝေဟင်ဂိုဏ်း အတွင်းရှိ ကျမ်းစာများကို ပြန်လည် တွေးတောရင်း သူမ တဖြည်းဖြည်း ပြန်လည် တည်ငြိမ် သွား၏။ သူမ၏ အသက်ရှူသံများက ညင်သာသွားကာ ရင်ခုန်သံမှာ ပုံမှန် စည်းချက်သို့ ပြန်လည် ရောက်ရှိ သွားသည်။ အေးစက်စက် အငွေ့အသက် တစ်ခုမှာ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ထိုကဲ့သို့ စိတ်ပျံ့လွင့်မှုကြောင့်ပင် သူမမှာ ဝေ့ဝူယင်နှင့် ရဲ့ကျိလင်တို့၏ စကားဝိုင်းကို လွတ်သွားခဲ့ရလေသည်။
အဆုံးမဲ့ မြို့တော် အတွင်းရှိ အလွန် ဝေးကွာသော နေရာ တစ်ခု၌ ဝတ်ရုံဝတ် ပုဂ္ဂိုလ် တစ်ယောက်မှာ ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့လေသည်။ သူမ၏ ပတ်ဝန်းကျင်တွင်တော့ ငွေရောင် မီးတောက်များ တောက်လောင်နေသည့် ဖယောင်းတိုင်များကို ထွန်းထားခဲ့လေ၏။ ပုံရိပ်က မျက်လုံးများကို ဖြည်းညင်းစွာပင် ဖွင့်လိုက်ကာ တည်ငြိမ်သည့် အပြာရောင် မျက်ဝန်းများကို နောက်တစ်ကြိမ် ထုတ်ဖော်ပြသလိုက်လေသည်။
“ဝိညာဉ်အာရုံက လူမဆန်ရုံတင် မကဘူး... ဝိညာဉ် အင်အားကပါ လျှို့ဝှက် အာဏာရှင် အဆင့်တွေထက် သာသေးတယ်... နောက်ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကလည်း ကြယ်တာရာ အမြုတေ အဆင့်နဲ့တောင် မမျှဘူး”
ပုံရိပ်၏ မျက်လုံးများက ရောင်စဉ်လှိုင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။
“သူက ဘယ်သူလဲ... သူ့ရဲ့ အဂ္ဂိရတ် ပါရမီနဲ့ ငွေရောင် မျက်လုံးတွေက တစ်ခုခုကို ပြောပြသလို ရှိနေပေမဲ့ သူ့ဆီမှာ အဲဒီ ပုဂ္ဂိုလ်ရဲ့ အမှတ်အသားတော့ မရှိဘူး.... နောက်ပြီး သူရဲ့ အသက်နဲ့ ရုပ်ခန္ဓာ ခွန်အားက နည်းနည်းလေးမှ မလိုက်ပေမဲ့ လောကတိုက်တန် မျိုးနွယ်တွေရဲ့ သွေးမျိုးဆက် မရှိပြန်ဘူး... လျှို့ဝှက် သက်တံ့ တံတားကို အသက်သွင်းခဲ့တာကရော သူပဲလား”
လွန်ခဲ့သည့် နှစ်များက သက်တံ့ တံတားမှာ နှစ်ကြိမ်တိုင်တိုင် အသက်ဝင် ခဲ့ပေသည်။ တစ်နည်းနည်းဖြင့် ၎င်းမှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ စွမ်းအားများကို ဖြတ်သန်းကာ တည်နေရာ တစ်ခုကို ဝင်ရောက် သွားခဲ့သည်။ ဒုတိယ တစ်ကြိမ် အသက်ဝင်ချိန်တွင်တော့ မီးဖီးနစ်မှာ ထိုနေရာတွင် ရှိနေခဲ့သည်။ ထို့နောက် ဝေ့ဝူယင်၏ သေမျိုး အော်ရာနှင့် နဂါးခေါင်းဆောင်း ပိုင်ရှင် မြေကြီး ရှန့်ထို တစ်ယောက် ပေါ်လာခဲ့ကာ ထန်မျိုးနွယ်ကို အနိုင်ယူ ပစ်ခဲ့သည်။
လူငယ်နှင့် ပတ်သက်သမျှ အရာအားလုံးက နားလည်ရ ခက်ခဲလွန်းလှသည်။ ပုံရိပ်မှာ မျက်မှောင်ကြုတ်ကာ ဆက်လက်၍ တွေးတောနေခဲ့လေ၏။ အတန်ကြာပြီးနောက်တွင်မှ သူမက မျက်လုံးများကို ပြန်မှိတ်ကာ အခြေအနေကို ပြန်လည် လေ့လာလိုက်လေသည်။ သူမသည်လည်းပဲ လျူစုယင် ကဲ့သို့ပင် ဝေ့ဝူယင်နှင့် ရဲ့ကျိလင်တို့၏ စကားဝိုင်းကို လွတ်သွားခဲ့လေသည်။ ထိုအခိုက်၌ မမြင်နိုင်သည့် လက်ကြီးတစ်ဖက်က သူတို့ နှစ်ယောက် စလုံး၏ အာရုံများကို အချိန်ကိုက် လွှဲဖယ် ပစ်လိုက်သလိုပင်။
ကောင်းကင်တာအိုမှာ စတင်ကာ လှုပ်ရှားနေခဲ့ပြီ ဖြစ်လေသည်။
...
စဉ်ဆက်မပြတ် ပြောင်းလဲနေသည့် လောက အတွင်း၌ ဝေ့ဝူယင်မှာ အပျက်အစီး ဟင်းလင်းပြင် တစ်ခုတွင် လွင့်မြောနေသလို ခံစားနေရလေသည်။
‘ဆိုတော့ တတိယ ခရီးလမ်းပေါ့...”
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူရင်း လက်ခုပ် တီးလိုက်၏။ လှိုင်းအချို့က ဖြာထွက် ပေါက်ကွဲသွားကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် အပေါ် အကျိုးသက်ရောက် သွားစေသည်။
လှိုင်းများ ပျံ့နှံ့သွားပြီးနောက် ဝေ့ဝူယင်မှာ မူလ နေရာတွင်ပင် ရှိနေကြာင်း သတိထားမိလိုက်သည်။ ဤနေရာရှိ ဟင်းလင်းပြင်မှာ အပျက်အစီး အဆင့်တွင် ရှိကြောင်း ဝေ့ဝူယင် အတည်ပြုလိုက်နိုင်သည်။ ဟင်းလင်းပြင် တာအိုတွင် အာကာသ အမျိုးအစား သုံးခု ရှိသည်။ ၎င်းတို့မှာ ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီးတို့ ဖြစ်ပေသည်။
ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများမှာ အာကာသ အမျိုးအစား သုံးခု အနက်မှ ပုံသေနှင့် တည်ငြိမ် များကိုသာ အပြန်အလှန် တုန့်ပြန်နိုင်စွမ်း ရှိကြသည်။ ပထမ တစ်ခုကို ထိတွေ့ရန် အတွက် အာကာသ ပဲ့တင်သံ အဆင့် လိုအပ်ကာ ဒုတိယ တစ်ခုအတွက် အဓိက လိုအပ်ချက်ကတော့ လောကသခင် အဆင့်ပင် ဖြစ်သည်။ တတိယမြောက် အပျက်အစီး အာကာသကတော့ ထိုအဆင့်ဖြင့် နားလည်ရန် ခက်ခဲသည့် ကဏ္ဍ တစ်ခု ဖြစ်သည်။
ဝေ့ဝူယင်မှာ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် အာကာသ၊ အချိန်၊ နက္ခတ်၊ ဟင်းလင်းပြင် အမျိုးအစား အားလုံးနှင့် ဆက်သွယ်နိုင်စွမ်း ရှိသည်။ ကျင့်ကြံသူများနှင့် ခြားနားစွာပင် သားရဲများမှာ ထိုအင်အားများကို နားလည်နိုင်စွမ်း မလိုပဲ လွတ်လပ်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ပိုင်လင်မှာ အကောင်းဆုံးသော ဥပမာပင် ဖြစ်သည်။
ဝေ့ဝူယင်မှာ အာကာသ ပဲ့တင်သံ အဆင့်ကို ရောက်ရှိပြီးနောက် တည်ငြိမ် အကာသနှင့် ပတ်သက်သည့် ဉာဏ်အလင်းများကို ဖမ်းဆုပ် လာနိုင်ခဲ့သည်။ ထို့နောက် (သက်တံ့တား အဖြစ် မဟာစက်ဝန်း ကြယ်ကွင်းပြင်သားများ ယူဆနေကြသည့်) ကြယ်တာရာ ကူးပြောင်းခြင်း အလင်းတန်းနှင့် ခရီးသွားသည့် အခိုက်၌ အပျက်အစီး အာကာသကို ဖမ်းဆုပ် နိုင်ခဲ့သည်။
ယခု၌ သူက လောကသခင် အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ တည်ငြိမ် အာကာသကိုလည်း သူ ကောင်းစွာ နားလည် နေခဲ့ပြီ ဖြစ်သည်။ လက်ရှိ အချိန်၌ အာကာသနှင့် ပတ်သက်သည့် သူ့ဉာဏ်အလင်းများမှာ အလွန် မြင့်မား နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဉာဏ်အလင်းနှင့် နားလည်မှုများ မရှိလျှင်ပင် ထိုအာကာသ သုံးခုလုံးနှင့် ဆက်သွယ်နိုင်သည့် ဟင်းလင်းပြင် စွမ်းအင် သူ့ထံတွင် ရှိသည်။
သို့သော်လည်း... ဤလောကလောက်ကို ကိုင်တွယ်ဖို့ အတွက်တော့ ဟင်းလင်းပြင် စွမ်းအင်ကို သုံးစရာ လိုအပ်လိမ့်မည် မဟုတ်ပါချေ။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် ခန္ဓာကိုယ် အတွင်းရှိ အာကာသ အင်အားများကို လှည့်ပတ်လိုက်၏။
ထိုအခိုက်တွင်ပင် လျူစုယင်၏ အသံက ပျံ့နှံ့ကာ ထွက်ပေါ်လာခဲ့လေ၏။
“လှည့်လည် သွားလာခြင်း ခရီးလမ်း စပြီ... အပျက်အစီး နယ်မြေကို ကျော်ဖြတ်ဖို့ နည်းလမ်း ရှာဖွေ ထားကြပါ... ရေစက်ကြိုး ပိုင်ရှင်တို့... ဒီခရီးမှာ အာကာသ အင်အား တစ်ခုကိုပဲ ခွင့်ပြုတယ်... အခြား အင်အား သုံးမယ် ဆိုရင် ခရီးစဉ် ကျရှုံးတယ်လို့ သတ်မှတ်မယ်...”
***