← Chapters

လှည့်လည်သွားလာခြင်း ခရီး (၂)

Vol. 77 Ch. 1071

လှည့်လည်သွားလာခြင်း ခရီး (၂)

Vol. 77 Ch. 1071

“လှည့်လည် သွားလာခြင်း ခရီးလမ်း စပြီ... အပျက်အစီး နယ်မြေကို ‌ကျော်ဖြတ်ဖို့ နည်းလမ်း ရှာဖွေ ထားကြပါ... ရေစက်ကြိုး ပိုင်ရှင်တို့... ဒီခရီးမှာ အာကာသ အင်အား တစ်ခုကိုပဲ ခွင့်ပြုတယ်... အခြား အင်အား သုံးမယ် ဆိုရင် ခရီးစဉ် ကျရှုံးတယ်လို့ သတ်မှတ်မယ်...”

လျူစုယင်၏ အသံက ပျံ့နှံ့ကာ ထွက်ပေါ်လာခဲ့လေ၏။ သို့‌သော်လည်း ထို့မတိုင်ခင်ကတည်းက ဝေ့ဝူယင်မှာ ပဟေဠိကို ဖြေရှင်းခဲ့ပြီး ဖြစ်ပေသည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ဖြည်းညင်းစွာ ရွေ့လျား သွားကာ အပျက်အစီးများကြားမှ ပုံရိပ်ကလေးကို ကြည့်လိုက်သည်။

ရဲ့ကျိလင်၏ ခန္ဓာကိုယ်မှာ တွန့်လိမ်ကာ အဆက်မပြတ် လှည့်ပတ်နေ၏။ အော်ဟစ် ငြီးတွားခြင်း မပြုသည့်တိုင် သူမ အခြေအနေကို ထိန်းချုပ်ရန် အလွန် ခက်ခဲနေကြောင်း ရှင်းလင်းလှပေသည်။ မိန်းကလေးမှာ အာကာသ အင်အားကို ထုတ်ဖော်ကာ ကိုယ့်ကိုယ်ကို တည်ငြိမ်ဖို့ ပတ်ဝန်းကျင်က အရာအားလုံးကို ဝါးမြိုသွားခဲ့သည်။ ထို့နောက် တစ်ဖန် အပျက်အစီး စွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ သူမ၏ အခြေအနေကို ပိုမို၍ ဆိုးရွား သွားစေခဲ့လေသည်။

သူတို့ ရောက်ရှိနေသည့် အပျက်အစီး အာကာသနယ်ပယ်က အလွန် အန္တရာယ်များကြောင်း ဝေ့ဝူယင် ခံစားမိပေသည်။ အကယ်၍ ထိုကဲ့သို့ ပရမ်းပတာသာ ဆက်လက် လွင့်မြောနေပါက သူမ၏ ခန္ဓာကိုယ်မှာ အချိန်တို အတွင်း ကြီးမားစွာ ထိခိုက် သွားလိမ့်မည် ဖြစ်သည်။ မိနစ်ပိုင်း အထိသာ ကြာမြင့်မည် ဆိုပါက သွေးများပင် ခမ်းခြောက်ကာ အရိုးများမှာလည်း ဆွေးမြေ့သွားပေတော့မည်။

ခြေတစ်လှမ်းနှင့် အတူ အပျက်အစီး အာကာသနယ်ကို ဟင်းလင်းပြင် ဖြတ်‌ကျော်သည့် အလား ဝေ့ဝူယင် ဖြတ်သန်းလိုက်၏။ ကြယ်တာရာ ပို့ဆောင်ခြင်း အလင်းတန်းနှင့် ဆက်နွယ်နေသည့် ဉာဏ်အလင်းများကို အသုံးပြုထားလေရာ ရောင်စုံအလင်းတန်းများမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို သက်တံ့တစ်ခုလို ဝန်းရံသွားလေသည်။

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ ရဲ့ကျိလင်၏ နံဘေး၌ ပြန်ပေါ်လာကာ သူမ၏ ခါးကလေးကို ဆုပ်ကိုင်လိုက်၏။ ရုတ်တရက်... ရဲ့ကျိလင်မှာ ခိုင်မာသည့် အရာ ဝတ္ထု တစ်ခုကို စမ်းမိလိုက်ရာ ရေနစ်သူ ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်ရသည့် အလား ကျစ်ကျစ်ပါအောင် ပြန်လည် ဖက်ထားလိုက်သည်။ အော်ဟစ် ငြီးတွားခြင်း မပြုသည့်တိုင်အောင် ထိုအခိုက်၌ သူမ အလွန် ကြောက်လန့် နေခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်၌ သူမ ခံစားနေရသည့် ဖိအားများမှာ အလွန်ပင် ပြင်းထန် လွန်းလှသည်။

ဝေ့ဝူယင်မှာ သတိရှိနေသေးသည့် မိန်းကလေးကို ကြည့်ကာ စိတ်ထဲမှ ချီးကျူးလိုက်မိသည်။ စစ်ပွဲ အတွင်း ကျင်လည်နေသည့် ယောက်ျားသားများ ပင်လျှင် ထိုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ကျိန်းသေ သွေးပျက် သွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် မျက်ခုံးများကို ပင့်ကာ အနည်းငယ် စဉ်းစားလိုက်၏။ ထို့နောက် သူက အပျက်အစီး အာကာသနယ်ကို သူတို့ အပေါ် ပြန်လည် ထိန်းချုပ်ဖို့ ခွင့်ပြုလိုက်သည်။ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကျစ်ကျစ်ပါအေင် ဖက်ရင်း စတင် လှည့်ပတ် သွားခဲ့၏။ ထို့နောက် အပျက်အစီး အာကာသ နယ်တွင် ဦးတည်ချက် မဲ့စွာ ရွေ့လျားတော့သည်။

ရဲ့ကျိလင်မှာ မိနစ် သုံးဆယ်ခန့် ကြာအောင် ကြီးမားသော ဖိအားကြီး တစ်ခုက ရိုက်ခတ်နေသည်ကို ခံစား နေခဲ့မိ၏။ ထိုအခိုက်၌ သူမ တွေးခဲ့မိသမျှက သေဆုံးဖို့ ဖြစ်သည်။ ညီမလေးအား ပြန်လည် ဆုံတွေ့ခွင့် မရပဲ သူမ သေဆုံးတော့မည်လော။

ထို့နောက် အရှိန်က ရုတ်တရက် ရပ်တန့် သွားခဲ့၏။ မိန်းကလေးမှာ ရင်တစ်ခုလုံး တဒိတ်ဒိတ် တုန်ရီ သွားခဲ့သည် ထိုအရာက သေဆုံးခြင်းလော။ သို့သော်လည်း... နှစ်မိနစ်မျှ ကြာမြင့်ပြီးနောက်တွင် သူမတို့ နောက်တစ်ကြိမ် ပြန်လည် လှုပ်ရှားလာခဲ့ပြန်သည်။

နောက်ဆုံး၌ ရဲ့ကျိလင် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိ၏။ သူမ ပထမဆုံး မြင်တွေ့လိုက်ရသည်က ဝေ့ဝူယင်၏ မျက်နှာ ဖြစ်သည်။ သူမ၏ လက်ချောင်းကလေးများက သူ၏ ဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားပေသည်။

မိနစ်သုံးဆယ် ကြာမြင့်ပြီးနောက် နောက်တစ်ကြိမ် ရပ်တန့် သွားပြန်၏။ ထိုကဲ့သို့ ဖြစ်စဉ်မျိုးမှာ ထပ်တလဲလဲနှင့် နာရီပေါင်းများစွာ ကြာအောင် ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်လေသည်။

အကြိမ်ပေါင်းများစွာ ရပ်လိုက်၊ လှည့်ပတ်လိုက် ဖြစ်ပြီးနောက်တွင် ရဲ့ကျိလင်မှာ ထိုအခြေအနေနှင့် တဖြည်းဖြည်း အသားကျ လာခဲ့၏။ ခရီးစဉ်ကို လွှတ်ချလုနီးပါး အထိ ရင်ဆိုင်ခဲ့ရပြီး နောက်တွင် သူမမှာ ကြောက်ရွံ့မှုကို စိတ်လှုံ့ဆော်မှု တစ်ခုအဖြစ် စတင်ကာ ပြောင်းလဲ လာနိုင်ခဲ့ပြီ ဖြစ်သည်။

သူမ ကျစ်ကျစ်ပါအောင် ဖက်ထားသည့် ဝေ့ဝူယင်၏ ရုပ်ခန္ဓာကို အမြင်အာရုံဖြင့် မတွေ့မြင်နိုင်သည့်တိုင် ကမ်းမမြင် လမ်းမမြင် နေရာမျိုးတွင် တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားမိခြင်းက သူမအား သတ္တိအချို့ ဖြစ်ပေါ်စေသည်။

ရဲ့ကျိလင် ဖြည်းညင်းစွာပင် အာကာသ အင်အားကို အသုံးပြုကာ ထိုပတ်ဝန်းကျင်တွင် သူမ လုပ်နိုင်မည့် အရာများကို စတင်ကာ ရှာဖွေ လာခဲ့၏။ အပျက်အစီး နယ်မြေ တစ်ခုတွင် အာကာသ အင်အားကို ဆန့်ထုတ်ရန် ကြိုးပမ်းရခြင်းက အလွန်ပင် ခက်ခဲလှသော ဖြစ်စဉ် တစ်ခု ဖြစ်သည်။ ထိုထက် ပိုမို၍ ဆိုးသည်က သူမ ဆန့်ထုတ်လိုက်သည့် အာကာသ အင်အား တစ်စချင်းစီမှာ အပျက်အစီး စွမ်းအားများ အဖြစ် ပြောင်းလဲ သွားခြင်း ဖြစ်သည်။ မိန်းကလေးမှာ ပြင်းထန်သည့် ခေါင်းကိုက် ဝေဒနာကို စတင်ကာ ခံစားလာရ၏။ သို့သော်လည်း... သူမက အံကို တင်းတင်းကြိတ်ကာ ခုခံထားဆဲ ဖြစ်သည်။

ဝေ့ဝူယင်ကတော့ အပျက်အစီး အာကာသနယ်နှင့် ပေါင်းစပ်ကာ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ သူက ငွေရောင် မျက်လုံးများနှင့် အတူ တဖြည်းဖြည်း တည်ငြိမ်လာသည့် ရဲ့ကျိလင်ကို စိုက်ကြည့် အကဲခတ် နေခဲ့သည်။ အခွင့်အရေးက ဖန်တီးပြီးပြီ ဖြစ်သည်။ ဆုပ်ကိုင်ဖို့က သူမ တာဝန်ပင်။

ရဲ့ကျိလင်မှာ အာကာသ လမ်းစဉ်တွင် အလွန် ပါရမီ မြင့်မားသူ ဖြစ်သည်။ အချိန် တဖြည်းဖြည်း ကြာမြင့်လာသည်နှင့် အမျှ သူမမှာ အမြန်နှုန်းကို တွက်ချက်ကာ အာကာသ အင်အားနှင့် အတူ တည်နေရာကို စတင် ထိန်းကြောင်းလာနိုင်ခဲ့သည်။ ပြင်းထန်လွန်းလှသည့် လှည့်ပတ်မှု၊ တွန့်လိမ်မှုတို့ကို အပြည့်အဝ ရပ်တန့်နိုင်စွမ်း မရှိသေးသည့်တိုင် အရှိန်အဟုန်ကို အတိုင်းအတာ တစ်ခုအထိ လျှော့ချလာနိုင်ခဲ့သည်။ သူမ ကြိုးစားလိုက်သည့် အကြိမ်တိုင်း၌ အန္တရာယ်များက သိသိသာသာပင် လျော့ပါး၍ သွားခဲ့၏။ ထိုအချက်က မိန်းကလေး၏ အာကာသ စွမ်းအင်ကို သုံး၍ အပျက်အစီး အာကာသနယ်နှင့် ဆက်သွယ်နိုင်စွမ်းကို ရောင်ပြန်ဟပ် နေပေသည်။

ဆယ့်ငါးနာရီ ကြာမြင့်ပြီးနောက်၌ ရဲ့ကျိလင်၏ ထိန်းချုပ်နိုင်စွမ်းများမှာ ပိုမို မြင့်မားလာခဲ့၏။ အသက်သေဆုံးနိုင်သည့် မည်သည့် အန္တရာယ်ကိုမှ သူမ မခံစားရတော့ချေ။ မိန်းကလေး စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်၏။ အကယ်၍ နာရီ သုံးဆယ် ပြည့်‌မြောက်အောင် နေနိုင်ပါက ဂိတ်တံခါး ပေါ်လာလိမ့်မည် ဖြစ်သည်။ ထိုအခါကျလျှင် ခရီးစဉ်ကို သူမ တရားဝင် ဖြတ်ကျော်ပြီး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ သူမကို လွယ်ကူ ရိုးရှင်းသည့် လမ်းတစ်ခု လျှောက်လှမ်းစေရန် ဆန္ဒ မရှိပါချေ။ ထိုအတိုင်းသာ ဆက်သွားမည် ဆိုပါက မိန်းကလေးမှာ အပျက်အစီး အာကာသ၏ ဉာဏ်အလင်းများကို အပြည့်အဝ ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ပါချေ။ သူက ထောက်ပံ့ပေးထားသည့် စွမ်းအင်များကို လျှော့ချလိုက်၏။

ရဲ့ကျိလင်မှာ အပျက်အစီး အာကာသနယ်၏ စွမ်းအင်များက ရုတ်ချည်း နောက်တစ်ဖန် ပြင်းထန်လာသည်ကို ခံစားလိုက်ရ၏။ သူမ၏ ရင်တဒိတ်ဒိတ် ခုန်သွားခဲ့သည်။ သူမ၏ အာကာသ အင်အားမှာ ၎င်းကို ရပ်တန့်ရန် မလုံလောက်ပါချေ။ ထိုအတိုင်းသာ ဆက်သွားမည် ဆိုပါက... နာရီ အနည်းငယ် အတွင်း သူမ၏ ခန္ဓာကိုယ်မှာ သွေးမှုန်များ အဖြစ် ပြောင်းလဲ သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... စဦးပိုင်း အောင်မြင်မှုများက သူမ၏ စိတ်ကို တည်ငြိမ်စေကာ ထပ်မံ ကြိုးစားရန် ခွန်အားများ ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း... မိနစ် လေးဆယ်မျှ ကြာမြင့်ပြီး နောက်တွင်ပင် အာကာသ အင်အားမှာ အောက်ခြေအထိ ရောက်ရှိ သွားခဲ့သည်။ ရဲ့ကျိလင် သူမအား ထောက်ပံ့ပေးထားသည့် အရာ ဝတ္ထုကို မှီရင်း အနည်းငယ် အနားယူ လိုက်၏။ အကန့်အသတ်ကို သူမ ရောက်ရှိခဲ့ပြီ ဖြ်သည်။

ဝေ့ဝူယင်မှာ ရဲ့ကျိလင်ထံမှ စွမ်းအင် မလုံလောက်မှု အခြေအနေကို ခံစားလိုက်ရ၏။ မိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ တန်ခိုးရှင်ဂိုဏ်းကြီးများ၏ ရွေးချယ်ခံ အများစုထက် ပိုမို မြင့်မားသည့်တိုင် လှည့်လည်သွားလာခြင်း ခရီးစဉ်ကို ဖြတ်ကျော်ဖို့ အတွက်တော့ လုံလောက်ခြင်း မရှိပါချေ။

ရဲ့ကျိလင်မှာ သူမ၏ အကန့်အသတ်ကို သိရှိလေရာ အညံ့ခံကြောင်း ကြေညာဖို့ ပြင်လိုက်၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူမမှာ တတိယမြောက် ခရီးစဉ်တွင် ဆယ်နာရီ အထိ ကြာမြင့်ခဲ့လေရာ ဝိညာဉ် ရေစက်ကြိုးပိုင်ရှင်မှ လှည့်လည် သွားလာခြင်း ရေစက်ကြိုး ပိုင်ရှင် တစ်ယောက် ဖြစ်လာဖို့ အဆင့်မှီခဲ့ပြီ ဖြစ်သည်။ အနန္တ ဧကရာဇ်ဂိုဏ်းတွင် ဆိုလျှင် ထိုအရာက... သေမျိုးဖုန်မှုန့် တပည့် အဆင့်မှ ကောင်းကင်နိုဘယ် တပည့် အဆင့်သို့ မြင့်တက်သွားခြင်းနှင့် ဆင်တူသည်။ ထိုအရာက ကျေနပ်စရာ ကောင်းသည်ထက် များစွာ ပိုမို နေခဲ့ပြီ ဖြစ်လေသည်။

မည်သို့ပင် ဆိုစေ... အာကာသ ဝေဟင်ဂိုဏ်း အတွင်း၌ လှည့်လည်သွားလာခြင်း ရေစက်ကြိုး ပိုင်ရှင် အနည်းငယ်သာ ရှိသည် မဟုတ်ပါလော။ ရဲ့ကျိလင်မှာ ထိုအတွက် ဝေ့ဝူယင်ကို စိတ်ထဲမှ ကျေးဇူးတင်လိုက်မိလေ၏။

ရဲ့ကျိလင် အညံ့ခံကြောင်း ကြေညာဖို့ အတွက် ပါးစပ်ဟလိုက်၏။ ထိုအခိုက်တွင်ပင် အေးစက် သန့်စင်နေသည့် စွမ်းအင် စီးကြောင်းများမှာ သူမ ပါးစပ်ထဲ ဝင်လာခဲ့သည်။ မိန်းကလေး အံ့သြ ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ် သွားစဉ်မှာပင် ၎င်းတို့မှာ ထျန်းတျန် အတွင်း ဝင်ရောက် သွားခဲ့၏။

“ဘာလဲ...”

ရဲ့ကျိလင် တုန်လှုပ် နေစဉ်မှာပင် သူမ၏ ကြယ်တာရာ ဝိညာဉ်မှာ စတင် လှုပ်ရှားလာကာ ထိုစွမ်းအင် စီးကြောင်းများကို အာကာသ အင်အား အဖြစ် ပြောင်းလဲ လိုက်လေ၏။ သူမ ထိုကဲ့သို့သော လက်ဆောင်မျိုးကို မည်ကဲ့သို့ ငြင်းဆန်မည်နည်း။ ၎င်းက အချိန်ကြာမြင့်စွာ နေနိုင်ခဲ့သည့် အတွက် လက်ဆောင်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အာကာသ အင်အားများ ပြည့်နှက် သွားခြင်းနှင့် အတူ မိန်းကလေးမှာ ကိုယ့်ကိုယ်ကို နောက်တစ်ကြိမ် ထိန်းချုပ်နိုင် သွားခဲ့လေ၏။ မကြာခင်မှာပင် အသစ် ဝင်ရောက်လာသည့် စွမ်းအင်များမှာ အလွန်အမင်း ထူထပ်ကာ ကြွယ်ဝလှကြောင်း သူမ သဘောပေါက် သွားခဲ့သည်။ ပို၍ အံ့အားသင့်စရာ ကောင်းတာ တစ်ခုက ထိုရင်းမြစ်များမှ လည်ချောင်းဆီမှ ဝင်ရောက်လာသည့်တိုင် သူမ၏ စွမ်းအင် သွေးကြော၊ ထျန်းတျန်များနှင့် သဘာဝ ကျစွာ ပေါင်းစပ်နိုင်စွမ်း ရှိခြင်း ဖြစ်သည်။ ထိုအခိုက်၌ မိန်းကလေးမှာ သူမကိုယ် သူမ အလွန် ကံကောင်းလှသလို ခံစားနေရ၏။

ဤသို့နှင့် နာရီ နှစ်ဆယ်မျှ ကြာမြင့်ပြီးနောက်တွင် ရဲ့ကျိလင်မှာ အပျက်အစီး အာကာသ စွမ်းအားကို စတင်ကာ ဖမ်းဆုပ်လာနိုင်ခဲ့သည်။ အာကာသ အင်အားကို အသုံးပြု၍ အပျက်အစီး အာကာသနယ်၌ ကိုယ့်ကိုယ်ကို တဒင်္ဂမျှ ရပ်တန့်သွားအောင် ထိန်းချုပ် လာနိုင်ခဲ့သည်။

နှစ်ဆယ့်လေးနာရီ ကြာမြင့်ပြီးနောက် သူမ၏ ထိန်းချုပ်နိုင်စွမ်းက ပိုမို၍ မြင့်မားလာကာ နှစ်မိနစ် အထိ ကြာမြင့်လာခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်ရသည်က အလွန် နာကျင်သည့်တိုင် အပျက်အစီး လောကကို ထိန်းချုပ် လာနိုင်သည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်၏။

နှစ်ဆယ့်ကိုးနာရီ ပြည့်မြောက် သွားပြီးနောက် ဝေ့ဝူယင်၏ အထောက်အပံ့ကို မရတော့သည့်တိုင် ရဲ့ကျိလင်မှာ သေဘေး အန္တရာယ်ကို မခံစားရတော့ချေ။ မိန်းကလေးမှာ အာကာသ အင်အားကို အသုံးပြုကာ အပျက်အစီး အာကာသ စွမ်းအင်ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ အနည်းငယ် ထောက်ပံ့ ကူညီပေးရုံဖြင့် ထိုမျှလောက်အထိ ဖမ်းဆုပ် နိုင်ခဲ့ခြင်းကား မိန်းကလေးထံတွင် အလွန် မြင့်မားသော ပါရမီများ ရှိကြောင်း ဖော်ပြနေပေသည်။

ထိုအခိုက်၌ ဝေ့ဝူယင်မှာ မိန်းကလေး အပေါ် စွမ်းအင်ပိုင်းရော၊ ရုပ်ခန္ဓာပိုင်းပါ အကူအညီများကို ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်။ သူက နောက်ဆုံးတစ်နာရီ အတွက် ရဲ့ကျိလင်ကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခိုင်းခဲ့သည်။ သူ မျှော်လင့်ထားသည့် အတိုင်းပင် မိန်းကလေးမှာ အောင်မြင်ခဲ့ပေသည်။

နာရီသုံးဆယ် ပြည့်မြောက်ပြီးနောက်၌ ဂိတ်တံခါး ပေါ်လာခဲ့၏။ ရဲ့ကျိလင်မှာ အပျက်အစီး နယ်မြေအတွင်း တည်ငြိမ်မှုကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ဖြစ်သည့်တိုင် အပျက်အစီး စွမ်းအင်၏ ဇာပုဝါကိုတော့ ဖြတ်သန်း မြင်နိုင်စွမ်း မရှိသေးပါချေ။ ဂိတ်တံခါး မဆိုထားနှင့်... လွန်ခဲ့သည့် နာရီ သုံးဆယ်လုံးလုံး သူမ အရှေ့၌ ရှိနေခဲ့သည့် ဝေ့ဝူယင်၏ တည်ရှိမှုကိုပင် အာရုံခံနိုင်စွမ်း မရှိသးချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... မိန်းကလေးမှာ နောက်ထပ် လာမည့် ခြေလှမ်းများ အတွက် ခိုင်မာသည့် အခြေခံကို ဆုပ်ကိုင် နိုင်ခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင် ရဲ့ကျိလင်၏ သွယ်လျသည့် လက်ကလေးကို ဆုပ်ကိုင်ကာ ငွေရောင် အရည်ထုထဲ ဆွဲခေါ်လိုက်၏။

နောက်ဆုံး ခရီးစဉ် ဖြစ်သည့် လှည့်လည် သွားလာခြင်း ခရီးကား ပြီးမြောက် သွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters