← Chapters

ကောင်းကင်စစ်ဝိညာဉ်၏ လမ်းညွှန်မှု

Vol. 77 Ch. 1072

ကောင်းကင်စစ်ဝိညာဉ်၏ လမ်းညွှန်မှု

Vol. 77 Ch. 1072

မျှော်စင်၏ အပြင်ဘက်၌ အသက်ရှင် လွတ်မြောက်ခဲ့ကြသည့် ရေစက်ကြိုး ပိုင်ရှင်များမှာ လျူစုယင်၏ နောက်တွင် ဒူးထောက်၍ ထိုင်နေခဲ့ကြလေသည်။ အောင်မြင်မှု အဆင့်ဆင့် ကွဲပြားကြသော်လည်း အချို့မှာ အရှုံးပေးသည့် လက္ခဏာများဖြင့် ခေါင်းများအား ငုံ့ထားကြကာ အချို့ကတော့ ဂုဏ်ယူမှုနှင့် အတူ ခေါင်းမော့ ရင်ကော့ ထားကြသည်။ ထိုအရာက ခရီးသုံးသွယ် စမ်းသပ်မှုကို သူတို့ တတိယ အကြိမ်မြောက် ဝင်ရောက်ကြခြင်း ဖြစ်သည်။ သူတို့ အားလုံး တရားတင် ရေစက်ကြိုး ပိုင်ရှင်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အသက်ရှင်သန် လွတ်မြောက်ခြင်း တစ်ခုကပင် လုံလောက်ပေသည်။

ဝမ်... ဝမ်... ဝမ်...

ရုတ်တရက် ငွေရောင် အလင်းတန်းများမှာ အဆုံးမဲ့မြို့တော် တစ်ခုလုံးတွင် ပေါက်ကွဲ ထွက်ပေါ်လာခဲ့လေ၏။ အပေါ်သို့ မော့ကြည့်လိုက်မိသော အခိုက်၌ ရေစက်ကြိုး ပိုင်ရှင် အားလုံး၏ မျက်လုံးများက ပြူးကျယ်လာကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြလေသည်။ ဘာတွေ ဖြစ်ကုန်သနည်း။

ဝမ်... ဝမ်... ဝမ်....

ငွေရောင် အလင်းတန်းများမှာ ကောင်းကင်ကို ဖြတ်သန်း ထိုးဖောက် သွားကြကာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်၍ ဝင်္ကပါ သဖွယ် ဖြစ်သွားကြသည်။ အောက်မှ မျှော်ကြည့်ရပါက ထိုအရာက အလွန် လှပသော မြင်ကွင်း တစ်ခု ဖြစ်လေရာ မြို့သူမြို့သား အားလုံး၏ နှလုံးသားများမှာ အံ့သြထိတ်လန့်မှုနှင့် အတူ ရပ်တန့် သွားကြလေသည်။ အလင်းတန်းများမှာ ကောင်းကင်တွင် ထွန်းလင်းနေသည့် နေကြယ်နှင့် ဆက်သွယ် လိုက်ကြကာ ရောင်စဉ်တန်းများမှာ သုံးဆမျှ အထိ ပိုမို တောက်ပလာခဲ့၏။

လျူစုယင်၏ မျက်လုံးများမှာ အထက် ကောင်းကင်ကို တည်ငြိမ်စွာ စိုက်ကြည့် နေခဲ့၏။ သို့သော်လည်း သူမ၏ နှလုံးသားကတော့ အခြားလူများ နည်းတူပင် ထိန်းချုပ်၍ မရအောင် တဒိတ်ဒိတ် တုန်ရီ နေခဲ့ပြီ ဖြစ်လေသည်။

“အစစ်အမှန် ကံကြမ္မာ ခရီးသည်... အစစ်အမှန် ကံကြမ္မာ ခရီးသည် ပေါ်လာပြီ...”

ရေစက်ကြိုး ပိုင်ရှင် တစ်ယောက်က‌ အော်ဟစ်လိုက်၏။ သူ၏ အော်ဟစ်သံက အခြားလူများထံကိုပါ လက်ဆင့်ကမ်း ပျံ့လွင့်သွားကာ အုတ်အုတ်ကြွက်ကြွက် အခြေအနေ တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ အစစ်အမှန် ကံကြမ္မာ ခရီးသည်မှာ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

အချိန် အတန်ကြာမြင့်ပြီးနောက်၌ ပုံရိပ် နှစ်ခုမှာ မျှော်စင်၏ တံခါးဝမှ ထွက်ပေါ်လာခဲ့၏။ ထိုအခိုက်တွင်ပင် နေကြယ်နှင့် ဆုံစည်းနေသည့် ငွေရောင် အလင်းတန်းများမှာ တုန်ရီသွားကာ နောက်ထပ် သုံးဆ ပိုမို တောက်ပလာခဲ့သည်။ ထို့နောက်... ၎င်းတို့က အရှိန်တညီးညီး တောက်လောင်နေသည့် အလင်းတန်းများ အဖြစ် အောက်သို့ ထိုးဆင်းကျ လာခဲ့တော့သည်။

ဝေ့ဝူယင်နှင့် ရဲ့ကျိလင်တို့မှာ အံ့သြ ထိတ်လန့် သွားကြ၏။ သူတို့မှာ ကောင်းကင် တစ်ခုလုံး ပြိုကျလာသကဲ့သို့ အလွန် အရှိန်အဟုန် ပြင်းလှသော စွမ်းအားများကို ခံစားမိပေသည်။ ရဲ့ကျိလင်မှာ ထိုရောင်စဉ်တန်းကို ငေးကြည့် နေရုံမျှသာ တတ်နိုင်ကာ သူမ၏ မျက်လုံးများမှာ ချက်ချင်း ဝေဝါး သွားခဲ့၏။ ထို့နောက် စက္ကန့်ဝက်မျှ အတွင်းမှာပင် ငွေရောင် မြူများ အဖြစ် ပြောင်းလဲ သွားခဲ့လေသည်။ အခြားတစ်ဖက်၌ ဝေ့ဝူယင်ကတော့ သတိအပြည့်ပင် ရှိနေသေးဆဲ ဖြစ်လေသည်။

၎င်းက သူ ဖြတ်တောက်ခံလိုက်သည့် ကမ္မတန်ဖိုး ၃၀၀၀ ကျော်၏ ကံကြမ္မာကား စတင်ခဲ့ပြီ ဖြစ်လေတော့သည်။

....

အဆုံးမဲ့ မြို့တော်၏ ဝေဟင် တစ်နေရာတွင် လူသန်းပေါင်းများစွာ မမြင်နိုင်အောင် ဖုံးကွယ်ထားသည့် ဝတ်ရုံဝတ် ပုဂ္ဂိုလ် တစ်ယောက် ရှိနေခဲ့၏။ သူမက နူးညံ့ညင်သာသည့် ကိုယ်နေဟန်ထား ရှိကာ ရှည်လျား သေးသွယ်သော ခြေတံရှည်များနှင့် ဝိုင်းစက်စက် အပြာရောင် မျက်ဝန်း တစ်စုံကို ပိုင်ဆိုင်ထားသည်။ သူမ၏ အလှအပများအား မည်သူမှ မမြင်တွေ့နိုင်သည်ကတော့ ကံဆိုးမှု တစ်ခုပင်။

ထိုအခိုက်၌... သာမန် သက်ရှိများ၏ စိတ်နှင့် နှလုံးသားကို လှည့်စားနိုင်လောက်အောင် ကျက်သရေ ရှိလှသော သူမ၏ မျက်ဝန်းများမှာ အလင်းရောင်စဉ်များ၏ ဝါးမြိုမှု အလယ်၌ ရှိနေသာ ပုံရိပ် နှစ်ခုကို စိုက်ကာ ကြည့်နေခဲ့၏။

သူမသည်လည်းပဲ အခြားလူများ ကဲ့သို့ပင် ဝေ့ဝူယင်တို့ လှည့်လည် သွားလာခြင်း ခရီးအား အောင်မြင်သွားသည့် အပေါ် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့မိပေသည်။ အပျက်အစီး လောကမှာ မဖော်ပြနိုင်သည့် အန္တရာယ်များနှင့် ပြည့်နှက်နေကာ အချိန်မရွေး အသက် အန္တရာယ်နှင့် ရင်ဆိုင်သွားရနိုင်သည့် ခရီးမျိုး ဖြစ်သည်။ ၎င်းအား အောင်မြင်ဖို့ အတွက် မိမိ၏ ကိုယ်ပိုင် နားလည်မှုနှင့် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ နေနိုင်သည့် စွမ်းရည်တို့ အပေါ်တွင်သာ အားကိုးနိုင်ပေသည်။

အကယ်၍ ဝေ့ဝူယင်သာ လှည့်လည် သွားလာခြင်း ခရီးလမ်းကို သာမန်နည်းလမ်းဖြင့် အောင်မြင်သွားခြင်း ဆိုပါက သူမ အံ့အားသင့်မိလိမ့်မည် မဟုတ်ပါချေ။ အာကာသ လမ်းစဉ်တွင် အလွန် မြင့်မားသည့် နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသူတိုင်း ၎င်းကို အောင်မြင်နိုင်ချေ ရှိပေသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ အပျက်အစီး လောကထဲကို ဝင်ရောက်ပြီး စက္ကန့် အနည်းငယ် အတွင်းမှာပင် ပဟေဠိကို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သူက အခြား တစ်ယောက်ကိုပါ ခရီးလမ်းအား အောင်မြင်အောင် ကူညီပေးခဲ့သည်။ ထိုနေရာတွင် ပိုမို၍ အံ့အားသင့်ဖို့ ကောင်းသည့် အရာက... ဝေ့ဝူယင်မှာ ရဲ့ကျိလင်ကို သာမန် ကူညီပေးခဲ့ခြင်း မဟုတ်ချေ။ အပျက်အစီး အာကာသနယ်နှင့် ပတ်သက်နေသည့် ဉာဏ်အလင်းကိုပါ ဆုပ်ကိုင်နိုင်အောင် လမ်းစရှာပေးခဲ့ခြင်းသည်။ ထိုအရာက ပြီးမြောက်ဖို့ အလွန် ခက်ခဲသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည့်တိုင် ‌ဝေ့ဝူယင်မှာ စွမ်းဆောင် နိုင်ခဲ့သည်။

ပုံရိပ်၏ အကြည့်များက ရဲ့ကျိလင် အပေါ် တဒင်္ဂမျှ ကျရောက်သွား၏။ အကယ်၍ ဝေ့ဝူယင်သာ ထိုမိန်းကလေးကို ကာကွယ်ရုံ ကာကွယ်ပေးခဲ့မည် ဆိုပါက သူမမှာ အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။ ယခုတွင်တော့ ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး တည်းဟူသော အာကာသ သုံးမျိုး အပေါ် နားလည်မှုကြောင့်ပင် ရောင်စဉ် အလင်းတန်းမှာ သူမ အပေါ်ကိုပါ သက်ရောက် နေခဲ့ပြီ ဖြစ်သည်။

ပုံရိပ်၏ အပြာရောင် မျက်ဝန်းများက ဖြည်းညင်းစွာပင် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် သုံးခုနှင့် နေကြယ်ထံ ရွေ့လျားသွား၏။ လှပသည့် ထိုမျက်ဝန်းများ အတွင်းတွင်တော့ လျှို့ဝှက် ဆန်းကြယ်ကာ မသေချာ မရေရာသည့် အလင်းတစ်ခု ရှိနေခဲ့လေသည်။

ဝေ့ဝူယင်ကတော့ အခြားလူများ၏ အတွေးများကို သိရှိခြင်း မရှိပါချေ။ တကယ်တမ်းအားဖြင့် ခရီးသုံးသွယ် အကြောင်းကိုပင် သူ သေချာ သိရှိခြင်းမရှိချေ။ လျူစုယင်မှာ ခရီးတစ်ခုချင်းစီ အကြောင်း ကြေညာခဲ့သည် ဆိုသည့်တိုင် ထိုအရာက အကျဉ်းချုပ်မျှသာ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ကောင်းကင်၏ လေပြည်က သူ့ရွက်လှေကို အသင့်ပင် တိုက်ခတ် ပေးခဲ့ပေသည်။

ဝေ့ဝူယင် သူနှင့် ရဲ့ကျိလင်တို့ကို ဝန်းရံနေသည့် ရောင်စဉ်တန်းများကို အကဲခတ်လိုက်၏။ ထိုအခိုက်၌ သူ၏ စိတ်၊ ခန္ဓာနှင့် ဝိညာဉ် အပါအဝင် ဖြစ်တည်မှု တစ်ခုလုံးက ထူးဆန်းသော အင်အား တစ်ခု၏ ဆေးကြော ခံရသလို ခံစား နေရသည်။ ထိုအရာက စုံစမ်း စစ်ဆေးခြင်းလော၊ တရား ဆုံးဖြတ်နေခြင်းလော... ဝေ့ဝူယင် သေချာ မသိပါချေ။ ထို့အပြင်... လောက၏ ပြင်ပ အင်အား တစ်ခုမှာလည်း သူ့ကို ထိတွေ့နေကာ အလင်းများကို အသုံးပြု၍ သူ့ အသိစိတ် ပင်လယ်နှင့် ဆက်သွယ် နေခဲ့၏။

ဧဒင်မှာ အသိစိတ် ပင်လယ်၏ နံရံများနှင့် အတူ ဖြည်းညင်းစွာပင် ငွေရောင် အဖြစ် ပြောင်းလဲ နေခဲ့၏။ ရောင်စဉ်တန်း၏ သက်ရောက်မှုများကား စတင် နေပြီ ဖြစ်သည်။ ၎င်းမှာ အလွန် အစွမ်းထက်ကာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အလုံးစုံ ဥဿုံ ဝန်းရံမှု အလယ်၌ ဝေ့ဝူယင်မှာ အလွန် သေးငယ်သည့် ပုရွက်ဆိတ်လေး တစ်ကောင်လို ခံစားနေရ၏။ ရောင်စဉ်မုန်တိုင်း၏ အောက်တွင် သူ၏အသက်၊ မှတ်ဉာဏ်၊ အတွေး အားလုံးမှာ ခြိမ်းခြောက်ခံနေရ၏။

“မင်းရဲ့ အာကာသ ပဲ့တင်သံကို ဆင့်ခေါ်လိုက်... ပြီးတော့ အာကာသနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်း အားလုံးကို ပုံဖော်လိုက်... အားလုံးနော်”

ရုတ်တရက် ရင်းနှီးပြီးသား ဖြစ်နေသည့် ခပ်စူးစူး အသံကလေးကို ဝေ့ဝူယင် ကြားလိုက်ရ၏။ ၎င်းမှာ ကောင်းကင် စစ်ဝိညာဉ် တစ်ဖြစ်လည်း ရွှေရောင်ဥကလေးပင် ဖြစ်သည်။

ဝေ့ဝူယင်မှာ တစ်ခဏမျှ စိတ်ရှုပ်ထွေး သွားခဲ့၏။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ရန် အတွက်တော့ သူက အနည်းငယ်ပင် တုန့်ဆိုင်းခြင်း မရှိပါချေ။ ဝေ့ဝူယင် ချက်ချင်းပင် မဟာ ပေါင်းဆုံခြင်း အာကာသ ပဲ့တင်သံလှိုင်းကို ဆင့်ခေါ်ကာ ပုံသေ အာကာသ၊ တည်ငြိမ် အာကာသ၊ အပျက်အစီး အာကာသတို့နှင့် ဆက်နွယ်နေသည့် ထိုးထွင်း သိမြင်မှုများ၊ နားလည်မှုများ၊ သီအိုရီများ အားလုံးကို ထိုအတွင်း ထည်သွင်းလိုက်သည်။ သူက ဘာကိုမှ ထိန်ချန်ထားခြင်း မရှိပါချေ။

ဂါး...

ခရာတိုကပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ နှလုံးသားက ပြင်းထန်သော အဟုန်ဖြင့် ခုန်သွားကာ သွေးလည်ပတ်မှု စနစ်မှာ တဒင်္ဂ အတွင်းမှာပင် တစ်ပတ် ပြည့်မြောက် သွားသည်။ ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ ဟင်းလင်းပြင် တာအို၏ လက္ခဏာ ဖြစ်သည့် မီးခိုးရောင် အဖြစ် ပြောင်းလဲ သွား၏။ တစ်ချိန်တည်း၌ ဟင်းလင်းပြင် စွမ်းအင် ရောင်စဉ်တန်းများမှာ အသိစိတ် ပင်လယ် အတွင်းကိုပါ စတင် ချဉ်းနင်း ဝင်‌ရောက်လာသည်။

ဧဒင်၏ အမြစ်များက အလုံးလိုက် အရင်းလိုက်ပင် လှုပ်ရှားလာကာ ခရာတိုကို ကူညီ၍ အလင်း ရောင်စဉ်တန်းများကို ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း ယူဆောင်လိုက်သည်။

အပြင်လောကတွင်တော့ မျက်စိကျိန်းလောက်သည့် အလင်းတန်းများမှာ ကြောက်မက်ဖွယ် ကောင်းသည့် အဟုန်ဖြင့် ဝေ့ဝူယင်နှင့် ရဲ့ကျိလင်တို့ကို ခြုံငုံ၍ အဆက်မပြတ် ကျဆင်းနေဆဲ ဖြစ်လေ၏။ သို့သော်လည်း... မဟာ ပေါင်းစည်းခြင်း အာကာသ ပဲ့တင်သံလှိုင်းကို ထုတ်ဖော်လိုက်သည်နှင့် ၎င်းတို့မှာ လမ်းကြောင်း ပြောင်းလဲသွားကာ အများစုက ဝေ့ဝူယင်ထံကိုသာ ဦးတည် ကျဆင်းလာကြသည်။ ထိုအရာပင် ရဲ့ကျိလင်၏ အသက်ကို မမျှော်လင့်ပဲ ကယ်လိုက်မိသလို ဖြစ်သွားခဲ့လေသည်။

လွန်ခဲ့သည့် တစ်စက္ကန့်လောက် အချိန်အထိ ရဲ့ကျိလင်မှာ စိတ်တစ်ခုလုံးမှာ ပြင်းထန်သော ဖိအားများ၏ သက်ရောက်မှု အောက်တွင် လဲပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအတိုင်းသာ နောက်ထပ် စက္ကန့်ပိုင်းလောက် ထပ်သွားပါက သူမ ကျိန်းသေ ပေါက်ကွဲ သွားတော့မည် ဖြစ်သည်။

သို့သော်လည်း... ရောင်စဉ်တန်းများက ဘေးနားရှိ လူငယ်ထံ စုပြုံ ကျဆင်း သွားပြီးနောက်တွင် သူမ ခံစားနေရသည့် ပြင်းထန်သော ဖိအားများမှာ ပြေလျော့ သွားခဲ့သည်။ ချက်ချင်းပင် မိန်းကလေး၏ မျက်လုံးများက အရောင်အဆင်းနှင့် အမြင်အာရုံကို ပြန်လည် ရရှိလာ၏။ သို့သော်လည်း... သူမ၏ မျက်လုံးများက ဖြည်းညင်းစွာပင် မှိတ်ကျလာကာ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ် ပြစ်လဲကျ သွားတော့သည်။

ဘုန်း...

မိန်းကလေးကား သတိလစ် သွားခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ ထိုအရာကို ဂရုမစိုက်အားချေ။ ခရာတိုနှင့် ဧဒင်တို့ စတင် လှုပ်ရှားပြီး နောက်တွင် သူ ခံစားနေရသည့် စစ်ဆေးခံရလို ခံစားချက်က ပိုမို၍ တိုးလာနေခဲ့သည်။ ထို့အပြင်... ခရာတိုမှာ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်မှ ထိုးထွင်း သိမြင်မှုများကို ထုတ်ယူနေသလို ခံစားရ၏။

ထိုထိုးထွင်း သိမြင်မှုများမှာ ဗီဇမျိုးနွယ်မှ တစ်ဆင့် ခရာတို နားလည်ထားသည့် ဉာဏ်အလင်းများ ဖြစ်ပေသည်။ ကိုယ်တိုင် စူးစမ်း ရှာဖွေခြင်းနှင့် စမ်းသပ်မှုတို့ မရှိပါက ဝေ့ဝူယင် ပင်လျှင် ၎င်းတို့ကို ဖမ်းဆုပ်ဖို့ ခက်ခဲလှသည်။

“မင်းရဲ့ သွေးမျိုးဆက်က ကူညီနေပြီ... ကောင်းတယ်...”

ကောင်းကင် စစ်ဝိညာဉ်မှာ နှလုံးသားထဲတွင် မျှော်လင့်ချက် တစ်ခု မွေးဖွားလာသည့် အလား အလွန်အမင်း စိတ်လှုပ်ရှား နေခဲ့၏။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း ယခုတိုင် နားမလည်နိုင်ပါသေးချေ။ ထိုအခိုက်၌ သူက ဒုတိယမြောက် စိတ်နှင့် ဆက်သွယ်ကာ နိုးထနေသည့် အခြေအနေ တစ်ခုတွင် ရှိနေခဲ့၏။ သူ့ မူလစိတ်ကတော့ ဘဝ တစ်လျှောက်လုံး ထိုးထွင်း သိမြင်ခဲ့သည့် အာကာသ လမ်းစဉ်နှင့် ပတ်သက်သည့် ဉာဏ်အလင်းများထဲတွင် နစ်မြုပ် နေခဲ့လေသည်။

ဒုတိယမြောက် စိတ်မှာ အသိစိတ် ပင်လယ်ထဲတွင် စိတ်ကိုယ်ပွား တစ်ခု အသွင်ဖြင့် တည်ရှိနေကာ ငွေရောင် နံရံကြီးများနှင့် မြောလွင့်နေသည့် အလွန် လှပသော သင်္ကေတများကို ကြည့်ကာ အံ့အားသင့် နေခဲ့လေ၏။ သူက အရိပ်တစ်ခုလိုမျိုး ကောင်းကင် စစ်ဝိညာဉ်၏ ရွှေရောင် ဥကလေး အနားသို့ ရွေ့လျား သွားခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ...”

***

All Chapters