အတုအယောင် ဥပဒေသ ချိတ်ဆက်ခြင်း
Vol. 77 Ch. 1073
“ဘာတွေ ဖြစ်နေတာလဲ...”
“...”
ဘယ်ဆီဘယ်ဝယ်ကမှန်း မသိပဲ ရုတ်တရက် ပေါ်လာသည့် ဝေ့ဝူယင်ကို ကြည့်ကာ ကောင်းကင် စစ်ဝိညာဉ်မှာ ထိတ်လန့် သွားခဲ့၏။
“မင်း စိတ်ကို ခွဲထားတာလား...”
သူမက အံ့သြတကြီး မေးလိုက်၏။ သို့သော်လည်း... ဝေ့ဝူယင် ပြန်မဖြေနိုင်ခင်မှာပင် သူမက ဆက်၍...
“ထားလိုက်တော့... အခု မင်းက အာကာသ ဥပဒေသဆီကို အတုအယောင် သဘောနဲ့ ချိတ်ဆက်ပြီး ကောင်းချီးပေးတာကို ခံနေရတာ... အဲဒီ အခွင့်အရေးကို ဖမ်းဆုပ်ရမယ်”
ကြည့်ရသည်က ကောင်းကင် စစ်ဝိညာဉ်မှာ သူမ၏ သိလိုစိတ်ကို ဘေးဖယ်ကာ ဝေ့ဝူယင် သိချင်သည့် အရာကိုသာ ဦးစားပေးလိုက်ဟန် ရလေသည်။
“အာကာသ ဥပဒေသနဲ့ အတုအယောင် သဘော ချိတ်ဆက်တာ... ဥပဒေသ...”
ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားခဲ့လေ၏။ ဥပဒေသ ဆိုသည့် စကားလုံးကို သူအကြိမ်ပေါင်းများစွာ ကြားခဲ့ပြီး ဖြစ်သည်။
ကောင်းကင် စစ်ဝိညာဉ်၏ ရွှေရောင် ဥကလေးက အနည်းငယ် လင်းလက်သွားကာ ဆက်လက်၍ ရှင်းပြလိုက်လေ၏။
“ဥပဒေသနဲ့ ချိတ်ဆက်ခြင်း ဆိုတာက အရမ်းကို အစွမ်းထက်တဲ့ ကောင်းကင် ရတနာတွေ ဒါမှမဟုတ် ကောင်းကင် ရှန့်ထိုတွေပဲ ဖွဲ့စည်းနိုင်တဲ့ အဖြစ်အပျက်မျိုးပဲ... ကောင်းကင် ရှန့်ထိုတွေ အတွက်တောင် အဲဒီလို လုပ်ဖို့ ကြီးမားတဲ့ စတေးမှုတွေ လိုအပ်တယ်... ဒါပေမဲ့ ရရှိလာမယ့် လူအတွက်တော့ အရမ်း အကျိုးရှိတယ်... အဲဒါက လောကရဲ့ ဖြစ်တည်မှု တစ်ခုလုံးကို အစိုးရပြီး အရမ်းကို လျှို့ဝှက် ဆန်းကြယ်တဲ့ ဥပဒေသ စွမ်းအားနဲ့ ချိတ်ဆက်မှု တံခါးပေါက်ကို ဖွင့်ပေးနိုင်တယ်...”
“အတုအယောင် ချိတ်ဆက်ခြင်း ဆိုတာက နည်းနည်းတော့ မူယင်း ချိတ်ဆက်ခြင်းနဲ့ ယှဉ်ရင် နည်းနည်းတော့ နိမ့်တာပေါ့လေ... ဒါပေမဲ့ အဲဒီ ဖြစ်စဉ်က သာမန် သေမျိုးတွေကို သက်ဆိုင်ရာ ဥပဒေသရဲ့ အသိအမှတ် ပြုမှုနဲ့ လက်ခံမှုတွေကို ရရှိပြီး ဥပဒေသ မျိုးစေ့ တစ်ခု ရဖို့ အတွက် ကူညီနိုင်တုန်းပဲ...”
ဝေ့ဝူယင်မှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။ ဥပဒေသ မျိုးစေ့... သေမျိုး... ကောင်းချီးခံ... သူ နားလည် သွားသလို ခံစားလိုက်ရသည်။ ထိုအရာက လုံချန်နှင့် ကျင်းကျူးတို့ နှစ်ယောက် ဥပဒေသ မျိုးစေ့များကို ဆုပ်ကိုင်ခဲ့မိသည့် နည်းလမ်းလား။
“အတုအယောင် ချိတ်ဆက်မှု...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သို့သော်လည်း... ကျင်းကျူး၏ မှတ်ဉာဏ်များထဲတွင် အလားတူ အတွေ့အကြုံမျိုး မရှိသည်ကို သူ အမှတ်ရလိုက်မိသည်။
“ဪ... ငါ မေ့တော့မလို... လျှို့ဝှက် အာဏာရှင် အဆင့် အထွတ်အထိပ်မှာ ရှိတဲ့ အရမ်း အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကလည်း မွေးကင်းစ ကလေး တစ်ယောက်ရဲ့ ဝိညာဉ်ထဲကို အဲဒီလို ဖြစ်စဉ်မျိုး ထည့်ပေးနိုင်တယ်... တန်ကြေးကတော့ ကောင်းကင် ရှန့်ထို တစ်ယောက် အကာသ ချိတ်ဆက်ခြင်းကို လုပ်တာထက် ပိုပြီးတော့ ကြီးမားတာပေါ့လေ”
ရုတ်တရက် ကောင်းကင် စစ်ဝိညာဉ်က သူမ မေ့နေသည့် အရာကို ထုတ်ဖော် ပြောပြလိုက်၏။
“...”
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက အနည်းငယ် တောက်ပသွား၏။ သို့သော်လည်း... သူ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် အသိစိတ် ပင်လယ်က ရုတ်ရက် ကြမ်းတမ်း ခက်ထန်သည့် အမူအရာဖြင့် စတင်ကာ တုန်ရီလာခဲ့လေသည်။ တစ်ချိန်တည်း၌...ဝေ့ဝူယင်၏ ဒုတိယမြောက် စိတ်ကိုယ်ပွားမှာ ဖြစ်တည်မှု တစ်ခုက သူ့ ဝိညာဉ်ထံ ချီးကပ်လာခဲ့သလို ခံစားလိုက်ရလေသည်။
“ကောင်းတယ်ဟေ့...”
ကောင်းကင် စိတ်ဝိညာဉ်က ထကာ အော်ဟစ်လိုက်၏။ ပျော်ရွှင်သည့် အငွေ့အသက်များနှင့် အတူ အေးခဲနေသည့် လေထုတစ်ခုက ရွှေရောင် ဥကလေးထဲမှ ထွက်ပေါ်လာခဲ့လေသည်။
“မင်း လုပ်လိုက်နိုင်ပြီ... မင်း ဥပဒေသ မျိုးစေ့ကို ရသွားပြီ”
ကောင်းကင် စစ်ဝိညာဉ်လို ဖြစ်တည်မှု တစ်ခုပင် ပျော်ရွှင်နေခြင်းကို ကြည့်ပါက ဥပဒေသ မျိုးစေ့ တစ်ခု ရှိခြင်း၏ အကျိုးအမြတ်များက မယုံကြည်နိုင်လောက်အောင် ကြီးမားကြောင်း ပြောနိုင်ပေသည်။
အဆုံးမဲ့ မြို့တော် အတွင်း၌... လှပသော ရောင်စဉ်တန်းများကို ငေးကြည့်နေသည့် လူများ၏ အမူအရာများက စတင်ကာ ပြောင်းလဲ လာကြ၏။
“အဲဒါက အရောင်ပြောင်းနေတာလား...”
သူတို့၏ အကြည့်များ အောက်တွင်ပင် ငွေရောင်သမ်းနေသည့် ရောင်စဉ်တန်းများမှာ ပိုမို နက်မှောင်ကာ မှုန်မှိုင်းသည့် အရောင်ဘက်သို့ ပြောင်းလဲ လာနေခဲ့သည် မဟုတ်ပါလား။
ဟူး... ဟူး...
ကောင်းကင်၏ ပြောင်းလဲမှုနှင့် အတူ အေးစက် မှုန်မှိုင်းမှု တစ်ခုက ကျရောက်လာကာ လောကမှာ နေကြတ်သည့် အလား စတင်ကာ အမှောင်သမ်း လာခဲ့၏။ မရေမတွက်နိုင်သော လူများမှာ စတင် ထိတ်လန့် လာကြလေသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် ရောင်စဉ် အလင်းတန်းမှာ သူတို့ ဘဝ တစ်လျှောက် အကြီးမားဆုံး ရန်သူကို ရင်ဆိုင်နေရသလို ခံစားရစေသည်။
ရက်စက်ကြမ်းကြုတ်ကာ ဂရုဏာကင်း၍ လျစ်လျူနိုင်သော စွမ်းအား တစ်ခု...
သေမျိုး ဖြစ်စေ၊ လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်စေ ထိုအခိုက်၌ လူတိုင်းမှာ အလွန် သက်တောင့်သက်သာ မရှိသည့် ခံစားချက် တစ်ခုကို ရင်ဆိုင် နေရ၏။ ကြောက်ရွံ့သည့် စိတ်က သူတို့ နှသုံးသားထဲ၌ ဖြစ်ပေါ်လာကာ ဝိညာဉ်ထံ အထိ စိမ့်ဝင် သွားခဲ့သည်။
လျူစုယင် ခေါင်းကို မော့ကာ အပေါ်သို့ မော့ကြည့်လိုက်၏။ သူမသည်လည်း အခြားလူများ ကဲ့သို့ပင် ပြင်းထန်သည့် ကြောက်ရွံ့မှုမျိုးကို ခံစားနေရပေသည်။ နက်မှောင်သည့် ရောင်စဉ်တန်းများက ငွေရောင် အလင်းတန်းများအား ဝါးမြိုနေသည်ကို မြင်ရသည်မှာ အလွန်ပင် သက်တောင့်သက်သာ မရှိလွန်းလှသည်။ သို့သော်လည်း... ဆန်းကြယ် အာကာသ ဝိညာဉ်၌ ဖြစ်ပေါ်နေသည့် ထူးဆန်းသော ခံစားချက်က သူမကို အနည်းငယ် စိတ်လှုပ်ထွေး စေသည်။
စိတ်လှုပ်ရှားမှု... ၎င်းက ကာလရှည်ကြာ ဝေးကွာနေသည့် ညီအကိုရင်း တစ်ယောက်ကို ပြန်တွေ့လိုက်ရသလို ခံစားချက်မျိုးဖြစ်သည်။ ရင်တထိတ်ထိတ်နှင့် မိန်းကလေး၏ လည်ချောင်းများမှာ ယခင်ကထက် ပိုမို၍ ခြောက်ကပ်လာသလို ခံစားလိုက်ရ၏။
တစ်ချိန်တည်း၌ ကောင်းကင်တွင် ရပ်နေသည့် ဝတ်ရုံဝတ် ပုံရိပ်၏ အပြာရောင် မျက်ဝန်းများမှာ တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက်နေ၏။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ငွေရောင် အနားကွပ်နှင့် အနက်ရောင် သင်္ကေတများ ပါဝင်နေသည့် ကြေးမုံတစ်ချက်ကို ထုတ်ယူလိုက်လေသည်။
“အချိန်လား...”
ပုံရိပ်၏ ခပ်တိုးတိုး ရေရွတ်သံက ပတ်ဝန်းကျင်ရှိ ရောင်စဉ်လှိုင်းများကို အနည်းငယ် တုန်ခါ သွားစေ၏။ သူမ၏ အပြာရောင် မျက်ဝန်းများက သိသိသာသာပင် ကျုံ့သွားခဲ့လေသည်။
ဝေ့ဝူယင်၏ နှလုံးသားထဲတွင်တော့ ခရာတိုမှာ အဆုံး မရှိသည့် ရက်စက် ကြမ်းကြုတ်သည့် ခွန်အား၊ မာနတို့နှင့် အတူ အဆက်မပြတ် ဟိန်းဟောက် နေခဲ့၏။ အသိစိတ် ပင်လယ် အတွင်းရှိ ငွေရောင် နံရံများမှာလည်း အလွန် လျှင်မြန်စွာပင် အရောင်ပြောင်းလဲ နေခဲ့ကာ ပိုမို၍ မှုန်မှိုင်းလာနေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများမှာ လောင်ကြွမ်းနေသည့် အလား ပွက်ပွက်ဆူနေ၏။
“ဘာလဲ...”
ကောင်းကင် စစ်ဝိညာဉ်၏ အံ့သြထိတ်လန့် နေသည့် အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ စိတ်ကိုယ်ပွားက ကောင်းကင် စစ်ဝိညာဉ်၏ ရွှေရောင် ဥကလေးကို မေးမြန်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုကိုယ်ပွားမှာ ဒုတိယမြောက် စိတ်၏ ထုတ်ကုန် တစ်ခု ဖြစ်လေရာ မည်သည့် အရာ ဖြစ်နေသည်ကို အပြည့်အဝ နားမလည်နိုင်ပါချေ။
“ဥပဒေသရဲ့ အတုအယောင် ချိတ်ဆက်မှုက ပြောင်းလဲနေပြီ... မင်းက အဲဒါကို ပြောင်းလဲ လိုက်တာ... နေဦး... မဟုတ်သေးဘူး... တိတိကျကျ ပြောရရင် မင်းရဲ့ သွေးမျိုးဆက်က အဲဒါရဲ့ ဦးတည်ချက်ကို ပြောင်းလိုက်တာ”
ကောင်းကင် စစ်ဝိညာဉ်၏ အသံက အံ့သြ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင် တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ၎င်းက ကိုယ့်ဘာသာ ရေရွတ်ဟန်နှင့် ဆက်၍ ပြောလိုက်လေ၏။
“ငါ ကြားဖူးသလောက်ဆို အချို့ ဥပဒေသတွေက ချိတ်ဆက်နေတယ် တဲ့... အမွှာ ညီအကိုတွေလိုမျိုး... ဒါပေမဲ့ ဒါက”
ထို့နောက် ၎င်းက တိတ်ဆိတ် သွားလေ၏။
“ဦးတည်ချက်ကို ဘယ်လို ပြောင်းလိုက်လို့လဲ...”
ဝေ့ဝူယင်၏ ဒုတိယမြောက် စိတ်မှာ ခရာတို မည်သည့် အရာများ လုပ်နေသည်ကို စဉ်းစား မရနိုင်ပါချေ။ သူ မြင်တွေ့နိုင်သမျှက ၎င်းမှာ သွေးမျိုးဆက် စွမ်းအင်များကို အလွန် မြန်ဆန်သည့် နှုန်းထားဖြင့် လောင်ကြွမ်းပစ် နေခြင်း ဖြစ်သည်။ အကယ်၍ အလွန် ခိုင်မာသည့် ကျင့်ကြံခြင်း အခြေခံကြောင့်သာ မဟုတ်ပါက သွေးများ အားလုံး လောင်ကြွမ်းမှုကြောင့် သူ့ ခန္ဓာကိုယ်မှာ အလောင်းကောင် တစ်ခု အဖြစ် ပြောင်းလဲသွား နေလောက်ပြီ ဖြစ်သည်။
“အချိန်... အတုအယောင် ဥပဒေသ ချိတ်ဆက်မှုက အာကာသကနေ အချိန်ကို ပြောင်းလဲနေတာ”
ကောင်းကင် စစ်ဝိညာဉ်၏ ရွှေရောင် ဥကလေးမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုနှင့် အတူ ရွှေရောင် မြူနှင်းများကို အဆက်မပြတ် ထုတ်လွှတ်နေ၏။
၎င်း၏ စိတ်လှုပ်ရှားမှုများက မည်သည့် နေရာမှ လာသည်ကို ဝေ့ဝူယင် နားမလည်နိုင်ချေ။ မည်သို့ပင် ဆိုစေ... သူ့ထံတွင် စစ်မြေပြင်မှ အတုအယောင် ဥပဒေသများနှင့် ကျင်းကျူးထံမှ ဥပဒေသ မျိုးစေ့ တစ်ခု ရှိပြီးသား ဖြစ်သည် မဟုတ်ပါလား။ စစ်ဝိညာဉ်များနှင့် လဲလှယ်ထားသည့် ဥပဒေသများမှာ သဘာဝ ဥပဒေသ တစ်ခုကို မွေးဖွားရန် အသုံးပြုနိုင်သည်ဟု အတိအလင်း ပြောထားသည် မဟုတ်ပါလား။
“ဒါပေမဲ့ ကျုပ်က အချိန်ကို သိပ်မကျွမ်းကျင်ဘူးလေ...”
ဝေ့ဝူယင်က စိုးရိမ်ပူပန်စွာဖြင့် ရေရွတ်လိုက်၏။ ဟင်းလင်းပြင် တာအို၏ အစိတ်အပိုင်း လေးရပ်တွင် အာကာသမှာ သူနှင့် အရင်းနှီးဆုံး လမ်းစဉ် ဖြစ်သည်။ ထို့အပြင် သူ့ထံတွင် လောကနယ်မြေ တစ်ခု ဖျက်ဆီးခြင်း၊ ကြယ်တာရာ ကူးပြောင်းခြင်း အလင်းတန်းနှင့် ခရီးသွားခြင်း၊ အပျက်အစီး နယ်မြေ တစ်ခုကို လှည့်ပတ်ခြင်း၊ ကုန်းမြေတိုက်ကြီး တစ်ခုလုံးတို့ကို အေးခဲခြင်းတို့ ကဲ့သို့ အတွေ့အကြုံ များစွာ ရှိပေသည်။ အာကာသနှင့် ယှဉ်ပါက... အချိန်နှင့် ပတ်သက်သည့် သူ့ နားလည်မှုများမှာ အတော်လေး နိမ့်ကျလှပေသည်။
တစ်ခါတုန်းက ‘သီးသန့် စီးဆင်းခြင်း လောက’ ဆိုသည့် အဆင့်ကိုး ဆေးတောင့် တစ်မျိုးကို သူ ဖော်စပ်ခဲ့ဖူးသည်။ ၎င်းမှာ ဆေးတောင့် အဖြစ် ဒီဇိုင်း ထုတ်လုပ်ထားသည့် လေ့ကျင့်ရေး ထုတ်ကုန် အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ အကယ်၍ ထိုဆေးတောင့်ကို သုံးမည် ဆိုပါက လောကမှ သီးခြား ခွဲထွက်နေသည့် ယာယီ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်သည်။ ထိုနေရာတွင် အချိန် စီးဆင်းမှုမှာ အပြင် ကမ္ဘာထက် သုံးဆမျှ ပိုမို မြန်ဆန်ပေလိမ့်မည်။ အထွတ်အထိပ် အဆင့် အရည်အသွေးတွင် ထို ၃၀ ရာခိုင်နှုန်းကို နောက်ထပ် သုံးဆလောက် ပိုမို တိုးမြှင့်နိုင်ပေသည်။
ဟင်းလင်းပြင် နဂါး ဝိညာဉ်ကို ပိုင်ဆိုင်ထားသော်ငြားလည်း ဝေ့ဝူယင်မှာ ယခုအချိန် အထိ ပိုင်ခြားခြင်း စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း မရှိပါသေးချေ။ အကြောင်းရင်းက သူ့ထံတွင် ဟင်းလင်းပြင် စွမ်းအား ကင်းမဲ့နေခြင်းကြောင့် မဟုတ်ပဲ ၎င်းကို သီးသန့် စီးဆင်းခြင်း လောက ဆေးတောင့်၏ လုပ်ဆောင်မှု အတိုင်း အသုံးမချနိုင်သေးခြင်းကြောင့် ဖြစ်သည်။ အထူးသဖြင့်... အချိန်နှင့် ပတ်သက်သည့် ဝေ့ဝူယင်၏ နားလည်မှုများမှာ ၎င်း၏ ဖန်တီးရှင်နှင့် ယှဉ်လျှင် အလွန် နိမ့်ပါးပေသေးသည်။
သိုသော်လည်း... လောကီ မျက်လုံး အဆင့်ကို ရောက်လျှင်တော့ အချိန် စီးဆင်းမှုနှင့် ပတ်သက်သည့် သူ့ ဉာဏ်အလင်းများမှာ နောက်တစ်ဆင့်ကို ခုန်တက်သွားဖို့ ကျိန်းသေပေသည်။ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် ကျင့်ကြံသူများအား အချိန်သခင်များဟု ခေါ်ရခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါချေ။
ကံကောင်းထောက်မစွာပင် ယခုတွင်တော့ လောကသခင် အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် အချိန် ဥပဒေသ၏ အသိအမှတ် ပြုမှု လမ်းကြောင်းပေါ် သူ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ခရာတိုမှာ ထိုအတွက် အဓိက ပစ်မှတ် တစ်ခု အနေဖြင့် ဆောင်ရွက် နေခဲ့သည်။ ၎င်းက အသိအမှတ် ပြုမှုကို အတင်းအကြပ် ရယူရန် ကြိုးပမ်းနေသည်။
ဟင်းလင်းပြင် တာအို၏ သက်ရှိ၊ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင်၏ တားဆီးမှုကို မည်သည့် အချိန် ဥပဒေသက ငြင်းဆန်ရဲမည်နည်း။
***