← Chapters

ကံကြမ္မာ

Vol. 77 Ch. 1074

ကံကြမ္မာ

Vol. 77 Ch. 1074

ဟူး… ဟူ…

ကြီးမား ထည်ဝါလှသည့် မျှော်စင်ကြီး ရှေ့၌ ဝေ့ဝူယင်၏ ပုံရိပ်မှာ မှုန်မှိုင်း နက်မှောင်သည့် ရောင်စဉ်တန်းများဖြင့် ဝန်းရံ နေခဲ့၏။ ကောင်းကင်တွင်တော့ အလွန်တရာ ကြီးမားလှသည့် တိမ်တိုက် ပုံရိပ်ကြီး တစ်ခုမှာ ဖျပ်ခနဲ ပေါ်လွင်သွားခဲ့၏။ ၎င်းမှာ မီတာပေါင်း ၁၀၈၀၀၀ ခန့် မြင့်မားကာ ဒဏ္ဍာရီများထဲမှ နတ်ဘုရား တစ်ပါး အလား လောကကို ငုံ့ကြည့် နေခဲ့၏။ ကွင်းကြီး ဆယ့်သုံးကွင်းက ၎င်းကို ဝန်းရံ၍ ဝိညာဉ်အလင်းများနှင့် တလက်လက် တောက်ပနေသည်။

၎င်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်ပင် မျက်တောင် တစ်ခပ်စာ အတွင်း ပေါ်လာကာ အလွန် လျှင်မြန်သော နှုန်းဖြင့် ပြန်လည် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သေမျိုး အဆင့်ကို ကျော်လွန်နေသည့် ကျင့်ကြံသူကြီးများပင် ၎င်း၏ တည်ရှိမှုနှင့် ဖြစ်ပေါ်လာမှုတို့ကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။ ဝတ်ရုံဝတ် ပုံရိပ်ပင်လျှင် လက်ထဲရှိ ကြေးမုံ၏ အပြောင်းအလဲများကို လေ့လာ နေခဲ့လေရာ ထိုမြင်ကွင်းကို လွတ်သွားခဲ့၏။

“အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံရဲ့ အမြုတေ စွမ်းအင်တွေက ကြောက်ဖို့ကောင်းတဲ့ နှုန်းနဲ့ စားသုံးခံနေရတယ်… ဒီဟာက…”

ဝတ်ရုံဝတ် ပုံရိပ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ လှပသော အပြာရောင် မျက်ဝန်းများက စိုးရိမ်သည့် အငွေ့အသက်များကို ထုတ်လွှတ် နေခဲ့လေသည်။

ကံကောင်းထောက်မစွာပင် သဏ္ဌာန်မဲ့ ပုံရိပ် ပြန်လည် ပျောက်ကွယ်သွားပြီး အချိန်တို အတွင်းမှာပင် ရောင်စဉ်တန်းများမှာ တဖြည်းဖြည်း ပြန်လည် မှေးမှိန်သွားခဲ့၏။ ပုံရိပ်မှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

တစ်ချိန်တည်းတွင်… ဝေ့ဝူယင်၏ စိတ်ကိုယ်ပွားမှာ မူလစိတ်၌ ဖိအားများ ပြေလျော့လာသလို ခံစားလိုက်ရ၏။ ၎င်း၏ အမူအရာက စိတ်သက်သာရာ ရသွားဟန် ရကာ စိတ်အမှတ်အသားထဲ ဝင်ရောက်၍ အသစ် ဖြစ်ပေါ်လာသည့် အသေးစိတ် အချက်အလက်များကို စုပ်ယူလိုက်၏။ ထို့နောက်… ၎င်းက တဖြည်းဖြည်း မှုန်ဝါးလာကာ အသိစိတ် ပင်လယ်၏ အနက်ရှိုင်းဆုံး တစ်နေရာသို့ ပြန်လည် ဝင်ရောက် သွားတော့သည်။

ထူးဆန်းသော ဖြစ်စဉ်ကြီး အဆုံးသတ်သွားပြီး နောက်တွင် ဝေ့ဝူယင်နှင့် ရဲ့ကျိလင်တို့၏ ပုံရိပ်များမှာ တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသည့် ထူးဆန်းသော သင်္ကေတများ၏ ဝန်းရံမှု အလယ်၌ ကျရောက် နေခဲ့လေသည်။ ထိုသင်္ကေတများမှာ ခပ်ဖျော့ဖျော့ ရောင်စဉ် အကြွင်းအကျန်များကို ထုတ်လွှတ် နေကြကာ ဥပဒေသ ကျဆင်းလာမှု၏ အထောက်အထားများကို ဖော်ပြနေလေ၏။

ရဲ့ကျိလင်မှာ သတိလစ် မေ့မြောနေဆဲ ဖြစ်လေသည်။ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အာကာသ ရောင်ဝါများနှင့် အတူ သူမမှာ ငြိမ်းချမ်းစွာပင် အိပ်စက် နေ၏။ အခြားတစ်ဖက်၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကတော့ ဘာရောင်ဝါကိုမှ ထုတ်လွှတ်နေခြင်း မရှိပါချေ။ ယခင်နှင့် ယခု ယှဉ်လျှင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲမှု မရှိသလိုမျိုးပင်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပုံမှန် သက်ဝင်လှုပ်ရှားမှုကို ပြန်လည် ရရှိလာကာ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ သူ၏ စိတ်တစ်ခုလုံးက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေသည်။

ထိုဖြစ်စဉ်က ကမ္မတန်ဖိုး ၃၀၀၀ ကျော်တန် ကံကောင်းမှုလော။ သို့သော်လည်း ထိုကံကြမ္မာက ရရှိရန် သိပ်ခက်ခဲပုံတော့ မရပါချေ။ မည်သို့ပင် ဆိုစေ… ကောင်းကင် တာအိုမှာ အနန္တ ကုန်းမြေတိုက်ကြီးမှာ ကတည်းက သူ့ကို ရှေးဟောင်း ဂိတ်တံခါး အတွင်း ဝင်ရောက်စေကာ ယခုလို တူညီသည့် ကံကြမ္မာမျိုးနှင့် ကြုံတွေ့စေနိုင်သည် မဟုတ်ပါလား။ ၎င်းက အာကာသ ဝေဟင်ဂိုဏ်း၏ လက်ထောက် ဂိုဏ်းချုပ်ကို လှုပ်ရှားစေခြင်းထက်ပင် ပိုမို မြန်ဆန်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဝေ့ဝူယင် မသိခဲ့သည့် အရာကား…

…

ကြယ်တာရာ အသိုက် အတွင်း၌ အကြေးခွံများ ဝန်းရံ၍ ကုန်းမြေတိုက်ကြီး တစ်ခုလောက် ကြီးမားသော ဧရာမ ခရမ်းရောင် မျက်ဝန်း တစ်စုံမှာ အအေးဓာတ်များ ထုတ်လွှတ်နေသည့် မျက်နှာပြင် အတွင်းပိုင်း တစ်နေရာတွင် ဖျပ်ခနဲ ပွင့်လာခဲ့လေသည်။

ခရက်… ခရက်…

ရုတ်ချည်းပင် ဖန်သားလို မျက်နှာပြင်ထက်၌ အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ ၎င်းတို့က အဆက်မပြတ်ပင် ပကတိ အတိုင်း ပြန်လည် ဖြစ်သွားကြသော်လည်း သွေးနှင့် ဆင်တူသည့် ခရမ်းရောင် အရည်များ စိမ့်ကာ ထွက်ပေါ်လာခဲ့လေသည်။

…

ကောင်းကင်တာအိုမှာ အလွန်ပင် အနုစိတ် ဆန်လွန်းလှ၏။ ၎င်းက ဖန်တီးလိုက်သမျှ ကံကြမ္မာ အခွင့်အရေးတိုင်းကို ကျရှုံးမှုများ မဖြစ်ပေါ်စေရန် အဖက်ဖက်မှ သေချာ စီစဉ်လေ့ ရှိသည်။ ထိုအခွင့်အရေးများကို သေချာ ဆုပ်ကိုင်ရန်က အမြတ်ထုတ် ကောင်းချီးခံ ဝေ့ဝူယင်၏ တာဝန်သာ ဖြစ်လေသည်။

…

“မင်း ဥပဒေသ မျိုးစေ့ နှစ်ခုကို ရခဲ့တာပဲ…”

ကောင်းကင် စစ်ဝိညာဉ်၏ အသံက သူ့ အသိစိတ် ပင်လယ် အတွင်း ပဲ့တင်ထပ်ကာ ထွက်ပေါ် လာခဲ့၏။ ထိုအသံက စိတ်လှုပ်ရှား နေသည့် မြီးကောင်ပေါက် မိန်းမငယ်လေး တစ်ယောက်လိုမျိုး တက်ကြွမှုများနှင့် ပြည့်နှက် နေသည်။

ဝေ့ဝူယင်မှာ ဝိညာဉ်ထံ အာရုံခံ ကြည့်လိုက်ရာ ဖြည်းညင်းစွာ ကူးခတ်နေသည့် အရာဝတ္ထုလေး နှစ်ခုကို တွေ့လိုက်ရ၏။ ၎င်းက ကျင်းကျူးနှင့် လုံချန်တို့၏ ဥပဒေသ မျိုးစေ့များနှင့် ကြီးမားစွာ ဆင်တူပေသည်။ မတူသည့် အချက်က သူ၏ ဥပဒေသ မျိုးစေ့များမှာ ငွေရောင်နှင့် မီးခိုးရောင် ရင့်ရင့် မှုန်မှုန်မှိုင်းမှိုင်း အရောင်များကို အသီးသီး ပိုင်ဆိုင် ထားကြခြင်း ဖြစ်သည်။

ဥပဒေသ မျိုးစေ့များ၏ ပတ်လည်တွင် ဝိညာဉ် အလင်းတန်း စီးကြောင်း ကလေးများ သွယ်တန်းနေသည်ကို တွေ့လိုက်ရလေရာ ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ် လိုက်မိ၏။ ၎င်းတို့က တဒိတ်ဒိတ် ခုန်နေသည့် နှလုံးသားထံ တိုက်ရိုက် ဦးတည် နေပေသည်။

ဝေ့ဝူယင်မှာ ဘဝ တစ်လျှောက်လုံး အထူးဆန်းဆုံးသော ခံစားချက်ကို ခံစားနေရ၏။ ဥပဒေသ မျိုးစေ့နှင့် အတုအယောင် ချိတ်ဆက်မှုတို့ အကြောင်း ကောင်းကင် စစ်ဝိညာဉ်ထံ ထပ်မံ စုံစမ်းရန် ဟန်ပြင်လိုက်စဉ်မှာပင် လျူစုယင်မှာ သူ့ရှေ့သို့ ရောက်ရှိလာ၏။ သူမ၏ မျက်ဝန်းများက ခါတိုင်းလို ထူးမခြားနားမှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

“ငါ့နောက်က လိုက်ခဲ့...”

မိန်းကလေးက ထူးမခြားနားဟန်ဖြင့် ပြောလိုက်ကာ စတင် လမ်းလျှောက် ထွက်ခွာ သွားတော့သည်။

....

ဝေ့ဝူယင်မှာ လျူစုယင်၏ နောက်ကျောကို လှမ်းငေးကြည့်နေမိ၏။ စိတ်ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့်တိုင် မိန်းကလေးမှာ အလှတရား၊ အဆင့်အတန်းနှင့် ပါရမီ ဘက်ပေါင်းစုံတွင် ထိပ်တန်း ရောက်ရှိနေသူ ဖြစ်သည်။

“စောင့်ပါဦး...”

သူ လှမ်းကာ အော်ဟစ်လိုက်၏။ လျူစုယင်မှာ ရပ်တန့်လိုက်ကာ နောက်သို့ ပြန်လှည် လှည့်ကြည့်လိုက်သည်။ ၎င်းက သာမန် အကြည့်တစ်ချက်သာ ဖြစ်သည့်တိုင် သာမန် ယောက်ျားသားများ အဖို့ တစ်ဘဝစာ အမှတ်တရများ ပိုင်ဆိုင်သွားဖို့ ဖူလုံလောက်ပေသည်။

ဝေ့ဝူယင် သတိလစ်နေသည့် ရဲ့ကျိလင်ကို ခပ်မြန်မြန်ပင် ပွေ့ချီလိုက်၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့် အနေအထား တစ်ခုတွင် ရှိနေသည့်တိုင် ရဲ့ကျိလင်၏ အော်ရာများမှာ ပြန်လည်ကာ တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ လက်ထဲ ရောက်ရှိပြီးနောက် မိန်းကလေး၏ ခန္ဓာကိုယ်လေးက အနည်းငယ် လူးလွန့်လာကာ လုံခြုံသည့် နေရာတစ်ခုကို ရှာဖွေသည့် အလား ဝေ့ဝူယင်၏ ကျယ်ပြန့်သည့် ရင်ခွင်ထဲ ပိုမိုကာ တိုးဝင်လိုက်သည်။

ဝေ့ဝူယင် သူမကို ငုံ့ကြည့်ကာ စိတ်သက်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“ငါသာ မင်းကို အရင်တွေ့ခဲ့ရင် ခုချိန် ငါတို့ ဘဝတွေက ဘယ်လို ဖြစ်နေမှာလဲ...”

သူမက ဗာကီရီ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကောင်း ဖြစ်နေနိုင်သလို အာဏာရှင်များ အဖွဲ့၏ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်ကောင်း ဖြစ်နေနိုင်ပေသည်။ သေချာတာ တစ်ခုက သူမ၏ အောင်မြင်မှုများမှာ ဟုန်ချွင်းဟွာထက် နည်းနည်းလေးမျှ လျော့နည်းလိမ့်မည် မဟုတ်ပါချေ။

ဟူး... ဟူး...

ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများကို အသက်သွင်းလိုက်ကာ ရဲ့ကျိလင်၏ ကျင့်ကြံခြင်း အခြေခံ အတိမ်အနက်ကို စစ်ဆေးကြည့်လိုက်၏။

မိန်းကလေး၏ ခန္ဓာကိုယ်ထဲ၌ ဥပဒေသ မျိုးစေ့တစ်ခု ဖြစ်ပေါ် ခြင်း၊ မပေါ်ခြင်းကို အတည်မပြုနိုင်သည့်တိုင် အာကာသ စွမ်းအင်များကတော့ အတုအယောင် ဥပဒေသ ချိတ်ဆက်မှု မဖြစ်ခင်ကထက် အဆများစွာ မြင့်မားလာကြောင်း သူ အတည်ပြုလိုက်နိုင်သည်။ ထို့အပြင်... သူမ၏ အာကာသ ပဲ့တင်သံ အဆင့်မှာလည်း တိုးမြင့် လာခဲ့သည်။ ယခင်က မိန်းကလေး၏ အာကာသ ပဲ့တင်သံလှိုင်း ကိုးလှိုင်းမှာ ယခု အခါတွင် ဆယ်လှိုင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

အကျိုးဆက် အနေဖြင့်... သူမ၏ အာကာသ လမ်းစဉ်နှင့် ပတ်သက်သည့် ကျင့်စဉ်များ၊ အစီအရင်များ၊ ဝင်္ကပါများမှာ နောက်တစ်ဆင့်သို့ တိုးမြင့်သွားလိမ့်မည် ဖြစ်သည်။ အလွန်တရာ မြင့်မားလှသည့် အာကာသ လမ်းစဉ် ပါရမီနှင့် အတူ မိန်းကလေး၏ အနာဂတ်မှာ အကန့်အသတ် ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။

“သူ့ကိုပါ ခေါ်ခဲ့လိုက်...”

ရဲ့ကျိလင်ကို ပွေ့ချီရင်း စဉ်းစားနေပုံ ရသည့် ဝေ့ဝူယင်ကို ကြည့်ကာ လျူစုယင်က ပြောလိုက်၏။ ထို့နောက် သူမက ချက်ချင်းကင် နောက်ကို ပြန်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

စိတ်တာအိုကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်မှာ လျူစုယင်ထံမှ စိတ်ခံစားချက် အပြောင်းအလဲကို ရှင်းလင်းစွာပင် ခံစားလိုက်ရ၏။ ၎င်းက ရန်လိုခြင်း အနည်းငယ် စွက်နေကာ ပိုမို တိကျစွာ ဆိုရလျှင် သဝန်တို နေသလို ခံစားချက်မျိုးပင်။

“ဟဟ...”

ဝေ့ဝူယင် ရွှင်မြူးစွာဖြင့် အနည်းငယ် ရယ်မောလိုက်ကာ လျူစုယင် နောက်ကို လိုက်လိုက် လေတော့၏။

***

All Chapters