← Chapters

အာကာသ ရွှေပြောင်းခြင်း

Vol. 77 Ch. 1075

အာကာသ ရွှေပြောင်းခြင်း

Vol. 77 Ch. 1075

ဝေ့ဝူယင် ရဲ့ကျိလင်ကို ပွေ့ချီရင်း လျူစုယင်၏ နောက်မှ လိုက်လာခဲ့၏။ ကမ္မတန်ဖိုး ၃၀၀၀ ကျော်တန် ကံကြမ္မာ အခွင့်အရေးကို ဆုပ်ကိုင်ခဲ့ပြီး နောက်တွင် ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်းထဲမှ ထွက်ခွာသွားဖို့ တွေးလိုက်မိသေး၏။ သို့သော်လည်း အာကာသ ဝေဟင်ဂိုဏ်းနှင့် ပတ်သက်၍ သူ မသိသေးသည့် အရာများစွာ ရှိနေသေးလေရာ ထိုသိလိုစိတ်ကို အရင် ဖြေရှင်းလို နေခဲ့သည်။ ထို့အပြင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အာကာသ ဝေဟင်ဂိုဏ်းမှာ အဇူရာ မူလ ကြယ်စင်စုနှင့် အဆက်အသွယ် ရှိနိုင်ချေ ရှိသည့် တစ်ခုတည်းသော အင်အားစု ဖြစ်သည်။

သို့သော်လည်း... သူ့ကို စိတ်ရှုပ်ထွေးစေသည့် အချက်က မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ တစ်ခေတ်တစ်ခါက တိုက်တန် မျိုးနွယ်တို့ အုပ်စိုးရာ နယ်မြေ ဖြစ်ခဲ့သော်လည်း အာကာသ ဝေဟင်ဂိုဏ်းတွင် တိုက်တန်မျိုးနွယ်များ မရှိခြင်း ဖြစ်သည်။

အဇူရာ မူလ ကြယ်စင်စုနှင့် အဆက်အသွယ် ပြတ်လတ်နေသည့် မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် နဂါးငွေ့တန်း ကြယ်ကွင်းပြင်များတွင်ပင် တိုက်မျိုးမျိုးဆက်ဖွား အချို့ကို တွေ့ရသည်။ ဥပမာ အားဖြင့် တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီနှင့် တရှန်းတို့မှာ လူသား-တိုက်တန် မျိုးစပ်များဖြစ်ကြပေသည်။

လျူစုယင် နောက်မှ လမ်းလျှောက်ရင်း ဝေ့ဝူယင်မှာ မရေမတွက်နိုင်သော လူများထံမှ အကြည့်များကို ရင်ဆိုင် နေရ၏။ သူတို့၏ အမူအရာများက မနာလိုမှု၊ လောဘနှင့် မျှော်လင့်ချက်တို့ ကဲ့သို့ အမျိုးမျိုးသော ခံစားချက်များဖြင့် ရောပြွမ်းနေပေသည်။

“အစစ်အမှန် ကံကြမ္မာ ခရီးသည်” ဆိုသည့် စကားလုံးမှာ သူတို့ အားလုံး၏ နှလုံးသားထဲတွင် အထပ်ထပ် ပျံ့နှံ့ ကြားယောင်နေ၏။ ခရီးသုံးသွယ် စမ်းသပ်မှုမှာ ရေစက်ကြိုး ပိုင်ရှင် ကျင့်ကြံသူ တစ်ယောက်၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးကြောင်း သူတို့ သိကြပေသည်။

မကြာခင်မှာပင် ဝေ့ဝူယင်မှာ လျူစုယင်ကို မှီလာကာ ဘေးနားမှ ပခုံးချင်းယှဉ်ကာ လျှောက်လှမ်းလိုက်၏။ တစ်ခါရီ ခန့်ကြာအောင် ရှုပ်ထွေးသော လမ်းမများ အတိုင်း ခရီးနှင်ခဲ့ကြပြီးနောက် ဝေ့ဝူယင်မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့လေရာ မေးလိုက်လေသည်။

“မိန်းကလေး လျူစုယင်... ကျုပ်တို့ ဘယ်နေရာကို...”

“ငါ့ကို လက်ထောက်ဂိုဏ်းချုပ်လို့ ခေါ်လို့ရတယ်...”

လျူစုယင်က ဝေ့ဝူယင်၏ စကားမဆုံးခင် ဖြတ်ပြောလိုက်၏။

“...”

ဝေ့ဝူယင်မှာ တစ်ခဏမျှ တိတ်ဆိတ် သွား၏။ ထို့နောက် သူက ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“မိန်းကလေး လျူစုယင်... ကျုပ်တို့ ဘယ်နေရာ သွားနေတာလဲ...”

သူ့ထံတွင် လျူစုယင်ကို လက်ထောက်ဂိုဏ်းချုပ် အဖြစ် သုံးနှုန်း ခေါ်ဝေါ်ဖို့ ရည်ရွယ်ချက် မရှိပါချေ။ အကယ်၍ ထိုကဲ့သို့ ခေါ်ဝေါ်လိုက်ပါက ရေစက်ကြိုး ပိုင်ရှင် ဆိုသည့် အဆင့်အတန်းကို လက်ခံပြီးသား ဖြစ်သွားပေလိမ့်မည်။ ထိုအခွင့်အရေး အတွက် ကျေးဇူးတင်မိသည့်တိုင် လောလောဆယ်တွင် သူ မည်သည့် ဂိုဏ်းအတွင်းကိုမှ ဝင်ရောက်ရန် ဆန္ဒ မရှိသေးချေ။ ဘဝကို လွတ်လပ်စွာသာ လွင့်မြောချင်သေးသည်။

“...”

လျူစုယင်၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ ထို့နောက် သူမ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့် သွားသည်။ ဝေ့ဝူယင်သည်လည်းပဲ အလားတူပင် ရပ်တန့်လိုက်၏။

မိန်းကလေးက ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ ခံစားချက် ကင်းမဲ့သည့် မျက်ဝန်းများက ဝေ့ဝူယင်၏ စိတ်အနက်ပိုင်းကို ထိုးဖောက် ကြည့်နေဟန် ရလေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ မည်သည့် ဖိအားကိုမှ မခံစားရပါချေ။ ကျန့်ကျန့်၊ ဝိညာဉ် ရှန့်ထို ဧကရာဇ်နှင့် မာ့ကျန်းတို့ ကဲ့သို့ အဆင့်မြင့် မြေကြီး ရှန့်ထိုများ၏ အကူအညီ မရှိသည့်တိုင် ဝေ့ဝူယင် လျူစုယင်ကို နည်းနည်းလေးမျှ မကြောက်ပါချေ။

“ကျုပ် မျက်နှာပေါ်မှာ တစ်ခုခု ရှိနေလို့လား... မိန်းကလေး လျူစုယင်”

ဝေ့ဝူယင်က ဘာမှ မသိနားမလည်သည့် အမူအရာဖြင့် မေးလိုက်၏။

"..."

လျူစုယင်က ဘာမှ ပြန်မဖြေချေ။ နောက်ကိုသာ ပြန်လှည့်လိုက်ကာ မူလလမ်း အတိုင်း ခရီးဆက်လိုက်၏။

“အစစ်အမှန် ကံကြမ္မာ ခရီးသည် ဆိုတာကရော ဘာလဲဗျ...”

ဝေ့ဝူယင် သူမ အလိုက်သင့်ပင် သူမ နောက်မှ လိုက်လိုက်ရင်း နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။

“...”

လျူစုယင်မှာ ဘာမှ ပြန်မဖြေချေ။ သူမက ဝေ့ဝူယင်၏ မေးခွန်းကို လုံးဝ မကြားသလိုပင် ပြုမူနေ၏။ ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“မိန်းကလေး လျူစုယင်... ကျုပ် ခင်ဗျားရဲ့ စမ်းသပ်မှုတွေကို အောင်သွားပြီ မလား... ခင်ဗျား အနေနဲ့ နည်းနည်းလောက် အဖြေပေးဖို့ ထိုက်တန်တယ်လို့ မထင်ဘူးလား... တကယ်တမ်း ဆိုရင် ကျုပ်က အခုထိ ခင်ဗျားတို့ အာကာသ ဝေဟင်ဂိုဏ်း အကြောင်းကို ဘာမှ မသိဘူး... နောက်ပြီး ခင်ဗျား ကျုပ်ကို အတင်းအကြပ် စမ်းသပ်ပွဲ ဝင်ခိုင်းခဲ့တဲ့ အကြောင်းရင်းက ဘာလဲ”

“...”

သို့သော်လည်း... လျူစုယင်၏ တုန့်ပြန်မှုက နတ္ထိ ဖြစ်သည်။ ဝေ့ဝူယင်မှာ အကူအညီ ကင်းမဲ့သလို ခံစားလိုက်ရ၏။ သူ ဤနေရာတွင် ဆက်ရှိနေရသည့် အကြောင်းရင်းက စူးစမ်း ရှာဖွေဖို့သာ ဖြစ်သည်။ မဟုတ်ပါက သူ ကျန့်ကျန့်ထံ ဆက်သွယ်ကာ လွတ်မြောက်နိုင်သည့် မည်သည့် နည်းလမ်းကို မဆို အသက်သွင်းဖို့ ညွှန်ကြားခဲ့ပြီး ဖြစ်သည်။ သူ့ထံတွင် လုပ်စရာ များစွာ ရှိပေသေးသည်။

“ရောက်ပြီ...”

နောက်ဆုံး၌ လျူစုယင်ထံမှ ရှားရှားပါးပါး စကားသံ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ မျက်လုံးများ လင်းလက်သွားစဉ်မှာပင် သူမက မြင့်မားသည့် အဆောက်အဦ တစ်ခု ရှေ့၌ ရပ်လိုက်၏။ ထိုအထဲမှ အသားကင် ရနံ့လို မွှေးပျံ့သည့် ရနံ့များ ထွက်ပေါ်နေသည်။

မိန်းကလေးက အဆောက်အဦ အတွင်း ဦးတည်ကာ ဝင်ရောက်သွား၏။ အသားဟင်းပွဲများနှင့် ဧည့်ခံခံရတော့မည်ဟု တွေးတောကာ ဝေ့ဝူယင်မှာ သူမ နောက်ကို လိုက်သွားခဲ့သည်။ မိန်းကလေးမှာ စားသောက်ဆိုင်၏ မီးဖိုချောင်ခန်းထဲကို တန်းကာ ဝင်‌ရောက် သွားခဲ့၏။ ထိုမှတစ်ဆင့်... မီးခပ်မှိန်မှိန် လင်းလက်နေသည့် လမ်းတစ်ချို့ကို ဖြတ်သန်းပြီးနောက် သူတို့ သုံးယောက်မှာ အခန်းလွတ် တစ်ခုထဲ ရောက်ရှိ သွားခဲ့သည်။

မဟုတ်သေး... အားလုံး ဗလာ ဖြစ်နေသည့် အခန်းလွတ်တော့ မဟုတ်သေးချေ။ နံရံ၊ ကြမ်းပြင်နှင့် မျက်နှာကျက် ခြောက်ဖက်လုံးတွင် လျှို့ဝှက် သင်္ကေတများနှင့် ဆင်တူသည့် ငွေရောင် သင်္ကေတများ ရှိနေခဲ့လေသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် ဝေဝူယင်မှာ ထိုသင်္ကေတများ၏ ရည်ရွယ်ချက်ကို ဆုပ်ကိုင်လိုက်နိုင်၏။ ၎င်းတို့မှာ အာကာသ ရွှေ့ပြောင်းခြင်း အတွက် ရည်ရွယ်၍ ဒီဇိုင်း ဆွဲထားကြခြင်းပင် ဖြစ်သည်။

လျူစုယင်က သူမ၏ လခြမ်း ကျောက်စိမ်း သော့ကလေးကို ထိတွေ့လိုက်၏။ သူမ၏ ခန္ဓာကိုယ်မှာ ငွေရောင် အလင်းတန်းများနှင့် တောက်ပလာကာ နံရံ၊ မျက်နှာကျက်များ ထက်ရှိ သင်္ကေတများမှာလည်း စတင် သက်ဝင် လှုပ်ရှား လာကြသည်။ ၎င်းတို့က ကြမ်းပြင်နှင့် မျက်နှာကျက်များ တစ်လျှောက် ကခုန်လာကြကာ ထူးဆန်းသော လေပွေတစ်ခုက ဖွဲ့စည်းလာသည်။ အခန်းအတွင်းရှိ ပတ်ဝန်းကျင်မှာ ချက်ချင်းပင် အပျက်အစီး အာကာသ တစ်ခု သဖွယ် ပြောင်းလဲ သွားကြောင်း ဝေ့ဝူယင် ခံစားလိုက်ရ၏။

ထိုအထဲ၌ ဟင်းလင်းပြင် စွမ်းအင် အကြွင်းအကျန် အချို့ကိုပင် ဝေ့ဝူယင် အာရုံခံမိလိုက်သည်။ ၎င်းက အဆုံးမဲ့ မြို့တော်အတွင်း အာကာသ ရွှေ့‌ပြောင်းခြင်း ပြုလုပ်နိုင်သည့် တစ်ခုတည်းသော ချွင်းချက် ဖြစ်ပုံ ရသည်။

ဟူး... ဟူး...

သူတို့ သုံးယောက် ရပ်နေစဉ်မှာပင် ပတ်ဝန်းကျင်မှာ စတင်ကာ တုန်ရီလာခဲ့၏။ ဝေ့ဝူယင်၏ ရင်ခွင် အတွင်းရှိ ရဲ့ကျိလင်မှာ အနည်းငယ် လူးလွန့်လာကာ သူမ၏ လက်ကလေးဖြင့် ရင်ဘတ် အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ သူမမှာ အားအင် ကုန်ခမ်းကာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျနေဟန် ရလေ၏။

ဝှစ်...

ထို့နောက် ငွေ‌ရောင် အလင်းတန်းများ၏ ဝန်းရံမှုနှင့် အတူ သူတို့ သုံးယောက်စလုံး အခန်းထဲမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။

...

အလွန် ဝေးကွာလှသော နေရာတစ်ခုတွင်တော့ ဝတ်ရုံဝတ် ပုံရိပ်မှာ လက်ထဲရှိ ကြေးမုံမှန်လေးကို လေ့လာ နေခဲ့ကာ အခြား လက်တစ်ဖက်ကတော့ အမျိုးမျိုးသော လက်ဟန် ချိပ်စည်းများကို ဖော်ထုတ် နေခဲ့လေ၏။ တစ်ချိန်တည်း၌ လှပသော ငွေ‌ရောင် အလင်းတန်းများမှာ ကြေးမုံ၏ ဘောင်များမှ ဆက်တိုက် ဆိုသလို ပေါက်ကြား ထွက်ပေါ်နေခဲ့ကာ မှန်ပြင်မှာလည်း ၎င်း၏ ရောင်ပြန် ဟပ်နိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံး လာနေခဲ့လေသည်။

“ဟူး...”

အဆုံးမဲ့ ဟင်းလက်းပြင် ကြေးမုံ၏ အခြေအနေကို အမျိုးမျိုးသော နည်းလမ်းများနှင့် စစ်ဆေးပြီးနောက်၌ ပုံရိပ်က သက်ပြင်းတစ်ချက် ချလိုက်၏။ မည်သည့် ထိခိုက်မှုမှ မရှိကြောင်း သေချာစေပြီး နောက်တွင်မှ သူမက ကြေးမုံကလေးကို ပြန်လည် သိမ်းဆည်းကာ နေကြယ်ကို ငေးကြည့်လိုက်သည်။

“အဆုံးမဲ့ အာကာသ တံတားရဲ့ ပြောင်းလဲမှုက ဘာလဲ...”

ငွေရောင် အလင်းတန်းများမှ တစ်ဆင့် မှုန်မှိုင်းရီဝေသည့် အရောင်တစ်ခုသို့ ပြောင်းလဲသွားခြင်းကား လွယ်လွယ်နှင့် မေ့ဖျောက်ရန် မဖြစ်နိုင်သည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။ အဆုံးမဲ့ အာကာသ တံတား၏ နောက်ထပ် နာမည် တစ်ခုမှာ ဥပဒေသ အတုအယောင် ချိတ်ဆက်ခြင်းပင် ဖြစ်လေသည်။

ထိုအခိုက်တွင်ပင် လက်ထောက် ဂိုဏ်းချုပ်ထံမှ အစီအရင်ခံစာ ဝင်လာခဲ့၏။ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ကြည့်ရင်း သူမ၏အပြာရောင် မျက်ဝန်းများက ညင်သာမှု၊ နွေးထွေးမှု၊ ဂုဏ်ယူမှုများနှင့် ပြည့်နှက် သွားခဲ့လေသည်။

“ဒီတစ်ကြိမ် မင်း လုပ်တာ ကောင်းတယ်... စုယင်...”

ထို့နောက်... ပုံရိပ်မှာ မြူမှုန်များ အဖြစ် ဝေဝါးကာ ပျောက်ကွယ် သွားခဲ့တော့၏။

***

All Chapters