← Chapters

အစစ်အမှန် ကံကြမ္မာ ခရီးသည်

Vol. 77 Ch. 1076

အစစ်အမှန် ကံကြမ္မာ ခရီးသည်

Vol. 77 Ch. 1076

"..."

အာကာသ ရွှေ့ပြောင်း ဖြစ်စဉ် အဆုံးသတ်သွားပြီး နောက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ အံ့သြ ထိတ်လန့်မှုများနှင့် အတူ ပြူးကျယ် သွားခဲ့တော့၏။ အကြောင်းရင်းကား လေးစားစွာဖြင့် ဦးညွှတ်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့် သောင်းချီကို သူ့ အရှေ့တွင် တွေ့လိုက်ရသောကြောင့်ပင်။

ထို့အပြင် သန်းပေါင်း ဆယ်နှင့်ချီသည့် သေမျိုးများလည်း ရှိနေကြပေသည်။ သူတို့ကတော့ ကြမ်းပြင်ထက်တွင် ဒူးထောက် ထားကြကာ ခေါင်းများကို ငုံ့ထားကြ၏။

လူအုပ်ကြီးမှာ ညီညာစွာဖြင့် အကွက်ကျ စီတန်း တည်ရှိနေကြခြင်း ဖြစ်ကာ ဝေ့ဝူယင် မျက်စိ တစ်ဆုံး မြင်နိုင်သည် အထိ များပြားလှပေသည်။ မသိပါက... ၎င်းကား အနက်၊ အဖြူနှင့် ရွှေရောင်တို့ ‌ရောနှောနေသည့် ငွေရောင် ပင်လယ်ကြီး တစ်ခုလိုပင်။

ထိုအရာက မည်ကဲ့သို့သော အင်အားစုမျိုးနည်း။ ရူးသွပ်စရာ ကောင်းလွန်းလှသည်။ ထို့အပြင်... လျှို့ဝှက် အာဏာရှင် အဆင့် သောင်းချီတွင် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်မှ ပါဝင်ခြင်း မရှိချေ။ အားလုံး၏ ရှေ့ဆုံးမှ နေ၍ ဦးဆောင် ရပ်တည် နေခဲ့သည်ကတော့ ကိုယ်ရောင် ကိုယ်ဝါ တဖိတ်ဖိတ် တောက်ပနေသည့် ‌ရွှေရောင်နှင့် ငွေရောင်ဝတ် ပုဂ္ဂိုလ်ကြီး သုံးဆယ့် လေးယောက်ပင်။

မြေကြီး ရှန့်ထိုများ...

မှန်၏။ သူတို့ အားလုံးမှာ မြေကြီး ရှန့်ထိုများ ဖြစ်ကြပေသည်။ ထိုအရာက ဝေ့ဝူယင်ကို အံ့သြ ထိတ်လန့် သွားစေခဲ့သည့် အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။

မြေကြီး ရှန့်ထို သုံးဆယ့် လေးယောက်...

ထိုအင်အားကား မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ မည်သည့် အဖွဲ့အစည်းကို မဆို အနိုင်ယူရန် လုံလောက်ပေသည်။ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာကိုသာ ဘေးဖယ်ထားပါက အင်ပါယာ မျိုးနွယ်ပင် သူတို့၏ ပြိုင်ဘက် ဖြစ်လိမ့်မည် မဟုတ်ချေ။

“အာကာသ ဝေဟင်ဂိုဏ်းက လက်ထောက်ဂိုဏ်းချုပ် ပြန်လာတာကို ဒီလောက် ခမ်းခမ်းနားနားကြီး ကြိုဆိုတာလား...”

ဝေ့ဝူယင် ထူးဆန်းစွာ တွေးလိုက်မိ၏။ သူ ကြောင်တောင်တောင်ဖြင့် ရပ်နေမိစဉ်မှာပင် ရုတ်တရက် မြေကြီး ရှန့်ထို သုံးဆယ့် လေးယောက်မှာ ပြိုင်တူ ဆိုသလို ဟစ်ကြွေးလိုက်ကြ၏။

“ကြိုဆိုပါတယ်... အစစ်အမှန် ကံကြမ္မာ ခရီးသည်...”

ဘုန်း...

ကြီးမားသည့် အသံလှိုင်းကြီးမျာ အောက်၌ လေထုမှာ တဟုန်းဟုန်း တုန်ရီသွားကာ အလွန်တရာ ပြင်းထန်လှသည့် ဖိအားများ ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် ဆက်တိုက်ဆိုသလိုပင်...

“ကြိုဆိုပါတယ်... အစစ်အမှန် ကံကြမ္မာ ခရီးသည်...”

လျှို့ဝှက် အာဏာရှင် အဆင့် သောင်းချီမှာလည်း လိုက်လံ၍ အော်ဟစ်လိုက်ကြ၏။ ထို့နောက်တွင်တော့ သန်းပေါင်းများစွာသော သေမျိုးများ...

“ကြိုဆိုပါတယ်... အစစ်အမှန် ကံကြမ္မာ ခရီးသည်...”

“...”

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ပိုမို၍ ပြူးကျယ် သွားခဲ့၏။

ဝှစ်...

ထိုအခိုက်တွင်ပင် ပုံရိပ် တစ်ခုမှာ ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ၎င်းမှာ ကောင်းကင်ဘုံ နတ်နန်းဆီမှ ချီးမြှင့်ထားသည့် အလား တင့်တယ် ကျက်သရေ ရှိလှသည့် အော်ရာကို ပိုင်ဆိုင်ထားကာ ဝေ့ဝူယင် တစ်ခါမှ အာရုံ မခံဖူးခဲ့သည့် တည်ငြိမ်မှုမျိုးကို သယ်ဆောင်ထား၏။ ထိုပုံရိပ်ကို ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက အရှိန်အဟုန် ပြင်းပြင်းနှင့် တုန်ရီ လာခဲ့သည်။

သူမမှာ လျူစုယင် ကဲ့သို့ပင် ငွေရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော်လည်း... သူမ၏ ဝတ်စုံက သေမျိုး ကမ္ဘာမှ ဧကရီ တစ်ဦးနှင့် ပိုမို၍ တူပေသည်။ သူမ၏ ခြေဖျားများ မြေပြင်ကို ထိ‌သော အခိုက်၌ အော်ဟစ်သံ အားလုံးမှာ ပျောက်ချင်းမလှ ပျောက်ကွယ် သွားတော့၏။ မည်သူမှ အနှောက်အယှက် ပြုရဲခြင်း မရှိကြတော့ချေ။

အမျိုးသမီးမှာ ခပ်ပါးပါး မျက်ခုံးများ၊ ရေတံခွန် တစ်ခုသဖွယ် ဖြာကျနေသည့် ဆံပင်ရှည်များ၊ ပန်းနုရောင် နှုတ်ခမ်းများနှင့် အတူ နတ်မိမယ် တစ်ပါး ရှုံးလောက်သည့် အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမက လျူစုယင်နှင့် အတော်လေး ဆင်တူလှပေသည်။

“ကြိုဆိုပါတယ်... အစစ်အမှန် ကံကြမ္မာ ခရီးသည်...”

အမျိုးသမီးက နှုတ်ခမ်း လှုပ်ရုံ ရေရွတ်လိုက်၏။ သို့သော်လည်း... သူမ၏ အသံက လောကတစ်ခုလုံးကို ပဲ့တင်ထပ်ကာ ပျံ့နှံသွားခဲ့လေသည်။

...

ဟူး... ဟူး...

လေပြည်လေညင်းမှာ တဖြည်းဖြည်း တိုးဝှေ့တိုက်ခတ် နေ၏။ ဝေ့ဝူယင် မျက်လုံးကို ဖြည်းညင်းစွာ ဝှေ့ယမ်းရင်း ကြည့်လိုက်သည်။ သူမြင်နိုင်သမျှ အဝေးဆုံး အကန့်အသတ်က ပတ်ပတ်လည်မှ ဝန်းရံနေသည့် တောင်တန်းကြီးများဖြစ်သည်။ ၎င်းတို့က အနက်ရောင် သံမဏိ နံရံကြီးများနှင့်ပင် ဆင်တူကာ မျက်နှာပြင် တစ်လျှောက်တွင်တော့ ငွေရောင် သင်္ကေတများက နေရာယူနေခဲ့သည်။

ထိုတောင်တန်းကြီးများ၏ အလယ်တွင်တော့.. အလွန်တရာ အပြောကျယ်လှသည့် ကွင်းပြင်ကြီးများ၊ မိုးထိအောင် မြင့်မားသည့် သက်တမ်းရင့် သစ်ပင်ကြီးများ၊ ဥယျာဉ်များ၊ ရေတံခွန်ကြီးများ၊ ချိုင့်ဝှမ်းနှင့် လိုဏ်ဂူကြီးများ... နောက်ပြီး အရွယ်အစား မျိုးစုံ၊ ပုံသဏ္ဌာန် မျိုးစုံ ရှိသည့် ထောင်ပေါင်းများစွာသော ကောင်းကင် နန်းတော်များ ရှိနေခဲ့လေသည်။

၎င်းမှာ ဒဏ္ဍာရီများထဲမှ နတ်ဘုံနတ်နန်း တစ်ခုနှင့်ပင် ဆင်တူ နေခဲ့သေးတော့၏။

“...”

ဝေ့ဝူယင်၏ အကြည့်များက ဖြည်းညင်းစွာပင် ပြန်လည် ရွေ့လျားကာ ဒူးထောက်နေကြသည့် သန်းပေါင်း များစွာသော သေမျိုးများထံ ပြန်လည် ရောက်ရှိသွား၏။ ထိုမှတစ်ဆင့် သောင်းနှင့်ချီသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ၊ မြေကြီး ရှန့်ထိုများ...

ငွေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဧကရီထံသို့ အရောက်၌ ဝေ့ဝူယင်၏ မျက်လုံးများက ပြန်လည် ရပ်တန့် သွား၏။ အလှတရားချင်း ယှဉ်ပါက ဧကရီ ရှောင်ချန်းမှာ သူမထက် ခေါင်းတစ်လုံးစာမျှ ပိုမို မြင့်မားသည့်တိုင် အော်ရာနှင့် သန့်စင်မှု အပိုင်းတွင်တော့ သူမက အဆပေါင်းများစွာ သာပေလိမ့်မည်။ ထိုအမျိုးသမီးမှာ လောက ရှန့်ထို တစ်ယောက်လေလော။

ထို့အပြင် သူမ၏ အော်ရာက အနည်းငယ် ရင်းနှီးနေသလို ခံစားရသည်။ ၎င်းက အလွန် အစွမ်းထက်သည့် လောက နှလုံးသား ရည်ရွယ်ချက် အငွေ့အသက်မျိုးပင်။ သူ သိထားသလောက် ဆိုလျှင် လောကရှန့်ထို အဆင့်ကို သဘာဝ အတိုင်း ရောက်ရှိရန် လောကနှလုံးသား ရည်ရွယ်ချက်ကို နားလည်ထားဖို့ လိုအပ်သည်။ အာကာသ ဝေဟင်ဂိုဏ်းမှာ လောကရှန့်ထို တစ်‌ယောက်ကို ပိုင်ဆိုင်ထားသည်လား။

အကယ်၍ ထိုအရာသာ အမှန်တကယ် ဆိုပါက...

“အား... ကျွတ်... ကျွတ်...”

ဝေ့ဝူယင်၏ အတွေးများ အဆုံးမသတ်နိုင်သေးခင်မှာပင် ရဲ့ကျိလင်မှာ နိုးထလာခဲ့၏။ သူမ ပထမဆုံး သတိထားမိသည့် အရာက ကျယ်ပြန့်သည့် ရင်အုံနှင့် သူမ၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ထားသည့် လက်နှစ်ဖက်ပင်။ မိန်းကလေး မျက်လုံးများကို ဖွင့်ကာ ပတ်ဝန်းကျင်ကို အကဲခတ်ဖို့ ကြိုးစားလိုက်၏။

သူမ ပထမဆုံး မြင်လိုက်ရသည်က မျက်နှာတစ်ခု...

“အရမ်းချောတာပဲ...”

ထိုအရာက သူမ၏ ပထမ အတွေး ဖြစ်သည်။ ထို့နောက်တွင်တော့ မျက်နှာ ပိုင်ရှင်က မည်သူ ဖြစ်ကြောင်း သူမ ပြန်လည် သတိရ သွားခဲ့၏။

“ဝေ့ဝူယင်...”

“မင်းနိုးတာလာ ကောင်းတယ်...”

ဝေ့ဝူယင် ညင်သာစွာ ပြုံးလိုက်၏။

“ဒါပေမဲ့ မဆိုသလောက် နည်းနည်း နောက်ကျသွားတယ် ဆိုရလိမ့်မယ်... ခမ်းနားတဲ့ မဟာ ကြိုဆိုမှုကြီးကို နင် လွတ်သွားပြီ”

" မဟာ ကြိုဆိုမှု...”

မိန်းကလေးက နားမလည်စွာဖြင့် တီးတိုး ရေရွတ်လိုက်၏။ ထိုစကားလုံးကြောင့်ပင် လွန်ခဲ့သည့် သုံးရက်ကမှ တွေ့ဆုံခဲ့သည့် အမျိုးသား၏ ရင်ခွင်ထဲ ရောက်ရှိနေသည့် အဖြစ်ကို သူမ မေ့လျော့ သွားခဲ့သည်။ ရဲ့ကျိလင် မျက်လုံးများကို ဝှေ့ကာ ကြည့်လိုက်မိ၏။ ထိုအခါ ဒူးထောက်နေကြသည့် လူပင်လယ်ကြီးကို တွေ့မြင်လိုက်ရလေသည်။ သူတို့၏ အရှေ့၌ ရပ်တည်နေကြသည်က သောင်းပေါင်းများစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် မြေကြီး ရှန့်ထိုများ...

မိန်းကလေး၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီ သွားခဲ့လေ၏။ ထိုမြေကြီး ရှန့်ထို တစ်ယောက်ချင်းစီကို သူမ သိပေသည်။ သူတို့ အားလုံးမှာ ဂိုဏ်းအတွင်းတွင် အလွန် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ မကြာခင်မှာပင် သူမမှာ ငွေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးကိုပါ တွေ့ရှိသွား၏။

“ဂိုဏ်း... ဂိုဏ်းချုပ်...”

***

All Chapters