အစစ်အမှန် ကံကြမ္မာ ခရီးသည် (၂)
Vol. 77 Ch. 1077
“ဂိုဏ်း... ဂိုဏ်းချုပ်...”
ငွေရောင် ဝတ်စုံဝတ် အမျိုးသမီးကို တွေ့သည်နှင့် ရဲ့ကျိလင်၏ မျက်လုံးများက ထိတ်လန့်ခြင်း၊ အံ့သြခြင်း၊ လေးစားခြင်းများနှင့် ပြည့်နှက်သွား၏။
မိန်းကလေး၏ ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့လေရာ ဝေ့ဝူယင် အလိုက်သင့်ပင် မြေပြင်ပေါ် ချပေးလိုက်သည်။ မြေပြင်ပေါ် ခြေချမိသည်နှင့် တစ်ပြိုင်နက် ရဲ့ကျလင်မှာ ဒူးထောက် အရိုအသေပြုရန် ကြိုးစား လိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်က သူမ၏ လက်ကို ဆုပ်ကိုင်ကာ တားဆီးလိုက်သည်။
မိန်းကလေးမှာ အံ့သြသွားကာ လည်ပြန်ကြည့်လိုက်၏။ ဝေ့ဝူယင်က နွေးထွေးစွာဖြင့် ပြန်လည် ပြုံးပြလိုက်သည်။
“အခြားလူတွေက မင်းကို ဒူးထောက်နေတဲ့ အချိန်မှာ မင်းက အခြားလူ တစ်ယောက်ကို ပြန်ဒူးထောက်လိုက်ရင် သူတို့ကို အရှက်ခွဲသလို ဖြစ်မှာပေါ့”
သူက စိတ်အာရုံဖြင့် ဆက်သွယ်ကာ ပြောပြလိုက်သည်။
“ကျွန်မကို...”
ရဲ့ကျိလင်မှာ အူကြောင်ကြောင် ဖြစ်သွားခဲ့၏။ ထိုမြေကြီး ရှန့်ထိုများ၊ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် သန်းပေါင်းများစွာသော သေမျိုးများက သူမကို အရိုအသေ ပြုနေကြသည်လား။
ထိုအရာက လုံးဝ မဖြစ်နိုင်သလို သူမ ခံစားလိုက်ရလေ၏။
“မင်းမဟုတ်လို့ ဘယ်သူ ဖြစ်ရမှာလဲ...”
ဝေ့ဝူယင်က ပြုံးလိုက်သည်။ အာကာသ ဝေဟင်ဂိုဏ်း၏ အစစ်အမှန် ကံကြမ္မာ ခရီးသည် ရာထူးကို ရယူရန် သူ့ထံတွင် ဆန္ဒ မရှိပါချေ။ ရဲ့ကျိလင်မှာ ခရီးသုံးသွယ်ကို အောင်မြင်ပြီး ဖြစ်သည့် အပြင် ဂိုဏ်း၏ တပည့် တစ်ယောက်လည်း ဖြစ်လေရာ သူ ရထိုက်သည့် အရာအားလုံးကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရှိပေသည်။ သူမသည်သာလျှင် အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်သင့်ပေသည်။
ရဲ့ကျိလင် မျက်လုံး ကလယ်ကလယ် ဖြစ်သွား၏။ သူမက လှည့်လည် သွားလာခြင်း ခရီးလမ်းကို ပြီးပြည့်စုံစွာ အောင်မြင်ခဲ့သညလား။ အဆုံးမဲ့ အာကာသ ဆက်သွယ်မှုကို ဖွင့်လှစ်ခဲ့သည်လား။
“ဘုရားရေ... ငါက အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်လာတာလား...”
တွေးရင်းတွေးရင်း ရဲ့ကျိလင်၏ နှလုံးသားက အရှိန်အဟုန် ပြင်းစွာ တုန်ရီလာခဲ့၏။ သူမကား စိတ်လွတ်ကာ သတိလစ်လု နီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ဘေးနားမှ ထိန်းကြောင်း မထားပါက သူမ မြေပြင်ပေါ် ပစ်ကျ နေလောက်ပြီ ဖြစ်သည်။
“အစစ်အမှန် ကံကြမ္မာ ခရီးသည်က တစ်ယောက်ပဲ ရှိနိုင်တယ်...”
လျူစုယင်က ဘေးနားမှ ပြောလိုက်၏။ ရဲ့ကျိလင် ခရီးသုံးသွယ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာ ဝေ့ဝူယင်၏ ပံ့ပိုးမှုကြောင့်သာ ဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်လက်ခံလိုက်၏။
“ကောင်းတယ်... ရဲ့ကျိလင် တစ်ယောက်ပဲပေါ့”
“...”
လျူစုယင်က မသိမသာ မျက်မှောင်ကြုတ် လိုက်သည်။ ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်းကို ဝင်ရောက်ရန် ဆန္ဒ မရှိကြောင်း အလွန် ရှင်းလင်း နေချေပြီ ဖြစ်သည်။
တစ်ချိန်တည်း၌... မြေကြီး ရှန့်ထိုများ၊ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် သန်းပေါင်း များစွာသော သေမျိုးများမှာ အနည်းငယ် အူကြောင်ကြောင် ဖြစ်နေကြ၏။ သူတို့၏ မျက်လုံးများက ဝေ့ဝူယင်၏ ကောင်းကင် ကျောက်စိမ်းသော့ထံ မသိမသာ ရောက်ရှိနေကြသည်။
ဝေ့ဝူယင် သတိမထားမိခင်မှာပင် ဥပဒေသ အတုအယောင် ချိတ်ဆက်မှု ဖြစ်စဉ် အပြီး၌ သူ့လည်ပင်းရှိ သော့ကလေးမှာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ အခြေခံ ကျောက်စိမ်း သလင်းကျောက်ကလေး တစ်ခု အဖြစ်မှ အသန့်စင်ဆုံး အာကာသ ကျောက်စိမ်း သလင်းကျောက် အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ထိုအရည်အသွေးက လျူစုယင်ထက်ပင် များစွာ သာလွန် နေခဲ့ပြီ ဖြစ်သည်။
ယင်းအပြောင်းအလဲကို လူတိုင်း သတိထားမိကြပေသည်။ ထို့ကြောင့်ပင် အစစ်အမှန် ကံကြမ္မာ ခရီးသည်က ဝေ့ဝူယင်သာလျှင် ဖြစ်ကြောင်း သူတို့ သိကြပေသည်။ ရဲ့ကျိလင်၏ ကောင်းကင် ကျောက်စိမ်းသော့မှာလည်း အတိုင်းအတာ တစ်ခု အထိ ပြောင်းလဲ သွားခဲ့ပေသည်။ သို့သော်လည်း... ဝေ့ဝူယင်နှင့် ယှဉ်လျှင်တော့ သူမ၏ အပြောင်းလဲက မဆိုသလောက်သာ ဖြစ်သည်။
အာကာသ ဝေဟင်ဂိုဏ်းချုပ်က အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဝေ့ဝူယင်၊ လျူစုယင်နှင့် ရဲ့ကျိလင်တို့ သုံးယောက်စလုံး ငွေရောင် အလင်းတန်းများနှင့် ပျောက်ကွယ်သွားခဲ့လေသည်။ သူမက ဝင်္ကပါ တစ်ခုတစ်လေပင် မလိုပဲ အကာသ ရွှေ့ပြောင်းလိုက်ခြင်းပင် ဖြစ်သည်။
မကြာခင်မှာပင် လူအုပ်မှာ ပြန်လည် လူစုခွဲလိုက်ကာ သူတို့၏ ပုံမှန် အလုပ်များထံ ပြန်လည် ထွက်ခွာ သွားကြတော့သည်။ အလွဲအချော် တစ်ချို့ ရှိသည့်တိုင် အမှန်တရား တစ်ခုကတော့ မပြောင်းလဲပါချေ။ အစစ်အမှန် ကံကြမ္မာ ခရီးသည်မှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင်၊ ရဲ့ကျိလင်နှင့် လျူစုယင်တို့မှာ ငွေရောင် မီးတောက် ဖယောင်တိုင်များ ထွန်းထားသည့် မဟူရာ အခန်း တစ်ခု အတွင်း၌ ပြန်လည် ပေါ်လာခဲ့ကြသည်။
ဖျောက်...
ရုတ်တရက် လက်ဖျောက်တီးသံ တစ်ချက် ထွက်ပေါ်လာခဲ့၏။ ချက်ချင်းပင် အခန်းနံရံများရှိ ကျောက်တုံးများမှာ အဖြူရောင် အလင်းများကို စတင် ထုတ်လွှတ်လာကြကာ မကြာခင် အခန်း တစ်ခုလုံး လင်းလင်းထိန် သွားတော့သည်။
အတင်းအကြပ် အာကာသ ရွှေ့ပြောင်း ခံရပြီးသည့်နောက်တွင် ဝေ့ဝူယင်မှာ ခံစားချက်များ ရှုပ်ထွေးနေခဲ့၏။ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုအရာက သက်တောင့်သက်သာ မရှိသလို ခံစားရသည်။
ခရာတိုမှာ ထိုဖြစ်ရပ်ကို မကျေမနပ်နှင့် အဆက်အပြတ် ဟိန်းဟောက်နေ၏။ သူက ဝေ့ဝူယင်ကို ထိုနေရာမှ ထွက်သွားရန် တွန်းအားပေး နေခဲ့သည်။ လွတ်လပ်မှုကို ချုပ်နှောင်ခံထားရသည့် နေရာတွင် နေထိုင်ရန် မည်သည့် ဟင်းလင်းပြင် နဂါးမှ ဆန္ဒ မရှိပါချေ။ သို့သော်လည်း... ဧဒင်၏ အကြံပေးမှုကတော့ အနည်းငယ် ခြားနားပေသည်။ ဤထူးဆန်းသော ဂိုဏ်းအတွင်းတွင် ဆက်လက် နေထိုင်ခြင်းဖြင့် အနာဂတ်တွင် အကျိုးအမြတ်များ ရရှိလာနိုင်ချေ ရှိသည်။ ၎င်းက ကမ္မ ဖြတ်တောက်မှု၏ တစ်စိတ်တစ်ပိုင်း မဟုတ်လျှင်ပင် အခွင့်အရေးကတော့ ရှိနေဆဲ ဖြစ်သည်။
အခြား ကြယ်တာရာ ဝိညာဉ် နှစ်ကောင်ကတော့ ငြိမ်သက်နေသည်။ သူတို့က ဘယ်လိုလုပ်လုပ် စိတ်မဝင်စားဟန် ရလေ၏။ စိတ်နှင့် နှလုံးသားတို့၏ ကွဲပြားမှု အလယ်တွင် ဝေ့ဝူယင်ကတော့ သက်တောင့်သက်သာ မရှိသလို ဆက်လက် ခံစားနေရသည်။ မည်သို့ပင် ဆိုစေ... အာကာသ ဝေဟင်ဂိုဏ်း အကြောင်း အချို့ အရာများကို နားမလည်သေးပဲ ထွက်ခွာ မသွားသေးရန် သူ ဆုံးဖြတ်ထားပေသည်။
ဝေ့ဝူယင် ငွေရောင် ဝတ်စုံဝတ် အမျိုးသမီးကို ကြည့်လိုက်၏။
“ဒီတော့ ခင်ဗျားက အာကာသ ဝေဟင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပေါ့ ဟုတ်လား...”
အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။
“ငါ့နာမည်က လျူယင်လန်း...”
ဝေ့ဝူယင် အနည်းငယ် စိတ်လှုပ်ရှားသွား၏။ ရုပ်ရည်ချင်း ဆင်တူ သကဲ့သို့ပင် လျူစုယင်နှင့် လျူယင်လန်းတို့မှာ အမျိုးတော်နေပေသည်။ သူတို့က အဆုံးမဲ့ ကောင်းကင် လျူမျိုးနွယ်ဝင်များလော သို့တည်းမဟုတ်... အခြား လျူ မျိုးနွယ် တစ်ခုခုလော။
“မိန်းကလေး လျူစုယင်က ကျုပ် သဘောဆန္ဒ မပါတဲ့ အပြင် ကျုပ်ကို ဘာသတင်းအချက်အလက် တစ်ခုမှ မပေးပဲ ဒီနေရာကို ခေါ်လာခဲ့တာ... တကယ်လို့ အပန်းမကြီးဘူး ဆိုရင် ကျုပ်ကို အာကာသ ဝေဟင်ဂိုဏ်း အကြောင်း နည်းနည်း ပြောပြနိုင်မလား”
ဝေ့ဝူယင်က တောင်းဆိုလိုက်၏။
“ဒါပေါ့...”
လျူယင်လန်းက မတုန့်မဆိုင်းပင် သဘောတူ လိုက်သည်။ ထို့နောက် သူမက ဝိညာဉ် ကျောက်စိမ်း တစ်ခုကို ထုတ်ယူကာ ဝေ့ဝူယင်ကို ပေးလိုက်၏။ ဝေ့ဝူယင် ထိုအရာကို လက်ခံလိုက်ကာ အနည်းငယ် စစ်ဆေး လိုက်သည်။ ၎င်းက သတင်းအလက်များကို လွှဲပြောင်းပေးရာတွင် အသုံးပြုသည့် ဝိညာဉ် ကျောက်စိမ်းမျိုး ဖြစ်သည်။
မိန်းကလေး သုံးယောက်ကို တစ်ချက် ကြည့်ပြီးနောက် ဝေ့ဝူယင် ကျောက်စိမ်းကို အသက်သွင်းကာ သတင်းအချက်အလက်များကို စတင် လက်ခံ လိုက်တော့သည်။
လျူစုယင်က စိုးရွံ့စွာဖြင့် ဂိုဏ်းချုပ် ဖြစ်သူကို ကြည့်လိုက်၏။ ဝေ့ဝူယင်ထံ ပေးအပ်လိုက်သည့် ဝိညာဉ် ကျောက်စိမ်းမှာ အသစ် ရောက်ရှိလာသည့် ရေစက်ကြိုး ပိုင်ရှင်များကို ပေးအပ်ရသည့် ကျောက်စိမ်း ဖြစ်သည်။ ထိုအထဲတွင် ခရီးသုံးသွယ် စမ်းသပ်မှုကို မဖြတ်ကျော်ခင် ကျိန်ဆိုရသည့် လျှို့ဝှက် ကျိန်စာများ အပါအဝင် အရေးကြီးသည့် သတင်းအချက်အလက် အားလုံး ပါဝင်နေပေသည်။
ဤသည်က သူမ ကြီးကြပ်သူ လုပ်လာခဲ့သည့် တစ်လျှောက်လုံးတွင် ပထမဆုံး အကြိမ် အဖြစ် လျှို့ဝှက် ကျောက်စိမ်း မပေးပဲ တစ်စုံတစ်ယောက်ကို စမ်းသပ်ပွဲ အတွင်း ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
လျူယင်လန်း၏ မျက်နှာ တည်ငြိမ်နေသည် တွေ့လိုက်ရသော အခါတွင်မှ သူမ သက်ပြင်း တစ်ချက် ချလိုက်မိ၏။ ဂိုဏ်းချုပ်မှာ စိတ်ဆိုးပုံ ရချေ။
အခြားတစ်ဖက်၌... ရဲ့ကျိလင်ကတော့ ဝေ့ဝူယင်ကိုသာ ငေးကြည့်နေခဲ့၏။ အချိန်တဖြည်းဖြည်း ကြာလာလေလေ... လူငယ်နှင့် ပတ်သက်၍ နားလည်ရ ခက်လာလေလေ သူမ ခံစားလိုက်ရသည်။
လျှို့ဝှက် ကျောက်စိမ်း လက်ခံရရှိခဲ့ချိန်ကို ထောက်ချင့်ရပါက သူက လျှို့ဝှက် ကျိန်စာ မဆိုရသေးခင်မှာပင် စမ်းသပ်ပွဲကို ပါဝင်ခဲ့ဟန် ရသည်။ ထို့ကြောင့်ပင် သူက ထွက်ချင်သည့် အချိန် ဂိုဏ်းအတွင်းမှ ထွက်သွားမည်ဟု ဆိုခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
ထိုကဲ့သို့ မိန်းကလေး သုံးယောက် အတွေးအမျိုးမျိုးဖြင့် စောင့်ဆိုင်းနေချိန်တွင် ဝေ့ဝူယင်ကတော့ ဝိညာဉ်ကျောက်စိမ်း အတွင်းရှိ သတင်းအချက်အလက်များကို စိတ်ဝင်တစားဖြင့် စုပ်ယူနေခဲ့တော့သည်။
***