အစစ်အမှန် ကံကြမ္မာ ခရီးသည် (၃)
Vol. 77 Ch. 1078
“...”
မကြာခင်မှာပင် ဝေ့ဝူယင်၏ မျက်လုံးများက ပြန်လည် ပွင့်လာကာ သက်ပြင်းတစ်ချက် ချလိုက်၏။ အာကာသ ဝေဟင်ဂိုဏ်း၏ မူလ ဇစ်မြစ်၊ သမိုင်းကြောင်းနှင့် စတင်ခဲ့ပုံများမှာ အလွန်ပင် စိတ်ဝင်စားရာ ကောင်းလွန်းလှသည်။ ထို့အပြင် အာကာသ ဝေဟင်ဂိုဏ်း တည်ရှိနေရသည့် ရည်ရွယ်ချက်ကိုလည်း သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ထိုအရား... အဆုံးမဲ့ ကြယ်တာရာများကို ဝါးမြိုပစ်နိုင်သည့် မွန်းစတား သက်ရှိကြီး တစ်ကောင် အတွက် ထာဝရထောင်ကြီး တစ်ခု အဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။
အလွှာကြားမှ လောကတော့ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၊ နဂါးငွေ့တန်း ကြယ်ကွင်းပြင်နှင့် ပိုမို ကြီးကျယ်ခမ်းနားသည့် ကြယ်စင်စုကြီးများမှ ကြယ်ကွင်းပြင် ဆယ့်ခြောက်ခုကို ပိုင်ခြားထားသည့် လှောင်အိမ်တစ်ခု သဖွယ် ဖြစ်သည်။ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု ပါဝင်နေသည့် ထိုနယ်မြေကျယ်ကြီးကိုတော့ ချိပ်ပိတ် နယ်မြေများ အဖြစ် ရည်ညွှန်းကြသည်။
ရေစက်ကြိုး ပိုင်ရှင်များကတော့ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို အဆက်မပြတ် ထိန်းသိမ်းထားနိုင်သည့် အာကာသ စွမ်းအင်များကို ကျင့်ကြံရန် ပါရမီ ပါကြသူများ ဖြစ်သည်။ ရေစက်ကြိုး ပိုင်ရှင်များမှာ နှစ်ပေါင်း ရှစ်သောင်းခန့် ကတည်းက စ၍ ယနေ့တိုင် ထိုတာဝန်ကို စဉ်ဆက်မပြတ် ထမ်းဆောင် ခဲ့ကြခြင်း ဖြစ်သည်။
အစစ်အမှန် အာကာသ ခရီးသည် ဆိုသည်ကတော့ ချိပ်ပိတ်ထားသည့် နယ်မြေ အတွင်း မွေးဖွားလားကာ အဆုံးမဲ့ အာကာသ ဆက်သွယ်မှုမှ ကောင်းချီးပေးမှုကို ရရှိနိုင်သည့် ကျင့်ကြံသူကို ခေါ်ဆိုခြင်း ဖြစ်သည်။ မဟာ ပေါင်းစည်းခြင်း အာကာသ ပဲ့တင်သံလှိုင်းကို ရောက်ရှိပြီး နောက်တွင် သူက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ထိန်းချုပ်နိုင်သည့် နည်းလမ်း တစ်ခုကို ကျင့်ကြံလာနိုင်ပေလိမ့်မည်။ ထို့နောက်တွင် သူက အာကာသ ဝေဟင်ဂိုဏ်း၏ ဂိုဏ်းချုပ် တာဝန်ကို ယူဆောင်ကာ ချိပ်ပိတ် နယ်မြေကြီး တစ်ခုလုံး၏ အထွတ်အထိပ် ကာကွယ်သူ ဖြစ်လာလိမ့်မည် ဖြစ်သည်။
အကယ်၍ အဆုံးမဲ့ ဟင်းလင်းပြင် သခင် မရှိပါက ချိပ်ပိတ် နယ်မြေကြီး အတွင်းနှင့် အပြင် သက်ရှိ အားလုံးမှာ ကြယ်တာတရာ ဝါးမြိုသူကြီး၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ ထိုအခါ တစ်လောကလုံး အဆုံးသတ်ကို ရောက်ရှိသွားပေလိမ့်မည်။
ထိုအရာက သူတို့၏ တာဝန် ဖြစ်သည်။ ထိုအရာက သူတို့၏ ရည်ရွယ်ချက် ဖြစ်သည်။ သူတို့၏ ကံကြမ္မာလည်း ဖြစ်ပေသည်။
မိမိ မွေးဖွားရာ လောကနှင့် တစ်ပါးသူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် ထာဝရ စစ်သည်တစ်ယောက် အဖြစ် ခံယူခြင်း... ကိုယ်ကျိုးစွန့်လွှတ်မှုနှင့် အတူ ၎င်းက အလွန်ပင် ဖြောင့်မတ်သော အလုပ်တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် နေရာတွင်ပင် ငြိမ်သက်စွာပင် စဉ်းစား နေမိခဲ့၏။
အစစ်အမှန် ကံကြမ္မာ ခရီးသည်...
ထရီလျံပေါင်း များစွာတည်းတွင် ထူးခြားစွာ မွေးဖွားလာခဲ့သူ တစ်ယောက်...
နောက်ပြီး... တာဝန်၏ အရေးပါမှု၊ ဂုဏ်သိက္ခာ၊ တာဝန်နှင့် ဝတ္တရား...
လောကကြီး၏ လွတ်မြောက်မှုနှင့် လူသန်းပေါင်းများစွာ၏ အသက်များ...
ထိုအခိုက်၌ ဧဒင် ဖြစ်စေ၊ ခရာတို၊ အိုရီနှင့် ဘုရင်တို့ ဖြစ်စေ... အားလုံးမှာ အုံ့မှိုင်းစွာ တိတ်ဆိတ် နေကြလေသည်။
ရဲ့ကျိလင်မှာ ဝေ့ဝူယင်ကို ကြည့်ရင်း လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့် ဝိညာဉ် ကျောက်စိမ်းအား လက်ခံခဲ့သည့် အချိန်ကို ပြန်လည် အမှတ်ရလိုက်မိသည်။ ထိုစဉ်အခါက သူမသည်လည်းပဲ အခြား ရေစက်ကြိုး ပိုင်ရှင်များ ကဲ့သို့ပင် မယုံကြည်နိုင်မှု၊ လက်မခံနိုင်မှုများကို ခံစားခဲ့ရသည်။
သို့သော်လည်း အသားကျရန် အတွက်တော့ အချိန် သိပ်မယူခဲ့ရပါချေ။ သူတို့ အားလုံးမှာ ရေစက်ကြိုး ပိုင်ရှင်များ ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ အတွက် စွမ်းအင် ရင်းမြစ်ကို ထောက်ပံ့ပေးနိုင်သည့် တစ်ခုတည်းသော ဖြစ်တည်မှုမျိုး ဖြစ်သည်။ ချိပ်ပိတ် နယ်မြေကြီး၏ အပြင်ဘက်ရှိ လူများကိုတော့ ရှာဖွေသူများ ဟု ခေါ်ဆိုကြသည်။ ရှာဖွေသူများမှာ ပြင်ပလောကရှိ သူတို့၏ နေအိမ်များကို ကာကွယ်ပေးရန် တည်းဟူသော ကံကြမ္မာ တစ်ခုတည်း အတွက် သူတို့ကို ချိပ်ပိတ်နယ်မြေ အတွင်း ပို့လွှတ်ခဲ့ကြခြင်း ဖြစ်သည်။
ဝေ့ဝူယင်မှာ ဝိညာဉ်ကျောက်စိမ်း အတွင်းရှိ အချက်အလက်များကို နားလည်ရန် အတွက် နောက်တစ်ကြိမ် ထပ်မံ ဖတ်လိုက်၏။ ကြယ်ကွင်းပြင်များ၏ အနီးဆုံး တစ်နေရာတွင်တော့ လူသားနှင့် ကောင်းကင် မျိုးနွယ်များ အုပ်စိုးသည့် နေရာတစ်ခု ရှိနေပေသည်။ သူတို့၏ တာဝန်က ချိပ်ပိတ် နယ်မြေကြီးကို အပြင်ဘက်မှ စောင့်ရှောက်ရန် ဖြစ်သည်။ စစ်မြေပြင်နှင့် ခြားနားစွာပင်... ပြင်ပ လောက၌ မျိုးနွယ် မဟာမိတ် ခွဲခြားမှုများ မရှိပါချေ။
ထို့အပြင်... ဝိညာဉ်ကျောက်စိမ်းထဲ၌ အလွန် အရေးကြီးသည့် အချက် တစ်ချက်လည်း ရှိပေသေးသည်။ ၎င်းကား ချိပ်ပိတ်နယ်မြေများထဲ၌ အဆင့်လွန် ကျင့်ကြံသူကြီး သုံးယောက် တည်ဆောက်ထားသည့် အစီအရင်ကြီး တစ်ခု ရှိသည် ဆိုခြင်းပင်။
ဝိညာဉ်ကျောက်စိမ်း၏ အဆိုအရဆိုလျှင်... ထိုအစီအရင်ကြီးမှာ ချိပ်ပိတ် နယ်မြေများကို ထိုနေရာ၌ မွေးဖွားလာသူများသာ ကျင့်ကြံနိုင်၊ ထုတ်လုပ်နိုင်၊ လည်ပတ်နိုင်အောင် ခွင့်ပြုထားသည်ဟု ဆိုသည်။ အာကာသ ဥပဒေသ လမ်းစဉ်တွင် အလွန်အမင်း ပါရမီ ပါလာသူများကတော့ ၎င်းကို ပြန်လည် ပြင်ဆင်ကာ အလွှာကြားက လောက အတွင်း လှုပ်ရှားနိုင်သည်ဟု ဆိုသည်။
ထို့အပြင် ရဲ့ကျိလင် တွေးနေသည့် “ရှာဖွေသူ” နှင့် “ရေစက်ကြိုး ပိုင်ရှင်” ဆိုသည့် အသုံးအနှုန်း နှစ်ခုကိုလည်း သူ ကောင်းစွာ နားလည် သွားခဲ့ပြီ ဖြစ်သည်။
အဆုံးမဲ့ မြို့တော် အတွင်းရှိ လူများမှာ ရှာဖွေသူများ၏ မျိုးဆက်များ ဖြစ်ပေသည်။ သူတို့မှာ အဇူရာ မူလ ကြယ်စင်စုမှ တာဝန် တစ်ခုနှင့် ရောက်ရှိလာကာ မူလ လောကများကို မပြန်ခင် ဤနေရာတွင် ကျင့်ကြံရန် ရှားပါးသည့် အခွင့်အရေး တစ်ခုကို ရရှိထားသူများ ဖြစ်သည်။ သို့သော်လည်း သူတို့မှာ ချိပ်ပိတ် နယ်မြေ မဟုတ်သည့် အလွှာကြားမှ လောကနှင့် ပြင်ပ လောကတို့တွင်သာ ကျင့်ကြံခြင်း အခြေခံ အပြည့်အဝကို ထုတ်သုံးနိုင်လိမ့်မည် ဖြစ်သည်။
အာကာသ ဝေဟင်ဂိုဏ်း၏ ခေါင်းဆောင် နှစ်ယောက်မှာ ဝေ့ဝူယင်ကို စိတ်ရှည်စွာပင် စောင့်ဆိုင်း နေကြ၏။ အကယ်၍ သေချာကြည့်မည် ဆိုပါက လျူယင်လန်း၏ မျက်ဝန်းများထဲတွင် အပြုံး အငွေ့အသက် တစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ အစစ်အမှန် ကံကြမ္မာ ခရီးသည် တစ်ယောက် ပေါ်ထွက်လာသည်ကို မည်သည့် ဂိုဏ်းချုပ်က မပျော်ရွှင်ပဲ နေပါမည်နည်း။
လျူယင်လန်း၏ အမြင်၌ ဝေ့ဝူယင်မှာ သူ၏ အချုပ်အနှောင်များကို ဖွင့်ပေးနိုင်သည့် သော့ ဖြစ်သည်။ ယနေ့ကို သူမ နှစ်ပေါင်း နှစ်သောင်း တိုင်အောင် စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် မိနစ်ပိုင်း၊ ရက်ပိုင်း ထပ်မံ စောင့်ဆိုင်းရမည် ဆိုလျှင်ပင် သူမ ဆန္ဒ မရှိပါချေ။
ဝေ့ဝူယင် ဝိညာဉ်ကျောက်စိမ်းကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ သူ့ အတွေးနှင့် အာရုံတို့ကိုတော့ နာမည် တစ်ခုတည်းက ကြီးစိုး နေခဲ့လေသည်။
ထန်ဂူ…
၎င်းမှာ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေဟန် ရကာ ထာဝရ ကြယ်တာရာ နယ်မြေ၏ ကြယ်သုံးစင်းကို မစားခင် သူ့ထံ၌ အကူအညီ တောင်းခံခဲ့သည်။ အမှောင် ဟင်းလင်းပြင်ထဲ သည်အတိုင်း လမ်းလျှောက်သွားနိုင်လောက်အောင် အလွန်တရာ ကြီးမားလှသည့် ၎င်း၏ တိုက်တန် သဏ္ဌာန် ခန္ဓာကိုယ်ကြီးကို သူ မှတ်မိနေဆဲ ဖြစ်သည်။
နောက်ပြီး ၎င်း၏ မျက်လုံးကြီးများ…
ဘဝ တစ်လျှောက်လုံး မြင်တွေ့ဖူးသမျှ အရာအားလုံးနှင့် လုံးဝ ကွဲထွက်နေသည့် ထိုမျက်လုံးကြီးများကို ဝေ့ဝူယင် မှတ်မိနေဆဲ ဖြစ်သည်။ ၎င်းတို့မှာ သူအိမ်ငယ် ကင်းမဲ့နေကာ ပင်လယ်ကြီး တစ်စင်းလို အလွန့်အလွန် လှပလွန်းလှသည်။ ထိုအတွင်းတွင်တော့ မရေမတွက်နိုင်သည့် အဆုံးမဲ့ ရောင်စုံ ကြယ်တာရာများ တည်ရှိနေ၏။
ထန်ဂူမှာ ဝေ့ဝူယင် ဘဝ တစ်လျှောက် မြင်တွေ့ဖူးသမျှထဲတွင် အလှပဆုံး သားရဲကြီး ဖြစ်သည်။ ပိုင်လင်၏ လက်ရှိ အသွင် သဏ္ဌာန် ပင်လျှင် သူမနှင့် ယှဉ်ပါက မှေးမှိန်သွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း… အလှအပက အရေးမကြီး။ အမှန်တကယ် အရေးကြီးသည်က ထန်ဂူမှာလည်း ကြယ်တာရာ ဝါးမြိုသူ တစ်ကောင် ဖြစ်နေခြင်း ဖြစ်သည်။
အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ချိပ်ပိတ် ချုပ်နှောင်ခံထားရသည် ဆိုသည့် ကြယ်တာရာ ဝါးမြိုသူမှာ သူမပဲလော။ သူမက ထိုအချုပ်အနှောင်မှ လွတ်မြောက်ရန် သူ့ထံ အကူအညီ တောင်းခဲ့သလော။ သူမက အထီးကျန် နေသလော။ ဝမ်ယုထျန်းကတော့ အခြား ထန်ဂူများလည်း ရှိကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ သူမက သူတို့ထံကို သွားချင်နေသည်လော။
ထန်ဂူအကြောင်း တွေးမိသည်နှင့် တစ်ပြိုင်နက် အလွန်တရာ ခံပြင်း ဒေါသထွက်သည့် အငွေ့အသက်များကို ကြယ်တာရာ ဝိညာဉ်များထံမှ ဝေ့ဝူယင် ခံစားလိုက်ရ၏။ ထိုဒေါသမှာ သူတို့၏ ဝိညာဉ် အနက်ရှိုင်းဆုံး တစ်နေရာမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ စစ်မှန်သော စိတ်သဘောထားကို ရောင်ပြန်ဟပ် နေပေသည်။ အဆုံးမဲ့ ကြယ်တာရာများနှင့် ပြည့်နှက်နေသည့် အလွန်လှပသော မျက်လုံးဝိုင်းကြီးများကို သူတို့ အမှတ်ရနေဆဲ ဖြစ်သည်။
“ဝေ့ဝူယင်... ရှင် ဘယ်လို ခံစားနေရမလဲ ဆိုတာ ကျွန်မ နားလည်ပါတယ်”
ရဲ့ကျိလင်က ဝေ့ဝူယင် အနား ချဉ်းကပ်လာကာ ပခုံးကို ညင်သာစွာ ထိလိုက်၏။ သူမ၏ မျက်ဝန်းများက နှစ်သိမ့်ခြင်း နွေးထွေးခြင်းများနှင့် ပြည့်နှက်နေသည်။
“ဒါက ကောင်းကင်က ချမှတ်လိုက်တဲ့ အခွင့်အရေး တစ်ခုပဲလေ... ဒီရာထူးက ရှင့်ကို လောကရဲ့ အထွတ်အထိပ် အထိ ရောက်အောင် မြှင့်တင်ပေးနိုင်တယ်... နောက်ပြီး ရှင်က တစ်လောကလုံးရဲ့ ကယ်တင်ရှင် ဖြစ်လာလိမ့်မယ်... အဲဒါက အံ့အားသင့်စရာ ကောင်းမှာ သေချာပါတယ်”
ဝေ့ဝူယင် မိန်းကလေးကို ကြည့်ကာ ပြုံးပြလိုက်၏။ သူမ၏ ကောင်းမွန်သော စိတ်သဘောထား အတွက် စိတ်ထဲမှ ကျေးဇူးတင်လိုက်မိသည်။
ထို့နောက်... သူ ဝိညာဉ် ကျောက်စိမ်းကို လျူယင်လန်းထံ ပြန်လည် ပစ်ပေးလိုက်၏။ သူမက ဖမ်းယူလိုက်ကာ ဝေ့ဝူယင်ကို ငြိမ်သက်စွာပင် စိုက်ကြည့်နေလိုက်သည်။ သူမမှာ ခါတိုင်းထက် အဆပေါင်းများစွာ ပိုမိုကာ စိတ်ရှည်နေခဲ့၏။
“ဆိုတော့ ကျုပ်က အစစ်အမှန် ကံကြမ္မာ ခရီးသည်ပေါ့... ဟုတ်လား...”
နောက်ဆုံး၌ ဝေ့ဝူယင်က စတင်ကာ စကားပြောလိုက်၏။ လျူယင်လန်းက ညင်သာစွာပင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်...”
“ဆိုတော့ကာ... ကျုပ် မဟာ ပေါင်းစည်းခြင်း ပဲ့တင်သံလှိုင်းကို ရနိုင်ခဲ့ရင် အာကာသ ဝေဟင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာနိုင်တယ်ပေါ့ ဟုတ်လား...”
ဝေ့ဝူယင် ထပ်မံ၍ မေးလိုက်၏။ လျူယင်လန်းက နောက်တစ်ကြိမ် ညင်သာစွာ ခေါင်းညိတ်လိုက်ပြန်သည်။
“ဟုတ်ပါတယ်...”
သူမ၏ နှုတ်ခမ်းထက်၌ တောက်ပသည့် အပြုံးတစ်ခု မွေးဖွားလာခဲ့ကာ ဆက်လက်၍ ပြောလိုက်လေသည်။
“ဒါပေမဲ့ အာကာသ ပဲ့တင်သံဂိုဏ်းချုပ် ဖြစ်ဖို့ အတွက် ဆိုရင် မဟာ ပေါင်းစည်းခြင်း အာကာသ ပဲ့တင်သံလှိုင်းထက် ပိုတဲ့ အရာ တစ်ချို့ ရှိတယ်...”
“ပထမ တစ်ခုက အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ဝိညာဉ်သဏ္ဌာန်ရဲ့ လက်ခံမှုကို ရရှိဖို့ပဲ... ဒါ့အပြင် အာဏာရှင် အင်ပါယာ သုံးယောက် စေလွှတ်ထားတဲ့ တမန်တော်တွေဆီက ထောက်ခံမှုကို ရဖို့လည်း လိုအပ်တယ်...”
“အဲဒီ ထောက်ခံမှု နှစ်ခုကို ရပြီးရင်တောင် စစ်ဆေးမှု တစ်ချို့ကို ကျော်ဖြတ်စရာ ရှိသေးတယ်... လျှို့ဝှက် ကျိန်စာတွေပါ အပါအဝင်ပေါ့လေ... အဲဒီ ဖြစ်စဉ်တွေပြီးတဲ့ နောက်မှ အဆုံးမဲ့ ဟင်းလင်းပြင်ရဲ့ တည်ငြိမ်မှုနဲ့ နင့်ရဲ့ အသက်ကို ချိတ်ဆက်ထားတဲ့ ဝိညာဉ် ရတနာ တစ်ခု လက်ခံ ရရှိလိမ့်မယ်”
“အဲဒီနောက်မှ အာကာသ ဝေဟင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် အနေနဲ့ တစ်လောကလုံးကို ကာကွယ်နိုင်လိမ့်မယ်”
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လျူရီလန်း၏ အပြာရောင် မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်လေသည်။
“ဒါဆိုရင် ကျုပ်ကိုပြပါ...”
***