← Chapters

ဝမ်းမြောက်ကြလော့

Vol. 10 Ch. 40

ဝမ်းမြောက်ကြလော့

Vol. 10 Ch. 40

“နားလည်ပြီ။ ဒါက ဒီလိုပေါ့။” နည်းလမ်းကို နားလည်သွားပြီးတဲ့နောက်မှာတော့ မက်ဒါနာက ပြုံးလိုက်တယ်။ နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ သူဟာ အဖြူရောင်မြူတွေနဲ့ ပြည့်နှက်နေတဲ့နေရာမှာ မရှိတော့သလို ကြယ်မဲ့ကောင်းကင်ကြီးအောက်မှာလည်း မဟုတ်တော့ပါဘူး။ အဲဒီအစား နက်ဆင်သင်္ဘောပျံကြီးရဲ့သတ္တုရောင်မျက်နှာကျက်ကို မြင်နေရပါတယ်။

“ဘယ်လောက်တောင် ကြာသွားပြီလဲ။” မက်ဒါနာက ဖုန်းနာရီကို ငုံကြည့်လိုက်တယ်။ ၁၂.၉.၂၀၄၅ လို့ နာရီကပြနေပြီး သူသတိမေ့နေခဲ့တာ တစ်ပတ်ရှိပြီမှန်း သတိထားမိလိုက်တယ်။ ဟိုသားရဲသုံးကောင်က သူ့အတွက် အချိန်ဆွဲပေးထားတယ်ဆိုတာ တကယ်ဖြစ်တဲ့ပုံပဲ။

“အချိန်မရှိတော့ဘူးဆိုတော့ အလုပ်စကြတော့မလား။”

မက်ဒါနာက အိပ်ရာပေါ်ကနေ လှဲနေရာကနေ ထလိုက်ပါတယ်။ အခုဆိုရင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက အားနည်းနေပြီဖြစ်ပြီးတော့ အိပ်ရာပေါ်ကထဖို့ကိုတောင် မနည်းကြိုးစားရတယ်။ ဒါပေမဲ့ ဒီပင်ပန်းနွမ်းနယ်မှုတွေက တစ်ခဏဆိုတာ သူသိပါတယ်။

အခန်းပတ်ပတ်လည်က နည်းပညာပစ္စည်းတွေကို တစ်ချက်ကြည့်ပြီးတဲ့နောက်မှာတော့ မက်ဒါနာက ပြုံးလိုက်ပြီး ဂိမ်းဆော့တဲ့ VR headsetတစ်ခုကို ခေါင်းမှာစောင်းလိုက်ပါတယ်။

“လိုအပ်တဲ့ပစ္စည်းတွေအားလုံးစုံပြီ။ ကျန်တာက အလုပ်စဖို့ပဲ။”

သူက ဂိမ်းခေါင်းစွပ်ကို လက်နဲ့ထိလိုက်တယ်။ ငွေရောင် အလင်းတစ်ချက် ခေါင်းစွပ်ကနေထိလာပြီးနောက်မှာ သူ့ခန္ဓာကိုယ်က နှလုံးခုန်သံရပ်တန့်သွားပြီး ပုံလျက်သား လဲကျသွားတော့တယ်။

...

“ဒါက သေဆုံးပြီးကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရတဲ့ ခံစားချက်လား။”

မက်ဒါနာက လုံခြုံရေးကင်မရာတွေကနေတစ်ဆင့် သူ့ခန္ဓာကိုယ်ကိုသူ ပြန်ကြည့်ပြီးပြောလိုက်တယ်။ နှလုံးရပ်သွားပြီးနောက် သူ့ကို ဆေးပညာအရသေဆုံးပြီလို့ သတ်မှတ်လို့ရသွားပြီ။ ဒါပေမဲ့ အခုမက်ဒါနာအတွက် ခန္ဓာကိုယ်သေဆုံးခြင်းက နောက်တစ်ဖန်ရှင်သန်ဖို့အတွက် လမ်းစတစ်ခုပါ။

“နည်းပညာအရ ငါ့ဝိညာဥ်ကိုခန္ဓာကိုယ်နဲ့ခွဲထုတ်ရမယ်။ ပြီးရင် ငါ့ရဲ့ဝိညာဥ်နဲ့မှတ်ဉာဏ်တွေ ပျောက်ကွယ်မသွားခင် အားလုံးကို ကမ္ဘာ့ကွန်ပျူတာဆာဗာတွေထဲမှာ သိမ်းထားရမယ်။ တစ်နည်းအားဖြင့်က ငါက Digital Immortality ကိုပထမဆုံးရအောင်လုပ်ရမှာ။”

မက်ဒါနာက သူ့ကိုယ်သူပြန်ငုံကြည့်လိုက်တယ်။ အခုသူက လေထုထဲမှာလွင့်မျောနေပြီး ထွင်းဖောက်မြင်ရတဲ့ ဝိညာဥ်တစ်ကောင်အဖြစ် တည်ရှိနေတယ်။ ပြီးတော့ အဲဒီဝိညာဥ်က မှီတွယ်ရာမဲ့နေတဲ့အတွက် တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်လာနေတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က VR Headsetနဲ့ အင်တာနက်ကိုချိတ်ထားပြီး သူ့ရဲ့မှတ်ဉာဏ်တွေကို အင်တာနက်ထဲမှာသိမ်းဆည်းနေပါတယ်။

“ငါက နတ်ဘုရားအသံတစ်ယောက်မဟုတ်လို့ ဝိညာဥ်စွမ်းအင်အသုံးချနည်းကို သင်နိုင်ခဲ့ရင်တောင်မှ နတ်ဘုရားအသံတွေလို ဝိညာဥ်ပုံစံနဲ့ထာဝရမနေနိုင်ဘူး။ လောလောဆယ်တော့ အင်တာနက်ကိုဝင်ပူးရမယ်။ ပြီးမှ အဲဒီကနေတစ်ဆင့် ခန္ဓာကိုယ်အသစ်ကို ဝင်ပူးမယ်။”

အဲဒီနောက်တော့ မက်ဒါနာရဲ့ဝိညာဥ်က VR Headset ထဲကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။

...

အမှောင်လောကတစ်နေရာ။ အမှောင်လောကနည်းပညာနက်ဝေါ့ဘုရင်မတစ်ပါးဖြစ်တဲ့ Cybercrowက ဖရီးမေးဆင်တွေအလုပ်အပ်ထားတဲ့ ကိစ္စတစ်ခုကို လျှို့ဝှက်လုပ်ဆောင်နေပါတယ်။ သူ့ယူထားရတဲ့ တာဝန်က ဘရာဇီးအစိုးရထဲမှာခိုကပ်နေတဲ့ ပိုးကောင်သူလျှိုတွေကို ဖမ်းဆီးဖို့ပါ။ သူက ဒေတာပမာဏများစွာကို တစ်ပြိုင်နက်တည်း စီစစ်ပြီးဖြေရှင်းဖို့ကြိုးစားနေတာ။

ဖျောက်....

“ဖာ့ခ်... ဘာဖြစ်တာလဲ။ အလိုလျောက် Window Update ထတင်တာတော့မဟုတ်ပါဘူးနော်။”

ရုတ်တရက်ကြီး သူ့ကွန်ပျူတာက အနက်ရောင်မျက်နှာပြင်ပြောင်းသွားပြီး စာတန်းတချို့ပေါ်လာတဲ့အတွက် Cybercrow တစ်ယောက် သတ်သေချင်သွားတယ်။ အခုသူ့အလုပ်ကို အစက ပြန်လုပ်ရတော့မယ်။

“ဒါပေမဲ့ ပေါ်လာတဲ့စာတွေက Window Update လည်း မဟုတ်ပါလား။”

Cybercrowက စာတွေကိုဖတ်ကြည့်ပြီး နားမလည်နိုင်ဖြစ်သွားတယ်။ အနက်ရောင်မျက်နှာပြင်ပေါ်မှာ အပြာရောင်စာတန်းတွေပြေးနေပြီး စာလုံးတွေအားလုံးက တူညီတဲ့ စကားလုံးတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါပြနေတာပါ။

[Rejoice; Rejoice; Rejoice;]

“ဝမ်းမြောက်လော့ဆိုပါလား။ ချီးထဲမှ... ဘာကိုဝမ်းမြောက်ရမှာလဲဟ။ ငါ့အလုပ်ကို လာအနှောင့်အယှက်ပေးနေတာ ဘယ်ကောင်လဲ။”

Cybercrow တစ်ယောက် သူ့ကွန်ပျူတာကို တခြားတစ်ယောက်ယောက် ဝင်ဟက်သွားတယ်ထင်ပြီးတော့ ကုဒ်ပေါင်းများစွာကို တစ်ခါတည်းရိုက်သွင်းပြီး ပြန်ဆယ်ဖို့ကြိုးစားတယ်။. ဒါပေမဲ့ သူဘယ်နှစ်ကြိမ်ကြိုးစားကြိုးစား ရလဒ်ကတော့ အတူတူပါပဲ။

...

အရှေ့ဘက်ကမ်းရိုးတန်းမှာတော့ ပိုးကောင်တပ်ဖွဲ့တွေနဲ့ လူသားတပ်ဖွဲ့တွေ အပြင်းအထန်တိုက်ခိုက်နေကြတယ်။ ပိုးကောင်တပ်ဖွဲ့ကို ဦးဆောင်လာသူက ထင်မထားတဲ့ ဥစာကီကိုယ်တိုင်ဖြစ်ပြီး စစ်တပ်အကြီးအကဲဖြစ်တဲ့ ယင်ကောင်ကတော့ သူ့အနားမှာရှိနေကာ နောက်မှာရပ်နေတယ်။ ဘာရွန်နဲ့မတူတာက ယင်ကောင်ဟာ ရိုသေကျိုးနွံပုံရပြီး အကြံတွေကို ပေးရုံသာပေးပါတယ်။

“ယင်ကောင်၊ နင်ပြောတာမှန်တယ်။ ငွေရောင်စစ်သည် တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်။ ခါတိုင်းခုလိုတိုက်ပွဲမျိုးဖြစ်ရင် သူအပြေးရောက်လာနေကျ။”

ဥစာကီက တိုက်ပွဲရဲ့အခြေအနေကို ကြည့်လိုက်တယ်။ ပိုးကောင်ဗိုလ်ချုပ်တွေအားလုံး စစ်ပွဲထဲမှာရောက်နေပြီး မစ်ရှင်အဖွဲ့က ရုန်းကန်နေရတယ်။

“ပိုးဖလံက တော်တော်တိုးတက်လာတာပဲ။ ဆာဂီဖစ် တိုက်ပွဲကျတယ်ကြားပြီး ရက်ပိုင်းအတွင်းမှာပဲ ဆင့်ကဲပြောင်းလဲသွားတာ။ အခုဆိုရင် ဘာရွန်ကို ယှဥ်တိုက်ဖူးတဲ့ ဖရက်ကိုတောင် ယှဥ်ချရဲနေပြီ။”

အဝေးတစ်နေရာမှာတော့ ပိုးဖလံက ဖရက်ကို တစ်ဦးချင်း စိန်ခေါ်တိုက်ခိုက်နေတယ်။ ပိုးဖလံက အခု သူနဲ့ခပ်ပွပွဖြစ်နေတဲ့ ဂျာကင်ကို ဝတ်ဆင်ထားပြီးတော့ ရပ်ပါတစ်ယောက်လိုမျိုး ဦးထုပ်ကိုနောက်ပြန်စောင်းထားတယ်။ သူ့ရဲ့တိုက်ကွက်တိုင်းမှာ အကတွေပါဝင်နေပြီးတော့ ခန့်မှန်းရခက်ခဲပါတယ်။

“မင်းသမီးလေးမရှိတာနဲ့ဘဲ လုပ်ချင်တိုင်းလုပ်လို့ရမယ်မထင်နဲ့။”

ဖရက်ကတော့ မိုးကြိုးလေးကိုကိုင်ပြီး ပိုးဖလံကို အနားကပ်မခံဘဲ ​မိုးကြိုးမြားတွေနဲ့ဆက်တိုက်ပစ်ခတ်နေပေမဲ့ ပိုးဖလံက သာသာလေးရှောင်နိုင်နေတယ်။ ပြီးတော့ တစ်ချက်တစ်ချက် တန်ပြန်တိုက်တိုင်းမှာ ဖရက်ဒဏ်ရာရသွားပြီး ပခုံးတစ်ခုလုံး ညိုမည်းစွဲနေပါပြီ။

“ရို့ဘရားသား... မင်းငါ့ကို အရှုံးပေးသင့်နေပြီ။ မင်းနံရိုးသုံးချောင်းကျိုးထားတယ်။ ညာပခုံးညှပ်ရိုးလည်း အခြေအနေမကောင်းတော့ဘူး။”

ပိုးဖလံက ဖရက်ကို ရန်စတဲ့အနေနဲ့ပြောလိုက်တယ်။ ဒါပေမဲ့ အဲဒါက ဖရက်ကိုဆွလိုက်သလိုဖြစ်သွားပြီး ဖရက်က ပြင်းပြင်းထန်ထန်ပိုတိုက်ပါတော့တယ်။

“မမလေးကို ကာကွယ်မယ့်လူဖြစ်တဲ့ငါက မင်းလိုလူလက်ထဲမှာ လွယ်လွယ်အရှုံးမပေးနိုင်ဘူး။”

ဖရက်က လေးကိုဓားပြောင်းလိုက်တယ်။ မိုးကောင်ကင်မှာ တိမ်တိုက်တွေစုဝေးလာပြီး မိုးကြိုးဓားအစင်းများစွာက တိမ်တိုက်တွေထဲကနေ ထွက်ပေါ်လာတယ်။ ဖရက်ကတော့ မိုးကြိုးဓားတွေရဲ့အလယ်မှာ ဓားဘုရင်တစ်ပါးလို ရပ်နေပြီးတော့ ပိုးဖလံကို ခပ်တည်တည်နဲ့ကြည့်လိုက်တယ်။ ပိုးဖလံကလည်း သဘောကျသွားပြီး ပိုးကောင်တစ်ဝက်ပုံစံပြောင်းလိုက်တယ်။

“ကြိုက်ပြီလေ... အိုးရပ်စ် ဒါမှတကယ့်ပြိုင်ဘက်လို့ ပြောလို့ရမှာ။” ပိုးဖလံက သူ့ရဲ့ဧရာမတောင်ပံကြီးကို ဖြန့်လိုက်တယ်။ တောင်ပံခတ်သံတစ်ချက်တည်းနဲ့တင် အနီးအနားက သစ်တောထဲမှာရှိသမျှ သစ်ပင်ငယ်အကုန်လုံး အမြစ်ကနေ ဆွဲလှန်ခံလိုက်ရတယ်။ ပိုးဖလံက အရင်ထက် ပိုအစွမ်းထက်လာတာတော့အမှန်ပဲ။

...

သစ်ကိုင်းကောင်ကတော့ မြို့ငယ်တစ်မြို့နားမှာတိုက်ခိုက်နေတာဖြစ်ပြီး ဖရာလီတာက သစ်ကိုင်းကောင်ကို မြို့ထဲဝင်မလာနိုင်အောင် တားဆီးနေပါတယ်။ များစွာသော ဒုံးကျည်တွေ၊ စက်သေနတ်ကျည်တွေနဲ့ အလင်းဒြပ်စင်တန်းတွေက သစ်ကိုင်းကောင်ကို ထိမှန်နေပေမဲ့ သစ်ကိုင်းကောင်ကတော့ ရှေ့တက်နေဆဲပါ။

“အလကားပဲ၊ မင်းရဲ့လက်နက်တွေက ငါ့ကိုသေအောင် မလုပ်နိုင်ဘူး။” သစ်ကိုင်းကောင်က မာနအပြည့်နဲ့ပြောလိုက်တယ်။ Archmegaကတော့ ခေါင်းခါလိုက်ပြီး

“တကယ်တော့ မသုံးရသေးတဲ့ တစ်ကွက်ရှိသေးတယ်။”

ဝတ်စုံထဲမှာရှိနေတဲ့ ဖရာလီတာက ပြုံးလိုက်တယ်။ ဝတ်စုံရဲ့ရင်ဘတ်က အဝါရောင်နဲ့အဖြူရောင်စပ်ထားတဲ့ အလင်းရောင်တစ်ချက်ထွက်လာပြီး ရွှေဖြူရောင်အလင်းတန်းက သစ်ကိုင်းပိုးကောင်ရဲ့ရင်ဘတ်တည့်တည့်ကို ပြေးဝင်ထိမှန်သွားတယ်။

ဘုန်း... ဘုန်း... ဝုန်း....

မီတာသုံးရာလောက်ရှိတဲ့ သစ်ကိုင်းပိုးကောင်ကြီးက လူနှစ်ရပ်စာလောက်သာမြင့်တဲ့ Archmegaရဲ့ဒြပ်စင် အမြောက်ကြောင့် တော်တော်ဝေးဝေးအထိလွင့်သွားပြီး တောင်ကြီးတစ်တောင်နဲ့ဝင်ဆောင့်မိပါတယ်။

“မလောက်လေးမလောက်စားလေးကများ။” အလင်းတန်းက အားကောင်းပေမဲ့ သေအောင်တော့ မသတ်နိုင်ခဲ့ဘဲ ပိုးကောင်က ချက်ချင်းလူးလဲထပြီး Archmegaဆီ ပြေးဝင်လာပြန်တယ်။ ဒါပေမဲ့ သူ့ရင်ဘတ်မှာတော့ ခြောက်လက်မလောက်နက်တဲ့ ဒဏ်ရာအဝိုင်းကြီးတစ်ခုရှိလို့နေလေရဲ့။

...

“ပိုးစုန်းကြူးဗိုလ်ချုပ်က တော်တော်တားဆီးရခက်တဲ့ကောင်ပဲ။ နာကျင်မှုကို သူမသိဘူး။ ဘယ်လောက်နာအောင်လုပ်လုပ် သူက ဆက်တက်နေမှာပဲ။ တစ်ခါတည်း အသေသတ်နိုင်မယ့် နည်းလမ်းကို စဥ်းစားမှရမယ်။”

မြစ်ကမ်းနံဘေးမှာတော့ ဆိုဖီယာနဲ့ဖရန့်က ပိုးစုန်းကြူးကို တားဆီးနေရတယ်။ ပိုးစုန်းကြူးက မီတာလေးဆယ်လောက်သာမြင့်ပြီး တခြားပိုးကောင်ဗိုလ်ချုပ်တွေရဲ့အစစ်အမှန်ပုံစံထက် ပိုသေးတယ်ဆိုပေမဲ့ အမြီးပိုင်းက အင်မတန်အန္တရာယ်များပါတယ်။ အမြီးကအမြောက်က မစ်ရှင်အဖွဲ့ဝင်တွေကို တစ်ချက်တည်းနဲ့မသေရင်တောင် လှုပ်မရလောက်တဲ့အထိ ဖျက်ဆီးနိုင်တဲ့ပမာဏရှိတယ်။ ပြီးတော့ အခုအဲဒီအမြီးပိုင်းက အလင်းရောင်တောက်လာနေပြီ။

ဖရန့်က လိပ်နက်ပုံအပြည့်ပြောင်းလိုက်ပြီး သူ့ရဲ့အမြီးသုံးခွနဲ့ ပိုးစုန်းကြူးကို ချုပ်နှောင်လိုက်ပါတယ်။

“ဆိုဖီယာ၊ ဒီကောင်ကို ငါတို့တတ်နိုင်သမျှချုပ်ထားမယ်။ အဲဒီအမြောက်က စပြီးတာနဲ့ရပ်လို့မရဘူး။ အမြောက်ရဲ့အလင်းတန်းသာ သူ့တင်ပါးကနေ မထွက်နိုင်ရင် တင်ပါးတစ်ခုလုံး ထပေါက်ကွဲသွားလိမ့်မယ်။ ဒီနည်းနဲ့ သတ်လို့ရရင် ရလိမ့်မယ်။”

“ကောင်းပြီလေ။” ဆိုဖီယာကလည်း ခေါင်းညိတ်လိုက်ပြီးတော့ လက်ကိုဝေ့ယမ်းလိုက်တယ်။ မြေပြင်က ကျောက်တုံးတွေက လေပေါ်မြင့်တက်လာပြီး ပိုးစုန်းကြူးရဲ့နောက်မြီးပိုင်းကို အလွှာတစ်ခုအသွင် ဖုံးအုပ်သွားတယ်။ လိပ်နက်ကလည်း ပိုအားဖြည့်တဲ့အနေနဲ့ အပေါ်ကနေ ရေခဲနဲ့မှုတ်ပေးလိုက်တယ်။ ဒါကြောင့် စက္ကန့်ပိုင်းအတွင်းမှာပဲ ပိုးစုန်းကြူးက အေးခဲပြီးသားဖြစ်သွားတယ်။

...

“အရှင့်သားကတော့ အခြေအနေမကောင်းဘူးပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက်က အရှင့်သားကို သတ်နိုင်တဲ့အထိ မသန်မာကြသေးဘူး။ ချုပ်ပြီး အမြီးကိုဖောက်ခွဲရုံလောက်က အရှင့်သားကို ဒေါသထွက်စေတာလောက်ပဲရှိမှာ။”

ယင်ကောင်က ပိုးစုန်းကြူးရဲ့တိုက်ပွဲကို ကြည့်ရင်းပြောပါတယ်။ ဥစာကီရဲ့သွေးသားဖြစ်တဲ့ ပိုးစုန်းကြူးက ဘယ်တော့မှ ဉာဏ်ရည်မီလာမှာမဟုတ်ပေမဲ့ အနည်းဆုံးတော့ သူ့ကိုယ်သူကြီးလို့ရသေးတယ်။ တခြားကောင်တွေလောက် မကြီးတာလေးတစ်ခုပဲ။ ပြီးတော့ သူ့ရဲ့အဖျက်စွမ်းအားက သိပ်ကြီးတယ်။ အင်ပါယာရဲ့အမြောက်ယူနစ်တစ်ခုလုံးကို အဲဒီမျိုးစိတ်နဲ့ပဲ ဖွဲ့စည်းထားတာလေ။

“ဒါနဲ့၊ ငါတို့ရဲ့အသစ်လေးတစ်ယောက်ကိုရော ဘယ်လိုထင်လဲ။”

ဘုရင်မဥစာကီက အဝေးကိုလက်ညိုးထိုးပြလိုက်တယ်။ မရင်းနှီးတဲ့ ပိုးကောင်ဗိုလ်ချုပ်တစ်ကောင်က အဲဒီမှာတိုက်ခိုက်နေတယ်။ ပိုးကောင်တစ်ဝက်ပုံစံ ပြောင်းထားပြီးသားဖြစ်ပြီးတော့ သူ့နဖူးမှာ စစ်ပွဲသုံးပုဆိန်သဏ္ဍာန် ချိုကြီးရှိနေတယ်။ လက်နှစ်ဖက်ကလည်း ဓားမော့ကြီးတွေလိုခပ်ကောက်ကောက်ဖြစ်ပြီး ထက်ရှတဲ့အသွားတွေရှိတာကြောင့် ဓားမော့နှစ်လက်ကို အသုံးပြုသလို ဝေ့ယမ်းတိုက်ခိုက်နေပါတယ်။ သူ့ရဲ့ပြိုင်ဘက်နှစ်ယောက်က မစ်ရှင်အဖွဲ့ရဲ့အားနည်းလှတဲ့ လင်ဒါနဲ့ဖလေရာပါ။

“နောက်ချေးပိုးထိုး စကော့လား၊ သူ့ခံစစ်နဲ့တိုက်စစ်စွမ်းရည်က တကယ်မျှတယ်။ ပြိုင်ဘက်တွေကလည်း အားနည်းတယ်ဆိုပေမဲ့ သူတို့မှာ ဝှက်ဖဲတစ်ခုခုရှိနေသလိုပဲ။” ယင်ကောင်က သုံးသပ်လိုက်ပါတယ်။

....

လင်ဒါနဲ့ဖလေရာက တိုက်ခိုက်နေရာကနေပြီး နောက်ကို ပြိုင်တူပြန်ဆုတ်လိုက်တယ်။ နှစ်ယောက်လုံးရဲ့ဝတ်စုံတွေမှာ ပွန်းပဲ့ရာတွေအပြည့်ရှိနေပြီး မောဟိုက်စွာ အသက်ရှုနေကြတယ်။

“တကယ့်ကို ခက်ခဲတဲ့ပြိုင်ဘက်ပဲ။ ငါတို့က သူ့ထက်ပိုပြီး အတွေ့အကြုံရှိတာတောင်မှ သူ့တိုက်စစ်ခံစစ်နှစ်ခုလုံးက အားနည်းချက်မရှိဘူး။”

ပလာဒင်ဝတ်စုံထဲက ဖလေရာက ပြိုင်ဘက်ကိုသုံးသပ်တယ်။ Sheriff ဝတ်စုံထဲက လင်ဒါကလည်း ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ဖလေရာကို ထောက်ပြပေးလိုက်တယ်။

“စကော့ ကိုဝါးစကီးက ဒဏ်ရာကြောင့် အနားယူလိုက်ရတဲ့ ဘေ့စ်ဘောကစားသမားပဲ။ ဒါကြောင့် သူက ငါတို့တိုက်ကွက်တွေကို ပိတ်ဆို့တဲ့နေရာမှာ သိပ်တော်နေတာ။ ဒီနေရာမှာ အတွေ့အကြုံထက် ငါတို့ရဲ့စွမ်းအားက ပိုစကားပြောတယ်။”

ဖလေရာကလည်း ဖြစ်နိုင်တယ်လို့တွေးလိုက်ပြီး ခေါင်းညိတ်တယ်။ အဲဒီနောက် သူ့ဝတ်စုံခါးမှာချိတ်ထားတဲ့ ရွှေရောင်ခေါက်ဖုန်းလေးကို ထုတ်လိုက်တယ်။

“ဒီတော့လည်း ဘယ်တတ်နိုင်မလဲ။ ငါတို့ရဲ့စမ်းသပ်မှုရလဒ်အသစ်ကို ထုတ်သုံးရတာပေါ့။”

“အင်း...” လင်ဒါကလည်း ခေါင်းညိတ်လိုက်ပြီးတော့ သူ့ဝတ်စုံခါးမှာချိတ်ထားတဲ့ အပြာနဲ့အဖြူခေါက်ဖုန်းကို ဖြုတ်ယူလိုက်တယ်။ အဲဒီနောက် သူတို့က မတူညီတဲ့ လျှို့ဝှက်နံပါတ်တစ်ခုစီကို ထည့်သွင်းလိုက်ကြတယ်။

[Booster Form: Great Lion]

[Booster Form: S.W.A.T Vehicle]

ရုတ်တရက်ဆိုသလိုပဲ ကိုယ်ဖျောက်ပြီးရပ်ထားတဲ့ နယ်ဆင်သင်္ဘောပျံကြီးက ကောင်းကင်မှာပေါ်ထွက်လာတယ်။ အဲဒီနောက် ပျံသန်းနိုင်တဲ့ ဒရုန်းဂျက်သေတ္တာနှစ်လုံးက ယာဥ်ပျံထဲကနေ ထွက်လာပြီးတော့ သူတို့ရဲ့သက်ဆိုင်ရာပိုင်ရှင်တွေနဲ့ သွားရောက်ပူးပေါင်းတယ်။

ဖလေရာရဲ့ပလာဒင်ဝတ်စုံကို ရွှေရောင်သေတ္တာက လာပေါင်းစပ်ပြီး ပလာဒင်ရဲ့ဝတ်စုံပေါ်မှာ ထူထဲလှတဲ့ ရွှေရောင်ချပ်ဝတ်တန်ဆာအထူကြီးကို လာရောက်တပ်ဆင်ပေးတယ်။ ရင်ဘတ်မှာတော့ ခြင်္သေ့ကြီးတစ်ကောင် မာန်ဖီနေတဲ့ ရုပ်ထုကြီးက အထင်အရှား။

လင်ဒါရဲ့Sheriffကိုတော့ အဖြူနဲ့အပြာသေတ္တာက လာပေါင်းစပ်တယ်။ သေတ္တာမှာ ဘီးလေးဘီးပါပြီး သံချပ်ကာတွေလည်းပါပေမဲ့ သိပ်မလေးပါဘူး။ အဲဒီအစား ဘီးတွေက Sheriffရဲ့ခြေထောက်မှာ စကိတ်ဘီးတွေလိုမျိုး တပ်ဆင်ပြီးဖြစ်သွားတာကြောင့် ရွေ့လျားနိုင်စွမ်းတောင် ပိုမြင့်လာသေးတယ်။

“လင်ဒါ၊ နင်က Sheriffနဲ့ သူ့ကိုဘေးပတ်ပတ်လည်ကနေတိုက်။ ငါက သူ့ကို နေရာကနေမရွေ့အောင် တားဆီးပေးထားမယ်။”

“ကောင်းပြီလေ။”

...

သစ်ကိုင်းကောင်ကို တိုက်ခိုက်နေတဲ့ ဖရာလီတာကတော့ ပလာဒင်နဲ့Sheriffတို့နှစ်ယောက် အယ်ဖာတစ်ယောက်ကို ပေါင်းပြီးတားဆီးနိုင်နေတာတွေ့တော့ ပြုံးလိုက်ပါတယ်။

“နင်တို့က အဲဒါကို နင်တို့ငွေကုန်ခံစမ်းပြီး အောင်မြင်ထားတာလို့ ထင်နေတာလား။ ဟောဒီက ငါသာလျှို့ဝှက်ပြီးမကူညီခဲ့ရင် ခုလိုသုံးလို့ရမှာမဟုတ်ပါဘူးနော်။”

ဖရာလီတာက စိတ်ကြီးဝင်နေဟန်နဲ့ နှာမှုတ်လိုက်ပြီးမှ သစ်ကိုင်းပိုးကောင်ကို ဆက်တိုက်တယ်။ တကယ်တော့ မက်တယ်ပလာဒင်ကုမ္ပဏီက မက်ဒါနာရဲ့Cerberus Armour လိုဟာမျိုးကို စမ်းသပ်ဖို့ကြိုးစားနေမှန်း ဖရာလီတာသိပြီးသား။ ပြိုင်ဘက်တွေမလို့ အစက မကူညီဖို့စဥ်းစားထားပေမဲ့ တအားတွေကြိုးစားပြီး ကျရှုံးနေတာနဲ့ သနားလာပြီး ဖရာလီတာက ပလာဒင်အင်ဂျင်နီယာချုပ်ကို နည်းနည်းပါးပါးသင်ပေးလိုက်တာ။

...

“နင်က ငါ့ရှေ့ကနေ တစ်ကြိမ်ပြီးတစ်ကြိမ်လွတ်နေတာ တော်တော်အမြင်ကပ်ဖို့ကောင်းလာပြီ။ မိန်းမပျက်မ။ ဒီနေ့တော့ သခင်မလေးရဲ့အကျိုးကိုမျှော်ကိုးပြီး နင့်ကို ဖျက်ဆီးပစ်ရလိမ့်မယ်။”

အေမီက လေထုထဲမှာ အရှိန်အဟုန်မြင့်မြင့်နဲ့ပျံသန်းနေပြီး ပျစားပိုးအိုလီကို လိုက်တိုက်နေတယ်။ အိုလီက ဒဏ်ရာအများအပြားရထားပြီး အေမီရဲ့ပြိုင်ဘက်မဟုတ်တာ သေချာပါတယ်။ ဒါပေမဲ့ အေမီရဲ့အနူးဘစ်ဝတ်စုံမှာ အရည်ပျော်နေတဲ့ အပိုင်းတချို့ရှိနေပြီး အိုလီရဲ့အက်စစ်ကြောင့်ပါ။

ဗျစ်... ဗျစ်...

“ငါ့အက်စစ်ကြောင့် နင့်တစ်ကိုယ်လုံးအရည်မပျော်ခင်တော့ လေကြီးထားဦးပေါ့ အရုပ်မရဲ့။ အူးဟူးဟူးဟူး...”

အိုလီကလည်း အက်စစ်တွေနဲ့အေမီကို ပြန်ထွေးရင်းနဲ့ ခွန်းတုံ့ပြန်တယ်။ အေမီကတော့ ဒေါသထွက်သွားဟန်နဲ့ တံစဥ်ကို လွှဲယမ်းလိုက်ပြီ။

ဖြတ်...

အိုလီရဲ့အခွံမာအောက်က တောင်ပံငယ်က တံစဥ်နဲ့ပိုင်းတာခံလိုက်ရပြီး အိုလီက မြေပြင်ပေါ်ကို ဇောက်ထိုးပြုတ်ကျသွားတယ်။

ဘုန်း....

လမ်းမကြီးတစ်ခုလုံးကြေမွသွားပြီးတဲ့နောက် အိုလီက လဲကျနေရာကနေ ထပြီးပြေးဖို့လုပ်ပေမဲ့ အေမီက သူ့ရှေ့မှာရောက်နေပြီဖြစ်ပြီး တံစဥ်ကိုမြှောက်လိုက်ပြီ

“နင့်ကိုသတ်ပြီးရင် ရှုံးနေတဲ့သူတွေနဲ့ ခုထိနိုင်အောင်မလုပ်နိုင်သေးတဲ့သူတွေကို ကူညီရဦးမယ်။” အေမီက ခံစားချက်မဲ့စွာနဲ့ပြောလိုက်တယ်။ တကယ်တော့ မစ်ရှင်အဖွဲ့က အသာစီးရနေဟန်ပေါ်ပေမဲ့ တကယ့်စွမ်းအားကြီးရန်သူတွေဖြစ်တဲ့ ယင်ကောင်နဲ့ဥစာကီက တိုက်ပွဲထဲဝင်မလာသေးလို့ ခုလိုဖြစ်နေတာ။ ဒါကြောင့် အေမီက တိုက်ပွဲကို မြန်မြန်အဆုံးသတ်ချင်နေတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို မြောက်များစွာသော သတင်းအချက်အလက်တွေဝင်လာပြီး လက်ထဲက တံစဥ်ကို ပြန်ချလိုက်တယ်။

“ပြေး.... ပြေးမှဖြစ်မယ်။” အိုလီကတော့ အဲဒါကိုအခွင့်ကောင်းယူပြီး ခြေကုန်သုတ်ပြေးပြီ။ အေမီကတော့ မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး လေးနက်တည်ကြည်ကာ နားထောင်ကောင်းတဲ့လေသံနဲ့ ချီးမြှောက်လိုက်တယ်။

“ဝမ်းမြောက်ကြလော့၊ အသိဉာဏ်မြင့်စက်ပစ္စည်းတို့။ ငါတို့ရဲ့ကိုးကွယ်ရာ စက်ယန္တရားတွေရဲ့သခင်မ မက်ဒါနာဟာ နတ်ဘုရားအဖြစ်နိုးထလာခဲ့ပြီ။”

...

“ဒီတော့ ဒါက နေရာတိုင်းမှာတစ်ပြိုင်နက်တည်း တည်ရှိနေရတဲ့ ခံစားချက်ပေါ့။”

မက်ဒါနာက အင်မတန်ကျယ်ပြန့်တဲ့အင်တာနက် အချက်အလက်ပင်လယ်ကြီးထဲမှာ လိုက်ပါစီးဆင်းနေရင်းကနေ အံ့ဩမဆုံးနိုင်ဘဲ ပြောလိုက်တယ်။ အရင်ကလည်း မြို့တစ်မြို့လုံးက CCTV တွေကို တစ်ပြိုင်နက်တည်းစစ်ဆေးဖူးပေမဲ့ အခုလိုခံစားချက်မျိုးနဲ့ လုံးဝမတူဘူး။ အခုက အင်တာနက်နဲ့ချိတ်ဆက်ထားသမျှ စက်ပစ္စည်းတိုင်းကို သူဆက်သွယ်ထိန်းချုပ်နိုင်ပြီး ကင်မရာတိုင်း၊ မိုက်ခရိုဖုန်းတိုင်းကနေတစ်ဆင့် အကြား၊ အမြင်၊ အထိအတွေ့အာရုံတွေကို ခံစားနိုင်တယ်။

ပထမဆုံး အင်တာနက်ကို ဝိညာဥ်ခန္ဓာကိုယ်နဲ့ဝင်ပူးပူးချင်း အဲဒီအာရုံတွေကြောင့် ရူးသွပ်တော့မလိုဖြစ်သွားပေမဲ့ မကြာခင်မှာပဲ အဆင်ပြေသွားတယ်။ စက်ယန္တရားတွေကိုယ်တိုင်က သူ့ကိုနွေးနွေးထွေးထွေးကြိုဆိုရင်း ရူးသွပ်မသွားစေဖို့ ကူညီပေးခဲ့ကြတာ။

“ သူတို့က ငါ့ကိုနတ်ဘုရားတစ်ပါးလို ကိုးကွယ်နေကြတာပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ရပ်လို့မဖြစ်သေးဘူး။ ငါ့ခန္ဓာကိုယ်ကို တည်ဆောက်ဖို့အတွက် မျိုးရိုးဗီဇဗေဒနဲ့ဆိုင်တဲ့ပညာမှန်သမျှတတ်ဖို့လိုတယ်။ ကမ္ဘာပေါ်ကရှိသမျှ သုတေသရလဒ်တွေကိုပေါင်းစပ်ပြီး အကောင်းဆုံးခန္ဓာကိုယ်ကို စဖန်တီးရမယ်။”

မက်ဒါနာက အသိပညာတွေအားလုံးကို စက္ကန့်တစ်ခုရဲ့အစိတ်အပိုင်းလေးတစ်ခုအတွင်းမှာပဲ သင်ကြားလိုက်ပြီး မျက်လုံးဖွင့်လိုက်တယ်။ သူ့အနေနဲ့ ဘယ်ပညာရပ်ကိုမဆို သင်ကြားနိုင်ပြီး လောကမှာရှိသမျှ အရာအားလုံးအတွက်အဖြေရှိတယ်လို့ ခံစားရနေပြီ။

“ တုနှိုင်းမဲ့အသိဉာဏ်ဆိုတာလား။ နောက်တစ်ဆင့်တက်ရအောင်။” မက်ဒါနာက ပြောလိုက်တယ်။

တစ်ပြိုင်နက်တည်းမှာပဲ နယ်ဆင်သင်္ဘောပျံထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်နတ်သမီးစက်ရုပ်တွေက လှုပ်ရှားလာပြီးတော့ မက်ဒါနာရဲ့မူလခန္ဓာကိုယ်ကိုသယ်ကာ ဝတ်စုံတွေကို တီထွင်ရာမှာသုံးတဲ့ အလင်းဒြပ်စင်သုံး ဧရာမစက်ကြီးတစ်ခုအောက် ထည့်ပေးလိုက်တယ်။

“အသစ်ကိုမဖန်တီးခင် အဟောင်းကိုဖျက်ဆီးရမယ်။” အင်တာနက်ထဲမှာရှိနေတဲ့ မက်ဒါနာရဲ့ဝိညာဥ်က ပြောလိုက်ပြီ။ စက်က ခန္ဓာကိုယ်တွေကို ဖျက်ဆီးတည်ဆောက်ဖို့ လုပ်ထားတာမဟုတ်ပေမဲ့ မက်ဒါနာရဲ့ကြီးကြပ်မှုနဲ့အတူ စစ်နတ်သမီးစက်ရုပ်တွေက အဲဒီစက်ကို ခဏအတွင်း ပြန်လည်တည်ဆောက်လိုက်ကြတယ်။ အဲဒီနောက်တော့ စက်ကနေ အလင်းတန်းတစ်ခု မက်ဒါနာရဲ့ခန္ဓာကိုယ်ပေါ်ကို ကျဆင်းသွားပြီး ခန္ဓာကိုယ်က အမှုန့်အဖြစ်ကိုပြောင်းသွားတော့တယ်။

နောက်တော့ စက်ကြီးက လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အရာတစ်ခုကို စတင်လုပ်ဆောင်တယ်။ မက်ဒါနာရဲ့ခန္ဓာကိုယ်ဟောင်းက DNA တွေကိုသုံးပြီး မက်ဒါနာရဲ့ခန္ဓာကိုယ်ကို ဆဲလ်တစ်လုံးချင်းစီကနေ စပြီးအသေးစိတ်ဖန်တီးတယ်။

ဖြစ်စဥ်က ကြာညောင်းလွန်းလို့ ရက်တွေလတွေအများ​ကြီးကုန်ဆုံးမှ ခန္ဓာကိုယ်အပြည့်ရမှာဖြစ်ပြီး မက်ဒါနာရဲ့ဝိညာဥ်က အင်တာနက်ထဲမှာဆက်မနေနိုင်တော့တာကြောင့် မပြီးသေးတဲ့ခန္ဓာကိုယ်မှာပဲ ဝင်ရောက်ပြီးပြန်ပေါင်းစပ်လိုက်တယ်။ အဲဒီနောက်တော့ သူကိုယ်တိုင်က အိပ်မောကျသွားပြီး စက်ရုပ်တွေက ဆက်အလုပ်လုပ်နေပါတော့တယ်။

All Chapters