နည်းလမ်းအမှန်
Vol. 009 Ch. 816
လျူကျောင်းက ရာရာကို ကြည့်သည်။ သို့သော် ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည် “ရှီဟွာတောင် လျူကျောင်းက စစ်တုရင်ရှန့်ထို လွတ်မြောက်တဲ့ကိစ္စမှာ ဝင်ပါလို့ မရဘူး” သူက လျူကျောင်း အမှန်တက် လှုပ်ရှားရဲမည်လား သိလိုကာ တမင် ပြောလိုက်သည်။
သူဝင်ပါသည် ဆိုပါက လျူကျောင်းက စစ်တုရင် ရှန့်ထိုလွတ်မြောက်ခြင်း၌ ဝင်ပါခဲ့ကာ ရှီဟွာတောင်နှင့် ကျောက်မဟာ ပြည်ထောင်တို့က သူ့အား အလွတ်ပေးမည် မဟုတ်ပေ။
လျူကျောင်း၏အကြည့်က ရီဖူရှင်းထံကို ရောက်လာကာ ပြောသည် “စစ်တုရင်ရှန့်ထိုက ရှန့်ထိုတစ်ပါးပဲ။ ပြည်နယ်ကိုးခုမှာ ရှန့်ထို ဘယ်နှပါးရှိလို့လဲ။ ရှန့်ထိုတစ်ပါးစီက ပြည်နယ်ကိုးခုအတွက် ရတနာပဲ။ အခြေအနေတွေက ဒီလိုဖြစ်လာမှတော့ အခု အရေးကြီးတာက စီနီယာစစ်တုရင်ရှန့်ထို လွတ်မြောက်အောင် လုပ်ဖို့ပဲ။ နန်းတော်သခင်ရီ၊ ခင်ဗျားက အခုဝင်္ကပါကို ဖျက်ဖို့ ကူညီရင် ခင်ဗျားကို စီနီယာ စစ်တုရင်ရှန့်ထိုက ခွင့်လွတ်လောက်တယ်”
“ဒီလိုဆိုရင် ရှီဟွာတောင်က တန်ခိုးရှင်တွေ၊ ကျောက်မဟာ ပြည်ထောင်က လူတွေနဲ့ စစ်တုရင်ကျေးရွာက လူတွေ သေသင့်လို့လား” ရီဖူရှင်းက အေးစက်စက် ပြောသည်။
“ပြည်နယ်ကိုးခုမှာ ရှန့်ထိုဘယ်နှပါးရှိလို့လဲ” လျူကျောင်းက သူ့လူများနှင့်အတူ ရှေ့ကို တက်လာသည်။ ရှီဟွာတောင်မှ တန်ခိုးရှင်အချို့လည်း သူ့နောက်ကို လိုက်ပါလာကြ၏။ သူတို့ကား စတေးခြင်း အစီအစဉ်တွင် မပါဝင်သူများ ဖြစ်ကြသည်။ ထိုအထဲတွင် လီခိုင်ရှင်းလည်း ပါဝင်ပေ၏။
“ဝင်္ကပါကို သွားဖျက်” ဓားသခင်က ရီဖူရှင်းကို ပြောကာ သူ၏နှစ်ဖက်သွားဓားကို ထုတ်သည်။
“သွား” ကျူးကော့ချန်းဖန်နှင့် ဝမ်ရှင်းတို့ကလည်း ပြောသည်။ လက်ရှိ အခြေအနေကား သေရေးရှင်ရေး ဖြစ်သည်။ အနည်းဆုံး စစ်တုရင်ရှန့်ထိုကား ပိတ်မိနေဆဲဖြစ်၏။ သူ လွတ်မြောက်လာပါက သူတို့အားလုံး သေကျေပျက်စီး ရပေမည်။
စစ်တုရင်ရှန့်ထိုက ဆုံးဖြတ်ထားပြီးဖြစ်ရာ နောက်ဆုတ်မည် မဟုတ်ပေ။
ရီဖူရှင်းက ခေါင်းညိတ်ကာ ရာရာကို ကြည့်ပြီး ပြောသည် “ငါ့နောက်ကို လိုက်ခဲ့” ထို့နောက် သူက ဓားဝင်္ကပါထံသို့ ဦးတည်လိုက်သည်။
ဂူတုံးလျို၊ ဟွာဂျီယူနှင့် တခြား လူများကလည်း မည်သည့်အကူအညီမှ မပေးနိုင်သည့်တိုင် ရီဖူရှင်းနောက်မှ လိုက်ပါသွားကြသည်။ ယန်ဟောင်ကလည်း ရီဖူရှင်းနောက်ကို လိုက်ပါလာ၏။ ထိုအခိုက်တွင် သူကား ဧရာမရွေလူဝံကြီးအဖြစ် ပုံပြောင်းနေကာ သားရဲနတ်ဘုရားအလား ရီဖူရှင်းဘေးတွင် ရပ်ကာ အကာအကွယ် ပေးထားသည်။ သူ့အတွက် ရီဖူရှင်း၏အသက်က တခြား အရာများထက် အရေးကြီးပေသည်။
သည်ရှုပ်ထွေးနေသော ဝင်္ကပါအတွင်း၌ ဘေးရန်က နေရာတိုင်းတွင် ရှိပေသည်။
“မင်းတို့တွေက သူတို့နဲ့ ရင်ဆိုင်ကြ။ လီခိုင်ရှင်းက ဝင်္ကပါကို ဖျက်ရာမှာ ကျုပ်ကို ကူပေး” လျူကျောင်းက ဓားသခင်တို့အား ရှီဟွာတောင်မှ တန်ခိုးရှင်များဖြင့် တိုက်ခိုက်စေသည်။ ဝင်္ကပါကို ဖျက်နိုင်မည့် အခွင့်အရေးက သူ့ရှေ့ကို ရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် သူက ရီဖူရှင်းမတိုင်ခင် ဝင်္ကပါကို ဖျက်ရမည်။ ရီဖူရှင်းက သူတို့ထက် ကြိုတင် ဖျက်နိုင်ပါက မည်သို့သော အပြောင်းအလဲများ ဖြစ်လာမည်ကို မည်သူမှ မသိပေ။
လျူကျောင်းက သူ၏စိတ်စွမ်းအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီး ဗုဒ္ဓအလင်းများ တည်ဆောက်ကာ ပညာရှိခြင်း သင်္ကေတအား ဖြစ်ပေါ်စေပြီး ဝင်္ကပါအားစတင်၍ ဆင်ခြင် လေ့လာသည်။ ရာရာကြောင့်ပင် ဓားဝင်္ကပါက အသက်ဝင်လာပြီဖြစ်ရာ ယခင်လို ဝင်္ကပါဖျက်ဆီး မရနိုင်သော ဝင်္ကပါအသေ မဟုတ်တော့ပေ။
သူ၏ခေါင်းထဲတွင် ဓာဝင်္ကပါက ကောင်းကင်တစ်ခွင်လုံးကို အကန့်အသတ်မဲ့ အလင်းများ ဖြစ်ပေါ်စေကာ ဓားအသိများဖြင့် ပြည့်နှက်စေသည်။ ဗဟိုနေရာကား သတ်ဖြတ်ခြင်း အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ဝင်္ကပါအတွင်း၌ ဓာတ်ငါးမျိုးနှင့် ရှစ်ထောင့်ဝင်္ကပါတို့ ဖြစ်ပေါ်လာသည်။ ဝင်္ကပါကို ဖျက်ရန်ကား နည်းလမ်းသာ လိုအပ်ကာ တန်ခိုး အဆင့်မလိုပေ။
“လီခိုင်ရှင်း၊ ကျုပ်ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပေးပါ” လျူကျောင်းက တစ်နေရာကို လက်ညှိုးထိုးကာ ပြောသည် “အဲဒီနေရာကို သွား”
လီခိုင်ရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ သူ၏ဝင်္ကပါ ပညာကလည်း အလွန်တရာ ထူးခြားကောင်းမွန်ကာ စစ်တုရင်ရှန့်ထို၏ တပည့်များထဲတွင် ရန်ရှောင်နှင့် တန်းတူအဆင့်၌ ရှိပေသည်။
လျူကျောင်း ရွေးလိုက်သော နေရာက အလွန် အန္တရာယ်များက ဓားဝင်္ကပါ၏ ပင်မရင်းမြစ်တစ်ခုအား ဖျက်ဆီးရန် ရည်ရွယ်သည်ကို သူမြင်သည်။
သို့သော်လည်း သူကား အနည်းငယ် တွန့်ဆုတ်နေသည်။ လျူကျောင်းက မျက်မှောင်ကြုတ် လိုက်ကာ စိတ်ဖြင့် လှမ်းပြောသည် “လီခိုင်ရှင်း၊ ကျုပ်တို့ ဒီနေ့ အောင်မြင်ရင် ခင်ဗျားက တော်ဝင်လမ်း တိုက်ပွဲမှာ အခွင့်အရေးရမယ်”
လီခိုင်ရှင်း၏ အမူအရာများ ထက်ရှသွားသည်။ သူက လျူကျောင်းကို အဘယ်ကြောင့် ချဉ်းကပ်ခဲ့သနည်း။
သူကား ပြင်ပလောက၌ ရိုးသားသူဟု နာမည်ကျော်ကြား သော်လည်း အမှန်တကယ်အာဖြင့် စစ်တုရင်ရှန့်ထိုနှင့် အလွန်နီးစပ်သော စိတ်သဘောကို ပိုင်ဆိုင်သူဖြစ်သည်။ သူ၏ကိုယ်ကျိုးအတွက် ဘာမဆို ရင်းရဲသူလည်း ဖြစ်သည်။
သို့သော် ယခု လျူကျောင်းကား သူ့ကို တစ်ဖန် အသုံးချနေသည်။
ရှေ့ကို တက်ကာ လီခိုင်ရှင်းက မတတ်သာဘဲ လျူကျောင်း၏ စစ်တုရင်နယ်ရုပ် ဖြစ်ရသည်။ သူက အလွန်အမင်း အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါကို ထုတ်လွှတ်ကာ လျူကျောင်း ရွေးချယ်သော နေရာသို့ ရောက်လာသည်။ သို့သော် သူ့အတွက် မည်သည့် ဓားအားလှိုင်းကမှ ရောက်မလာခဲ့ပေ။ သူတို့က မှန်ကန်သော ခြေလှမ်းအား ရွေးချယ်နိုင်ခဲ့သည်။ သည်ခြေလှမ်းကား အလွန် အရေးပါပေသည်။
သူ့မှာ အခွင့်အရေးရှိသည်။ လျူကျောင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ထို့နောက် သူက လီခိုင်ရှင်းအား နောက်တစ်လှမ်း တက်စေသည်။
လီခိုင်ရှင်းက လျူကျောင်း၏ ညွှန်ကြားချက်နှင့်အတူ ဝင်္ကပါထဲ၌ မြန်ဆန်စွာ လှုပ်ရှားကာ ပင်မ အရင်းအမြစ်များအား အဆက်မပြတ် ဖျက်ဆီးသည်။ သူ၏ဦးတည်ရာကား ဧရာမဓားကြီးရှိသော နေရာဖြစ်သည်။
လျူကျောင်းက လှုပ်ရှားခြင်းမရှိဘဲ ထိုနေရာတွင်ပင် ရပ်ကာ ရာရာကို မကြာခဏ လှမ်းကြည့်သည်။ ဓားဝင်္ကပါကို ဖျက်ရာတွင် ရာရာကား အရေးပါသော အစိတ်အပိုင်း ဖြစ်ရေပေမည်။ သူကား အခွင့်အရေးကို စောင့်ဆိုင်းနေ၏။
လူအများအပြားက ထိုမြင်ကွင်းကို လေးနက်စွာ ကြည့်နေကြသည်။ ဝင်္ကပါကို ဖျက်ရန် နည်းလမ်း အမှန်တကယ် ရှိနိုင်ပေသည်။
တခြား တစ်ဖက်တွင် လျူကျောင်း၏ လူများနှင့် ဓားသခင်တို့အုပ်စုက တိုက်ပွဲဖြစ်ပွားနေပြီ ဖြစ်သည်။
ယင်၊ ဟောနှင့် ဓားသင်္ချိုင်းကျေးရွာမှ လူများမူကား ရာရာ၏အနီးတွင် အကာကွယ် ပေးထားကြသည်။ တခြား တော်ဝင်မြေများမှ လူများမူကား သည်အတိုင်း မလှုပ်မယှက် ရပ်ကြည့်နေကြသည်။
ထိုအခိုက်တွင် ရီဖူရှင်းကလည်း ဝင်္ကပါကို စတင်၍ ဖျက်သည်။ သူက မျက်လုံးကို မှိတ်ကာ စိတ်စွမ်းအားကို ထုတ်လိုက်သည်။ ပြင်ပလောကပမှ မြင်ကွင်းများက သူ၏ခေါင်းထဲကို ရောက်လာကာ ဝင်္ကပါအား စတင်၍ ခွဲခြမ်း စိတ်ဖြာသည်။
ဟွာဂျီယူက သူမ၏စိတ်စွမ်းအားဖြင့် တခြားလူများ၏ စိတ်များကို တစ်ခုတည်း ပေါင်းဆုံစေသည်။ သို့သော်လည်း ရီဖူရှင်းထံမှ အချိန်အတန် ကြာသည့်တိုင် ညွှန်ကြားချက် ရောက်မလာပေ။
ဟွာဂျီယူ၊ ယူချင်းနှင့် ဂူတုံးလျိုတို့ အားလုံးက စိတ်ရှည်စွာ စောင့်ဆိုင်း နေကြသည်။
“ဟူး” သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ရီဖူရှင်းက မျက်လုံးကို ဖွင့်လိုက်ပြီး ပြောသည် “ဝင်္ကပါကို ကျုပ်ကိုယ်တိုင် စမ်းကြည့်မယ်”
“ငါတို့ထဲမှာ မင်းတစ်ယောက်ပဲ ဝင်္ကပါကို ဖြေရှင်းနိုင်တယ်။ တကယ်လို့ ဝင်္ကပါကို မင်းကိုယ်တိုင် စမ်းလို့ မင်းသေသွားရင် ငါတို့အားလုံးလည်း သေလိမ့်မယ်” ဂူတုံးလျိုက ရီဖူရှင်းကို လေးနက်စွာ ပြောသည် “မင်းက လိုအပ်တဲ့အချိန်မှာ ပြတ်သားပါ”
တန်ခိုးရှင်များ၏ စိတ်များက ခိုင်မာ ပြတ်သားရပေမည်။ စစ်တုရင်ရှန့်ထိုကား သူ၏တပည့်များကို စတေးရာတွင် မျက်တောင်ပင် တစ်ချက်မခတ်ခဲ့ပေ။
ရီဖူရှင်းမူကား သူ၏စိတ်ခံစားချက်များက အားနည်းချက် ဖြစ်သည်။
“တွန့်ဆုတ်နေဖို့ အချိန်မရှိဘူး” ရီဝူချင်းကလည်း ပြတ်သားစွာ ပြောသည်။
ရီဖူရှင်းက သူ့ရှေ့မှ ဝင်္ကပါကို ကြည့်သည်။ ခြေလှမ်း တစ်လှမ်းမှားပါက သေခြင်းတရားသာ ရှိသည်။
ဓားသခင်၊ ရာရာနှင့် သူ၏အစ်ကိုကြီးတို့၏ တိုက်ပွဲများအား လှမ်းကြည့်ရာ ရီဖူရှင်း၏ မျက်လုံးများက ပိုမို၍ ပြတ်သားဟန်များ ဖြစ်လာသည်။ သူက မျက်လုံးကို မှိတ်လိုက်ကာ စိတ်ဝိညာဉ်များ အားလုံးကို ပေါင်းစပ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားဝင်္ကပါက အားလုံး၏ ခေါင်းထဲတွင်ပေါ်လာသည်။
အားလုံးက ဓားဝင်္ကပါအား ရှင်းလင်းစွာ မြင်နေကြရသည်။ ရီဖူရှင်း၏ခေါင်းထဲမှ အရာအားလုံး၊ အတွေးများ အားလုံးကို သူတို့သိမြင်ရသည်။
“ခွန် ဖွဲ့စည်းမှုပုံစံနဲ့ ဝင်မယ်”
ရီဖူရှင်း၏ စကားသံနှင့်အတူ ဓားဝင်္ကပါ၌ ချိန်၊ ခွန်၊ လီ၊ ကန် စသော ရှေးဟောင်း သတ္တဝါဆန်းများကို ကိုယ်စားပြုသော အရပ်များက ဝင်္ကပါ၌ ဖြစ်ပေါ်လာသည်။
“ငါသွားမယ်” ဂူတုံးလျိုက ပြောသည်။ သူက ပြောရင်းနှင့်ပင် ရှေ့ကို တက်သွားရာ ရီဖူရှင်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်သည်။ အစ်ကို၃၏ လှုပ်ရှားမှုတိုင်းက သူ၏ခေါင်းထဲတွင် ပေါ်နေကာ သူ၏နဖူမှလည်း ချွေးစေးများ ထွက်လာသည်။
သူပြုလုပ်ရန် ကြိုးစားနေသည်ကား လျူကျောင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သူကား ဝင်္ကပါကို ဖျက်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သူ ခန့်မှန်းချက်လွဲလျှင် ရလဒ်က ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေမည်။ သူ၏အစ်ကို၃က သေဆုံးသွားရနိုင်သည်။ ပုံမှန်အားဖြင့် သူကား ကြောက်ရွံ့နေသည်။
သူသာမဟုတ် ကျူးကော့မင်းယွီနှင့် တခြားလူများကလည်း စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သည်ခြေလှမ်းကား အလွန်တရာ အရေးကြီးသည်။ ခြေလှမ်း မှားသွားပါက ရီဖူရှင်းက အမှားကို သိပေမည်။ သို့သော် ဂူတုံးလျိုက ထိုအမှားအတွက် ပေးဆပ်ရပေမည်။ ရီဖူရှင်းက သူကိုယ်တိုင် သွားလိုသော်လည်း လက်ရှိတွင် သူတို့အုပ်စု၌ ရီဖူရှင်း တစ်ယောက်သာ ဝင်္ကပါကို အဖြေရှာနိုင်သည်။ ပုံမှန်အားဖြင့် သူသေဆုံးသည်က လားလုံးသေဆုံးသည်နှင့် မခြားပေ။
ထို့ကြောင့် ဂူတုံးလျိုက ရှေ့ကို ဦးဆုံးတက်သည်။ ထိုအရာက သူ၏စိတ်ဓာတ် ခိုင်မာမှုဖြစ်သည်။
အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်ဟု ထင်ရသည်။ ထိုအချိန်တွင် ဂူတုံးလျိုက သူ၏သက်စောင့်ဝိညာဉ်ကို ထုတ်ကာ ကျဆင်းလာမည့် ဓားချက်အား ခုခံရန်ပင် အဆင်သင့်ပြင်ထားပြီး ဖြစ်သည်။ သို့သော်လည်း သူ ခြေချလိုက်သောအခါ မည်သည့် ဓားချက်မှ ရောက်မလာခဲ့ပေ။ ထိုအစား ဓားဝင်္ကပါက ပိုမို၍ အားကောင်းလာကာ ဓားအသိများက ပိုမိုပြင်းထန်စွာ လည်ပတ်လာကြသည်။
“အောင်မြင်တယ်”
ရီဖူရှင်း စိတ်အေးသွားသည်။ အစ်ကို၃က မှားယွင်းသည့် ခြေလှမ်းကို လှမ်းခဲ့မိပါက မည်သို့ဖြစ်မည်ကို သူမတွေးရဲပေ။
သူက မျက်လုံးကို ဖွင်းကာ ရာရာကို ကြည့်လိုက်ပြီး သူ့ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာခဲ့သည်။
ရာရာအား ကြည့်ကာ သူ့တွင် အလွန်ရူးသွပ်သော အတွေးတစ်ခု ရှိနေသည်။ သူ့တွင် အသက်ရှင်ရန် အခွင့်အလမ်း ရှိသည်ဆိုပါက အဘယ်ကြောင့် ဓားဝင်္ကပါကို ဖျက်ရမည်နည်း။
ဓားဝင်္ကပါကား ရာရာကြောင့်သာ အသက်ဝင် လာရသည်။
ဝင်္ကပါကား သေရာမှ ရှင်သန်လာခဲ့၏။
ဤသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် ဖျက်ဆီးရမည်နည်း။
စစ်တုရင်ရှန့်ထိုကား မူလကတည်းက မှားကောင်း မှားနေနိုင်ပေသည်။ ထို့ကြောင့် သူက လျူကျောင်းကို အသုံးပြုကာ စစ်တုရင်ကျေးရွာမှ လူများနှင့် တခြားလူများကို ဤနေရာသို့ တမင် မှားယွင်း ခေါ်လာခဲ့သည်။
လျူကျောင်းကလည်း ဂူတုံးလျို၏ လှုပ်ရှားမှုကို မြင်သည်။ သူ၏အမူအရာများ ပြောင်းလဲသွားသည်။ ရီဖူရှင်းက ဘာလုပ်လိုနေသနည်း။
သူကား ဝင်္ကပါကို ဖျက်ဆီးခြင်း မဟုတ်ပေ။ သူကား ဝင်္ကပါကို အားဖြည့် ပေးနေသည်။
သူက စိတ်လွတ် သွားသည်လား။
လီခိုင်ရှင်းက ဝင်္ကပါကို ဖျက်ဆီးနေစဉ် ရီဖူရှင်းက ဝင်္ကပါကို အားကောင်းအောင် လုပ်နေသည်။
“ခွန်ဖွဲ့စည်းမှုပုံစံ” အစ်ကို၃က ဘာမှ မဖြစ်မှတော့ သူ၏ ဆုံးဖြတ်ချက်များက ပိုမိုခိုင်မာသွားပြီ ဖြစ်သည်။
ကျူးကော့မင်းယွီက နောက်တစ်လှမ်းကို တက်သည်။
“လီဖွဲ့စည်းမှု ပုံစံ”
“ချိန်ဖွဲ့စည်းမှုပုံစံ”
ယူချင်း၊ ဟွာဂျီယူတို့ တစ်ယောက်ပြီး တစ်ယောက် နေရာယူကြသည်တွင် ဝင်္ကပါ၏အဟုန်က ပိုမို အားကောင်းလာကာ ယခင်ကထက် အားကောင်းလာဟန် ရသည်။
ကောင်းကင်ထက်၌ သွေးနီရောင် မျက်လုံးများက ပိုမို၍ နီရဲလာကာ မရေမတွက်နိုင်သော ဓားအသိများက ရာရာ၏ခန္ဓာကိုယ်ကို စီးဆင်းလာသည်။ ရာရာ၏ သာမန် ကိုယ်ရောင်ကိုယ်ဝါက ပျောက်ကွယ်သွားကာ အလွန်အမင်း ထက်ရှသော တစ်စုံတစ်ယောက် ဖြစ်လာ၏။ ထိုအခိုက်တွင် သူမကား ဓားတစ်လက် ဖြစ်လာသည်။
ထိုအခိုက်တွင် ဧရာမဓားကြီးကို ရင်ဆိုင်နေသာ စစ်တုရင်ရှန့်ထိုက ရီဖူရှင်းကို ကြည့်ကာ သူ ဘာလုပ်လိုနေသည်ကို သိလိုက်သည်။
နတ်ဘုရားအလား သဏ္ဌာန်က မျက်မှောင်ကုတ် လိုက်သည်။ ရီဖူရှင်း၏ခြေလှမ်းတိုင်းက ဝင်္ကပါ၏ လှုပ်ရှားသက်ဝင်မှုကို ပိုမိုအားကောင်းစေသည်။ ထို့အပြင် ရီဖူရှင်းတို့အဖွဲ့ ဝင်္ကပါ၏ပင်မနေရာများတွင် နေရာယူထားကြကာ စွမ်းအားများကို သူတို့ထံ၌ စုစည်းစေသည်။ သူတို့က ဓားဝင်္ကပါ၏စွမ်းအားများကို မူလကကဲ့သို့ပင် ပြန်လည်၍ သိုမှီးလာနေကြသည်။
မဖြစ်နိုင်ဘူး။ စစ်တုရင်ရှန့်ထိုကား ထိုသို့တွေးကာ ထိတ်လန့်ရသည်။ သူ၏စိတ်နှလုံးက တုန်ခါရ၏။
ပြည်နယ်ကိုးခု၏ နံပါတ်တစ်ဝင်္ကပါပညာရှင် ဖြစ်သော သူကား မရဏတောင်ထဲကို ဝင်ရောက်ခဲ့ကာ ဓားဝင်္ကပါထဲ၌ ပိတ်မိသည့်တိုင် အသက်မသေဘဲ တောင့်ခံနိုင်ပေသည်။ သူကား ပြည်နယ်ကိုးခု၏အတော်ဆုံး ဝင်္ကပါပညာရှင်ဖြစ်သည်။
သူ၏စိတ်နှလုံးကား မည်သည့်အခါကမှ မတုန်လှုပ်ဖူးပေ။
သို့သော ယခုတွင်ကား သူ့စိတ်က တုန်ခါနေသည်။
***