ယင်ရှစ်ကလန်
Vol. 71 Ch. 983
နဆ်ဆိုးဦးချိုကြယ်ပင်လယ်က လီဖူချန်းထင်တာထက် ပိုအန္တရာယ်များတယ်။ ကြယ်ပင်လယ်နတ်ဆိုးသတ္တဝါတွေအပြင် အငြိုးနတ်ဆိုးတာအိုစိတ်ဝိညာဉ်တွေလည်း ရှိတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က လီဖူချန်းက မြို့အရှင်အဆင့်နတ်ဆိုးတာအိုစိတ်ဝိညာဉ်တစ်ကောင်နဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ခဲ့တယ်။
နတ်ဆိုးတာအိုအရင်းမြစ်ရဲ့မြှင့်တင်ပေးမှုနဲ့အတူ မြို့အရှင်အဆင့်နတ်ဆိုးတာအိုစိတ်ဝိညာဉ်က လီဖူချန်းထက် အနည်းငယ်ပိုအားနည်းတယ်၊ ဒါပေမယ့် ပြန်ဖြည့်တင်းခြင်းအရှိန်က အဆတစ်သောင်းပိုမြန်တယ်။ ရွေးချယ်စရာမရှိဘဲ လီဖူချန်းက သူ့ရဲ့အရှိန်ကို အသုံးပြုကာ လျင်မြန်စွာ ထွက်ပြေးလိုက်ရတယ်။
…
ဝုန်း .....
ကြောက်စရာကောင်းတဲ့အနက်ရောင်မုန်တိုင်းတစ်ခုက သောင်းကျန်းဖျက်ဆီးနေတယ်။
မုန်တိုင်းအထဲမှာ အနက်ရောင်အလင်းတောက်ပမှုတစ်ခုကို ထုတ်လွှတ်နေတဲ့ သင်္ဘောတစ်စင်းရှိတယ်။
သင်္ဘောက အဆင့်အလွန်မြင့်မှန်း မြင်နိုင်တယ်။ မုန်တိုင်းက ဒီလောက်သောင်းကျန်းနေတာတောင် ၎င်းက ပျက်ဆီးမယ့်အရိပ်အယောင်တစ်ခုမရှိပါဘူး။
သင်္ဘောကုန်းပတ်ပေါ်မှာ ပုံရိပ်သုံးခုရှိတယ်၊ အမျိုးသမီးတစ်ယောက်နဲ့အမျိုးသားနှစ်ယောက်။
"မိန်းမရွယ်လေး၊ ဒါက နတ်ဆိုးဦးချိုကြယ်ပင်လယ်ပဲ။ မြူအလင်းသင်္ဘောကို အသုံးပြုရုံနဲ့ နတ်ဆိုးတိမ်အရှင်ကို ရပ်တန့်ဖို့ မလုံလောက်ဘူး။ အနောက်မှာ ငါနဲ့မီးဒိုယန်အကြီးအကဲက နတ်ဆိုးတိမ်အရှင်ကို အချိန်ဆွဲထားမယ်၊ မင်းက ရှေးဦးမူလရွှေ့ပြောင်းရေးအဆောင်ကို အသက်သွင်းပြီး အမြန်ထွက်ပြေးရမယ်"
ပြောနေတဲ့သူက ဆံပင်ပြာဒိုယန်အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ချီတည်ရှိမှုက ကျယ်ပြန့်ပြီး ပင်လယ်ပြင်ပမာ အဆုံးမဲ့ဖြစ်တယ်။ သူပြောခဲ့တဲ့မီးဒိုယန်အကြီးအကဲကလည်း ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။ မီးဒိုယန်အကြီးအကဲက ဆန့်ကျင်ဘက်ချီတည်ရှိမှုတစ်ခုရှိတယ်၊ အဲဒါက ငရဲမီးပမာ အလွန်ပူပြင်းတယ်။ သာမန်လူတစ်ယောက်က မီးဒိုယန်အကြီးအကဲကို တစ်ချက်စိုက်ကြည့်မိရင် သူတို့က ပြာဖြစ်သွားလောက်တယ်။
"ရေဒိုယန်အကြီးအကဲ၊ မီးဒိုယန်အကြီးအကဲ၊ သင်တို့နှစ်ယောက်အတူတူပူးပေါင်းရင်တောင် နတ်ဆိုးတိမ်အရှင်ကို မယှဉ်နိုင်သေးဘူးလား" အမျိုးသမီးက အပြာရင့်ရောင်ဝတ်စုံတစ်စုံကို ဝတ်ဆင်ထားတယ်။ သူမက အကြွင်းမဲ့လှပတယ်။ သူမရဲ့ချီတည်ရှိမှအရ သူမက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။
ဆံပင်နီမီးဒိုယန်အကြီးအကဲက ပြောလိုက်တယ်" ဒါက အပြင်ကမ္ဘာဆိုရင် ငါပဲဖြစ်ဖြစ်မီးဒိုယန်ပဲဖြစ်ဖြစ်၊ နတ်ဆိုးတိမ်အရှင်ကို အလွယ်တကူဖိနှိပ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒါက နတ်ဆိုးဦးချိုကြယ်ပင်လယ်ပဲ၊ ခွန်အားဒါမှမဟုတ်ပြန်ဖြည့်တင်းခြင်းအရှိန်ဖြစ်စေ၊ နတ်ဆိုးတိမ်အရှင်က အဆများစွာ မြင့်တက်လာလိမ့်မယ်"
ရေဒိုယန်အကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်တယ်"ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ရဲ့တည်နေရာကို ပေါက်ကြားစေလိုက်ပုံပဲ၊ သို့မဟုတ်ရင် နတ်ဆိုးတိမ်အရှင်က ငါတို့နောက်ကို လိုက်လာနိုင်လိမ့်မှာမဟုတ်ဘူး"
နတ်ဆိုးတိမ်အရှင်က ယင်ရှစ်ကလန်နှစ်ပေါင်းများစွာ လိုက်လံဖမ်းဆီးခဲ့တဲ့ နတ်ဆိုးတာအိုအရှင်တစ်ယောက်ဖြစ်တယ်။ဒါပေမယ့် သူက အလွန်အမင်းကောက်ကျစ်ပြီး အခုထိ မဖမ်းမိသေးပါဘူး။
"ရေဒိုယန်အကြီးအကဲ၊မီးဒိုယန်အကြီးအကဲ၊ အကြီးအကဲတို့ အဆင်ပြေမယ်လို့ ငါ ယုံကြည်တယ်"
အနက်ရောင်မုန်တိုင်းက ပိုသန်မာလာပြီး ပိုကြမ်းတမ်းလာတယ်။ ဧရာမဆိုးယုတ်တဲ့ပုံရိပ်တစ်ခုက မြူအလင်းသင်္ဘောအထက်မှာ ဖြစ်တည်လာပြီး သွေးနီရောင်မျက်လုံးတစ်စုံရှိတယ်။
"နတ်ဆိုးတိမ်အရှင်၊ ယင်ရှစ်ကလန်က မင်းကို လိုက်ဖမ်းတာကို လက်လျော့လိုက်ဖို့ စဉ်းစားထားပြီးပြီ။ မင်းက အမှားထပ်မလုပ်တာ ပိုကောင်းတယ်။ မင်းက မိန်းမရွယ်လေးကို ထိခိုက်စေရင် ယင်ရှစ်ကလန်က မင်းကို သတ်ဖို့ ဘယ်လိုတန်ဖိုးပဲဖြစ်ဖြစ် ပေးချေလိမ့်မယ်" ရေဒိုယန်အကြီးအကဲက နတ်ဆိုးတိမ်အရှင်ကို သတိပေးလိုက်တယ်။
နတ်ဆိုးတိမ်အရှင်က လှောင်ပြုံးပြုံးကာ ပြောလိုက်တယ်" ဒီလိုဆို ယင်ရှစ်ကလန်က ငါ့ကို ဒီလောက်နှစ်ပေါင်းများစွာ လိုက်ဖမ်းနေတာကို ငါက ကျေးဇူးတင်ရမယ်ပေါ့လေ"
"နတ်ဆိုးတိမ်အရှင်၊ အတိအကျ မင်း ဘာလိုချင်တာလဲ" မီးဒိုယန်အကြီးအကဲက ခက်ထန်စွာ အော်လိုက်တယ်။
"ဟီးဟီး" နတ်ဆိုးတိမ်အရှင်က မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်တယ်"ဘာမှမဟုတ်ပါဘူး၊ ငါက မိန်းမရွယ်လေးကို ငါ့အတွက် ဝဝကစ်ကစ်ကလေးလေးတစ်ယောက် မွေးထုတ်ပေးစေချင်ရုံပါပဲ"
"အိမ်မက်ပဲမက်နေ" အမျိုးသမီးရဲ့မျက်နှာက အနည်းငယ်ဖြူဖျော့သွားတယ်။
"ဒါ အိမ်မက်ဟုတ်လားမဟုတ်လား မင်းမကြာခင်သိမှာပါ"
နတ်ဆြိးတိမ်အရှင်က ကျယ်လောင်စွာအော်လိုက်တယ်၊ သူက အနက်ရောင်ဓားမော့ရှည်တစ်လက်အဖြစ် ပြောင်းသွားပြီး မြူအလင်းသင်္ဘောအပေါ် ခုတ်ပိုင်းလိုက်တော့တယ်။
ဝုန်း......
မြူအလင်းသင်္ဘောရဲ့မျက်နှာပြင်ပေါ်ရှိအပြာရောင်အလင်းက ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး ၎င်းကို ကြည့်ရတာ ဘယ်အချိန်မဆို ပေါက်ကွဲသွားမယ့်ပုံပေါက်နေတယ်။
"အဆုံးမဲ့ရေ...."
"အကန့်အသတ်မဲ့မီး....."
"ရေနဲ့မီးပေါင်းစပ်ခြင်း၊ ဖျက်ဆီးခြင်းနဂါး....."
ရေဒိုယန်အကြီးအကဲနဲ့မီးဒိုယန်အကြီးအကဲတို့က ယင်ရှစ်ကလန်ရဲ့ကလန်သားတွေ မဟုတ်ပါဘူး၊ သူတို့က အစေခံတွေဖြစ်ကြတယ်။ ဒါပေမယ့် ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်ဆိုတဲ့သူတို့ရဲ့အဆင့်အတန်းအရ သူတို့အနေနဲ့ အဆင့်နိမ့်အစေခံတွေတော့ မဟုတ်ပါဘူး။ သူတို့က ယင်ရှစ်ကလန်ခေါင်းဆောင်ရဲ့အမိန့်ကိုသာ နာခံတဲ့လက်ရွေးစင်အစေခံတွေ ဖြစ်ကြတယ်။ သူတို့က ရေစိတ်ဝိညာဉ်မျိုးနွယ်နဲ့မီးစိတ်ဝိညာဉ်မျိုးနွယ်မှဖြစ်တယ်။ သူတို့က သူတို့ရဲ့တိုက်ကွက်တွေကို အဆတစ်ရာတိုးမြှင့်စေနိုင်တဲ့ပူးပေါင်းကွက်တစ်ခုကို ဖန်တီးထားခဲ့တယ်။
ဟိန်းသံ.......
ရေနဲ့မီးစွမ်းအင်ပေါင်းစပ်မှုနဲ့အတူ ရှေးဦးမူလဧရာမနဂါးတစ်ကောင်က နတ်ဆိုးတိမ်အရှင်ကို ကြောက်စရာကောင်းတဲ့စွမ်းအားနဲ့ တိုက်ခိုက်လာတယ်။
"ဒါက အပြင်ကမ္ဘာဆိုရင် ငါ့လိုလူဆယ်ယောက်ကတောင် ဒဏ်ရာအပြင်းအထန်ရလိမ့်မယ်။ ဒါက နတ်ဆိုးဦးချိုကြယ်ပင်လယ်ဖြစ်နေတာ စိတ်မကောင်းစရာတစ်ခုပဲ။ ပျောက်ကွယ်သွားစမ်း....."
နတ်ဆိုးတိမ်အရှင်က အနက်ရောင်တိမ်သားရဲတစ်ကောင်အဖြစ် ပြောင်းသွားပြီး ရှေးဦးဧရာမနဂါးနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။
အနက်ရောင်တိမ်သားရဲက သေချာပေါက် နိမ့်ကျမှန်း တစ်ယောက်ယောက်က မြင်နိုင်တယ်၊ ၎င်းကို ရှေးဦးဧရာမနဂါးက အချိန်နဲ့အမျှ အပိုင်းပိုင်းဆုတ်ဖြဲခဲ့တယ်။ ကံမကောင်းတာကတော့ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်တိမ်သားရဲက ပြန်ပြန်ဖြစ်ပေါ်လာတာပဲ။ ၎င်းရဲ့စွမ်းအင်အပေါ် သက်ရောက်မှုတစ်ခုမှ မရှိဘဲ ၎င်းက တဖြည်းဖြည်း ပိုကြမ်းတမ်းရက်စက်လာနေတယ်။
အတိုချုပ်အားဖြင့် ရှေးဦးမူလဧရာမနဂါးရဲ့စွမ်းအင်က လျော့ကျလာနေပြီး တိမ်နက်သားရဲကို ထပ်ပြီး မဖိနှိပ်နိုင်တော့ပါဘူး။
"ချိုးဖြတ်စမ်း"
တိမ်နက်သားရဲက အနက်ရောင်ဓားမော့တစ်ခုအဖြစ် ပြောင်းသွားပြီး ရှေးဦးမူလဧရာမနဂါးရဲ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်တယ်။
"မိန်းမရွယ်လေး၊ မြန်မြန်ထွက်သွားတော့"
ရေဒိုယန်အကြီးအကဲနဲ့မီးဒိုယန်အကြီးအကဲတို့က မြူအလင်းသင်္ဘောပေါ်ကို သနားစဖွယ် ပြန်ဆုတ်လာရတယ်။ ရေဒိုယန်အကြီးအကဲက အမျိုးသမီးကို မိုင်သန်းရာအနည်းငယ်အထိ တွန်းထုတ်လိုက်တယ်။
ဒါက သူ့ရဲ့အကန့်အသတ်ပါပဲ။ ဒါက နတ်ဆိုးဦးချိုကြယ်ပင်လယ်ဖြစ်ပြီး အရမ်းအဝေးကြီးကို တွန်းပို့လိုက်ရင် မိန်းမရွယ်လေးအား ဒဏ်ရာရစေမိမှာကို သူက ကြောက်ရွံ့တယ်။
"ထွက်သွားဖို့မစဉ်းစားနဲ့"
နတ်ဆိုးတိမ်အရှင်က ကိုယ်ပွားတစ်ခုကို ခွဲထုတ်လိုက်တယ်၊ ကိုယ်ပွားက မိုင်သန်းရာအနည်းငယ်အကွာအဝေးကို လစ်လျူရှုကာ အမျိုးသမီးရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
သူမက နောက်ချန်နေခဲ့ရင် ဝန်ထုတ်ဝန်ပိုးတစ်ခုပဲဆိုတာကို အမျိုးသမီးက သိတယ်။ အံ့ကြိတ်လျက် သူမက သူမရဲ့လက်ထဲရှိအဆောင်ကို အသက်သွင်းလိုက်တော့တယ်။
ရွှမ်း.......
အမျိုးသမီးရဲ့ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး မမြင်နိုင်တဲ့အနက်ရောင်အပေါက်တစ်ခုထဲသို့ ဝင်သွားကာ အရိပ်အယောင်တစ်ခုမှမကျန်ဘဲ ပျောက်ကွယ်သွားတော့တယ်။
"တောက်"
နတ်ဆိုးတိမ်အရှင်က ဒါကို လက်မခံလိုပါဘူး၊ သူက ဟင်းလင်းပြင်ထဲသို့ ရောက်အောင် ကြိုးစားပြီး အမျိုးသမီးရဲ့ချီတည်ရှိမှုနောက်ကို လိုက်သွားတယ်။
ကံမကောင်းတာကတော့ ရှေးဦးမူလရွှေ့ပြောင်းခြင်းအဆောင်က ချီတည်ရှိမှုကို ဖုံးအုပ်နိုင်တာကြောင့် နတ်ဆိုးတိမ်အရှင်က အမျိုးသမီးကို မဖမ်းမိနိုင်တော့ဘူး။
ပြန်လှည့်ကာ နတ်ဆိုးတိမ်အရှင်က မြူတိမ်သင်္ဘောရှိရေဒိုယန်အကြီးအကဲနဲ့မီးဒိုယန်အကြီးအကဲတို့ကို စိုက်ကြည့်လိုက်တယ်"မင်းတို့နောက်လိုက်အိုကြီးနှစ်ကောင်မှာ ရှေးဦးမူလရွှေ့ပြောင်းခြင်းအဆောင်မရှိဘူး။ မင်းတို့နှစ်ယောက်ကို သတ်တာက ယင်ရှစ်ကလန်ကို အချိန်တစ်ခုအထိ ထိခိုက်စေဖို့ လုံလောက်မှာပါ"
ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက ဂေါ်ဖီထုပ်လို အလွယ်တကူရနိုင်တာမဟုတ်ဘူး။ ယင်ရှစ်ကလန်လိုစကြာဝဠာစွမ်းအားကလန်တစ်ခုအတွက်တောင် ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေက တန်ဖိုးကြီးပြီးမရှိမဖြစ်ပါပဲ။
"ပြေးတော့" မိန်းမရွယ်လေး လွတ်မြောက်သွားတာကြောင့် သူတို့နှစ်ယောက်က နောက်ထပ်စိုးရိမ်စရာမရှိတော့ဘူး။ သူတို့က မြူအလင်းသင်္ဘောကို သိမ်းကာ ဦးတည်ဘက်ခွဲကာ ထွက်ပြေးလိုက်ကြတယ်။
"မင်းတို့လွတ်မြောက်မယ်လို့ ထင်နေတာလား"
နတ်ဆိုးတိမ်အရှင်နှစ်ယောက်က မီးဒိုယန်အကြီးအကဲနဲ့ရေဒိုယန်အကြီးအကဲတို့နောက် လိုက်သွားတော့တယ်။
ရှေးဦးရွှေ့ပြောင်းခြင်းအဆောင်မှာ ကျပန်းရွှေ့ပြောင်းခြင်းအကွာအဝေးတစ်ခုရှိတယ်။
ဒါက အပြင်ကမ္ဘာနဲ့ပုံမှန်အနေအထားမှာရှိရင် အလင်းနှစ်တစ်သောင်းဒါမှမဟုတ်တစ်သန်းကျော်အထိ တည်နေရာရွှေ့ပြောင်းနိုင်လိမ့်မယ်။ အဲဒါက သေးငယ်တဲ့ကြယ်ပိုင်နက်တစ်ခုမှာဆိုရင် အခြားကြယ်ပိုင်နက်တွေဆီ ရွှေ့ပြောင်းနိုင်လောက်တယ်။
ဒါပေမယ့် သူမက နတ်ဆိုးဦးချိုကြယ်ပင်လယ်မှာရှိတာကြောင့် ရွှေ့ပြောင်းခြင်းအကွာအဝေးက အဆတစ်ရာဒါမှအဟုတ်အဆတစ်ထောင်အထိ ကျုံ့သွားတယ်။
ဒီနေ့မှာတော့ လီဖူချန်းက ခရီးသွားနေပြီး သူက တစ်ခုခုကို အာရုံခံစားမိတယ်။ သူက လျင်မြန်စွာ ကြည့်လိုက်ပြီး ပုံရိပ်တစ်ခုထွက်ပေါ်လာနေတာကို မြင်လိုက်ရတယ်။
"တည်နေရာရွှေ့ပြောင်းတာလား" လီဖူချန်းက မေးငေါ့လိုက်တယ်။
တစ်ယောက်ယောက်က နတ်ဆိုးဦးချိုကြယ်ပင်လယ်ထဲမှာ တည်နေရာရွှေ့ပြောင်းတာ အတော်ရှားတယ်။ သေးငယ်တဲ့ကံမကောင်းမှုတစ်ခုက အကြင်သူကို အလွန်အမင်းအန္တရာယ်များတဲ့နေရာတစ်ခုဆီ ရွှေ့ပြောင်းနိုင်တယ်။
နတ်ဆိုးဦးချိုကြယ်ပင်လယ်ထဲမှာ ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေအတွက်တောင် သေဖို့အခွင့်အရေးကိုးဆယ်ရာခိုင်နှုန်းရှိတဲ့နေရာအချို့ရှိတယ်။
"ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်လား"
ယင်ရှစ်ယွဲ့က ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ဘေးနားမှ တည်နေရာရွှေ့ပြောင်းသွားတဲ့အခါ သူမက တစ်ချက်ထိတ်လန့်မိတယ်။ ဒါပေမယ့် လီဖူချန်းရဲ့ချီတည်ရှိမှုက အလွန်မသန်မာဘူးဆိုတာ သူမက ချက်ချင်းသိလိုက်ရတယ်။ ထိုလူက ကြယ်ပိုင်နက်အဆင့်ကို မကြာသေးမီကမှ မြင့်တက်လာတဲ့ကလန်အကြီးအကဲတွေနဲ့သာ နှိုင်းယှဉ်နိုင်တယ်။
သူမက စိတ်သက်သာရာရစွာ အသက်ရှုထုတ်လိုက်မိတယ်။ သူမက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပေမယ့် ကလန်ရဲ့လက်နက်နဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ဆိုရင် သူမက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်နေပါပြီ၊ ဒါပေမယ့် အချိန်အကြာကြီးတော့ မဟုတ်ဘူးပေါ့။