← Chapters

မြေရိုင်းပြည်နယ်၏ပထမဆုံးရှန့်ထို

Vol. 009 Ch. 820

မြေရိုင်းပြည်နယ်၏ပထမဆုံးရှန့်ထို

Vol. 009 Ch. 820

ကျေးရွာ၏ အိမ်ကလေး တစ်လုံးရှေ့တွင် သွေးအိုင်ထဲ လဲနေသော လူသေအလောင်း နှစ်လောင်းအား မြင်ကြရသည်။

တစ်ချိန်တည်းမှာပင် တစ်ယောက်ပြီး တစ်ယောက် လျှပ်တစ်ပြက် ပေါ်လာကာ အလွန်အမင်း အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ထုတ်ဖော်လျက် လူသတ်သမားအား ဝန်းရံလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ရာပေါင်းများစွာသော လူများက ကိုယ်ရောင်ကိုယ်ဝါများ ထုတ်ဖော်ကာ ပေါ်ထွက်လာကြသည်။ သို့သော်လည်း ကျောက်မဟာ ပြည်ထောင်မှလူများက စိုးရိမ်ဟန်မရပေ။ ဖီးနစ်စစ်တပ်က လေထဲတွင် အရှိန်အဝါ ကောင်းစွာဖြင့် နေရာယူထားကာ ရွာသားများအား ရင်ဆိုင်၏။

ကျေးရွာလေး တစ်ရွာမျှက အရှေ့ဘက်ပြည်နယ်၏ ပြိုင်ဘက်ကင်း စစ်တပ်ဖြစ်သော ကျောက်မဟာ ပြည်ထောင်အား မည်သို့ ယှဉ်နိုင်မည်နည်း။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် မရောက်သေးမီအချိန်၌ သူတို့ကား သိပ်အတင့်ရဲခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ဘုရင်မင်းမြတ်ကိုယ်တိုင် ရောက်လာကာ အမိန့်ပေးသော အခါတွင်ကား သူတို့ကို မည်သူက တားဆီး နိုင်တော့မည်နည်း။

တခြား တော်ဝင်မြေများမှ လူများက ရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ကျေးရွာကား ကျောက်မဟာ ပြည်ထောင်နှင့် ရင်ဆိုင်ရဲလောက်အောင်ပင် အမှန်တကယ် ရဲစွမ်းသတ္တိ ရှိကြပေသည်။ သို့သော် ထိုရွာသူရွာသားများက ကျောက်မဟာ ပြည်ထောင် မည်မျှ အားကောင်းသည်ကို သိကြပါ၏လော။

ကျောက်မဟာ ပြည်ထောင်ကား တချိန်က အရှေ့ဘက်ပြည်နယ်၏ အချုပ်အချာအာဏာ ကိုင်စွဲသူများ ဖြစ်ကြပေသည်။ ယခု ယခင်ထက် ဆုတ်ယုတ် သွားသည့်တိုင် သူတို့၏အင်အားက မည်သို့ လျှော့တွက်၍ ရမည်နည်း။ ထို့အပြင် သူတို့က ရှီဟွာတောင်နှင့်လည်း မဟာမိတ်ဖွဲ့ လိုက်ဟန်ရကြသည်။

မှန်သည်… လူအများအပြားက သည်ကိစ္စရပ်များကို ကျေးရွာခေါင်းဆောင်က မည်သို့ ဖြေရှင်းမည်ကိုသာ သိလိုပေသည်။

သင်္ချိုင်းကုန်း ကျေးရွာကား အလွန် ထူးဆန်းပေသည်။ သူတို့က မရဏဝင်္ကပါကို အသုံးပြုကာ စစ်တုရင်ရှန့်ထိုအား သတ်ဖြတ်နိုင်ခဲ့ကြသည်။ ကျေးရွာ၌ လျှို့ဝှက်ချက် ရှိသည်ကို မသိသောသူပင် မရှိပေ။ ကျေးရွာခေါင်းဆောင် ကိုယ်တိုင်က ယခင် မရဏဓားသမား၏ နောက်လိုက် တစ်ယောက် ဖြစ်နိုင်ပေသည်။

ယခု ခြံဝင်းထဲတွင် ကျေးရွာ ခေါင်းဆောင်နှင့် ကျောက်မဟာ ဘုရင်မင်းမြတ်တို့က တစ်ယောက်နှင့် တစ်ယောက် ဒေါသတကြီး ကြည့်နေကြသည်။ သူတို့အနီးတွင် လေကြမ်းများ တိုက်ခိုက်နေပြီး သစ်ရွက်များ မြေပြင်တွင် လွင့်နေကြသည်။

ကျောက်မဟာ ပြည်ထောင်မှ လူများက ကျေးရွာအား ဝန်းရံ ထားခဲ့ကြသော်လည်း သူတို့က ဘာမှ အရမ်းကာရော မလုပ်ရဲခဲ့ကြပေ။ ယခု ဘုရင်မင်းမြတ်ကိုယ်တိုင် ရောက်လာသောအခါ သူက ချက်ချင်းပင် သူ့လူများအား သတ်ဖြတ်ရန် စေခိုင်းခဲ့သည်။ သူကား ရီဖူရှင်း၊ ရာရာနှင့် တခြားလူများကို မရဏတောင်မှ ထွက်လာရန် ဖိအားပေးနေခြင်း ဖြစ်သည်။

“ကျုပ်က ရှန့်ထိုဆိုတာကို ခင်ဗျားက သိတယ်… ဒါတောင်မှ ဒီလောက် ရမ်းကားရဲတယ်…” ကျေးရွာခေါင်းဆောင်၏ အမူအရာက အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ ရှန့်ထို ကိုယ်ရောင်ကိုယ်ဝါ ထွက်ပေါ်လာကာ ချက်ချင်းပင် ရှန့်အသိက ကျေးရွာ တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

တော်ဝင်မြေများမှ လူများက သိပ်မအံ့ဩကြတော့ပေ။ သူတို့ကား နဂိုကတည်းက ခန့်မှန်းမိပြီး ဖြစ်သည်။

သင်္ချိုင်းကုန်းကျေးရွာမှ ကျေးရွာ ခေါင်းဆောင်ကား ရှန့်ထိုတစ်ပါး ဖြစ်သည်။ သို့သော်လည်း သူတို့တွင် ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ရှိရာ ဘာမှ ကြောက်စရာ မရှိပေ။ ကျောက်မဟာ ပြည်ထောင်က မည်သည့်အင်အားစုကိုမှ ကြောက်ရွံ့မည် မဟုတ်ပေ။

“ခင်ဗျားက ရှန့်ထိုဆိုရင်ရော.. ဘာဖြစ်လဲ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ထူးမခြားနားစွာ ပြောသည်။ သူ၏ကြီးမားသော အရှိန်အဝါက ကျေးရွာတစ်ခုလုံးကို လွှမ်းခြုံထားဆဲ ဖြစ်သည်။ သူက အေးစက်စွာ ပြောသည်… “ဓားအစေခံ တစ်ယောက်က ကျုပ်ကို အန်တုရဲတယ်… သူတို့က မရဏတောင်ထဲမှ ဆက်ပုန်းနေမယ်ဆိုရင် ကျုပ်က တစ်ရွာလုံးကို သတ်ဖြတ်ရမှာပဲ… စကားမစပ် ခင်ဗျားရဲ့ အခေါင်းကိုရော ပြင်ထားပြီးပြီလား…”

တန်ခိုး ကျင့်ကြံခြင်းတွင် အဆင့်မြင့်လာသည်နှင့် သေးငယ်သော အဆင့်ကွာဟမှုကပင် အလွန် ကြီးမားပေသည်။ ထို့ကြောင့် ရှန့်ထိုများအကြား စွမ်းရည် ကွဲပြားမှုကလည်း အလွန် ကြီးမားပေသည်။

ထို့ကြောင့်ပင် ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်က ဓားအစေခံ တစ်ယောက်အား ကြောက်ရွံ့ခြင်း မရှိခြင်းပင်။

သူကား ဘုရင်မင်းမြတ်ဖြစ်ကာ တစ်ဖက်လူကား ဓားအစေခံမျှသာ ဖြစ်သည်။

“ခင်ဗျားမှန်တယ်.. ဒါပေမဲ့ စစ်တုရင် ရှန့်ထိုကလည်း ရှန့်ထိုပဲ … အခု သူဘယ်မှာလဲ…” ကျေးရွာ ခေါင်းဆောင်က မဲ့ပြုံးပြုံးသည်။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အဘိုးအိုအား အေးစက်စွာ ကြည့်သည်။ သူ့အား ခြိမ်းခြောက်ရန် ကြိုးစား နေသည်လား။

“သင်္ချိုင်းကုန်းကျေးရွာမှာ ဘာလျှို့ဝှက်ချက် ရှိတယ် ဆိုတာကို ကျုပ် မသိပေမဲ့ မရဏ ဓားသမားကိုယ်တိုင် သက်ရှိထင်ရှား ရှိနေရင်တောင်မှ မရဏဝင်္ကပါကို ဆက်တိုက် အသက်မသွင်နိုင်ဘူး ဆိုတာ ကျုပ်သိတယ်…”

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်… “ခင်ဗျားက ပြည်နယ်ကိုးခု ညီလာခံမှာ ဓားဝင်္ကပါကို ဆက်ခံမည့်လူ လာရှာတာပေါ့… ခင်ဗျား စိတ်ထဲမှာ ဘာတွေ ကြံစည်နေတာလဲ…”

“ခင်ဗျား သိချင်လား…” ကျေးရွာခေါင်းဆောင်က အေးစက်စက် အမူအရာဖြင့် ပြောသည်။

“ကျုပ် သိရမယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ် ကလည်း ရင့်သီးစွာ ပြောသည်။ သူက မရဏတောင်ထဲမှ လူများအား ဖမ်းဆီး သွားလိုပေသည်။

“သူတို့ ထွက်လာပြီ… ခင်ဗျား သိချင်တာ မကြာခင် သိရလိမ့်မယ်…” အဘိုးအိုက ပြောသည်။

ကျောက်မဟာ ပြည်ထောင်ဘုရင်မင်းမြတ်က သူ၏စိတ်အသိအား ဖြန့်ကျက်လိုက်သည်တွင် အမှန်တကယ် လူတစ်စုက မရဏတောင်ပေါ်မှ ဆင်းသက်လာကြကာ ကျေးရွာသို့ ဦးတည်လာသည်ကို သူသိလိုက်သည်။

သူတို့အုပ်စုကား ရီဖူရှင်းတို့ ဖြစ်ကြသည်။ ရာရာကလည်း ရီဖူရှင်းတို့နှင့်အတူ ပါလာသည်။ သူတို့က ပြင်ပမှ အခြေအနေကို သတိထားမိကြကာ မြန်ဆန်စွာဖြင့် ထွက်လာ နေကြသည်။ သို့သော် ကျေးရွာအတွင်းမှ အိမ်ကလေး တစ်လုံးရှေ့ကို ရောက်သောအခါ သူတို့အားလုံး ရပ်တန့် လိုက်ကြရတော့သည်။

ထိုနေရာတွင်ကား လူသေအလောင်း နှစ်လောင်း ရှိနေသည်။

“အဖေ… အမေ…” ရာရာက မကောင်းသည့် တစ်စုံတစ်ခု ဖြစ်ပျက်သည်ကို သိခဲ့သော်လည်း ယခု သူမ၏ရှေ့မှ မြင်ကွင်းအား သူမကို မိုးကြိုးဖြင့် ပစ်နှက်လိုက်သည့်အလား တုန်လှုပ် ချောက်ချားစေခဲ့သည်။ သူမ၏အသိစိတ်များ ဟာလာဟင်းလင်း ဖြစ်သွားကာ အသက်မဲ့သော အမူအရာဖြင့် သူမ မိဘများရှေ့ကို လျှောက်သွားပြီး ဒူးထောက် ထိုင်ချလိုက်သည်။ သူမ၏မျက်လုံးများမှ မျက်ရည်များကလည်း ထိန်းချုပ်မရအောင် ထွက်လာကြတော့၏။

ရီဖူရှင်းကလည်း လူသေအလောင်း နှစ်လောင်းကို ကြည့်ကာ မှက်တက်ငေးမော နေမိသည်။ သူက သည်ကျေးရွာတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ကာ ကျန်းမောင်နှံနှင့် ရင်းနှီးခင်မင်ခဲ့သည်။ ယခုကား သူတို့နှစ်ယောက်က အေးစက်ကာ အသက်မဲ့လျက် မြေပြင်ပေါ်၌ ​လဲလျောင်းနေကြသည်။

ရီဖူရှင်း၏မျက်လုံးများက အလွန်အမင်း တင်းမာ ခက်ထန်သွားကာ လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်လာသည်။ ဦးလေးကျန်းနှင့် ကျန်းအဒေါ်တို့ကား တန်ခိုးကျင့်ခြင်းကို အနည်းငယ်မျှသာ သိသာ သာမန်လူများနှင့် မခြားနားပေ။ အဘယ်ကြောင့် သူတို့ သတ်ဖြတ်ခံရသနည်း။

ရီဖူရှင်းက လေထဲမှ ဖီးနစ်စစ်တပ်ကို ကြည့်ကာ အေးစက်စွာ မေးသည်… “ဒါကို ဘယ်သူလုပ်တာလဲ…”

“ကျုပ်လုပ်တာ…” အသံတစ်သံနှင့်အတူ လူနှစ်ယောက်က ကောင်းကင်မှ ဆင်းသက်လာကြသည်။ သူတို့ကား ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်နှင့် ကျေးရွာခေါင်းဆောင်တို့ ဖြစ်ကြ၏။

ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းနှင့် ရာရာကို ကြည့်သည်။ ကျောက်ထိုနှင့် တခြားလူများ၏စကားများအရ ဝင်္ကပါကို အသက်သွင်းခဲ့သူမှာ ရီဖူရှင်းဖြစ်သည်။

ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ မေးသည်… “ဘာကြောင့်လဲ…”

“မင်းက ငါ့ကို မေးခွန်း ထုတ်နေတာလား…” ဘုရင်မင်းမြတ်က ရီဖူရှင်းကို အေးစက်စွာ ပြောသည်။ သူ၏မျက်လုံးများက ကြီးမားသော အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်အား ကြည့်သည်။ ပြည်နယ်ကိုးခု ညီလာခံ၌ ရှန့်ထိုများကား ဤသို့မဟုတ်ပေ။ သူတို့အားလုံးက ငြိမ်းချမ်းသည့်အသွင် ဆောင်ကြကာ သဘောထား ကြီးရင့်မှုများအား ပြသခဲ့ကြသည်။

သို့သော်လည်း လက်ရှိအခြေအနေက ပြောနေသည်မှာ ပြည်နယ်ကိုးခု ညီလာခံကား အဆင့်တန်ဆာ ခင်းကျင်းခြင်းများသာ ဖြစ်ကာ သူတို့၏ ပင်ကိုစိတ်ရင်းများ မဟုတ်ကြပေ။ သူတို့ကိုယ်တိုင်မူကား အလွန်အမင်း ရက်စက်ကြပေသည်။ စစ်တုရင်ရှန့်ထိုကား သူလွတ်မြောက်ရန် သူ့တပည့်များအား စတေးနိုင်သည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်ကလည်း သူ့ရည်ရွယ်ချက် ပြီးမြောက်ရန် အပြစ်မဲ့သောလူများအား သတ်ဖြတ်ရန် ဝန်မလေးပေ။

စစ်တုရင်ရှန့်ထို ပြောခဲ့သလိုပင် မဟာလမ်းစဉ်ကား သံယောဇဉ်ကင်းမဲ့၏။

ပြည်ထောင်တစ်ခု၏ ဘုရင်မင်းမြတ်ဖြစ်သူကား လူသာမန်တို့၏ အသက်အား ဖက်ရွက်မျှလောက်ပင် တန်ဖိုးမထားပေ။

“မင်းက စစ်တုရင်ရှန့်ထိုကို မရဏတောင်မှာ သတ်ဖြတ်ခဲ့တယ်… ဝင်္ကပါကို ထိန်းချုပ်တဲ့အခါမှာလည်း တခြား တော်ဝင်မြေကလူတွေကို ဂရုမစိုက်ဘဲ အသက်ပေါင်းများစွာကို သေကြေစေခဲ့တယ်… ဒါက ကျောက်မဟာ ပြည်ထောင်က လူတွေ အများကြီးကို သေစေခဲ့တယ်… ဟုတ်တယ်မလား…” ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။

“မရဏတောင်ကို ဝင်ခဲ့တဲ့လူတွေ အကုန်လုံးက တော်ဝင်မြေက လူတွေချည်းပဲ… သူတို့က ဒါကို အသက်စွန့်ပြီး ဝင်ခဲ့ကြတာ… အားလုံးက ဝင်္ကပါကို ရဖို့အတွက်ပဲ မဟုတ်ဘူးလား… ကျုပ်တို့ မြေရိုင်းပြည်နယ်ကလည်း ဒီအတိုင်းပဲ… စစ်တုရင်ရှန့်ထိုက ကျုပ်ကို သတ်ဖို့ ကြိုးစားတဲ့အချိန်မှာ ကျုပ်ကလည်း ဒီအတိုင်း ထိုင်နေလို့ မရတာတော့ သေချာတယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်.. “ဒါက ဘုရင်မင်းမြတ်နဲ့ ဘာသက်ဆိုင်လဲ…”

“အရှေ့ဘက် ပြည်နယ်မှာ ရှန့်ထိုအချို့ရှိတယ်… မင်းက ရှန့်ထိုတစ်ပါးကို သတ်ပြီး ဘာမှ မဖြစ်သလို လာပြောနေလို့ ရမလား… မင်းကြောင့် တခြား တော်ဝင်မြေက လူတွေနဲ့ ကျောက်မဟာ ပြည်ထောင်က လူတွေ အသက် ဆုံးရှုံးခဲ့ရတယ်… မင်း ဘယ်လိုထင်လဲ…” ဘုရင်မင်းမြတ်က အေးစက်စွာ ပြောသည်။

“စစ်တုရင်ရှန့်ထိုက အရှေ့ဘက် ပြည်နယ်ရဲ့ရှန့်ထိုပဲ… ကျုပ်က မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်ရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ အရှေ့ဘက်ပြည်နယ်က ရှန့်ထိုကို သတ်ရဲတယ်… ဒါက အတင့်ရဲတာပဲ…” ရှီဟွာတောင်မှ တန်ခိုးရှင် အချို့ကလည်း ဝင်ပြောကြသည်။

ရှီဟွာတောင်မှ လူများထဲတွင် လျူကျောင်းတို့ အဖွဲ့ကိုလည်း ရီဖူရှင်းက မြင်သည်။

“မင်းက ဓားဝင်္ကပါကို အသက်သွင်းခဲ့လို တော်ဝင်မြေက လူတွေ အတော်များများ သေခဲ့ရတယ်…” တော်ဝင်အလင်း နန်းတော်မှ လူများကလည်း ရီဖူရှင်းကို စွပ်စွဲပြောဆိုသည်။

ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ အဓိပ္ပာယ် ကင်းမဲ့မှုအား ခံစားရသည်။

“တော်ဝင်ကျဲနန်းတော်က အင်ပါယာ ရှားလက်အောက်က အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါတယ်… စစ်တုရင်ရှန့်ထိုက ကျုပ်ကို သတ်ဖို့ ကြိုးစားတဲ့အခါ ကျုပ်က ဘာမှ​ပြန်မလုပ်ဘဲ ထိုင်နေရမတဲ့လား… ပြီးတော့ ကျုပ်က မရဏတောင်ကို ဝင်တဲ့အခါ တခြား တော်ဝင်မြေက လူတွေရဲ့ ဘေးကင်းမှုကိုလည်း တာဝန်ယူရမယ့်ပုံစံပဲ…”

ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ ထပ်ပြောသည်… “ခင်ဗျားတို့တစ်တွေက တကယ်ပဲ ကျုပ်ကို အပြစ်တင်ဖို့ တွေးနိုင်တယ်… စစ်တုရင်ရှန့်ထိုက တခြားလူတွေရဲ့ အသက်တွေကို ရင်းပြီး သူ့ကိုယ်ကျိုးအတွက် အသုံးချဖို့ ကြိုးစားတာက​တော့ မှန်ကန်တယ်ပေါ့… ခင်ဗျားတို့ကလည်း ကိုယ်လိုချင်တာကို ရဖို့ဆိုရင် သူ့လိုပဲ တွေးမယ်ဆိုတာ ကျုပ် ပြောရဲတယ်…”

ထိုလူများ ဘာလိုချင်သည်ကို သူသိပေသည်။

“သူ့ကို ဖမ်းစမ်း…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က အချိန်မဖြုန်း လိုတော့ပေ။ သူက ရီဖူရှင်းကို ကြည့်ကာ အေးစက်စွာ အမိန့်ပေးသည်။ တန်ခိုးရှင်အချို့က ကြီးမားသော အရှိန်အဝါများဖြင့် ရှေ့ကို တက်လာကြသည်။

ရီဖူရှင်းဘေးကို ကျူးကော့ချန်းဖန်၊ ဝမ်ရှင်းနှင့် ယန်ဟောင်တို့ ရောက်လာကြ၏။

“ပြည်နယ်ကိုးခု အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါတဲ့ မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော် ခေါင်းဆောင်ကို ခင်ဗျားမှာ ဖမ်းဆီးပိုင်ခွင့် ရှိတယ်လို့ ကျုပ်မထင်ဘူး…” ကျေးရွာခေါင်းဆောင်က အေးစက်စွာ ပြောသည်။

“မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိဘူး.. သူတို့ကို တော်ဝင်မြေလို့ ခေါ်ထိုက်လို့လား… ကျုပ်က အင်ပါယာရှားကို ကိုယ်တိုင် ဖိတ်ခေါ်တင်ပြရမယ်… ခင်ဗျားကိုတော့ ကျုပ်က နောက်မှ​ရှင်းမယ်…”

ကျေးရွာ ခေါင်းဆောင်က ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ ပြောသည်… “ပြည်နယ်ကိုးခုလုံးက လူတွေက မရဏ ဓားသမား ချန်ရစ်ခဲ့တဲ့ ဝင်္ကပါကို ရဖို့ မရဏတောင်ကို တက်ခဲ့တယ်… ဒါပေမဲ့ တကယ်လမ်း ဝင်္ကပါကို အသက်သွင်း နိုင်ခဲ့တာက မြေရိုင်း ပြည်နယ်ကပဲ… ဒါကြောင့် မရဏ ဓားသမားကိုယ်တိုင် အမိန့် မှာပေးခဲ့တဲ့အတိုင်း ဝင်္ကပါဆက်ခံသူကို ကျုပ်တို့ သင်္ချိုင်းကျေးရွာက သခင်အဖြစ် လက်ခံရမယ်… အခုကစပြီး ကျုပ်တို့ သင်္ချိုင်းကုန်းကျေးရွာက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲ နန်းတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ… မြေရိုင်းပြည်နယ် ကလည်း ရှန့်ထိုပိုင်ဆိုင်တဲ့ တော်ဝင်မြေ ဖြစ်သွားပြီ…”

***

All Chapters