အရှိန်မြှင့်ခြင်း - ၂
Vol. 24 Ch. 356
ချပ်ဝတ်တန်ဆာနှင့် ခဏကစားပြီးနောက်မှသာ ကစားသမားများသည် ဆိုင်များရှိ ဆူနီတပ်သားသစ် ချပ်ဝတ်တန်ဆာနှင့် အရည်အချင်းများကို နှိုင်းယှဉ်ရန် သတိရသွားကြသည်။ ရလဒ်မှာ တူညီလုနီးပါးဖြစ်သည်။
တူညီသောအရည်အသွေး၊ စျေးနှုန်း၏ လေးပုံတစ်ပုံ - ၎င်းသည် ထင်ထားတာထက် ပိုတန်နေ၏။
ကစားသမားများမှာ အလွန်ပျော်ရွှင်သွားကြသည်။ ကျန်သည့် ကစားသမားများမှာ စောင့်ကြည့်မနေတော့ဘဲ လိုလိုလားလား ပေးချေကြ၏။
လူ၅၀ကျော်၊ အီနက်စ် ၄၀,၀၀၀ ကျော်၊ အသိပညာ ၂ခုအတွက် လုံလောက်ပြီ ... ဟန်ရှောင်းပြုံးလိုက်သည်။ ဒီထက်ပိုရှိသေး၏!
ထို့နောက်တွင်၊ သူသည် အဖွဲ့၏ ဈေးဆိုင် စာမျက်နှာတွင် ရွေးချယ်မှု အသစ်တစ်ခုအဖြစ် ပစ္စည်းကိရိယာ အဆင့်မြှင့်တင်ခြင်းကို ပေါင်းထည့်လိုက်သည်။
ဟန်ရှောင်းသည် ချပ်ဝတ်တန်ဆာကို ဆောက်သောအခါတွင် အနည်းငယ် ထိန်ချန်ထား၏။ ၎င်းတို့၏ အရည်အသွေးများသည် 'အခြေခံဗားရှင်း' မျှသာဖြစ်သည်။ ၎င်းသည် မြှင့်တင်ရန်အတွက် နေရာပေးရန်ဖြစ်ပြီး ထိုသို့အားဖြင့် အခြားဝင်ငွေစီးကြောင်းကို ဖွင့်လှစ်နိုင်စေသည်။
ပြုပြင်ခြင်းနှင့် မြှင့်တင်ခြင်းသည် ရေရှည်ဝင်ငွေဖြစ်သည်။ ဟန်ရှောင်းသည် စက်ယန္တရားများကို မြှင့်တင်နိုင်စွမ်းများစွာရှိသောကြောင့် မြှင့်တင်ခြင်းလုပ်ငန်းသို့ ဝင်ရောက်ရန် လိုအပ်သည်များရှိနေသည်။ ထုံးစံအတိုင်း ဟန်ရှောင်းသည် ဤအခွင့်အရေးကို လက်လွတ်မခံပေ။ ထို့အပြင် သူပေးမည့် မြှင့်တင်မှုအဆင့်ကို ထိန်းချုပ်သွားမည်ဖြစ်ပြီး ပထမအကြိမ်တွင် အပြည့်အဝ မြှင့်တင်မှုများ မလုပ်နိုင်ဘဲ တိုးတက်မှုအတွက် နေရာချန်ထားခဲ့ကာ ကစားသမားများကို ဆက်လက်သုံးစွဲရန် ဆွဲဆောင်နိုင်သည်။
ယန္တရားပညာရှင်ကြီးဟန်သည် လောဘမကြီးပေ၊ တစ်ခုခုကို ခွဲခြမ်းပြီး သီးခြားရောင်းချခြင်းဖြင့် သူ၏အမြတ်အစွန်းကို အမြင့်ဆုံးရနိုင်ကာ ၎င်းကို မသိသော ကစားသမားများက ၎င်းအတွက် ပေးချေရန် ဆန္ဒရှိကြသည်။ ဟန်ရှောင်းသည် အခြားဆိုင်များနှင့် ယှဉ်ပြိုင်ရာတွင် စျေးပေါပြီး အရည်အသွေးမြင့် စက်ကိရိယာများကို အသုံးပြု၍ ကစားသမားများအား စက်ပစ္စည်းများကို ဦးစွာဝယ်ယူခွင့်ပြုပြီးနောက်၊ အဆင့်မြှင့်တင်ခြင်း ရွေးချယ်မှုကို မိတ်ဆက်ကာ တစ်ကြိမ်တည်းရောင်းချခြင်းကို ရေရှည်အမြတ်အစွန်းအဖြစ် ပြောင်းလဲလိုက်သည်။
နောက်ဆုံးတွင်၊ သူသည် သူ၏ယခင်ဘဝတွင်လည်း ရံဖန်ရံခါ တစ်ဦးတည်းဂိမ်းများကို ကစားခဲ့ဖူးပြီး ဂိမ်းကုမ္ပဏီများမှ ဂိမ်းတစ်ခုအား ထပ်ခါထပ်ခါ ဝယ်ယူရသောဂိမ်းအဖြစ်သို့ ပြောင်းလဲပေးခြင်းဖြင့် လှုံ့ဆော်ခံခဲ့ရသည်။
ဟန်ရှောင်းသည် လွမ်းဆွတ်သလို ခံစားလိုက်ရသည်။ ငယ်ငယ်တုန်းကတော့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ခဲ့သော်လည်း သူ့ရဲ့သေးငယ်ပြီး ဖြူစင်သည့်နှလုံးသားသည် လူ့အဖွဲ့အစည်းကြောင့် ညစ်ညမ်းမှုများ ဖြစ်လာခဲ့၏။ မကောင်းသောဘက်သို့ ပြောင်းလဲသွားခြင်းသည် လူတစ်ဦး၏ အပြစ်မဟုတ်ပေ၊ လောက၏ အမှားသာဖြစ်သည်။
နောက်ရက်အနည်းငယ်တွင် ဟန်ရှောင်းသည် ချပ်ဝတ်တန်ဆာအားလုံးကို တည်ဆောက်ခဲ့သည်။ ကစားသမားတိုင်းသည် တပ်သားသစ်အဆင့် သံချပ်ကာကို ဝတ်ဆင်ထားကြ၏။ ကိုယ်ပိုင် ယူနီဖောင်းရှိသော ကြေးစားတပ်ဖွဲ့လိုပင်။ ကစားသမားများအားလုံးသည် စူပါများဖြစ်သော်လည်း၊ တပ်သားသစ်အဆင့် ချပ်ဝတ်တန်ဆာသည် အထောက်အကူဖြစ်နေဆဲ ဖြစ်သည်။
ယန္တရားပညာရှင်ကြီးဟန်ကို အခိုင်အမာ ထောက်ခံသူအနေဖြင့် ဓါးရူးသည် မြှင့်တင်မှုကို ပထမဆုံးဝယ်ယူသူဖြစ်သည်။ မြှင့်တင်ပြီးနောက် ချပ်ဝတ်တန်ဆာ၏ အရည်အသွေးများသည် ၁၀ရာခိုင်နှုန်းခန့် တိုးလာသည်။ တူညီသော စက်ကိရိယာများ၏ မြှင့်တင်မှု အများအပြားသည် ကုန်ကျစရိတ် တိုးလာမည်ဖြစ်သည်။ တပ်သားသစ်အဆင့် ချပ်ဝတ်တန်ဆာအတွက်၊ ပထမ အဆင့်မြှင့်တင်မှုမှာ ၆၀ အီနက်စ်သာ ကျသင့်သည်၊ ဒုတိယအဆင့်တွင် ၁၀၀ နှင့် တတိယအဆင့်တွင် ၁၅၀ ကျသင့်၏။ စတုတ္ထအဆင့်မြှင့်မှုတွင်၊ စျေးနှုန်းသည် ယခင်တစ်ခုထက် ကြီးကြီးမားမား ခုန်တက်သွားမည်ဖြစ်သည်။ စတုတ္ထအဆင့် မြှင့်တင်မှုအတွက် ကုန်ကျစရိတ်မှာ ၃၀၀ ဖြစ်သည်။
မြှင့်တင်မှုတိုင်းတွင် အရည်အသွေးများသည် ၈ရာခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်းအထိ တိုးလာသည်။ ၎င်းသည် ကုန်ကျစရိတ်သက်သာကာ အမြတ်အစွန်းများပြီး ဓါးရူးသည် ၎င်းအတွက် အာမခံချက်ပေးထားသည်။ တခြားသူများကလည်း ကောင်းမွန်သည့် အလဲအလှယ်ဟု ထင်မြင်ကြပြီး လိုက်လုပ်ကြသည်။ ဆူနီ မစ်ရှင်ပြီးနောက်၊ ကစားသမားအားလုံးတွင် အီနက်စ် ၁၀,၀၀၀ ကျော်ရှိကြပြီး၊ လိုချင်သည့်အရာအတွက် တတ်နိုင်သမျှ အမြန်ဆုံးသုံးရန် အရမ်းစိတ်အားထက်သန်နေကြသည်။
ဟန်ရှောင်းသည် ချပ်ဝတ်တန်ဆာကို ပြုလုပ်သောအခါ တိုးမြှင့်ရန် နေရာများစွာ ချန်ထားခဲ့ရပြီး ၎င်း၏ စွမ်းရည် ကန့်သတ်ချက်သို့ ရောက်ရန် အနည်းဆုံး ခုနစ်ကြိမ် တိုးမြှင့်ရမည်ဖြစ်သည်။ မြှင့်တင်ပေးသည့်လုပ်ငန်းက သူ့ကို ၂၃,၀၀၀ အီနက်စ် ရရှိအောင် လုပ်ပေးနိုင်ခဲ့ပြီး၊ ဆိုလိုသည်မှာ ပျမ်းမျှအားဖြင့်၊ ကစားသမား ၅၀ကျော်သည် သူတို့၏ ချပ်ဝတ်တန်ဆာကို အနည်းဆုံး သုံးကြိမ်ထက်မနည်း မြှင့်တင်ထားသည်။
ဟန်ရှောင်းသည် သံချပ်ကာရောင်းချခြင်းမှ ၄၀,၀၀၀ နှင့် မြှင့်တင်ပေးခြင်းမှ ၂၃,၀၀၀ ကို ရရှိခဲ့သည်။ ယခု သူ့အကောင့်တွင် အီနက်စ်ပေါင်း ၆၇,၀၀၀ ကျော်ဖြင့် အသိပညာများကို ဝယ်ယူရန် လုံလောက်နေပြီဖြစ်သည်။
သူက အရောင်းသွက်နေသည့်အချိန်တွင် ဟားလပ်စ်မှာ ဆွံ့အနေ၏။ သူက ဟန်ရှောင်းကိုတွေ့ပြီး အံ့အားသင့်စွာဖြင့် "ငါတို့ရဲ့ ချပ်ဝတ်တန်ဆာနည်းပညာကို မင်းဘယ်လိုသိတာလဲ"
သူသည် ဆူနီ၏ ချပ်ဝတ်တန်ဆာကို တည်ဆောက်ခဲ့ပြီး၊ ၎င်းသည် ဟားလပ်စ်ကို သေချာပေါက် မေးခွန်းထုတ်စေလိမ့်မည်။ ဟန်ရှောင်းက ရယ်မောပြီး “စစ်မြေပြင် ပြုပြင်ရေးမှာ ဒီဇိုင်းပုံစံကို ငါပြန်ထုတ်နိုင်သွားတယ်။ ငါ အရမ်းကျွမ်းကျင်တယ် မဟုတ်ဘူးလား?"
ဟားလပ်စ်၏ မျက်နှာမှာ တွန့်ကွေးသွား၏။ ဟန်ရှောင်းသည် ဆူနီ၏ နည်းပညာကို ခိုးယူသွားသော်လည်း ဆူနီတစ်ယောက်အား သူ၏ကျွမ်းကျင်မှုကို ချီးကျူးရန်တောင်းဆိုနေ၏။ သူ၏ စစ်သင်္ဘောလှီးဓားပင်လျှင် ဤထူထပ်သောအရေပြားကို မဖြတ်နိုင်လောက်ပေ။
ဘာပဲဖြစ်ဖြစ် ဆူနီများအတွက် လက်ရှိအခြေအနေတွင် ဒီအပေါ်မှာ ဘာမှပြောစရာ မရှိပေ။ ဟားလပ်စ်သည် ဟန်ရှောင်းနှင့် အတူနေရဆဲဖြစ်ပြီး ၎င်းကို ဂရုမစိုက်ခဲ့ပေ။ ထို့အပြင်၊ ၎င်းသည် ရှားပါးနည်းပညာမျိုးမဟုတ်ပေ - လူမှုအဖွဲ့အစည်း အများစုတွင် အခြေခံ ဝတ်စုံပြည့် ချပ်ဝတ်တန်ဆာများရှိကြပြီး မတူညီသောပုံစံများသာ ဖြစ်သည်။
…
ဂျူဘာလီ အာကာသစခန်း၏ လဲလှယ်ရေးခန်းမတွင် ဟန်ရှောင်းသည် အသိပညာအချို့ကို ဝယ်ယူရန် ရှာဖွေနေသည်။
နောက်ဆုံးတွင် ငွေအလုံအလောက်ရပြီးနောက်တွင် သူသည် အချိန်အတော်ကြာအောင် သောင်တင်နေခဲ့သော အမျိုးအစားရာထူးတက်ခြင်းကို ပြည့်စုံစေခဲ့သည်။ ပြောစရာမလိုအောင် သူတော်တော် စိတ်လှုပ်ရှားနေ၏။
ကောလ်တန် ကြယ်စုတန်းဧရိယာတွင် ယန္တရားပညာရှင် အတန်းအစားမှ တိုးတက်မှု အသိပညာ ရှစ်ခုသာရှိပြီး ဟန်ရှောင်းသည် တစ်ချက်ကြည့်လိုက်ကာ နှစ်ခုကို အမြန်ရွေးချယ်လိုက်သည်။
[အကြီးစားစက်ယန္တရားပြုပြင်မွမ်းမံခြင်း] ကို ၂၅,၀၀၀ ဖြင့်ရောင်းချပေးပါသည်။
[အဆင့်မြင့် လျပ်စစ်သံလိုက်] ကို ၃၇၀၀၀ ဖြင့် ရောင်းချပေးပါသည်။
_________________________________
သင်ယူခြင်း… အောင်မြင်စွာ သင်ယူပြီးပါပြီ။ [အကြီးစားစက်ယန္တရားပြုပြင်မွမ်းမံခြင်း] ကို သင်လေ့လာပြီးပါပြီ။
သင်ယူခြင်း… အောင်မြင်စွာ သင်ယူပြီးပါပြီ။ [အဆင့်မြင့် လျပ်စစ်သံလိုက်] ကို သင် လေ့လာပြီးပါပြီ
_________________________________
အတန်းအစား တိုးတက်မှု လိုအပ်ချက်များ - အဆင့် ၈၀၊ ဉာဏ်ရည် ၄၀၀၊ ယန္တရားပညာရှင် အတန်းအစား တိုးတက်မှု အသိပညာ ၅ခုကို သင်ယူရန်
အတန်းအစား တိုးတက်မှု အောင်မြင်ပါသည်။
အဆင့် ၈၀ အတန်းအစား တိုးတက်မှု မစ်ရှင် ပြီးဆုံးကြောင်း တွေ့ရှိခဲ့သည်။
အတန်းအစား တိုးတက်မှု အောင်မြင်ပါသည်။ ခံနိုင်ရည် ပင်ကိုယ်အရည်အသွေး တိုးမြှင့်မှုကို မြှင့်တင်ထားသည်။
၁ ခံနိုင်ရည် = ၄၀ အမြင့်ဆုံးသွေးအမှတ် = ၅၀ အမြင့်ဆုံးသက်လုံ။
[ဒေတာ ယန္တရားပညာရှင် အဆင့် ၁] အတန်းအစားအသစ်ကို သင်လက်ခံရရှိပြီးဖြစ်သည်။
+၁၀၀ စွမ်းအင်၊ +၃ လက်စွမ်းအမှတ်၊ +၂ ခံနိုင်ရည်အမှတ်၊ +၄ ဉာဏ်ရည်အမှတ်
သင်သည် အခမဲ့ ပင်ကိုယ်အရည်အသွေး အမှတ် ၅မှတ် ရရှိထားသည်။
အလားအလာပွိုင့် ၁ မှတ်ကို သင်လက်ခံရရှိပြီးဖြစ်သည်။
သင့်တွင် စကေးကျွမ်းကျင်မှု [ဒီဇိုင်းပုံစံ မွမ်းမံခြင်း] ကို ရရှိပါသည်။
သင့်တွင် စကေးကျွမ်းကျင်မှု [အဆင့်မြင့် သန့်စင်ခြင်း] ကို ရရှိပါသည်။
သင့်တွင် စကေးကျွမ်းကျင်မှု [သံလိုက်အမြင်—ဒေတာစီးဆင်းမှု] ကို ရရှိပါသည်။
သင်သည် စွမ်းရည် [ယန္တရားပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာနားလည်မှု] ကို ရရှိပါသည်။
_________________________________
သူ့ခန္ဒာကိုယ်ထဲရှိ စွမ်းအင်များမှာ ကြွေးကြော်နေကြသည်။ သူ၏ အတန်းအစား တိုးတက်မှုသည် ဟန်ရှောင်း၏ အချုပ်အနှောင်အချို့ကို ဖြတ်ကျော်သွားသလို ခံစားရစေသည်။ သူ့အမြင်အာရုံတွေ မည်းမှောင်လာပြီး နာရီတစ်ချို့ ကြာသွားသလို ခံစားရသည်။ သို့သော် တကယ်တမ်းတွင် စက္ကန့်ဝက်မျှသာ ရှိသေးသည်။ ထို့နောက် သူ၏အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီး ၎င်းသည် ယခင်ကနှင့် အလွန်ကွာခြားသည် - သူသည် ပို၍သေးငယ်သောအရာများကို ခံစားသိရှိနိုင်သည်။
သူ့ခွန်အားတွေ တိုးလာတိုင်း ပြန်လည်မွေးဖွားလာသလို ခံစားရသည်။
“Data Mechanic” ဒေတာ ယန္တရားပညာရှင်ကို ဝါရင့် ယန္တရားပညာရှင်ဟုလည်း ခေါ်သည်။ စက်ယန္တရားများအပါ် နားလည်မှု ပိုရှိလာသည်။ ဤအချိန်တွင် စက်ယန္တရား ရင်းနှီးမှုသည် ကြီးမားသော ခုန်ပျံကျော်လွှာတက်လာပြီး သူယခုရရှိထားသော စွမ်းရည်အသစ်လေးခုတွင်၊ [သံလိုက်အမြင်—ဒေတာစီးဆင်းမှု] နှင့် [စက်ယန္တရားဆိုင်ရာ ခွဲခြမ်းစိတ်ဖြာနားလည်မှု] နှစ်ခုစလုံးသည် စက်ယန္တရား ရင်းနှီးမှုကို ကြီးမားစွာ တိုးမြှင့်နိုင်စေခဲ့ကြသည်။
စက်ယန္တရား ရင်းနှီးမှုသည် စက်ယန္တရား၏ အရှိန်အဟုန်၊ အရည်အသွေးများ၊ တည်ဆောက်ခြင်းနှင့် အသုံးပြုခြင်း၏ စွမ်းအားတို့ကို ကိုယ်စားပြုသော ယန္တရားပညာရှင်၏ အဓိက အရည်အသွေးတစ်ခုဖြစ်သည်။ [သံလိုက်အမြင်—ဒေတာစီးဆင်းမှု] သည် ဖွင့်သုံးရသောစကေးတစ်ခုဖြစ်ပြီး ၎င်းကိုအသက်သွင်းပြီးနောက်တွင် အထူးသံလိုက်အမြင်အာရုံတစ်ခုသို့ ဝင်ရောက်သွားမည်ဖြစ်သည်။ သူ၏ သံလိုက်ဓာတ်စွမ်းအင်သည် သူ၏ တိုးချဲ့လိုက်သောအာရုံများ ဖြစ်လာမည်ဖြစ်ပြီး သံလိုက်စက်ကွင်းတစ်ခုဖြင့် စက်ပစ္စည်း၏ အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ကြည့်ရှုနိုင်သည်။
ဟန်ရှောင်းသည် ဤကျွမ်းကျင်မှုစကေးကို အဆင့် ၁၀သို့ ချက်ချင်း အဆင့်မြှင့်လိုက်သည်။ ၎င်း၏အကျိုးသက်ရောက်မှုသည် တစ်မိနစ်လျှင် စွမ်းအင်ကုန်ကျမှု ၂၀ဖြင့် စက်ယန္တရားရင်းနှီးမှုကို ၂၅မှ ၅၀ရာခိုင်နှုန်းအထိ တိုးလာစေသည်။ ရာခိုင်နှုန်းတိုးခြင်းသည် မိနစ်တိုင်း ကျပန်းပြောင်းလဲနေ၏။ ၎င်း၏ ကုန်ကျမှုမှာ အလွန်နည်းသောကြောင့် ဤကျွမ်းကျင်မှုစကေးကို ဆက်တိုက်နီးပါး အသုံးပြုနိုင်မည်ဖြစ်သည်။ [ယန္တရားစွမ်းအားလှိုင်း] နှင့်မတူဘဲ၊ ဤကျွမ်းကျင်မှုစကေးကို တည်ဆောက်မှုလုပ်ငန်းစဉ်တွင်လည်း အသုံးပြုနိုင်သည်။
[ယန္တရားပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာနားလည်မှု] သည် ဉာဏ်ရည်အရ စက်ယန္တရားရင်းနှီးမှုကို တိုက်ရိုက်တိုးမြင့်စေသော သူ့အလိုလိုပွင့်သည့် စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်း၏ အကျိုးသက်ရောက်မှုသည် အလွန်အားကောင်း၏ - ဉာဏ်ရည် ၁၀မှတ်တိုင်းသည် စက်ယန္တရားရင်းနှီးမှုကို ၁ရာခိုင်နှုန်း တိုးစေသည်။ ဟန်ရှောင်းသည် ယခုအချိန်တွင် ဉာဏ်ရည်အမှတ် ၄၀၀ကျော်ရှိသည်။ ၎င်းသည် လက်ရှိအဆင့်အတွက် အဓိက စွမ်းရည်တစ်ခုဖြစ်ပြီး၊ ယန္တရားပညာရှင်များအတွက် ဉာဏ်ရည်အမှတ်၏ အကျိုးကျေးဇူးကို တိုးမြှင့်ပေးသည်။ ကြိုတင်သိမြင်နိုင်သော အနာဂတ်အတွက်၊ ၎င်းသည် ပင်မစွမ်းရည်တစ်ခုဖြစ်သည်။
[အဆင့်မြင့် သန့်စင်ခြင်း] သည် [အခြေခံသန့်စင်ခြင်း] ၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်သည်။ ၎င်းသည် ကုန်ကြမ်းများ၏ ကြံ့ခိုင်မှုကို တိုးမြင့်စေကာ အလွန်အရေးကြီးသော အကျိုးသက်ရောက်မှုကို ဖြစ်စေသည်။ [ဒီဇိုင်းပုံစံ မွမ်းမံခြင်း] သည် သူ့အလိုလိုပွင့်သည့် စကေးတစ်ခုဖြစ်ပြီး စက်ပစ္စည်းတည်ဆောက်နေစဉ်အတွင်း အစပျိုးရန် အခွင့်အလမ်းရှိသည်။ စက်ပစ္စည်း၏ ဒီဇိုင်းပုံစံအဆင့်သည် အဆင့်သုံးဆင့် ခေတ္တတိုးလာမည်ဖြစ်ပြီး၊ ထုတ်ကုန်၏အရည်အသွေးများကို တိုးမြင့်စေသည်။ တည်ဆောက်မှုလုပ်ငန်းစဉ်အတွင်း 'ခရစ်တစ်ကယ်တက်ရန်' အခွင့်အရေးလည်း ရှိသည်၊ ပိုမိုကောင်းမွန်သော အဆင့်ရှိသော စက်ပစ္စည်းများကို ဖြစ်ပေါ်စေနိုင်သည်။ အခွင့်အလမ်းသည် အသုံးပြုသူ၏ ဉာဏ်ရည်အမှတ်နှင့် ကံကောင်းခြင်းအမှတ်အပေါ် မူတည်သည်။
ဟန်ရှောင်းတွင် အတွေ့အကြုံအမှတ် ၂,၅၀၀,၀၀၀,၀၀၀ ရှိသေးသည်၊ ထို့ကြောင့် သူသည် ၅၀,၀၀၀,၀၀၀နီးပါးကို တပြိုင်နက် အသုံးပြုကာ ထိုစကေးများနှင့် စွမ်းရည်အားလုံးကို အမြင့်ဆုံးအဆင့်အထိ အဆင့်မြှင့်တင်လိုက်သည်။ ထို့နောက် ဟန်ရှောင်းသည် သူ၏အဓိကအတန်းအစားကို အမြင့်ဆုံးအဆင့် အဆင့် ၁၅သို့ တိုးမြှင့်လိုက်သည်။
အဆင့် ၈၀ ပြီးနောက်၊ အဆင့်တက်ရန် အတွေ့အကြုံအမှတ်မှာ ဆထက်တပိုး များပြားလာသည်။ အဆင့်တစ်ဆင့်တွင် အတွေ့အကြုံအမှတ် သန်းပေါင်းများစွာ လိုအပ်သောကြောင့် အဆင့်ဆယ့်ငါးဆင့်ကို တစ်ပြိုင်နက်တည်း တက်ခြင်းသည် အတွေ့အကြုံအမှတ် ၉၀၀,၀၀၀,၀၀၀ ကုန်ကျသည်။ သို့သော် ဟန်ရှောင်းက မျက်တောင်ပင် မခတ်ပေ။
_________________________________
[ဒေတာ ယန္တရားပညာရှင်] သည် အဆင့် ၁၅ (အမြင့်ဆုံး) အထိ အဆင့်မြှင့်ထားသည်။
+၂၄၀ စွမ်းအင်၊ +၃ လက်စွမ်းအမှတ်၊ +၂ ခံနိုင်ရည်အမှတ်၊ +၄ ဉာဏ်ရည်အမှတ်
သင်သည် အခမဲ့ ပင်ကိုယ်အရည်အသွေး အမှတ် ၅မှတ် ရရှိထားသည်။
အလားအလာပွိုင့် ၁ မှတ်ကို သင်လက်ခံရရှိပြီးဖြစ်သည်။
_________________________________
အဆင့် ၈၀မှ အဆင့် ၉၅သို့ တစ်ချက်တည်း ရောက်သွားသည်။ ၎င်းသည် ဗားရှင်း ၂.၀တွင် ခွင့်ပြုထားသည့် အမြင့်ဆုံးကစားသမားအဆင့်ကိုပင် ကျော်လွန်သွားသည်။
ဟန်ရှောင်း၏ ရှေ့ရောက်နေမှု၏ အားသာချက်များသည် ပို၍ပင် ကြီးမားလာသည်။
စွမ်းအင်တွေက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြည့်ဝနေ၏။ အရင်က စမ်းချောင်းတစ်ခုဖြစ်ခဲ့လျှင် ယခုဆိုလျှင် မြစ်ကြီးတစ်စင်းလို ဖြစ်နေလေပြီ။
ဟန်ရှောင်းက အသက်ပြင်းပြင်းရှူပြီး သူ့ခန္ဓာကိုယ်၏ ခွန်အားကို ခံစားလိုက်ရသည်။ သူ့ကိုယ်တွင်းမှ ပြင်းထန်သော စွမ်းအင်ကို ကြည်နူးစွာ ခံစားရပြီး အင်တာဖေ့စ်ကိုဖွင့်ကာ ဉာဏ်ရည်အမှတ်တွင် အခမဲ့ ပင်ကိုယ်အရည်အသွေး အမှတ်အားလုံးကို အသုံးပြုလိုက်သည်။ ထို့နောက် သူသည် သူ၏ အရည်အသွေးများ၏ အံ့ဩဖွယ်ရာ အပြောင်းအလဲများဖြင့် သတိပြုမိသည်။
_________________________________
အဆင့် - ၉၅
အဓိက အမျိုးအစား (Main Class) - ယန္တရားပညာရှင်
ပင်ကိုယ်အရည်အသွေးများ - ခွန်အား ၁၂၁၊ လက်စွမ်း ၂၄၄၊ ခံနိုင်ရည် ၂၁၄၊ ဉာဏ်ရည် ၅၇၀၊ လျှို့ဝှက်ဆန်းကြယ်မှု ၂၁၊ ကျက်သရေ ၁၄၊ ကံကောင်းခြင်း ၁။
အခမဲ့ ပင်ကိုယ်အရည်အသွေး အမှတ် - ၀
အလားအလာပွိုင့် - ၈၂
သွေးအမှတ် (HP) - ၁၃,၀၅၇
သက်လုံ - ၁၅,၄၂၀
စွမ်းအင် - ၅,၂၁၀ (အဆင့် ၉)
ပါဝါအဆင့် - ၅,၃၇၇ Ona
အဆင့် - B
[သင်သည် နဂါးငွေ့တန်းထဲတွင်တောင် အမာခံအဆင့်တစ်ခုဖြစ်သည့် သန်မာသောစူပါတစ်ယောက်ဖြစ်သည်။ ဤစွမ်းအားဖြင့်၊ သင်သည် သတ္တဝါအများစုထက် သာလွန်သည်။]
_________________________________
ငါ အဆင့် B ဖြစ်သွားပြီ! ဟန်ရှောင်းပြုံးလိုက်သည်။ ငါ့ရဲ့စွမ်းအင် ၅,၀၀၀ ကို ရောက်တဲ့အခါ အမြင့်ဆုံးသွေးအမှတ်အတွက် ၅,၀၀၀ တိုးလာပြီး အရည်အသွေး မြှင့်တင်မှုက အဆင့်အသစ်တစ်ခု ရောက်သွားပြီ။ ငါ့ရဲ့ အရည်အသွေးတွေက အရင်ကထက် ၃၀ကနေ ၄၀ရာခိုင်နှုန်း မြင့်တက်လာသင့်တယ်။
နောက်ဆုံးတွင်၊ သူသည် အဆင့် B ဖြစ်လာ၏။ သူသည် နဂါးငွေ့တန်း၌ပင် အဆင့်တစ်ခုအထိ မိမိကိုယ်ကို ကာကွယ်နိုင်ပြီး၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆင့် C ထက် ကျော်လွန်ကာ အတန်းအစား အဆင့်မြှင့်တင်မှု အသိပညာအသစ် ၂ခုကို ရရှိခဲ့သည်။ သူ၏ တိုက်ခိုက်ရေးပုံစံကို နောက်တစ်ကြိမ် မြှင့်တင်နိုင်မည်ဖြစ်သည်။
စာစဉ် (၂၄)၊ အခန်း (၃၅၆) ပြီး၏။
လင်းဆက်
+++++