သွားလို့ရပြီလား…
Vol. 009 Ch. 821
ကျေးရွာခေါင်းဆောင်က ထိုသို့ ပြောလိုက်တွင် အရာအားလုံးက ဆိတ်ငြိမ်ခြင်းများသာ ကြီးစိုးသွား၏။
သင်္ချိုင်းကုန်းကျေးရွာက မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်၏ လက်အောက်ကို ခိုဝင်ခဲ့သည်။
မရဏ ဓားသမား၏ ဆက်ခံသူ ဖြစ်လာသော ရီဖူရှင်းက ပြည်နယ်ကိုးခု၏ ပထမဓားဝင်္ကပါ ဖြစ်သော မရဏ ဓားဝင်္ကပါကိုလည်း ပိုင်ဆိုင်ခဲ့၏။
အားလုံးက ခန့်မှန်းသကဲ့သို့ပင် ကျေးရွာ ခေါင်းဆောင် အဘိုးအိုက ရီဖူရှင်းအား ဆက်ခံသူအဖြစ် ရွေးခဲ့၏။ ယခု မရဏဓားသမား၏ လက်အောက်မှ အရာခပ်သိမ်းကား ရီဖူရှင်းနှင့်သာ သက်ဆိုင်သည်။ ယခုမှစ၍ မြေရိုင်းပြည်နယ်က ရှန့်ထိုတန်ခိုးရှင်အား ပိုင်ဆိုင်သည်။
တော်ဝင်ကျဲနန်းတော်ကား မြေရိုင်းပြည်နယ်၏ တော်ဝင်မြေဖြစ်ရာ များစွာသော တန်ခိုးရှင်များအား ဆွဲဆောင်နိုင်ပေသည်။ မြေရိုင်းပြည်နယ်ကား သမိုင်း တစ်လျှောက်တွင် ခေါင်းဆောင်ရှန့်ထို မရှိသော်လည်း ရှန့်ထိုကို အုပ်ချုပ်သော ပထမဆုံး ပြည်နယ် ဖြစ်လာသည်။
ပြည်နယ်ကိုးခုလုံးတွင် တော်ဝင်မြေ ခေါင်းဆောင်များ အားလုံးကား ရှန့်ထိုများ ဖြစ်ကြသည်။
ကျေးရွာ ခေါင်းဆောင်၏ စကားက ရီဖူရှင်း၏ ဆက်ခံမှုကို ခိုင်မာစေကာ တခြား တော်ဝင်မြေများက ရီဖူရှင်းအပေါ် ပြဿနာရှာ၍ မရတော့ပေ။
တော်ဝင်မြေ ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူက တခြား တော်ဝင်မြေများနှင့်အတူ မရဏတောင်ကို တက်ခဲ့ကာ ဝင်္ကပါကို ဖျက်ခဲ့သည်။ သူက အောင်မြင်ခဲ့ကာ ဝင်္ကပါကို ဆက်ခံခဲ့၏။ တခြားလူများက ဘာပြော ရမည်နည်း။
ကျေးရွာခေါင်းဆောင်က ရှန့်ထိုတစ်ပါး ဖြစ်နေခြင်းအပေါ် ရီဖူရှင်းက ထူးဆန်းသည်ဟု မခံစားရတော့ပေ။ ဆုံးဖြတ်ချက် မချတ်မှတ်ခင်ကပင် သူကား ရှန့်ထိုဖြစ်ကြောင်း ကျေးရွာ ခေါင်းဆောင်က ရီဖူရှင်းကို ပြောပြခဲ့သည်။
ရီဖူရှင်းက မရဏတောင်ကို တက်ကာ ဝင်္ကပါအား အသက် သွင်းနိုင်သည်နှင့် မြေရိုင်းပြည်နယ်က ရှန့်ထိုပိုင်ဆိုင်ကာ သူ၏ အကာအကွယ်ကို ရမည်ဟု ပြောခဲ့သည်။ ထို့ကြောင့်ပင် ရီဖူရှင်းက မရဏတောင်ကို တက်ရန် သဘောတူခဲ့၏။
ဝမ်ရှင်း၏ ဟောကိန်းအရ သည်အရေးကား ကံဆိုးခြင်း ကံကောင်းခြင်းများဖြင့် ပြည့်နှက်နေသည်။ သို့သော် ရီဖူရှင်းက ထိုအရာများ အားလုံးကို တွေးထားပြီး ဖြစ်သည်။ သူက မြေရိုင်းပြည်နယ်၏ ကံကြမ္မာအား အလွယ်တကူ လောင်းကြေး မထပ်ရဲပေ။ ကျေးရွာ ခေါင်းဆောင်၏ ပြောစကားကြောင့်သာ မဟုတ်ပါက သူက ဆုံးဖြတ်ရန် လွယ်ကူမည် မဟုတ်ပေ။
ကျောက်စီရီ ပြောသည်က မမှားပေ။ ရှန့်ထိုမရှိဘဲ မြေရိုင်းပြည်နယ်ကား တခြား တော်ဝင်မြေများထက် တစ်ဆင့် နိမ့်နေမည် ဖြစ်ကာ အရာဝင်မည် မဟုတ်ပေ။
ရီဖူရှင်းက မရဏတောင်ကို ဝင်ရောက်ခဲ့ခြင်းမှာ မြေရိုင်းပြည်နယ်၏ အနာဂတ်အတွက် တိုက်ပွဲဝင်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် သူက လုပ်ဆောင် နိုင်ခဲ့သည်။
ရီဖူရှင်းက စစ်တုရင်ရှန့်ထို၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း သူ၏ကံ၊ ဉာဏ်၊ ဝီရိယများကြောင့် အသက်ရှင်ခဲ့ရသည်။ သို့သော်လည်း ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကား အလွန်တရာ ရက်စက်ကြမ်းကြုတ်ကာ သာမန်လူများကိုပင် သတ်ဖြတ်ခဲ့သည်။
“မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်ရဲ့ နန်းတော်သခင်ဖြစ်တဲ့ ... ကျုပ် ရီဖူရှင်းက… သင်္ချိုင်းကုန်း ကျေးရွာက အခု တော်ဝင်ကျဲနန်းတော်ရဲ့ လက်အောက်ကို ရောက်သွားပြီလို့ ကြေညာတယ် … ကျေးရွာ ခေါင်းဆောင်က အခု တော်ဝင်ကျဲနန်းတော်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ…” ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို စိုက်ကြည့်ကာ ကြေညာသည်။
ယခုအချိန်မှစ၍ မြေရိုင်းပြည်နယ် တော်ဝင်ကျဲ နန်းတော်ကား ရှန့်ထိုမရှိသော တော်ဝင်မြေ မဟုတ်တော့ပေ။
မြေရိုင်းပြည်နယ်နှင့် ကျောက်မဟာ ပြည်ထောင်တို့က တူညီသော အဆင့်အတန်းများ ရှိသွားပြီဖြစ်သည်။
“ဒါက အရှေ့ဘက် ပြည်နယ်ရဲ့နယ်စပ်ပဲ… သင်္ချိုင်းကုန်း ကျေးရွာကလည်း အရှေ့ဘက် ပြည်နယ်မြေပေါ်မှာပဲ…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းကို စူးစိုက်ကြည့်ကာ ပြောသည်။
“ပြည်နယ်ကိုးခုလုံးက အင်ပါယာရှားရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ ရှိတယ်…” ရီဖူရှင်းက ဆက်ပြောသည်… “သင်္ချိုင်းကုန်းကျေးရွာက မြေရိုင်းပြည်နယ်သို့ ရွှေးပြောင်းလိမ့်မယ်…”
“သင်္ချိုင်းကုန်းကျေးရွာက မြေရိုင်းပြည်နယ်ကို ဝင်မယ်လို့ ပြောတာနဲ့ ဒီကိစ္စက အလွယ် ပြီးသွားမယ်လို့ မင်းပြောတလား…” ကျောက်ရာက အေးစက်စွာဖြင့် မှတ်ချက်ချသည်။
ရီဖူရှင်းက ကျောက်ရာကို ထူးမခြားနားစွာ ပြောသည်… “ကျုပ် နန်းတော်သခင်က ကျောက်မဟာ ပြည်ထောင်ဘုရင်နဲ့ စကားပြောတဲ့အခါ မင်းက ဘာမို့လို့ ဝင်ပြောရတာလဲ…”
ကျောက်ရာ၏ အမူအရာကား တင်းမာ ခက်ထန်သွားကာ ရီဖူရှင်းကို ကြည့်သည်။ သူက ရီဖူရှင်းကို စိန်ခေါ်ခဲ့သည့် တိုင်အောင် ထိုစဉ်ကတည်းက ရီဖူရှင်းကား သူ့ကို တူသည် တန်သည်ဟု မထင်ခဲ့ပေ။ ယခု မြေရိုင်းပြည်နယ်က ရှန့်ထို ပိုင်ဆိုင်ခဲ့ပြီးဖြစ်ရာ ရီဖူရှင်းကား ပိုမို၍ပင် မောက်မာလာသည်။
ထိုအခိုက်တွင် ရီဖူရှင်းဘေးကို နောက်တစ်ယောက် ရောက်လာသည်။ မျက်လုံးပေါင်း များစွာက သူ့ထံကို ရောက်လာကြ၏။ သူကား ရှီနှင့်ရှန့်ထိုအဆင့် ထိပ်သီးတန်ခိုးရှင် ရန်ရှောင်ဖြစ်သည်။
“တပည့်ဆိုတာ ဆရာရဲ့ အမှားကို ထုတ်မပြောရဘူး… ဒါပေမဲ့ ကျုပ်ဆရာ စစ်တုရင်ရှန့်ထိုက လူသားတစ်ယောက်ရဲ့ အသိစိတ်ဓာတ် ပျောက်ဆုံးပြီးတော့ သူလွတ်မြောက်ဖို့ သူ့တပည့် အရင်းတွေဖြစ်တဲ့ ကျုပ်ဇနီးနဲ့ ကျုပ်တို့ ညီအစ်ကို မောင်နှမတွေ အားလုံးကို စတေးခဲ့တယ်… ဒီအထဲမှာ ကျောက်မဟာ ပြည်ထောင်ကလူတွေ၊ ရှီဟွာတောင်က လူတွေနဲ့ တခြား တော်ဝင်မြေက လူတွေလည်း ပါဝင်ခဲ့တယ်… ဒီအတွက် သူ့ကို သတ်ဖြတ်ခဲ့ခြင်းမှာ နန်းတော်သခင်ရီရဲ့ လုပ်ရပ်က မှန်ကန်တယ်… နန်းတော်သခင်ရီက စစ်တုရင်ရှန့်ထိုကို မသတ်ခဲ့ရင်တောင်မှ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်နဲ့ ရှီဟွာတောင်တို့က သူ့ကို အရေးယူလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်… တကယ်လို့ ဘုရင်မင်းမြတ်က ဒီကိစ္စာမှာ တာဝန် အရှိဆုံးလူကို မေးတယ်ဆိုရင် အဲဒါက စစ်တုရင်ရှန့်ထိုပဲ ဖြစ်လိမ့်မယ်…
ရန်ရှောင်က ဆက်ပြောသည်… “ဒီနေ့ကစပြီး ကျုပ်ရန်ရှောင်က မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်မှာ လေ့ကျင့်မယ်… အကယ်လို့ အင်ပါယာရှားက မရှင်းလင်းရင် ကျုပ်က သခင်ရီနဲ့အတူ ဒီကိစ္စကို သက်သေ လိုက်ပေးနိုင်တယ်… ထို့အတူပဲ မရဏတောင်ထဲကို ဝင်ရောက်ခဲ့ကြတဲ့ တခြား တော်ဝင်မြေက လူတွေကလည်း သူတို့မျက်လုံးနဲ့ ကိုယ်တွေ့ ကြုံခဲ့ရတာဖြစ်လို့ သက်သေ လုပ်ပေးနိုင်မယ်လို့ ကျုပ်ယုံတယ်…”
ရန်ရှောင်က ခိုင်မာပြတ်သားသော အသံဖြင့် ပြောရင်းက လူအုပ်ထဲမှ လျူကျောင်းကို လှမ်းကြည့်သည်။
ရန်ရှောင်က စစ်တုရင်ရှန့်ထိုမှလွဲ၍ တခြားလူများကို အပြစ်မဆိုခဲ့ပေ။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က စစ်တုရင်ရှန့်ထို၏ သေဆုံးခြင်းဖြင့် ရီဖူရှင်းအပေါ် အပြစ်ပုံချရန် ကြိုးစားမှုမှာ အောင်မြင်ဖွယ် မရှိပေ။
ရန်ရှောင်ကလည်း တော်ဝင်ကျဲ နန်းတော်ကို ဝင်ရောက်ပေမည်။ သည်တစ်ခေါက်တွင် မြေရိုင်းပြည်နယ်၏ အင်အားကား အဆမတန် အားကောင်း သွားပေတော့မည်။ သူတို့က သင်္ချိုင်းကုန်း ကျေးရွာမှ စွမ်းအားမြင့် တန်ခိုးရှင်များအပြင် ရန်ရှောင်ကိုပါ သိမ်းသွင်း နိုင်ခဲ့ကြပေသည်။
“မြေရိုင်းပြည်နယ်က ဖြစ်စေ… သင်္ချိုင်းကုန်း ကျေးရွာက ဖြစ်စေ… ကျောက်မဟာ ပြည်ထောင်က ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ခဲ့ဖူးဘူး… ကျောက်မဟာ ပြည်ထောင်ကလူတွေ သေဆုံးတာက စစ်တုရင် ရှန့်ထိုကြောင့်ပဲ… တကယ်လို့ ဘုရင်မင်းမြတ်က ဒီကိစ္စကို အသေးစိတ်သိချင်ရင် လျူကျောင်းကို မေးတာ အကောင်းဆုံးပဲ… သူက စစ်တုရင်ရှန့်ထိုကို ကယ်တင်ဖို့ အကြံပေးတဲ့သူပဲ…” ရီဖူရှင်းက တခြား တော်ဝင်မြေများမှ လူများကိုကြည့်ကာ ထပ်ပြောသည်… “ခင်ဗျားတို့ အားလုံးက ပြည်နယ်ကိုးခုရဲ့ တော်ဝင်မြေတွေပဲ… အားလုံးကလည်း ဂုဏ်သိက္ခာ ကြီးရင့်တဲ့လူတွေ ဖြစ်ကြတယ်… ကျုပ်က မှားယွင်းပြောတာ များလား…”
ပရိသတ်များ၏ အကြည့်များက ရီဖူရှင်းထံကို ရောက်လာသည်။ ရီဖူရှင်းက မရဏဝင်္ကပါကို ထိန်းချုပ်ခဲ့သော်လည်း သူက စစ်တုရင်ရှန့်ထိုကို သတ်ဖြတ်ရန်သာ အသုံးပြုခဲ့သည်ကို အားလုံးက သိခဲ့ကြသည်။ သူက အားလုံးကို သတ်ဖြတ်ရန် စွမ်းရည် ရှိခဲ့သော်လည်း ထိုသို့ မလုပ်ခဲ့သည်မှာ သေချာ၏။
“နန်းတော်သခင်ရီ ပြောတာ မှန်တယ်… ကျုပ် သက်သေ လုပ်နိုင်တယ်…” ကျိရှား တော်ဝင်နန်းတော်မှ အကြီးအကဲ တစ်ယောက်က ပြောသည်။ ကျိရှား တော်ဝင်နန်းတော်မှ တခြား လူများကလည်း ထောက်ခံကြသည်။ ထိုအထဲတွင် ကျူးကော့ရီလည်း ပါဝင်ပေသည်။
“ကျောက်မဟာ ပြည်ထောင်က လူတွေ သေတာ နန်းတော်သခင်ရီနဲ့ မသက်ဆိုင်ဘူး…” ထိုအခိုက်တွင် ရှားကလန်မှ အကြီးအကဲက ဝင်ပြောသည်။
ရှားကလန်မှ သည်ကိစ္စကို ဝင်ပြောသည်တွင် အားလုံးက အဆုံးသတ်သွားပြီဟု အားလုံးက သိလိုက်ကြသည်။ ရှားကလန်ကား ပြည်နယ်ကိုးခုတွင် ထူးခြားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ကာ အားလုံးက လေးစားကြရသည်။ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က ရီဖူရှင်းအပေါ် ထပ်မံ၍ ဖိအားပေးရန် မဖြစ်နိုင်တော့ပေ။
“ဓားနဲ့ မိန်းကလေးက လူတွေ အများကြီးကို သေစေခဲ့တယ်…” ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က လက်မလျှော့ပေ။
ရီဖူရှင်းက တစ်ဖက်လူကို ထူးမခြားနားစွာ ကြည့်သည်။ ထို့နောက် သူက မျက်လုံးကို မှိတ်ကာ စိတ်အသိအား ရွေ့လျားလိုက်သည်နှင့် တစ်ပြိုင်နက် ဓားအသိတစ်ခုက အလွန် ဝေးကွာသော နေရာတစ်ခုမှ ချက်ချင်း တုံ့ပြန်သည်။ လူအများအပြားက ဓားအသိ ဖြစ်ပေါ်လာရာ ဘက်ကို လှမ်းကြည့်ကြကာ ထိတ်လန့် သွားကြသည်။
မကြာမီ ဧရာမ ဓားကြီးတစ်လက်က လေဟာနယ်ကို ခွင်းကာ ကောင်းကင်ထက်မှ ဆင်းသက် လာတော့သည်။ ဓားက တည့်တည့် ဆင်းသက် လာသည်တွင် လူအုပ်ကြီးက မြန်ဆန်စွာပင် နေရာဖယ်ပေး ကြရသည်။ ဓားကြီးက ရီဖူရှင်းရှေ့ကို တိုက်ရိုက် ကျဆင်းလာ၏။
“ရှန့်ထိုအကြီးအကဲ…” ရီဖူရှင်းက ကျေးရွာခေါင်းဆောင် အဘိုးအိုကို ကြည့်သည်။ အဘိုးအိုက လက်နှစ်ဖက်ကို ဆန့်တန်းသည်တွင် ဓားက သူ၏လက်ထဲကို ရောက်လာပြီး အလွန်ကြီးမားသော အရှိန်အဝါကို ပိုင်ဆိုင်စေသည်။ မမြင်ရသော ဓားအားလှိုင်းက ကောင်းကင်နှင့် မြေပြင်အကြားတွင် ဖြစ်ပေါ်လာကာ လေထဲ၌ ဧရာမ ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာ၏။
“ခင်ဗျားက ဒီလောက် သိချင်ရင် ပြောပြမယ်... ဓားက ကျုပ်အစ်ကိုရဲ့ ခန္ဓာကို စတေးပြီး ဖြစ်လာတာပဲ… သူက မရဏတောင်ကို ချုပ်ကိုင်တယ်… ရာရာက ဓားဝင်္ကပါက ဖြစ်တည်လာတဲ့ စိတ်ခန္ဓာပဲ... သူတို့က ရီဖူရှင်းနဲ့အတူ မရဏတောင်မှာ ဓားကို အသက်သွင်း ခဲ့ကြတယ်… ကျောက်မဟာ ပြည်ထောင်က လူတွေက တားမြစ်နယ်မြေကို ဝင်ရောက်ပြီး သေဆုံးတာကို ဓားပေါ်မှာ အပြစ်တင်တယ်… ဒါက ဘယ်လိုဟာသလဲ…” ကျေးရွာ ခေါင်းဆောင်က ပြောလိုက်သည်တွင် အားလုံးက ရှင်းလင်း သွားကြတော့သည်။
မရဏဓားသမားက သူ၏ဓားဝင်္ကပါကို မရဏတောင်တွင် ထားကာ ဆက်ခံသူကို ရှာဖွေခဲ့သည်။ ယခု ရီဖူရှင်းက ဆက်ခံသူ ဖြစ်သည်။
“အခု ဘုရင်မင်းမြတ်က ကျေနပ်ပြီလား…” ရီဖူရှင်းက ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်ကို ကြည့်ကာ ပြောသည်။
ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က သူ့အား ကြည့်သည်။ ထို့နောက် သူက ကျေးရွာခေါင်းဆောင် အဘိုးအိုအား ကြည့်သည်။ ဓားကား ဓားအစေခံမှ ပြောင်းလဲ ဖြစ်တည်လာခြင်း ဖြစ်သည်။ ယခု ထိုဓားကို ကျေးရွာ ခေါင်းဆောင်က ကိုင်ဆောင် ထားသည်တွင် သူ့အား ကြီးမားသော အရှိန်အဝါများ ဖြစ်ပေါ်စေသည်။
နှာခေါင်းတစ်ချက် ရှုံ့ကာ ကျောက်မဟာ ပြည်ထောင် ဘုရင်မင်းမြတ်က နောက်လှည့်လျက် ပြောသည်… “သွားရအောင်…”
သူက ထိုသို့ပြောကာ နောက်လှည့်သည်တွင် ကျောက်မဟာ ပြည်ထောင်မှ လူများအားလုံးက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြပြီး ဆုတ်ခွာကြ၏။ မထင်မှတ်ထားဘဲ ရီဖူရှင်းကသာ အင်အား ကြီးမားလာခဲ့သည်။
“ခင်ဗျား သွားလို့ရပြီလို့ ကျုပ်ပြောလို့လား…” ရီဖူရှင်းက ရုတ်တရက် ပြောသည်တွင် အားလုံးကို အေးခဲ သွားစေသည်။
***