← Chapters

အခမ်းအနားသို့ ရောက်ရှိခြင်း

Vol. 19 Ch. 265

အခမ်းအနားသို့ ရောက်ရှိခြင်း

Vol. 19 Ch. 265

နောက်တစ်နေ့။ အေးစက်သော မနက်ခင်း၏ လေထုပေါ်သို့ နေရောင်ခြည် ဖြာကျလာသည်နှင့် ကုန်းမြေကို လွှမ်းခြုံထားသော အမှောင်ထုက ဖြည်းညင်းစွာ ကွယ်ပျောက်သွား ပေတော့သည်။

ညအချိန်တွင် တိတ်ဆိတ် နေခဲ့သော အပြင်ဘက် တောင်တစ်ခွင်လုံး စိတ်လှုပ်ရှားမှုများ မျှော်လင့်ချက်များဖြင့်  ရုတ်တရက် နိုးလာခဲ့သည်မှာ ကြက်ပေါက် ကလေးများကို အေးခဲနေသော ရေဖြင့် ပက်လိုက်သည်နှင့် ဆူညံထွက်လာသည့် အလားပင်။

တိုက်ခိုက်လိုသော အငွေ့အသက်များက အပြင်ဘက်တောင်၏ နေရာတိုင်းတွင် ဆူပွက်နေပြီ ဖြစ်သည်။

သည်နေ့က တောင်ထွတ်ရွေးချယ်မှု အခမ်းအနားနေ့ ဖြစ်သည်။

သည်နေရာတွင် ရှိနေသော တပည့်များမှာ ကန်ရွှမ်း ကောင်းကင်ဒေသ အတွင်းရှိ  အမျိုးမျိုးသော တိုက်ကြီးများမှ လာကြသူများ ဖြစ်သည်။ သုံးလတာ လေ့ကျင့်မှုအပြီးတွင် ကန်ရွှမ်းကလန်တွင် ရရှိနိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးပြုရသည့် တပည့်ဘဝတွင် နေသားကျလာခဲ့ပြီ ဖြစ်သည်။

သည်မှာ နေထိုင်စဉ်အတွင်း ကျင့်ကြံခြင်း လမ်းစဉ်က မည်မျှကြီးမြတ်သည်ကို သူတို့ မြင်တွေ့နိုင်ခဲ့သည်။

ထိုကြီးမြတ်သော လမ်းစဉ်တွင် သူတို့ရပ်တည်နိုင်မှ ကမ္ဘာပေါ်တွင် သူတို့အတွက် ရယ်မောနိုင်ဖို့ အခွင့်အရေး ရှိပြီး အားကြီးသော သူရဲကောင်းများကိုပင် ကျော်လွှားနိုင်ကာ သူတို့အကြားတွင် စစ်မှန်သော နဂါးတစ်ကောင် ဖြစ်လာပေလိမ့်မည်။

သို့ရာတွင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက သူတို့၏ လမ်းကြောင်းပေါ်ရှိ ကြီးမားသော အတားအဆီးကြီး တစ်ခု ဖြစ်သည်။

အတွင်းတောင် တပည့်အဖြစ်သို့ သူတို့ ဝင်ရောက်နိုင်ပါက နောက်ဆုံးတွင် ကြီးမြတ်သော ကျင့်ကြံမှု လမ်းစဉ်ပေါ်သို့ သူတို့ ခြေချနိုင်တော့မည် ဖြစ်သည်။

ထိုကြောင့် တပည့်တိုင်းသည် ပြီးခဲ့သော သုံးလအတွင်း သူတို့ပိုင်ဆိုင်သော အရာအားလုံးကို သူတို့ကိုယ်ပိုင် ခွန်အားများ တိုးတက်လာစေရန် သုံးစွဲခဲ့သည်။ အရာအားလုံးက သူတို့အားလုံး ဖြတ်သန်းရမည့် နဂါးဂိတ်ဝ ဖြစ်သည့် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် အစွမ်းပြသရန် ဖြစ်သည်။

ထိုကြောင့် သည်သုံးလအတွင်း အရှိန်ယူခဲ့သော တိုက်ပွဲဆာလောင် စိတ်များသည် သည်နေ့တွင် ပေါက်ကွဲထွက်လာခဲ့ပြီး အပြင်ဘက်တောင် တစ်ခွင်လုံး စိတ်အား တက်ကြွနေသော မူလချီများဖြင့် ပြည့်နှက်လျက် ရှိပေသည်…

သုံးလတာ စောင့်ဆိုင်းခဲ့ရသည် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားကား နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။

***

“တပည့်အားလုံး နားထောင်ပါ။ မင်းတို့အားလုံး ပြင်ဆင်စရာ ရှိတာတွေကို ချက်ချင်း ပြင်ဆင်ပြီး တောင်ထွတ်ရွေးချယ်မှု အခမ်းအနား ကျင်းပတဲ့နေရာကို သွားဖို့ ငါ့နောက် လိုက်ခဲ့ကြပါ”

မူလချီများ ပါဝင်သည့် မိုးခြုန်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခုသည် အပြင်ဘက်တောင် တစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။

တပည့်များက အပြင်သို့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြပြီး သူတို့အားလုံးက အပေါ်သို့ ကြည့်လိုက်လျှင် မူလချီတိန်တိုက်များ အပေါ်တွင် ရပ်နေသည့် ချန်းယွင်နှင့် သူ၏ အနောက်ဘက်တွင် လက်နောက်ပစ်ကာ ရပ်နေသည့် အကြီးအကဲ နှစ်ယောက်ကို တွေ့လိုက်ကြသည်။ သူတို့ထဲက တစ်ယောက်မှာ အကြီးအကဲ ကျုံးမင် ဖြစ်သည်။

ချန်းယွင်၏ အသံထွက်ပေါ်လာ ပြီးနောက်တွင် အပြင်ဘက်တောင်၏ အပေါ်ဘက်သို့ များစွာသော အလင်းတန်းများ ပျံဝဲတက်လာပြီး ရှုပ်ယှက်ခတ် သွားတော့သည်။

ဇူယွမ်နှင့် ယောင်ယောင်တို့လည်း သူတို့၏ အိမ်ငယ်လေး အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။

ဇူယွမ်က လှုပ်ရှား တက်ကြွနေသည့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ သွေးများက လောင်ကျွမ်းဆူပွက် လာသလို ခံစားလိုက်ရသည်။ သူလည်းပဲ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားကို သုံးလအကြာ စောင့်ဆိုင်းခဲ့ရသူ မဟုတ်ပါလား…

“သွားကြစို့”

သူက ယောင်ယောင်ကို လှမ်းကြည့်လိုက် ပြီးနောက် သူတို့ ခြေထောက်အောက်ရှိ မူလချီများမှ စတင် မြင့်တက်လာခဲ့ပြီး လူနှစ်ယောက်ကို သယ်ဆောင်ကာ ကောင်းကင်သို့ ပျံဝဲတက်သွား ခဲ့သည်။

သူတို့နှစ်ယောက်လုံး လေထဲ မြင့်တက်သွားသည်နှင့် သူတို့အနီးသို့ မူလချီတိမ်တိုက် တစ်ခု နီးကပ်လာသည်။ တိမ်တိုက် ပေါ်တွင်တော့ ဂူဟွမ်ဂျီက ရပ်လိုက်ရှိပြီး သူမက ယောင်ယောင်နှင့် ဇူယွမ်တို့ကို မြင်သောအခါ ယောင်ယောင်ကို အတန်ကြာသည်အထိ ကြည့်နေခဲ့သည်။

ပြီးမှ ဂူဟွမ်ဂျီက ဇူယွမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ငါ ကြားခဲ့တာတော့ မနေ့ညက လုရွှမ်းယင် တော်တော်လေးကို ဒေါသထွက်သွား ခဲ့တယ်တဲ့။ လုဖန်းကတော့ ဒီနေ့တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ကြည့်ရသည်မှာ မနေ့ညက သူတို့အကြား ပွဲဖြစ်ခဲ့သည်ကို သူမ သိရှိခဲ့ဟန်တူသည်။

ထိုအပြင် သူမက ဇူယွမ်နှင့် လုဖန်တို့ကြားက တိုက်ပွဲကို ယောင်ယောင်က ဝင်မပါမည်ကိုလည်း သိခဲ့ပေမည်။

သည်လိုဆိုပါက လုဖန်းမှာ ရှိသမျှအပြစ်တွေ အားလုံးကို ဇူယွမ်ထံသို့ ပုံချပြီး တိုက်ခိုက်သော အခါတွင် လုံးဝကို မညှာတာလောက်ပေ။

ဇူယွမ်က ဂူဟွမ်ဂျီထံမှာ စိတ်ပူနေသော စကားကို ကြားလိုက်ရချိန်တွင် ပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး

“စိတ်အေးအေး ထားပါ။ ငါဘာလုပ်ရမလဲ ငါသိပါတယ်”

“ဒါဆိုလည်း သည်နေ့မှာ နင့်ရဲ့ အစွမ်းအစတွေကို ငါ စောင့်ကြည့်နေမယ်”

ဂူဟွမ်ဂျီက ရယ်မောလိုက်ပြီး နောက်ထပ် ဘာမှ ထပ်မပြောတော့ပေ။ သူမက အနည်းငယ် ခြေဆောင့်လိုက် ပြီးနောက် သူ၏ မူချီများမှာ မြင့်တက်လာခဲ့ပြီး လူအုပ်ကြီး၏ ထိပ်ပိုင်းဆီသို့ ဦးတည်လိုက်သည်။

ယောင်ယောင်က မီးတောက်ကဲ့သို့ ရဲရဲနီနေသော ပုံရိပ်လေး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ ပြီးနောက် ဇူယွမ်ကို လှမ်းကြည့်ကာ မှတ်ချက် ပေးလိုက်သည်။

“နင်က တော်တော်လျင်တဲ့ ကစားသမား တစ်ယောက်ပဲ သုံးလတည်းနဲ့ကို တစ်စုံတစ်ယောက်က မင်းအတွက် ပူပန်ပေးနေပြီ”

ဇူယွမ်က ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး

“ငါတို့က သူငယ်ချင်းတွေပါ”

ယောင်ယောင်က မည်သည်မှ ထပ်မပြောတော့ပဲ သူမ၏ နီဆွေးသော နှုတ်ခမ်းလေး လှုပ်ရုံသာ ပြုံးလိုက်သည်။

“ညီငယ်ဇူယွမ်”

ထိုအခိုက်တွင် သူ၏ အနောက်မှ အသံ ထွက်ပေါ်လာခဲ့သည်။ ဇူယွမ်က အနောက်သို့ လှည့်ကြည့်လိုက်လျှင် သူက ဒါဇင်ချီသည် ပုံရိပ်များက မူလချီပေါ်တွင် ဝဲပျံကာလာ နေသည်ကို မြင်လိုက်ရသည်။ ထိုသူတို့မှာ ချောင်းရှိုး၊ ကျောင်းခွန်နှင့် စုန့်ဝမ်ရှီတို့ လူစုဖြစ်သည်။

ထိုအခိုက်တွင် သူတို့၏ အမူအရာများမှာ စိတ်အားတက်ကြွပြီး သူတို့၏ မျက်ဝန်းထဲတွင် တိုက်ပွဲ ဆာလောင်စိတ်များ တောက်လောင် နေကြသည်။

သို့သော်လည်း သူတို့က ယောင်ယောင်ကို မြင်လိုက်ရချိန်တွင် စိတ်လှုပ်ရှားမှုများ ကွယ်ပျောက်သွားပြီး လက်နှစ်ဖက်ကို ဆုပ်ကာ သူမအား နှုတ်ဆက် လိုက်ကြသည်။ မနေ့ညတွင် သူတို့အားလုံးက မည်သူက အပြင်ဘက်တောင်၌ ကြောက်စရာ အကောင်းဆုံး ပုဂ္ဂိုလ်လည်း ဆိုတာ သိခဲ့ကြသည် မဟုတ်ပါလား…

“အတူတူ သွားကြရအောင်”

ဇူယွမ်က ပြုံးလိုက်ပြီးနောက် ချက်ချင်းပင် သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီး ဦးဆောင်ကာ သွားလိုက်သည်။

သူ၏ အနောက်မှ ချောင်းရှိုးတို့လူစုက ချက်ချင်း လိုက်လာခဲ့ပြီး သူတို့၏ မူလချီတိမ်တိုက်များ ထိစပ်သွားတာ ကျယ်ပြန့်သော မူလချီ တိမ်ပင်လယ်ကြီး အလားပင် ဖြစ်သွားသည်…

သူတို့ ထွက်သွားပြီး မကြာမီမှာပဲ နောက်ထပ် မူလချီ တိမ်ပင်လယ်ကဲ့သို့ ဖြစ်ပေါ်နေသည့် အုပ်စု တစ်စု ရောက်လာခဲ့ပြီး တပည့်အများအပြား လမ်းဖယ်ပေး လိုက်ကြရသည်။

သူတို့ကို ဦးဆောင်လာသူမှာ ပုံမှန်အတိုင်းပင် အဖြူရောင် အဝတ်အစား ဝတ်ဆင်ထားသည့် လုဖန်းပင် ဖြစ်သည်။

သူ၏ အနောက်တွင် ရှိနေကြသော သူများမှာ အပြင်ဘက်တောင်ရှိ လက်ရွေးစင်များပင် ဖြစ်သည် ထို့ကြောင့် သူတို့အားလုံး စုစည်းနေကြ သောအခါ လူတိုင်းက လမ်းဖယ်ပေး ကြရပေသည်။

သို့သော်လည်း သူတို့အုပ်စုက ယောင်ယောင်ကို မြင်လိုက်ရသော အချိန်တွင် မူလက ရှိနေသော အပေါ်စီးဆန် နေမှုများအားလုံး ဖိနိုပ်ခံလိုက်ရပြီး သူမနှင့် အကြည့်မဆုံမိရန်ပင် ရှောင်လွှဲလိုက်ကြသည်။ သူမကို ရန်စရန်ပင် မတွေးဝံ့ကြပေ။ ထို့အစား သူတို့က ဇူယွမ်တို့ လူစုကိုသာ ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ဇူယွမ်က သူတို့ကို လျစ်လျူရူလိုက်ပြီး သူ၏ အုပ်စုကို ဦးဆောင်ကာ ချန်းယွင်နောက်မှ လိုက်ပါလာခဲ့သည်။

တောင်တန်းကြီးများကို သူတို့ပျံသန်းရင်း ကျော်လွှားခဲ့ ပြီးနောက် အမွှေးတိုင် တစ်တိုင် ကုန်စာခန့် အကြာတွင် ချန်းယွင်နှင့် အပြင်ဘက်တောင် အကြီးအကဲ နှစ်ယောက်မှာ တဖြည်းဖြည်း အရှိန်လျော့ချ လိုက်သည်။

ဇူယွမ်သို့ လူစုက အရှေ့သို့ လှမ်းကြည့်လိုက်လျှင် သူတို့အားလုံး ရှော့ရသွား ကြတော့သည်။

သူတို့အားလုံးက အဆုံးမဲ့သော အလင်းတန်းများ ပျံ့လွင့်နေသည့် ကောင်းကင်ယံတိုင် မြင့်မားနေသော ခမ်းနားထည်ဝါသော တောင်ထွတ်ကြီးများကို လှမ်းမြင် လိုက်ရသည်။ အလင်းတန်းများ ဖုံးအုပ်နေသည့် ကြီးမားသော ရွှေရောင်ပရိမစ် မျှော်စင်ကြီးကိုလည်း ထိုကုန်းမြေပေါ်တွင် မြင်လိုက်ရသည်။

သို့သော်လည်း ထိုအရာကို အနီးကပ် ကြည့်လိုက်ပါက အလွန် ကျယ်ဝန်းသော ကျောက်တုံး စင်မြင့်များက ပရိမစ်ပုံစံ တည်ရှိနေသည်ကို မြင်ရမည် ဖြစ်သည်။

စင်မြင့်အားလုံးပေါင်း (၉၉၉၉) ခု ရှိပေသည်။

ထိုစင်မြင့် အားလုံးမှာ ပရိမစ်ပုံသဏ္ဌာန်ဖြင့် အတူတကွ စုစည်းထားခြင်း ဖြစ်သည်။

ပရိမစ်၏ ထိပ်ပိုင်းသို့ ရောက်လေ ကျောက်တုံး စင်မြင့်များက နည်းပါးပြီး ပိုကျယ်သွားလေ ဖြစ်သည်။ အထွတ်အထိတ် နေရာတွင် ငွေဖြင့် ပြုလုပ်ထားသော စင်မြင့်ကိုးခုက ခမ်းနားစွာ ရှိနေသည်။

ထိုငွေရောင်စင်မြင့် ကိုးခုအထက်တွင် ရွှေရောင်များ မျက်စိကျိန်း လောက်အောင် စင်မြင့်တစ်ခု ရှိနေပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်နေပေသည်။

သည်ကနေ့၏ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှ နံပါတ်တစ် ပုဂ္ဂိုလ်သာလျှင် ထိုရွှေစင်မြင့်ပေါ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ထိုအခိုက်တွင် ချန်းယွင်နှင့် အခြားအကြီးအကဲ နှစ်ယောက်တို့မှာ ခေါင်းမော့ကာ တစ်နေရာသို့ လှမ်းကြည့် လိုက်ပြီးနောက် သူတို့၏ အသံများက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။

“တပည့်တို့ ကလန် ခေါင်းဆောင်နဲ့ တောင်ထွတ် ဆရာသခင်တွေကို ကြိုဆိုဖို့ ပြင်ဆင်ထားပါ”

ထိုစကားကို ကြားချိန်တွင် တပည့်တိုင်း၏ စိတ်များမှာ တုန်လှုပ်သွားပြီး ကောင်းကင်ဆီသို့ လေးစားစေသာ အကြည့်များဖြင့် လှမ်းကြည့် လိုက်ကြသည်။

တပည့်များအားလုံး၏ လေးစားသော အကြည့်များ အောက်တွင် မူလချီတိမ်တိုက် အလွှာများ ပေါ်လာခဲ့ပြီး အဆုံးမဲ့သော တည်ရှိမှုက မိုးကုပ်စက်ဝိုင်း ဆီမှာ ပျံ့လွင့်လာခဲ့သည်။

မူလချီတိမ်တိုက် အလွှာများက ပတ်ဝန်းကျင်၏ လေထုကိုပင် လှုပ်ခါသွားစေပြီး အသက်ရှိုက်စာ အနည်းငယ် အကြာတွင် အနီးအနားသို့ ရောက်လာခဲ့လေသည်။

တိမ်တိုက်များက တလိပ်လိပ် လှိုင်းထနေပြီး သန်းချီသော အလင်းများက တိမ်တိုက်များဆီမှ မြေပြင်ပေါ်သို့ ဖြာကျလျက် ရှိသည်။

တပည့်များက တိမ်တိုက်များ အပေါ်သို့ လှမ်းကြည့်လိုက်လျှင် တိမ်တိုက်ပေါ်တွင် ထိုင်လျက်ရှိသော ပုံရိပ်ခြောက်ခုကို မြင်လိုက်ကြရသည်။ သူတို့၏ အကြည့်အောက်တွင် လေထုပင် တုန်ခါနေဟန်ရပြီး သူတို့၏ တည်ရှိမှုက နတ်ဘုရားများ အလားပင်…

ထိုပုံရိပ်ခြောက်ခုကို မြင်လိုက်ရချိန်တွင် ဇူယွမ်၏ နှလုံးသားမှာ တုန်ခါသွားပေသည်။ သူက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းကို မြင်ဖူးသော်လည်း ထိုသူမှာ သူ၏ ပုံရိပ်ယောင်သာ ဖြစ်သည်။ သည်ပုံရိပ်ခြောက်ခုကို မြင်ပြီးနောက်တွင် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ရှိသူများ၏ အရှိန်အဝါကို အမှန်ပင် ခံစားလိုက်ရသည်။

သည်စွမ်းအားတွေက ကမ္ဘာပျက် စစ်ပွဲတွေကိုပင် ဖြစ်ပွားအောင် စွမ်းဆောင် နိုင်ပေမည်။

“ဒါ… က ကလန် ခေါင်းဆောင်နဲ့ တောင်ထွတ်က ဆရာသခင်တွေ့ရဲ့ သန်မာမှုလား…”

All Chapters