စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်! ဒီထုတ်ကုန်က သေချာပေါက်နာမည်ကြီးမှာ! ၃
Vol. 24 Ch. 346
သိပ်မကြာမီ_
လက်ဖက်ရည်အိုးအဆင့်သင့်ဖြစ်ပြီး ချင်လင်ကဘေးနားမှဇလုံထဲလောင်းချလိုက်သည်။
''ချင်လင်... လက်ဖက်ရည်နှပ်နေတာလား?'' မာလဲ့ဝမ်ကရှေ့တိုးလာပြီး တချို့တလေကိုင်နမ်းကြည့်ကာ_ ''အနံ့ကအတော်ကောင်းတာပဲ... အရသာကောင်းမကောင်း သိချင်လိုက်တာ... အရင်ဆုံးတစ်အိုးတည်ပြီး မြည်းကြည့်ရအောင်''
ဒီလက်ဖက်ရွက်ကိုအစမ်းသောက်ကြည့်ရန် ချင်လင်က ရေနွေးအိုး၊ကရားနှင့်ခွက်များကြိုပြင်ထားသည်။
မာလဲ့ဝမ်ကပြောပြောဆိုဆို ရေနွေးအိုးနှင့်ကရားကိုင်ပြီး လက်ဖက်ရည်ဖျော်လိုက်သည်။
လက်ဖက်ရွက်၏လတ်ဆတ်မှုက ရိုးရိုးလက်ဖက်ရွက်များနှင့်မတူဘဲ တခြားပါဝင်ပစ္စည်းများကြောင့် ပန်းလက်ဖက်ရည်နှင့်ပိုတူနေသည်။
ယေဘူယျအားဖြင့် အမျိုးသမီးများနှင့်လူငယ်များက ဒီလိုလက်ဖက်ရည်မျိုးပိုကြိုက်ကြသည်။
ခဏအကြာ မာလဲ့ဝမ်ကလက်ဖက်ရည်တစ်အိုးနှပ်ပြီးသွား၏။ ထို့နောက် ခွက်ယူ၍ လက်ဖက်ရည်ငှဲ့လိုက်ကာ_ ''မြည်းကြည့်... ချင်လင်လုပ်တဲ့လက်ဖက်ရည်က ဘယ်လိုနေလဲကြည့်ရအောင်''
လီရှင်းနှင့်ချန်ရှန်းဖေကပြုံးပြီး တစ်ခွက်ယူသောက်လိုက်သည်။
''မြည်းကြည့်ဦး'' ချင်လင်က တန့်ကွမ်းကိုပြောလိုက်၏။
တန့်ကွမ်းလည်းခေါင်းညိမ့်ပြီး သောက်ရန်တစ်ခွက်ယူလိုက်သည်။


နှစ်ငုံသုံးငုံသောက်ပြီး သူနည်းနည်းအံ့ဩသွားသည်_ ''သူဌေး... ဒီလက်ဖက်ရည်အရသာကောင်းတယ်... စျေးထဲက ဂရင်းတီးထက်မညံ့လောက်ဘူး''
မာလဲ့ဝမ်က သံယောင်လိုက်သည်_ ''အရသာကောင်းတာပေါ့... လုံးဝချိုပေါ့... ကပ်စီးစီးမနေဘူး''
လီရှင်းနှင့်ချန်ရှန်းဖေက သဘောတူခေါင်းညိမ့်လိုက်၏။
''တခြားဘာမှမခံစားမိဘူးလား?'' ချင်လင်ကမျက်မှောင်ကြုတ်ပြီး လက်ဖက်ရည်တစ်ခွက်ယူသောက်လိုက်သည်။
မဟုတ်သေးဘူး။ ကိုယ်ခံအားဖြည့်ပေးတဲ့ +၁ နဲ့ ခွန်အားရှိစေတဲ့ +၁ အရည်အသွေးတွေကရော? အရင်သူ့အတွေ့အကြုံအရဆို ဒါတွေကိုခံစားမိရမယ်လေ။
သို့သော် တစ်ခွက်သောက်ပြီးနောက် သူမျက်မှောင်ပိုကြုတ်သွားသည်။
ဂရင်းတီးထက်ပိုကောင်းတာပေါ့။ ဒါပေမဲ့ အရည်အသွေးတိုးတက်လာတာမရှိသလို ထူးထူးခြားခြားခံစားရတာမျိုးမရှိ။
နောက်ခဏအကြာမှ တုံးလိုက်တာဟုတွေးပြီး သူ့နဖူးသူရိုက်လိုက်သည်။
အားပြန်ဖြည့်ဖို့ဆိုရင် အရင်ဆုံးအားကုန်နေမှဖြစ်မှာလေ။
ဂိမ်းထဲကအတိုင်းဆို ကိုယ်ခံအားနှင့်ခွန်အားပြည့်ဝနေရင် ဆေးဘယ်လောက်သုံးသုံး အသုံးမဝင်။
ထိုအတွေးနှင့် သူ့ခွက်ကိုပြန်ချပြီး ဝမ်းလျားမှောက်ကာ ဒိုက်ထိုးတော့သည်။
ရုတ်တရက်ထိုလှုပ်ရှားမှုကြောင့် အားလုံးက သူဘာလုပ်နေလဲနားမလည်နိုင်သဖြင့် ကြောင်သွားကြသည်။
သို့သော် ချင်လင်က ဒိုက်တစ်ကြိမ်ပြီးတစ်ကြိမ်အသည်းအသန်ထိုးနေ၏။ အရှိန်မြန်မြန်နှင့် အကြိမ် ၅၀ ထိုးပြီးသွားသည်။ ထို့ကြောင့် မာလဲ့ဝမ်တို့မှာ အံ့အားသင့်ကုန်ကြသည်။
သူတို့သာ ဒီလိုမြန်မြန်ဒိုက်ထိုးရရင် ၁၀ ကြိမ်လောက်ဆို သက်လုံကျန်တော့မည်မဟုတ်ဟု ခံစားရသည်။
ချင်လင်ကမရပ်။ အကြိမ် ၁၀၀ တွင် မောသည်ဟုခံစားရသော်လည်း မရပ်သေး။ သူ့အရှိန်ကျလာသော်လည်း ဆက်လုပ်နေဆဲပင်။
စွမ်းအားပင်အသီးစားပြီးနောက်ပိုင်း ဒါသူ့ကန့်သတ်ချက်ကိုမရောက်သေး။
မာလဲ့ဝမ်က အံ့ဩကြီးစွာနှင့်_ ''ချင်လင်ရဲ့သက်လုံကအရမ်းကောင်းတာပဲ''
ချန်ရှန်းဖေကလည်း သက်ပြင်းချပြီး_ ''အားကျလိုက်တာ... သူ့မှာဒီလောက်ကောင်းတဲ့သက်လုံမျိုးရှိတယ်''
နောက်ဆုံး ချင်လင်က အကြိမ် ၁၅၀ ထိလုပ်လိုက်သည်။ သူ့နဖူးမှာ ချွေးဒီးဒီးကျနေ၏။


ဒီလိုအပြင်းအထန်ဒိုက်ထိုးတာမျိုးက ခြေကုန်လက်ပမ်းလည်းကျစေသည်။ သူ့လက်မောင်းများနာကျင်နေ၏။
သူကချက်ချင်းထပြီး လက်ဖက်ရည်တစ်ခွက်ငှဲ့ကာ တစ်ကျိုက်တည်းသောက်ချလိုက်သည်။
လက်ဖက်ရည်သောက်ပြီးပြီးချင်း သူ့မျက်လုံးများဝင်းလက်သွား၏။
အရမ်းလန်းဆန်းစေသောအာနိသင်ရှိပြီး သူ့ခွန်အားတွေ တဖြည်းဖြည်းပြန်ပြည့်လာသလို ခံစားရသည်။ လက်မောင်းနာကျင်မှုတွေမရှိတော့ဘဲ ဆုံးရှုံးသွားသောအားအင်များ သူ့ခန္ဓာကိုယ်ထဲပြန်ရောက်လာ၏။
ဒါမှခံစားချက်အမှန်။
အရည်အသွေးက +၁ သာရှိသော်လည်း ခံစားချက်မှာ အလွန်သိသာသည်။
ချင်လင်ကချက်ချင်း ချန်တပေကိုညွှန်ကြားလိုက်၏_ ''ဖရဲခင်းထဲသွားပြီး အလုပ်သမားတွေဒီခေါ်လာခဲ့''
ဒီအမိုက်စားလက်ဖက်ရည်ရဲ့အာနိသင်ကိုစမ်းသပ်ချင်ရင် ဖရဲခင်းထဲအလုပ်လုပ်နေတဲ့လူတွေနဲ့စမ်းသပ်တာ အကောင်းဆုံးပင်။ မာလဲ့ဝမ်လိုလူတွေနဲ့ ဘယ်လိုလုပ်စမ်းသပ်နိုင်မလဲ?
''ကောင်းပါပြီ သူဌေး'' ချန်တပေကချက်ချင်း ခန်းမထဲမှထွက်ပြီး ဖရဲခင်းဘက်သွားလိုက်သည်။
တန့်ကွမ်းမှာ လောလောလတ်လတ်သူ့သူဌေး၏လှုပ်ရှားမှုကိုမြင်ပြီး သူဌေးကဘာလို့ သူ့ကိုသက်သက်လှမ်းခေါ်ရသလဲစဉ်းစားကြည့်သောအခါ တစ်ခုခုတွေးမိသွားပုံရသည်။ သူကငုတ်တုပ်ထိုင်ချလိုက်ပြီး ဖားခုန်ခုန်တော့၏။
သူ့ကို ချင်လင်မြင်လျှင်ပြုံးမိသည်။ တန့်ကွမ်းက ဉာဏ်ကောင်းတုန်းပဲ။
မာလဲ့ဝမ်၊ ချန်ရှန်းဖေနှင့် လီရှင်းတို့မှာလည်း ထိုမြင်ကွင်းကြောင့် စဉ်းစားခန်းဝင်နေကြသည်။
ခဏအကြာ တန့်ကွမ်းကထပြီး အမောတကောနှင့်နောက်တစ်ခွက်ယူကာ မော့သောက်လိုက်၏။ ဒီတစ်ကြိမ်တွင် သူ့မျက်နှာမှာ မယုံနိုင်ပုံဖြစ်သွားပြီး_ ''ဥက္ကဌချင်... မယုံနိုင်စရာပဲ... အားတွေပြန်ပြည့်လာသလိုနဲ့ ခြေထောက်နုံးချိနေတာပျောက်သွားတယ်... ဒါထိပ်တန်းအားဖြည့်အချိုရည်လုပ်လို့ရတယ်... လုံးဝပေါက်မှာ''
''ဒါတော့ များသွားပြီ'' မာလဲ့ဝမ်ကမနေနိုင်ဘဲ တန့်ကွမ်းလိုဖားခုန်လိုက်ခုန်သည်။ အသက်ရှူရပ်မတတ်ပင်။ သူကနောက်တစ်ခွက်ယူပြီးသောက်လိုက်သည်။
သူလည်း အာနိသင်ကိုခံစားရ၏_ ''ငါသိတယ်... ချင်လင်လုပ်တဲ့ဟာက အရသာကောင်းရုံတင်ဘယ်ဟုတ်မလဲ? သူကတကယ် အဲလိုသုံးချင်တာပဲ... စျေးကွက်မှာ ဒီလိုအာနိသင်ရှိတဲ့အားဖြည့်ဖျော်ရည်မျိုးမရှိလောက်ဘူး''
လီရှင်းနှင့်ချန်ရှန်းဖေလည်းလုပ်ကြည့်သည်။ ခဏအကြာ အမှန်ပင် သူတို့အားအင်များတဖြည်းဖြည်းပြန်ပြည့်လာသလိုခံစားရသည်။
ချန်တပေက လူတချို့ခေါ်ပြီး ခပ်သုတ်သုတ်ရောက်လာသည်။
ဒီတစ်ကြိမ်တွင် ချင်လင်ဘာမှမပြောရဘဲ တန့်ကွမ်းက လက်ဖက်ရည်အိုးယူပြီး တစ်ခွက်စီလိုက်ငှဲ့ပေးကာ_ ''ဒီလက်ဖက်ရည်သောက်ကြည့်''
ဥက္ကဌချင်က ဘာလို့သူ့ကိုခေါ်လဲ သူသဘောပေါက်သည်။ အစားအသောက်ကုမ္ပဏီမှာ ထုတ်ကုန်အသစ်ကိုကြော်ငြာရတော့မည်ပေါ့။
ချွေးတလုံးလုံးနှင့်ဝန်ထမ်းများက လက်ဖက်ရည်ကိုယူလိုက်သည်။ ဇဝေဇဝါဖြစ်နေကြသော်လည်း တစ်ကျိုက်တည်းသောက်ပစ်လိုက်၏။ သူတို့လည်း အတော်လေးမောပန်းနေ၍ ရေငတ်ပြေသောက်ဖို့အချိန်ကောင်းပင်။
တချို့ကလည်း လက်ဖက်ရည်၏ထူးခြားချက်ကိုခံစားမိသည်။
''ဒီလက်ဖက်ရည်က တကယ်ရေငတ်ပြေတာပဲ... ချက်ချင်းလုံးဝမမောတော့ဘူး''
''ဟုတ်တယ်... လက်ဖက်ရည်တစ်ခွက်က နာရီဝက်နားရတာထက်ပိုကောင်းသလိုပဲ''