ချင်းလင်စံအိမ်မှထုတ်ကုန်အသစ်! စိတ်ငြိမ်လက်ဖက်ရည်ရဲ့အာနိသင်က ထူးခြားလွန်း! ၂
Vol. 24 Ch. 351
''ဥက္ကဌတန့်... ကြွပါ!'' ဥက္ကဌရှန်က ခေါင်းညိမ့်လိုက်သည်။ သူက ဒီစက်ရုံကိုစျေးကောင်းကောင်းနှင့်ရောင်းထားသောကြောင့် ခံစားချက်ကောင်းနေ၏။
တန့်ကွမ်းက ဥက္ကဌရှန်နောက်လိုက်ပြီး အပြင်ထွက်လာသည်။ သူ့ဘေးတွင် ဒီစက်ရုံမှသူ့လက်ထောက်၊ ဘဏ္ဍာရေးဌာနနှင့် အလုပ်ရုံညွှန်မှူးပါသည်။
သူတို့အဖွဲ့ အလုပ်ရုံထဲရောက်သောအခါ ဥက္ကဌရှန်က ထုတ်လုပ်ရေးလမ်းကြောင်းသုံးခုလုံးကိုရပ်ပြီး ဝန်ထမ်းများအားလုံးကိုလူစုစေသည်။
ဝန်ထမ်းအားလုံးက တန့်ကွမ်းတို့ကိုကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲမှစိတ်အားထက်သန်မှုနှင့်မျှော်လင့်ချက်ရောင်ခြည်သန်းနေပုံကို ဖုံးကွယ်မထားနိုင်ပေ။
ဥက္ကဌရှန်လည်း ချောင်းတစ်ချက်ဟန့်ပြီး_ ''တို့စက်ရုံကကောင်းကောင်းမလည်ပတ်နိုင်တာ အားလုံးအသိပဲ... အခုစက်ရုံကို ချင်းလင်အစားအသောက်ကုမ္ပဏီကဝယ်လိုက်ပြီဆိုတော့ အားလုံးက ချင်းလင်အစားအသောက်ကုမ္ပဏီနဲ့စာချုပ်အသစ်လက်မှတ်ထိုးဖို့ရှိပါမယ်... အားလုံးပူးပေါင်းပါဝင်မယ်လို့ထင်ပါ...''
ဥက္ကဌရှန်ပြောလို့မှမဆုံးသေး ဝန်ထမ်းများကဝမ်းသာအားရအော်လိုက်ကြသည်။
''ကောင်းလိုက်တာ... တကယ်ချင်းလင်အစားအသောက်ကုမ္ပဏီက ဝယ်လိုက်ပြီတဲ့''


''စာချုပ်လက်မှတ်က ဘယ်လိုထိုးရမှာလဲ? အခုချက်ချင်းထိုးမယ်''
''ဟုတ်တယ်... မြန်မြန်လေး လက်မှတ်ထိုးရအောင်!''
“…”
ရုတ်ချည်းဆိုသလို ဝန်ထမ်းအားလုံးက တန့်ကွမ်းတို့ကို မျှော်လင့်တကြီးကြည့်လိုက်ကြသည်။ ဥက္ကဌရှန်ကို ချက်ချင်းမျက်နှာလွှဲလိုက်ကြ၏။
“…” နောက်ဆုံး ဥက္ကဌရှန်မှာ မသိမသာသက်ပြင်းချမိသည်။
သူတို့လစာကနိမ့်ပြီး သူများလစာကိုမြင့်ဖို့ ဘယ်သူပြောလဲ? အားလုံးက ကိုယ့်အိမ်ကိုထောက်ပံ့နေရတာ။ သူ့လစာထက်နှစ်ဆမြင့်တဲ့သူဌေးအသစ်နဲ့ဆိုတော့ သူကဘာမှမဟုတ်ဘဲလေ။
ဝန်ထမ်းတွေရဲ့ပုံစံက တန့်ကွမ်းမျှော်လင့်ထားတဲ့အတိုင်းပင်။ ရုံချန်းစီရင်စုမှာ သူတို့ကုမ္ပဏီလစာက တကယ်ပြိုင်ဘက်ကင်း။
သူကလည်း ဝန်ထမ်းများအား_ ''အားလုံးသိကြတဲ့အတိုင်း ရှေ့လျှောက်ဒီစက်ရုံက ချင်းလင်အစားအသောက်ကုမ္ပဏီအပိုင်ဖြစ်သွားပါပြီ... ဆက်နေချင်တဲ့သူက ကျွန်တော်တို့ကုမ္ပဏီရဲ့စည်းကမ်းတွေစည်းမျဉ်းတွေကိုလိုက်နာရပါမယ်... အရင်ဆုံး ခေါင်းဆောင်ခုံးကအားလုံးကိုဦးဆောင်ပြီး စာချုပ်လက်မှတ်ထိုးပါမယ်... အားလုံးပဲ တစ်ယောက်ချင်းတန်းစီလိုက်ကြပါ''
ခေါင်းဆောင်ခုံးမှာ ခြောက်ခုမြောက်ဆော့စက်ရုံမှရာထူးတိုးထားသောလူငယ်ဖြစ်သည်။ မနှစ်ကထုတ်လုပ်ရေးလိုင်းထူးချွန်ခေါင်းဆောင်နှင့် တက္ကသိုလ်ကျောင်းသားတစ်ဦးလည်းဖြစ်၏။ သူကသင်ယူလိုစိတ်ရှိပြီး အခက်အခဲများကိုခံနိုင်ရည်ရှိသည်။ ဒီတစ်ကြိမ်တွင်လည်း တာဝန်ခံများကြားတွင် အထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
ထိုအချိန်တွင် ခေါင်းဆောင်ခုံးလည်း အလုပ်သမားစာချုပ်တထပ်ကြီးနှင့်ရှေ့လျှောက်လာကာ အားတက်သရောနှင့်_ ''အခုအားလုံးကို အလုပ်သမားစာချုပ်နဲ့လျှို့ဝှက်စာချုပ်ဝေပေးမယ်... လက်မှတ်ထိုးဖို့မစဉ်းစားသေးခင် စာချုပ်ပါအကြောင်းအရာကိုတစ်ချက်ကြည့်လိုက်ပါ... လက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့ စာချုပ်ကတရားဝင်သက်ရောက်မှုရှိသွားပြီဖြစ်လို့ အားလုံးစာချုပ်အတိုင်းလိုက်နာရပါမယ်''
သူကအမှန်ပင် ၂၁၁ ပညာရေးနှင့် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။ ချင်းလင်ဆော့အကြောင်း ပထမဆုံးသိသိချင်း မြို့ကြီးမှသူ့အလုပ်အကိုင်ကိုစွန့်လွှတ်ကာ မွေးရပ်မြေကိုသက်သက်ပြန်လာခဲ့ခြင်းဖြစ်သည်။
အဆင့်ကောင်းကောင်းနှင့်တက္ကသိုလ်ကျောင်းသားတစ်ဦးက မြို့ကြီးမှအလုပ်ကိုလက်လွှတ်ခံပြီး စက်ရုံအလုပ်သမားတစ်ဦးအဖြစ်ဝင်ခဲ့သည်တဲ့။ ကျောင်းသားအတော်များများ၏လှောင်ပြောင်ခြင်းကိုခံခဲ့ရသော်လည်း သူကရုံချန်းစီရင်စုသားဖြစ်၍ အခြေအနေကိုသူပိုသိသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီ၏အလားအလာကို သူသိတာကြာပြီ။ နောက်ပြီး ဒီလိုကုမ္ပဏီအသစ်တစ်ခုအတွက် ရာထူးတိုးဖို့အခွင့်အလမ်းကပိုကောင်းသည်။
မြို့ကြီးမှာအလုပ်လုပ်ရတာကောင်းသော်လည်း တိုးတက်ဖို့က လုံးဝအကန့်အသတ်နှင့်။ နောင်မှာ ဘယ်တစ်ခုကပိုအားသာမလဲ တကယ်ခန့်မှန်းမရပေ။
ထို့ကြောင့် အစားအသောက်ကုမ္ပဏီကိုဝင်ပြီးနောက် သူအလုပ်ကြိုးစားခဲ့သည်။ ကုမ္ပဏီက စက်ရုံတစ်ရုံမှ ၇ ရုံဖြစ်သွားသောအခါ သူလည်းသာမန်ဝန်ထမ်းအဖြစ်မှ ထုတ်လုပ်ရေးလိုင်းခေါင်းဆောင်ဖြစ်လာသည်။
ဒီတစ်ကြိမ်တွင် ဒီမှာတာဝန်ခံအဖြစ်လျှောက်ထားခဲ့၏။
မြို့ကြီးမှကုမ္ပဏီကြီးများတွင် နှစ်ဝက်မပြည့်သေးဘဲ ရာထူးတက်ဖို့မဖြစ်နိုင်။


ဒါကလည်း သူ့ရွေးချယ်ချက်မမှားသည့်သဘောရှိသည်။
ခုံးလင်က ဝန်ထမ်းများအား အလုပ်သမားစာချုပ်နှင့်လျှို့ဝှက်စာချုပ်ဝေလိုက်ရာ သူတို့ကသိပ်ကြည့်မနေ။ လစာစာရင်းကိုသာကြည့်ပြီး စာချုပ်လက်မှတ်တန်းထိုးပေးလိုက်သည်။
ဟာသပဲ။ သူတို့အားလုံးလိုချင်တာက သူတို့မိသားစုကို ငွေကြေးထောက်ပံ့နိုင်ဖို့။ ဒီလောက်လစာကောင်းမှတော့ ကျန်တာတွေက ဘာအရေးလဲ။
ဝန်ထမ်းများစာချုပ်လက်မှတ်ထိုးကြသည်ကိုမြင်သောကြောင့် တန့်ကွမ်းက ခုံးလင်အား_ ''အရင်ဆုံး ထုတ်လုပ်ရေးလိုင်းသုံးခုကိုသန့်ရှင်းဖို့ လူခေါ်ခဲ့ပါ... အရင်လက်ကျန်တွေဘာမှချန်ထားလို့မဖြစ်ဘူး... နေ့လယ်ကျ သူဌေးလာပြီး ဖျော်ရည်အတွက်ပြင်ပေးလိမ့်မယ်''
''ဥက္ကဌတန့်... နားလည်ပါပြီ'' ခုံးလင်ခေါင်းညိမ့်လိုက်သည်။
တန့်ကွမ်းလည်း တက္ကသိုလ်ကျောင်းသားခုံးလင်ကြောင့်စိတ်သက်သာရသည်။ သူ့ကိုညွှန်ကြားပြီးနောက် စံအိမ်သွား၍ ချင်လင်ကိုအခြေအနေတင်ပြလိုက်သည်။
ချင်လင်က တန့်ကွမ်းဆီမှတင်ပြချက်ရသောအခါ ချန်တပေအားဝယ်ခိုင်းထားသောလက်ဖက်ရွက်နှင့်ပါဝင်ပစ္စည်းများကို စက်ရုံအသစ်ဆီယူသွားခိုင်းလိုက်သည်။ နေ့လယ်ပိုင်းတွင် တန့်ကွမ်းနောက်လိုက်၍ စက်ရုံအသစ်ဆီသွားလိုက်၏။
စက်ရုံရောက်ရောက်ချင်း လူငယ်တစ်ဦးကရှင်းလင်းနေသည်ကိုတွေ့ရသည်။
ခုံးလင်လည်း သူ့ကိုချက်ချင်းနှုတ်ဆက်လိုက်သည်။ သူကချင်လင်ကိုမှတ်မိ၍ ရိုရိုသေသေနှင့်_ ''ဥက္ကဌချင်... ဥက္ကဌတန့်''
ဥက္ကဌချင်၏ငယ်ရွယ်သောမျက်နှာကိုကြည့်ရင်း သူအလွန်လေးစားမိသည်။ သူ့ထက်အသက်မကြီးသော်လည်း နာမည်ကျော်ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီကိုတည်ထောင်ထားသူဖြစ်သည်။ သူက လူငယ်တွေအတွက် လုံးဝစံပြပင်။
ချင်းလင်ကုမ္ပဏီရဲ့သူဌေးက ဒီလောက်ငယ်လိမ့်မယ်လို့ အပြင်လောကမှာ ဘယ်သူမှတွေးတောင်မတွေးမိလောက်ဘူး ဟုတ်တယ်မလား?
သို့သော် ဒီအချက်ကလည်း ချင်းလင်ကုမ္ပဏီမှာ အလွန်တက်ကြွပြီးတောက်ပသောအနာဂတ်ရှိသည်ဆိုသောသဘောပင်။
တန့်ကွမ်းလည်း သူ့ကိုချင်လင်နှင့်မိတ်ဆက်ပေးလိုက်သည်_ ''ဥက္ကဌချင်... သူကခုံးလင်... ဒီစက်ရုံအသစ်ရဲ့တာဝန်ခံပါ... သူလည်းတက္ကသိုလ်ကျောင်းသားတစ်ယောက်ပါပဲ... မနှစ်က ထူးချွန်အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်... ဒီတစ်ခေါက်မှာ သူအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်''
ချင်လင်က သူ့ကုမ္ပဏီမှာ တက္ကသိုလ်ကျောင်းသားရှိမည်ဟုမထင်မိပေ။ နောက်ပြီး တစ်ဖက်လူက သူ့လမ်းကိုဖောက်ပြီး တန့်ကွမ်းရဲ့အဓိကနေရာကိုယူနိုင်ခဲ့သည်ဆိုတော့ သူ့အရည်အချင်းက မဆိုးလောက်။
ချင်လင်လည်း ခုံးလင်အားခေါင်းညိမ့်ပြပြီး_ ''အလုပ်ကြိုးစားတာပဲ... ရှေ့လျှောက်အခွင့်အလမ်းတွေအများကြီးရှိလိမ့်မယ်''
ထိုစကားက ခုံးလင်အတွက်တော့ ကြီးမားသောအားပေးစကားပင်။ သူကချက်ချင်း အားတက်သရောနှင့်_ ''မပူပါနဲ့ ဥက္ကဌချင်... ကျွန်တော့်ကိုစိတ်မပျက်စေရပါဘူး''
''ထုတ်လုပ်ရေးလိုင်းကို တစ်ချက်သွားကြည့်ရအောင်... ပြီးရင် အစမ်းစလုပ်ကြည့်မယ်'' ချင်လင်လည်း တန့်ကွမ်းကိုညွှန်ကြားလိုက်သည်။
ဒီအားဖြည့်ဖျော်ရည်ကိုတည်ဆောက်ဖို့မခက်။ နှပ်ထားသောလက်ဖက်ရည်နှင့်ဖျော်ရည်စပ်ပြီး ဖြည့်လိုက်ရုံပင်။
တကယ်တော့ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အများစုက မူလဒီစက်ရုံမှထုတ်သောလက်ဖက်ရည်နှင့် ကွာခြားမှုမရှိ။ အကြီးဆုံးကွာခြားချက်က လက်ဖက်ရွက်လှော်နှပ်သောဖြစ်စဉ်သာဖြစ်လေသည်။