← Chapters

နှစ်ရက်အတွင်း ​အော်ဒါပုလင်းသုံးသန်း! တကယ့်အရည်အချင်း! ၃

Vol. 24 Ch. 358

နှစ်ရက်အတွင်း ​အော်ဒါပုလင်းသုံးသန်း! တကယ့်အရည်အချင်း! ၃

Vol. 24 Ch. 358

ကျားနန်ဆိုသောမိန်းကလေးထွက်သွားသောအခါ လင်းလင်းနှင့်ဖေးဖေးလည်း စိတ်ဝင်စားလာသည်။ သူတို့က ဝမ်ရန်ဆီမှ လက်ဖက်ရည်တစ်ပုလင်းယူပြီး ထွက်သွားကြ၏။

ထို့နောက် တခြားမိန်းကလေးများလည်း မနေနိုင်တော့။

''အစ်ကိုရန်... ကျွန်မယူပြီးရောင်းရင် ကော်မရှင်ခရမှာလား?'' နောက်ထပ်မိန်းကလေးတစ်ယောက်က ရှေ့ကိုလျှောက်လာသည်။ သူမက သိုက်တူးချင်သော မငွေခင်။

သို့သော် သိုက်မတူးရသေးခင် ပိုက်ဆံနည်းနည်းဝင်မည်ဆိုလည်း စိတ်မဆိုး။ သူမအသိက gym ဆိုင်ခွဲတစ်ခုပိုင်သောလူတစ်ယောက်သာ။

အစက တစ်ဖက်လူမှာ အတော်လေးအရည်အချင်းရှိသည်။ သို့သော် သူ့မှာမိန်းမရှိ၍ သူ့ကိုထပ်ပြီးအရေးစိုက်ဖို့အစီအစဉ်မရှိချေ။

အခုတော့ ကြည့်ရတာ သူ့ကိုလျစ်လျူရှုထားလို့မရတော့။ သူ့ရဲ့ gym နဲ့ဆို တစ်နေ့တစ်နေ့ပုလင်းထောင်ချီ အသာလေးဖြုန်းပေးနိုင်လိမ့်မည်။ ဒါတစ်ရက်ယွမ်ထောင်ချီရမည်ပင်။





ဝမ်ရန်ကပြုံးလိုက်ပြီး_ ''ဒါပေါ့... လူတိုင်း ဘယ်အဆက်အသွယ်ကဖြစ်ဖြစ် အော်ဒါယူလို့ရတယ်... ငါ့ရဲ့ကိုယ်စားလှယ်လုပ်နိုင်တယ်... မင်းတို့ကစားဖို့ခေါ်သွားမယ်''

ထိုစကား​ကြောင့် တခြားမိန်းကလေးများက လက်ဖက်ရည်တချို့ယူပြီး ထွက်သွားကြသည်။

ဝမ်ရန်လည်းပြုံးလိုက်သည်။ သူတို့ရဲ့နည်းလမ်းက သူများတွေထက်ပိုကောင်းတာ သူအသိ။ ရလဒ်ကို သူစိတ်ပျက်ရမှာမဟုတ်။

အမှန်ပင်။ ထိုညက လူတချို့မှာ ချင်းလင်လက်ဖက်ရည်သောက်ပြီး အားပြန်ပြည့်လာသောပျော်ရွှင်မှုကိုခံစားလိုက်ရသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် ဝမ်ရန်ဆီဖုန်းများတရစပ်ဝင်လာ၏။

ကျားနန်က_ ''အစ်ကိုရန်... ကျွန်မပုလင်း ၂၀၀၀၀၀ စာရင်းရတယ်... ဘယ်အချိန်စာရင်းပေးရမှာလဲ?''

''ညီမကျားနန်... ပြီးရင် မင်းဆီလာခဲ့မယ်'' ဝမ်ရန်ကအပြုံးနှင့်ပြောလိုက်သည်။ ဒီကောင်မလေးရဲ့ဘိုးတော်က အံ့ဩစရာပဲ။ သူကိုယ်တိုင်အကျိုးခံစားရတော့ အလုပ်သမားတွေအတွက်ဘယ်လောက်အသုံးတည့်မယ်ဆိုတာ သူသေချာသိသွားပြီ။ သူတို့ရဲ့လုပ်နိုင်စွမ်းတွေ လုံးဝတိုးတက်သွားလိမ့်မည်။

သူသာဆိုရင် ဒီချင်းလင်လက်ဖက်ရည်ကို အလုပ်သမားတွေအတွက် ပုံသေအကျိုးအမြတ်အဖြစ်သဘောထားလိုက်မည်။

ကြည့်ရတာ ဒီကောင်မလေးတော့ တကယ်နှစ်လအတွင်း BMW ဝယ်စီးနိုင်တော့မည်ထင်။

အစ်မလင်းလင်းက_ ''အရင်ဆုံး ပုလင်း ၃၀၀၀၀၀ စမ်းမှာထားမယ်... ရှင်နဲ့ကိုယ်စားလှယ်စာချုပ်ချုပ်ထားချင်တယ်''

ဝမ်ရန်မှာထိုစကားကြားလျှင် အရင်းရှင်ဘိုးတော်က လုံးဝအံ့ဩစရာကောင်းတာပဲဟုသာ ပြောချင်တော့သည်။ သို့သော် ဒီအမျိုးသမီးက ဦးနှောက်ရှိသည်။ သူနှင့်စာချုပ်တောင်ချုပ်ထားချင်သတဲ့။ ရေရှည်ဆက်လုပ်ချင်တယ်ဆိုတဲ့သဘောပေါ့။

သို့သော် သူကဥက္ကဌချင်ဆီမှစာချုပ်မရသေး။ ဒီတော့ သူ့ကိုထိန်းထားရုံသာ။

သူသာ ဥက္ကဌချင်ရဲ့စာချုပ်ရရင် သူ့ကိုအစားထိုးစာချုပ်လေးပေးဖို့ကိစ္စမရှိ။ ဘာပဲဖြစ်ဖြစ် ဒီလိုအတွေးနှင့် အော်ဒါတွေယူဖို့လမ်းရှိသင့်သည်။

ဖေးဖေးက_ ''အစ်ကိုရန်... ကျွန်မကိုကိုကပြောတယ်... အားကစားဌာနကနေပြီး အားဖြည့်ဖျော်ရည်အမျိုးစုံအော်ဒါရနိုင်တယ်တဲ့... ဒါပေမဲ့ သူအကျိုးအမြတ်ရချင်တဲ့အကြောင်း အရိပ်အမြွက်ပြောလိုက်တယ်''

''ကောင်းပြီလေ... အသေးစိတ်ဆွေးနွေးဖို့ မင်းရဲ့ကိုကိုနဲ့ချိတ်ပေး... မင်းက ကော်မရှင်ခရမယ်'' ဝမ်ရန်ကပြုံးပြုံးနှင့်ပြန်ဖြေလိုက်သည်။





ဒီဂိမ်းက တကယ်တရားဝင်။ ကိုယ်တိုင်ကြုံတွေ့ပြီးမှ ပစ္စည်းကောင်းမှန်းသိပြီး လှည့်စားခံရမှာမကြောက်တော့။

အဲဒီနောက် ဖုန်းတွေကဆက်တိုက်။ တချို့ကအော်ဒါသိန်းဂဏန်း၊ တချို့ကအော်ဒါသောင်းဂဏန်း။

ဝမ်ရန်က မှတ်စုစာအုပ်နှင့်စာရင်းပြုစုထားသည်။ နိုက်ကလပ်က သူ့အဆက်အသွယ်တွေအားကိုးနှင့် ဒီလိုစီးပွားရေးလုပ်ရမည်ဟု ဘယ်တုန်းကမှမတွေးမိခဲ့။

ဒီနိုက်ကလပ်ကမိန်းကလေးတွေ ဘယ်နည်းနဲ့အော်ဒါရလဲ သူဂရုမစိုက်။ သူစာချုပ်ချုပ်ထားသရွေ့ သူတို့၏ရှယ်ယာကိုသူပေးမည်။

ထို့နောက် ဝမ်ရန်က ထိုနိုက်ကလပ်မိန်းကလေးများနှင့်တွေ့ရန် အပြင်စထွက်ပြီး အော်ဒါများတွက်ချက်လိုက်သည်။

နောက်ပိုင်း ဒုတိယမျိုးဆက်သူဌေးသားများ၊ မန်နေဂျာများကလည်း ဖုန်းဆက်ပြီးအော်ဒါများပေးကြ၏။

အစ်ကိုဟွာက အံ့ဩစရာအကောင်းဆုံး။ သူ့မိသားစု၏စူပါမားကတ်အသိုင်းအဝိုင်းမှ ပုလင်းရေ ၅၀၀၀၀၀ အော်ဒါတန်းပေးလာသည်_ ''ဝမ်ရန်... ဒီချင်းလင်လက်ဖက်ရည်က တကယ်အရမ်းထိရောက်တယ်... ငါ့ဆီပစ္စည်းအမြန်ဆုံးပို့ပေးနော်''

နောက်ဆုံး အော်ဒါအားလုံးစုစုပေါင်း ပုလင်းရေသုံးသန်းနီးပါးရှိသွား၏။

ဒီလောက်ဆို ဥက္ကဌချင်ကိုအစီရင်ခံဖို့လုံလောက်ပြီ။ သူသာကိုယ်စားလှယ်စာချုပ်ရထားရင် တခြားစျေးကွက်များ ဖြည်းဖြည်းချင်းဖြစ်လာလိမ့်မည်။

အော်ဒါများအားလုံးတွက်ချက်ပြီးနောက် ဝမ်ရန်က ချင်းလင်စံအိမ်သို့ချက်ချင်းသုတ်ခြေတင်၍ ချင်လင်ကိုရှာလိုက်သည်။

ဝမ်ရန်ကအော်ဒါစာချုပ်ထုတ်ပြသောအခါ ချင်လင်မှာမယုံနိုင်။

နှစ်ရက်အတွင်း ပုလင်းရေသုံးသန်းအော်ဒါတဲ့? သူ့မှာအရောင်းအဆက်အသွယ်မရှိဘူးဆိုတာဟုတ်ရဲ့လား? နောက်နေတာလား?

ဝမ်ရန်ကချက်ချင်းပြောလိုက်သည်_ ''ဥက္ကဌချင်... ဒီအော်ဒါတွေက ပထမအသုတ်ပဲရှိပါသေးတယ်... အရင်ဆုံးမင်စီရင်စုရဲ့ပြည်နယ်မြို့တော်ကိုယ်စားလှယ်အဖြစ်ပေးပါ... အခုချက်ချင်းကြော်ငြာပြီး အော်ဒါတွေပိုကောက်ပေးနိုင်ပါတယ်''

''အမ်.. ဝမ်ရန်... နှစ်ရက်အတွင်း ဘယ်လိုကြော်ငြာလိုက်တယ်ဆိုတာ ပြောပြလို့ရမလား?'' ချင်လင်မှာ မစူးစမ်းဘဲမနေနိုင်တော့။

တစ်ဖက်လူက ဒီလောက်အပြင်းအထန်လုပ်နေတာ သူ့စက်ရုံကိုထုတ်နိုင်တယ်များထင်နေလားမသိ။

လက်ရှိ တစ်နေ့မှပုလင်းရေ ၇၀၀၀၀ သာထုတ်နိုင်ပြီး ဒီလောက်အချိန်တိုအတွင်းမှာ ပုလင်းရေ ၁၄၀၀၀၀ သာရှိသေးသည်။

ဝမ်ရန်ကဖုံးကွယ်ထားဖို့မလိုအပ်သောကြောင့် ဘာမှချန်လှပ်မထား။ ချင်လင်ကို သူ့နည်းလမ်းပြောပြလိုက်သည်။

ချင်လင်မှာ ထိုစကားကြားလျှင် အံ့ဩသွားလေသည်။ ထုတ်ကုန်ကို ဒီလိုနည်းနှင့်ကြော်ငြာနိုင်သည်ဟု ဘယ်တုန်းကမှမတွေးမိ။ ဒီကောင်က တကယ်​သောက်ရမ်းစွမ်းတဲ့ကောင်ပဲ။





All Chapters