"ချမ်းဘော့ဒ်တိုင်းပြည်၏ နတ်ဆိုးသားရဲတပ်ဖွဲ့"
Vol. 51 Ch. 787
သဲနီဘုရားကျောင်းမှ ဘုန်းတော်ကြီးဆီးနစ်၏ မျက်လုံးများချက်ခြင်းကျဥ်းမြောင်းသွားသည်။
ကောင်းကင်ပေါ်တွင် ကြီးမားသည့် မှောင်မိုက်သောအရိပ်မဲအခု၂၀ခန့်ကိုမြင်လိုက်ရပြီး သူတို့သည် ချမ်းဘော့ဒ်မြို့တော်ထံသို့ ဦးတည်ပျံသန်းလာသည်ကို တွေ့လိုက်ရသည့်အတွက်ပင်။
"ဒီအကောင်တွေက တိုက်ခိုက်နိုင်စွမ်းမှာ လအဆင့်သိုင်းဆရာတွေနဲ့ညီမျှတဲ့ သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲကောင်တွေလား..." ဆီးနစ်တုန်လှုပ်သွားသည်။ သူသည် ထိုတောင်ကြီးများကဲ့သို့သော အရိပ်မဲကြီးများသည် မည်သည့်အရာများဖြစ်သည်ကို သိရှိသွားသောကြောင့်ပင်။
ရှေ့ဆုံးမှပျံသန်းလာနေသည်မှာ ၁၀၀မီတာခန့်ရှည်လျားသည့်အမဲရောင်သားရဲကြီးပင်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသည့် အမွှေးမျှင်များထံမှ အလင်းရောင်များအဆက်မပြတ်တောက်ပနေ၏။ ဦးခေါင်းသည် ခွေးတစ်ကောင်နှင့်တူသော်လည်း ကြီးမားသည့် အတောင်ပံတစ်စုံ၊ ထွားကျိုင်းသည့်ခန္ဓာကိုယ်သည် နဖူးပေါ်တွင် ချွန်ထက်သည့် ဦးချိုနှစ်ခုရှိနေသည်။
လိမ္မော်ရောင်မီးတောက်များကိုလည်း ရံဖန်ရံခါမှုတ်ထုတ်နေလျှက်ရှိသောကြောင့် ဤကြောက်မက်ဖွယ်သတ္တ၀ါကြီးအား ခွေးတစ်ကောင်ဟုမြင်ရန်မှာ ခက်ခဲလှ၏။
ထိုလျို့၀ှက်ထူးဆန်းသောအမဲရောင်သားရဲကောင်ကြီး၏အနောက်တွင် ကြီးမားသောနဂါးကဲ့သို့သားရဲကောင် သုံးကောင်ရှိနေ၏။
သူတို့သည် ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ ပျံသန်းလာနေရင်းဖြင့် စိတ်လှုပ်ရှားစွာဟိန်းဟောက်နေကြပြီး ရန်ဖြစ်ချင်နေကြသည့် လူရမ်းကားများလိုပင်။
တစ်ကောင်သည် မီးကဲ့သို့ နီရဲနေပြီး၊ တစ်ကောင်သည် ရေခဲကဲ့သို့ အပြာရောင်ရှိသည်၊ နောက်ဆုံးတစ်ကောင်မှာ ကြေး၀ါဖြင့်ထုထားသလိုပင်။
နဂါးများသာပိုင်ဆိုင်သည့် ထူးခြားသည့်အရှိန်၀ါများကိုထုတ်လွှတ်နေလျှက် သူတို့သုံးကောင်သည် ကြီးမားသည့်အမဲရောင်သားရဲကောင်ကြီး၏အနောက်မှ ကိုယ်ရံတော်များကဲ့သို့ လိုက်ပါနေလျှက်ရှိသည်။
ထိုနဂါးကဲ့သို့သော နတ်ဆိုးသားရဲသုံးကောင်၏အနောက်တွင် အမျိုးစားစုံလင်သည့် နတ်ဆိုးသားရဲ ၁၅ကောင် ၁၆ကောင်ခန့်လိုက်ပါလာ၏။ လက်ခြောက်ဖက်ပါသည့် လူ၀ံတစ်ကောင်၊ ဦးခေါင်းသုံးလုံးပါသည့် မြွေတစ်ကောင်၊ မီတာ၁၀၀ခန့်ရှည်လျားသောကြီးမားသည့်အတောင်ပံကြီးများရှိသည့် သိမ်းငှက်တစ်ကောင်နှင့် အသားလုံးကြီးနှင့်တူသည့် မျက်လုံးတစ်လုံးထဲသာပါရှိသော နတ်ဆိုးသားရဲတစ်ကောင်....အစရှိသဖြင့် ထိုနတ်ဆိုးသားရဲကြီးများအားလုံးသည် ကြီးမားသည့်အတွက် တောင်ကြီးများပျံသန်းလာနေသလိုပင်။
သူတို့၏ ပြင်းထန်သည့်အရှိန်၀ါများအပြင် ပျံသန်းနိုင်နေသည့်အတွက်ကြောင့် သူတို့သည် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများဖြစ်သည်မှာ ထင်ရှား၏။ ထိုနတ်ဆိုးသားရဲများသည် လအဆင့်သိုင်းဆရာများကဲ့သို့ စွမ်းအားမြင့်မား၏။
ဘုန်းတော်ကြီးဆီးနစ်အား အံ့သြစေသည့်အရာသည် ထိုနတ်ဆိုးသားရဲများအားလုံးသည် ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ စနစ်တကျဖွဲ့စည်းပုံတစ်ခုဖြင့်ပျံသန်းလာနေခြင်းပင်။ စွမ်းအားမြင့်သောနတ်ဆိုးသားရဲများသည် ပုံမှန်အားဖြင့် ပိုင်နက်ခွဲခြားတတ်သောသဘာ၀ရှိသည့်အတွက် အခြင်းခြင်းရန်လိုတိုက်ခိုက်တတ်ကြသည်။ သို့သော် လက်ရှိအခိုက်တန့်တွင် တပ်ဖွဲ့တစ်ဖွဲ့မှ စစ်သည်များကဲ့သို့ စနစ်တကျဖြင့် ထူးဆန်းသည့်အနက်ရောင်သားရဲကောင်ကြီးနှင့် နဂါးကဲ့သို့သော သားရဲကောင်သုံးကောင်၏အနောက်မှ လိုက်ပါလာနေလျှက်ရှိ၏။
ထိုနတ်ဆိုးသားရဲများသည် သူတို့၏ ကြီးမားသောခန္ဓာကိုယ်ကြီးများဖြင့် ကောင်းကင်တစ်၀က်ခန့်ကို ဖုံးလွှမ်းသွားပြီး သူတို့၏ကြောက်မက်ဖွယ်အရှိန်၀ါကြောင့် အားနည်းသည့်လူများအတွက် အသက်ရှူရန်ပင်ခက်ခဲနေ၏။
ထိုနတ်ဆိုးသားရဲများသည် ချမ်းဘော့ဒ်တိုင်းပြည်၏အနောက်ဘက်တောင်တန်းများတွင်နေထိုင်သည်မှာ ထင်ရှားလှပြီး လူများတွေးလိုက်မိကြသည်။ "ဒီနတ်ဆိုးသားရဲတွေက ဘာလာလုပ်ကြတာလဲ။ ချမ်းဘော့ဒ်တိုင်းပြည် ကစဥ့်ကလျားဖြစ်နေတဲ့အချိန်မှာ အစာလာရှာကြတာလား..."
လူတိုင်း တွေးနေသည့်အချိန်တွင် စွမ်းအားကင်းမဲ့သည်ဟုထင်ရသည့် ချမ်းဘော့ဒ်ဘုရင်မ အန်ဂျယ်လာသည် လက်ထပ်ခြင်းအခမ်းနားအဆောက်ဦးပေါ်တွင်ရပ်နေရင်းဖြင့် သူမ၏ လှပသည့်အသံလေးဖြင့် အော်ခေါ်လိုက်သည်။
ထို့နောက်တွင် ဖြစ်ပျက်သွားသည့်အရာသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။
အရှေ့ဆုံးမှပျံသန်းနေသည့် ထူးဆန်းသည့်အနက်ရောင်သားရဲကောင်ကြီးသည် ဟိန်းဟောက်လိုက်ပြီး သူ၏အနောက်မှ လိုက်ပါပျံသန်းနေသည့် နတ်ဆိုးသားရဲကောင်များအားလုံးသည်လည်း ပြိုင်တူဟိန်းဟောက်ကာ ကောင်းကင်ရံတွင်ရပ်တန့်လိုက်ကြသည်။ ထို့နောက်တွင် အနက်ရောင်သားရဲကောင်ကြီးသည် လျှပ်စီးအလင်းတန်းတစ်ခုလို ရင်ပြင်ပေါ်သို့ ထိုးဆင်းလာတော့၏။
အာမေဍိတ်သံများစွာထွက်ပေါ်လာသည်နှင့်အတူ ကြီးမားသည့်အနက်ရောင်သားရဲကောင်ကြီးသည် ရုတ်တရက်အရှိန်သပ်လိုက်ပြီး လက်ထပ်ခြင်းအခမ်းနားအဆောက်ဦး၏ဘေးတွင်ညင်သာစွာဆင်းသက်၍ ကြောင်လိမ္မာလေးတစ်ကောင်ကဲ့သို့ ခြေလေးချောင်းဖြင့် ထိုင်လိုက်၏။
ယခုအချိန်တွင် လူများသည် အနက်ရောင်သားရဲကောင်ကြီး၏ကြောပြင်ပေါ်တွင်ရှိနေသည့် ရှေးကျသောငွေရောင်ပုလ္လင်တစ်ခုကို မြင်တွေ့လိုက်ရသည်။
ပုလ္လင်၏ လက်တန်းပေါ်တွင် ခပ်၀၀ရတနာရှာဖွေသားရဲကောင်တစ်ကောင်ရှိနေ၏။ သူ၏မျက်လုံးများသည် ကြီးမားမဲနက်နေသည်။ အမွှေးမျှင်များသည်လည်း နီညိုရောင်သန်းနေ၏။ ခပ်၀၀အမြှီးသည်လည်း အနက်ရောင်နှင့်အဖြူရောင်စင်းကြားဖြစ်သည်။
သူ၏မျက်လုံးများထဲသို့ ကြည့်လိုက်မိသည့်လူတိုင်း ထိုသားရဲကောင်လေးသည် အလွန်ဉာဏ်ကောင်းသလိုခံစားလိုက်မိပြီး ထိုအကောင်လေးသည် ပုလ္လင်ပေါ်တွင် ခုန်ပေါက်အော်ဟစ်နေ၏။ ဘုရင်မအန်ဂျယ်လာအား ပုလ္လင်ပေါ်သို့ လာထိုင်ရန်ဖိတ်ခေါ်နေသလိုပင်။
အန်ဂျယ်လာသည် သူမ၏ အဖြူရောင်၀တ်စုံအား ညင်သာစွာမလိုက်ပြီး အနက်ရောင်သားရဲကောင်ကြီး၏ ကြောပြင်ပေါ်သို့ လမ်းလျှောက်သွားကာ ပုလ္လင်ပေါ်တွင် ဖြေးညှင်းစွာထိုင်လိုက်သည်။
"၀ေါင်း..."
နောက်အခိုက်တန့်တွင် အနက်ရောင်သားရဲကောင်ကြီးသည် ပါးစပ်ဖွင့်ကာဟိန်းဟောက်လိုက်ပြီး အသံလှိုင်းများသည် အပြင်သို့ ပြန့်နှံ့သွားကာ မုန်တိုင်းတိုက်သကဲ့သို့ ဖုန်မှုန့်များ၊ ကျောက်စများသည် လေပေါ်သို့ လွှင့်ပျံသွား၏။
ထို့နောက်တွင် အတောင်ပံများခတ်၍ ထိုအနက်ရောင်သားရဲကောင်ကြီးသည် ဘုရင်မအန်ဂျယ်လာအား သယ်ဆောင်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
တစ်ခြားအဖော်များထံသို့ ရောက်သွားသည့်အချိန်တွင် တစ်ခြားနတ်ဆိုးသားရဲများသည်လည်း ပျော်ရွှင်စွာဟိန်းဟောက်၍ အန်ဂျယ်လာ၏ပတ်ပတ်လည်တွင် သူတို့၏သခင်နှင့်တွေ့သလို လှည့်လည်ပျံသန်းနေတော့၏။
ဤမြင်ကွင်းသည်လူတိုင်းအား အံ့သြသွားစေသည်။ မှော်ဆန်လှ၏။ သူတို့သည် နားမလည်နိုင်သလိုပင် ခံစားလိုက်ရ၏။
ဘုရင်မအန်ဂျယ်လာသည် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများကို အမိန့်ပေးထိန်းချုပ်နိုင်သည်မှာထင်ရှားလှသည်။ စိတ်ကူးမယဥ်နိုင်လောက်အောင်ပင်။
နတ်ဆိုးသားရဲများအား ယဥ်ပါးအောင်ထိန်းချုပ်ရန်မှာ ခက်ခဲလှကြောင်း အခြေခံဗဟုသုတရှိသည့်လူတိုင်းသိရှိကြ၏။ မွေးခဲ့စဥ်ကတည်းက လူများဖြင့်ရှိနေခဲ့လျှင်၊ သို့မဟုတ် လျို့၀ှက်နည်းလမ်းများအသုံးပြု၍ ဦးနောက်ဆေးမှသာလျှင် နတ်ဆိုးသားရဲများကို ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့အား ထိန်းချုပ်ရန်မှာ လူတော်တော်များများအတွက်မဖြစ်နိုင်သလောက်ပင်။
သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများစွာကို ယဥ်ပါးအောင်ထိန်းချုပ်နိုင်ရန်မပြောနှင့် နတ်ဆိုးသားရဲတစ်ကောင်ကိုပင် ရရှိရန်ခဲယဥ်းလှ၏။
ယခုအချိန်တွင်ဖြစ်ပျက်နေသည့်အရာသည် လူတိုင်း၏စိတ်ထဲတွင်ရှိနေသည့် နတ်ဆိုးသားရဲများနှင့်ပတ်သက်သည့် အသိအား ပြောင်းပြန်လှန်ပစ်လိုက်သည်။
"ဘလတ်ကီနဲ့ ကောင်လေးတို့ ချမ်းဘော့ဒ်ကိုအတူကာကွယ်ရအောင်..."
ဘလက်ကီ၏ ကြောပေါ်တွင်ရှိသည့် ပုလ္လင်ပေါ်တွင်ထိုင်နေသည့် အန်ဂျယ်လာသည် ဤကမ္ဘာပေါ်မှမဟုတ်သည့် နတ်သမီးတစ်ပါးလိုပင်။ သူမ၏ အဖြူရောင်၀တ်စုံသည် တောက်ပသည့်အရှိန်၀ါ၊ တစ်ခြားကမ္ဘာကလိုထင်ရသည့် အလှပတို့ကို ပေါ်လွင့့်စေ၏။ နတ်ဆိုးသားရဲများအနားတွင်ရှိနေရင်းဖြင့် သူမသည် ပြုံး၍ ညင်သာစွာပြောလိုက်သည်။
နတ်ဆိုးသားရဲများသည်လည်း အန်ဂျယ်လာပြောသည်ကို နားလည်နိုင်သည်မှာထင်ရှားလှသည်။ သူတို့သည် ကောင်းကင်ပေါ်တွင်ဟိန်းဟောက်နေရင်းဖြင့် ကြမ်းတမ်းသည့်စွမ်းအင်အရှိန်၀ါတို့သည် သူတို့ခန္ဓာကိုယ်တစ်၀ိုက်တွင်ထွက်ပေါ်လာ၏။
ထို့နောက်တွင် နဂါးသုံးကောင်ဖြစ်သည့် လူမိုက်၊ လူရမ်းကား၊ လူယုတ်မာတို့သည် ကျန်ရှိနေသည့် နတ်ဆိုးသားရဲများနှင့်အတူ မြေပြင်အနီးသို့ ပျံသန်းလာကြတော့၏။ သူတို့သည် တုန်လှုပ်နေသည့် မြေပြင်ပေါ်တွင်ရှိနေသော နဂါးသတ်စစ်ဆင်ရေးမဟာမိတ်မှ သိုင်းဆရာများကို ပစ်မှတ်ထားကာ မီးများ၊ ရေခဲများ၊ အဆိပ်များကို မုုတ်ထုတ်ပြီး ချမ်းဘော့ဒ်တိုင်းပြည်၏ ရန်သူများကို တိုက်ခိုက်နေကြသည်။
"အား..." မျက်နှာတွင်ပ၀ါအုပ်ထားသည့် လသစ်အဆင့်နိမ့်သိုင်းဆရာတစ်ယောက်သည် အချိန်မှီရှောင်လိုက်နိုင်ခြင်းမရှိသောကြောင့် နတ်ဆိုးသားရဲတစ်ချို့မှုတ်ထုတ်လိုက်သောမီးတောက်များလက်ချက်ဖြင့် သွေးအိုင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"သေစမ်း..ဒီခွေးသားတွေက ဘာလို့ ချမ်းဘော့ဒ်ဘုရင်မစကားကို သူ့အမေလိုနားထောင်နေကြတာလဲ..."
"အား ဘာတွေဖြစ်နေတာလဲ...ငါ့လက်.."
"သေစမ်း...ဒီနတ်ဆိုးသားရဲတွေကိုအရင်သတ်ကြရအောင်..."
"သေစမ်း...ဘာလို့ဘုရင်မနှစ်ယောက်က ဒီလောက်စွမ်းအားမြင့်မားနေရတာလဲ။ တစ်ယောက်က နေအဆင့်ရောက်ခါနီးနေပြီ၊ တစ်ယောက်က နတ်ဆိုးသားရဲတွေကို ထိန်းချုပ်နိုင်တယ်။ ဒီလိုအတိုင်းဆို ဇီးနစ်အင်ပါယာတစ်၀ိုက်ဒေသမှာ ချမ်းဘော့ဒ်တိုင်းပြည်က စွမ်းအားအကြီးဆုံးအင်အားစုဖြစ်နေပြီ..."