"ပြောင်းပြန်လှန်ခြင်း”
Vol. 51 Ch. 788
"ပြန်ချကြဟ မင်းတို့ကောင်တွေအသက်ရှင်ချင်ရင် ပြန်ချဖို့ပဲရှိတယ်.."
ရင်ပြင်ပေါ်တွင် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ လအဆင့်သိုင်းဆရာများ ၀ရုန်းသုန်းကားဖြစ်နေကြသည်။
သို့သော် လေပေါ်တွင်ပျံသန်းနေကြသည့် နတ်ဆိုးသားရဲကောင်များသည် စွမ်းအင်များဖြင့်မှုတ်ထုတ်နေကြသည့်အတွက် အသဲသန်ခုခံနေကြရ၏။
စွမ်းအားသိပ်မမြင့်သည့် လအဆင့်သိုင်းဆရာများဆိုလျှင် နတ်ဆိုးသားရဲများစွာက တပြိုင်နက်ထိုးဆင်းလာပြီး လေပေါ်သို့ ချီသွား၏။ ထို့နောက်တွင် ၀ိုင်း၀န်းကိုက်ဖြတ်စားသောက်ကြသည့်အတွက် အစိတ်စိတ်အမွာမွာဖြစ်ကုန်ကာ သူတို့၏ အရိုးများ၊ အသားများနှင့် ၀မ်းတွင်းကလီစာများသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။ မြင်ကွင်းသည် ဆိုး၀ါးလှ၏။
ကစဥ့်ကလျားပုလ္လင်ပေါ်တွင်ထိုင်နေရင်းဖြင့် အန်ဂျယ်လာသည်အပေါ်မှငုံ့ကြည့်နေကာအရာအားလုံးကို မြင်တွေ့နေရ၏။ သူမသည် အနည်းငယ်စိတ်မကောင်းသည့်ပုံရှိသော်လည်း နတ်ဆိုးသားရဲများကို ရပ်တန့်ရန်အမိန့်ပေးခြင်းမရှိပေ။
ယနေ့ညတွင်ဖြစ်ပျက်လာသည့်အရာများသည် ပုံမှန်အားဖြင့် အေးအေးဆေးဆေးနေတတ်သည့် အန်ဂျယ်လာအား ဒေါသဖြစ်စေသည်။ ထို့ကြောင့်သူမသည် နတ်ဆိုးသားရဲများကိုအမိန့်ပေးကာ ရက်စက်ကြမ်းကြုတ်သည့်ရန်သူများကို အညှာတာကင်းမဲ့စွာသတ်ဖြတ်နေလျှက်ရှိသည်။
"ဟားဟားဟား သွားကြစို့၊ ဒီခွေးသားတွေကို တစ်ကောင်မှအရှင်မထားနဲ့..." ဒရော့ဂ်ဘာသည် သူ၏ မြင့်မြတ်သောတိုက်ခတ်ခြင်း ဒိုင်းကာအား ၀ှေ့ရမ်းလျှက်တုန်လှုပ်ခြောက်ခြားနေကြသည့်ရန်သူများထံသို့ ပြေး၀င်သွား၏။
"သေစမ်း...ချမ်းဘော့ဒ်ကိုတိုက်ခိုက်ရဲတဲ့လူမှန်သမျှ အသက်နဲ့ပြန်ပေးဆပ်ရမယ်.." လမ်းပါ့ဒ်သည် လေပေါ်သို့ ခုန်တက်လိုက်ပြီး လျှပ်စီးအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ဒရော့ဂ်ဘာနောက်မှလှုပ်ရှားသော်လည်း ရန်သူများထံသို့ ဦးစွာရောက်ရှိသွား၏။
လျှပ်စီးအလင်းတန်းတောက်ပသွားသည့်အချိန်တွင် အားနည်းသော်လည်း မောက်မာနေခဲ့ကြသည့် မင်းသားဆိုင်မွန်နှင့် မင်းသားဆာ့ခ်တို့သည် မီးသွေးတုံးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ သူတို့ခန္ဓာကိုယ်မှ မီးခိုးငွေ့များပင်ထွက်နေလျှက်ရှိသည်။
"သတ်ကြစမ်း...ဒီခွေသားတွေကို ငါတို့က ဒီကောင်တွေကို လေးလေးစားစားကြိုဆိုခဲ့ပေမယ့် ဒီကောင်တွေကလောဘကြီးရက်စက်တဲ့၀ံပုလွေတွေပဲ။ ချမ်းဘော့ဒ်သားတွေရဲ့ ဒေါသကို ခံစားခိုင်းလိုက်..."
ပီးရာ့စ်၊ ပီတာ၊ အိုလတ်ဂ်၊ ရော်ဘင်နှင့် ခက်ရှာတို့သည်လည်း ကြုံး၀ါးကာ သူတို့၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ သူတို့၏ စွမ်းအားများကို ဖုံးကွယ်ထားရန်အကြောင်းမရှိတော့သည့်အတွက်ကြောင့် ဖှေးပေးထားသည့်အဆင့်မြင့်လက်စွဲတော်လက်နက်များကို ဆင့်ခေါ်ကိုင်စွဲလိုက်ကြသည်။
သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်မြင့်မားလာပြီး နဂါးသတ်စစ်ဆင်ရေးအဖွဲ့မှ ရန်သူများထံသို့ ပျံသန်း၀င်ရောက်သွားတော့သည်။ သိုးအုပ်ထဲသို့ ပြေး၀င်သွားသည် ကျားများကဲ့သို့ပင်။
သူတို့၏အနောက်တွင် ၀တ်ရုံနက်ကျောင်းတော်မှ သူတော်စင်သိုင်းဆရာများ၊ ဖှေးဒဏာရီလာနန်းတော်တွင်ကယ်တင်ခဲ့သည့် သိုင်းဆရာအဖိုးကြီးများသည်လည်း လိုက်ပါတိုက်ခိုက်နေလျှက်ရှိသည်။
အားသာနေသည့်အတွက်ကြော့င် ချမ်းဘော့ဒ်တိုင်းပြည်ဘက်မှသိုင်းဆရာများသည် ယုံကြည်ချက်ရှိနေပြီး သူတို့၏ စိတ်ဓာတ်များသည်လည်း အမြင့်ဆုံးသို့ရောက်ရှိနေကြသည်။ ထို့ကြောင့် ရန်သူများအားလွယ်လွယ်ကူကူချေမှုန်းပစ်နေ၏။
တစ်ချိန်တည်းမှာပင် ချောမောလှပသော ယောက်ျားလေးများဖြစ်ကြသည့် တိုးရိစ်နှင့်အာကင်ဖိတို့သည်လည်း သူတို့၏အတွင်းအားစွမ်းအင်များကို ထုတ်လွှတ်ပြီးဖြစ်သည်။
အတွင်းအားစွမ်းအင်မီးတောက်များ တောက်ပနေရင်းဖြင့် သူတို့၏လေးကြိုးများကိုတင်ကာ သေစေနိုင်သည့် မှော်မြှားများကို ပစ်လွှတ်နေ၏။ မှောင်မိုက်သောတိမ်တိုက်များလိုပင် သူတို့ထံမှ ပစ်လွှတ်လိုက်သောမြှားများသည် ရန်သူများထံသို့ မိုးစက်များကဲ့သို့ ရွာကျနေလျှက်ရှိ၏။
ဆံပင်ရွှေရောင်နှင့် ခန့်ညားသောလူငယ်နှစ်ယောက်လုံးသည် ကျွမ်းကျင်သည့် လေးသည်တော်များဖြစ်သောကြောင့် မျက်စိမှိတ်ပစ်ခတ်စေကာမူ ရန်သူများအား တိတိကျကျထိုမှန်နိုင်၏။ ထို့ကြောင့် ရန်သူများ၏ သွေးများကျဆင်းနေကာ သက်ညှာခြင်းမရှိကြပေ။
သွေးသံရဲရဲနှင့် တိုက်ပွဲကြီးသည်နောက်ဆုံးတွင်စတင်နေပြီဖြစ်သည်။
တစ်ဖွဲ့၏ စွမ်းအားသည်ကြီးထွားလာနေသလို ကျန်တစ်ဖွဲ့၏ စွမ်းအားသည်လည်းလျှော့နည်းလာနေလျှက်ရှိသည်။
ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်၏စွမ်းအားသည် နဂါးသတ်စစ်ဆင်ရေးပူးပေါင်းတပ်ဖွဲ့ထက်များစွာပို၍ အင်အားသာနေ၏။ ကောင်းကင်ပေါ်တွင်လည်း နတ်ဆိုးသားရဲများ၏ စစ်ကူကိုရရှိနေသည့်အတွက် လူအင်အားအနေဖြင့် ရန်သူများထက်နှစ်ဆခန့်ပိုသာနေတော့သည်။
ကြီးမားသည့်ပြောင်းလဲမှုသည် နဂါးသတ်စစ်ဆင်ရေးမှသိုင်းဆရာများကို ကြောက်လန့်စေ၏။ သူတို့အပေါင်းဖော်များ၏သေဆုံးခြင်းကြောင့် စိတ်ဓာတ်များကျဆင်းနေလျှက်ရှိသည်။ သူတို့သည် တိုက်ပွဲတွင် စွမ်းအားကုန်သုံးနိုင်ခြင်းမရှိတော့ပဲ တစ်ချို့ဆိုလျှင် နောက်လှည့်ကာ ထွက်ပြေးရန်ပင်ကြိုးစားနေကြ၏။
ကောင်းကင်ပေါ်တွင် သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးဆီးနစ်သည် မိမိမျက်လုံးကိုမိမိမယုံနိုင်ဖြစ်နေပြီး သူ၏မျက်နှာသည်လည်း တွန့်လိမ်နေလျှက်ရှိသည်။
ဤအခိုက်တန့်တွင် သူသည် မြင်နေရသည့်အရာအား လက်ခံလိုခြင်းမရှိသေးပေ။
"ဘယ်လိုထင်လဲ မစ်စတာဆီးနစ်၊ ချမ်းဘော့ဒ်တိုင်းပြည်ကို ခင်ဗျားအချိန်မရွေးနင်းခြေလို့ရတဲ့ ပိုးမွှားကောင်လို့ထင်နေတုန်းပဲလား..." ဖှေးသည် နှိမ်ချလိုခြင်းမရှိပဲ ဆီးနစ်အား အပြတ်ကောနေလျှက်ရှိ၏။
သူသည် ဆီးနစ်အား စကားလုံးများဖြင့်တိုက်ခိုက်ကာ သဲနီဘုရားကျောင်း၏ ဘုန်းတော်ကြီးအား အရှက်ရစေမည်ဖြစ်သည်။
သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများသည် ချမ်းဘော့ဒ်တိုင်းပြည်၏အနောက်ဘက်တောင်တန်းများတွင် နေထိုင်နေခဲ့ကြ၏။ သူတို့သည် ချမ်းဘော့ဒ်အနောက်ဘက်တွင်ရှိသော ကျယ်ပြန့်ကာအဆုံးမဲ့သည်ဟုထင်ရသည့် သစ်တောများ၊ တောင်တန်းများထဲတွင် ကိုယ်ပိုင်ပိုင်နက်မြေများရှိနေခဲ့၏။ သူတို့သည် သူတို့ပိုင်နက်မြေများတွင် ဘုရင်များပင်။ အခြင်းခြင်းလည်းတိုက်ခိုက်ခြင်းမရှိပဲ မိမိ၏ ပိုင်နက်ကိုသာ ကာကွယ်ထားကြ၏။ နတ်ဆိုးသားရဲများသည် ထိုကဲ့သို့ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြသည်။
သို့သော် ဘလက်ကီအဆင့်တက်လာခဲ့သည့်အချိန်တွင် နဂါးပေါက်သုံးကောင်အား ဦးဆောင်၍ အနောက်ဘက်တောင်တန်းများထံသို့ လျှောက်သွားခဲ့ကြသည်။ တိုက်ခိုက်ရသည်အား နှစ်သက်သည့်အတွက်ကြောင့် ကြီးမားသောပိုင်နက်များရှိသည့် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများအား သွားရောက်စိန်ခေါ်ခဲ့ကြသည်။ အစပိုင်းတွင် သူတို့သည် တိုက်ပွဲအများစုကိုအနိုင်ရခဲ့ကြပြီး တိုက်ပွဲတစ်ချို့ကိုလည်းရှုံးနိမ့်ခဲ့ကြသည်။ သို့သော် တဖြည်းဖြည်းဖြင့် အပြတ်သတ်အရှုံးမရှိနိုင်လာတော့၏။ ချမ်းဘော့ဒ်တိုင်းပြည်၏ ကီလိုမီတာ၅၀၀ပတ်ပတ်လည်တွင်ရှိနေသည့် နတ်ဆိုးသားရဲများအားလုံးရှုံးနိမ့်ခဲ့ရပြီး ပြင်ပမှလာရောက်တိုက်ခိုက်သူ လေးယောက်အားကြောက်လန့်ခဲ့ကြ၏။
လ၀က်ကျော်ခန့်ကြာသည့်အချိန်တွင် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများသည် ခနခနရှုံးနိမ့်ခဲ့သဖြင့် ဘလက်ကီနှင့် နဂါးပေါက်သုံးကောင်အား အရှုံးပေးခဲ့ရပြီး သူတို့အားလုံး၏ဆရာအဖြစ်လက်ခံသွားကြ၏။
ဤအရာများအားလုံးကို ဖှေးယခင်က သိရှိခဲ့ခြင်းမရှိပေ။ ဖှေးနတ်ဆိုးသားရဲများကို သူတို့လေးကောင်ဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်က ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများထံသို့သွားရဲဖြင့် သိရှိခဲ့ခြင်းဖြစ်၏။
ထိုစဥ်က ဘုရင်ဆွံ့အသွားခဲ့ပြီး ရယ်ရမလိုငိုရမလိုဖြစ်နေခဲ့၏။
သို့သော် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲများအား ဘလတ်ကီနှင့် နဂါးပေါက်သုံးကောင်တို့မှ လေ့ကျင့်ပေးထားပြီး စစ်သည်တပ်ဖွဲ့တစ်ခုလိုစနစ်ကျနေသည်ကိုတွေ့ရသည့်အတွက်ကြောင့် နတ်ဆိုးသားရဲတပ်ဖွဲ့တစ်ခုတည်ထောင်ရန်အကြံရလာခဲ့သည်။
ထို့အပြင် ချမ်းဘော့ဒ်အနောက်ဘက်တောင်တန်းများသည် အလွန်ကျယ်ပြန့်လှသည့် တောအုပ်ကြီးဖြစ်ပြီး လျို့၀ှက်ချက်များစွာလည်းရှိနေသည်။ အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်သည်သာ နတ်ဆိုးသားရဲတပ်ဖွဲ့အား အမှန်တကယ်တည်ထောင်နိုင်ပါက ချမ်းဘော့ဒ်တိုင်းပြည်သည် ဒေသအတွင်းတွင်အစစ်မှန်ပြိုင်ဘက်ကင်းမဲ့လုနီးနီးဖြစ်နေမည်ဖြစ်သည်။
သို့သော် ဘလတ်ကီနှင့် နဂါးပေါက်သုံးကောင်မှာ လုံလုံလောက်လောက်သန်မာခြင်းမရှိသေးသည့်အတွက်ကြောင့် သာလွန်သောဘုရင်အဆင့်နတ်ဆိုးသားရဲအကောင်၂၀ကိုသာ အလွန်ဆုံးအုပ်ချုပ်နိုင်သေးသည်။
ထို့နောက်တွင် အန်ဂျယ်လာ၏ မွေးရာပါအစွမ်းဖြစ်သည့် သားရဲတိရိစ္ဆာန်များနှင့် ဆက်သွယ်နိုင်သည့်အစွမ်းအား ဖှေးရုတ်တရက်စဥ်းစားလိုက်မိသည်။ ထို့ကြော့င် သူသည် ယောက္ခမမသိအောင် အန်ဂျယ်လာအား အနောက်ဘက်တောင်တန်းများထံသို့ ခိုးခေါ်သွားခဲ့ပြီး စမ်းသပ်ကြည့်ခဲ့သည်။
ရလဒ်သည်ဖှေးအားအံ့သြသွားစေခဲ့သည်။
ရက်စက်ကြမ်းကြုတ်ကာ စွမ်းအားမြင့်မားသည့် နတ်ဆိုးသားရဲများသည် အန်ဂျယ်လာအရှေ့တွင် ကြောင်လိမ္မာလေးများကဲ့သို့ဖြစ်နေလိမ့်မည်ဟု သူမထင်ခဲ့ပေ။ စိတ်၀င်စားစရာကောင်းသည်မှာ နတ်ဆိုးသားရဲများအဆင့်ပို၍မြင့်လေလေ ပို၍ဉာဏ်ရည်မြင့်မားလာလေလေဖြစ်သောကြောင့် အန်ဂျယ်လာ၏အရှေ့တွင်ပို၍ယဥ်ပါးလာလေလေဖြစ်၏။ သူတို့သည် အန်ဂျယ်လာအား သစ္စာခံထားသလိုပင်။
ဤသည်မှာ နတ်ဆိုးသားရဲတပ်ဖွဲ့၏ပထမဆုံးအစွမ်းပြခြင်းဖြစ်ပြီး ရလဒ်မှာ ထိတ်လန့်ဖွယ်ပင်။
လူတိုင်း ဆွံ့အနေ၏။