"ကျောက်ထုတူအစွမ်း"
Vol. 51 Ch. 795
ဖှေးစကားပြောပြီးသည့်အချိန်တွင် ဘုန်းတော်ကြီးဆီးနစ်၏ မျက်နှာအမူယာပြောင်းလဲသွားသည်။
သူ၏ခန္ဓာကိုယ်ထဲတွင်ကျန်ရှိနေသေးသည့် မြင့်မြတ်သန့်စင်သောစွမ်းအင်များကို ပြန်လည်စစ်ဆေးကြည့်လိုက်မိရာ သူ၏မျက်နှာသည် အကျည်းထန်သွားတော့၏။
ပိုဆိုးသည့်အရာမှာ သူသည် မြင့်မြတ်သန့်စင်သောစွမ်းအင်များကို ပြန်လည်ဖြည့်တင်း၍မရခြင်းပင်။ သူသည် ပတ်၀န်းကျင်တွင်ရှိနေသည့် မြင့်မြတ်သောစွမ်းအင်ဂုဏ်သတ္တိများကိုစုပ်ယူကြည့်လိုက်ရာ ထိုစွမ်းအင်များထံမှ တုန့်ပြန်မှုကိုမတွေ့ရပေ။
ဤဖြစ်ရပ်သည် တစ်စုံတစ်ယောက်၏ နေမူမမှန်ခြင်းထဲတွင်သာဖြစ်နိုင်၏။
"ဒါက တကယ်ကို ချမ်းဘော့ဒ်ဘုရင်ရဲ့ နေမူမမှန်ခြင်းပဲ..." ဘုန်းတော်ကြီးဆီးနစ်နောက်ဆုံးတွင်နားလည်သွားလိုက်သည်။
သို့သော် ဤလောက၏ စွမ်းအားနှင့် ထူးဆန်းမှုတို့သည် သူထင်ထားသည်ထက်များစွာကျော်လွန်နေ၏။ သူနားလည်သည့်ပုံအရ ဒဏာရီလာတောက်လောင်နေသော နေမင်းသခင်များသာလျှင် သဘာ၀နိယာမများအားလုံးကို နတ်ဘုရားများကဲ့သို့နားလည်သွားကြပြီး သက်ရှိများတည်ရှိနေသည့် နေမူမမှန်ခြင်းလောကများကိုဖန်တီးနိုင်ကြသည်။
ဤကဲ့သို့သောစွမ်းအားနှင့် သိုင်းဆရာများသည် နတ်ဘုရားများကဲ့သို့ပင်။
"ချမ်းဘော့ဒ်ဘုရင်က သူ့ရဲ့စွမ်းအားအစစ်မှန်ကိုဖုံးကွယ်ထားတာလား" ဘုန်းတော်ကြီးဆီးနစ်သည် တည်တည်ငြိမ်ငြိမ်နေနိုင်အောင်ကြိုးစားနေသော်လည်း တကယ်တန်းတွင် ထိတ်လန့်တုန်လှုပ်နေလျှက်ရှိသည်။ သူ၏မြင့်မြတ်သာစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး မဟူရာတောင်၀ှေးကိုကိုင်ကာ မည်ကဲ့သို့ထွက်ပြေးရမည်ကို စတင်၍တွေးနေလျှက်ရှိသည်။
သူသည် ချမ်းဘော့ဒ်ဘုရင်အား အနိုင်မယူနိုင်ကြောင်းသိသည့်အချိန်တွင် ဆက်လက်၍တိုက်ခိုက်လိုခြင်းမရှိတော့ပေ။ သူစဥ်းစားမိသည့်အရာသည် ထွက်ပြေးရန်သာဖြစ်တော့၏။
"ဒီနေမူမမှန်ခြင်းလောကက ဘာလဲ။ ဒီလောက်မကောင်းဆိုး၀ါးစွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတော့ မင်းက အောက်လမ်းဆရာတစ်ယောက်ပဲဖြစ်ရမယ်။ ငါ့ကို လွှတ်ပေးဖို့မင်းကိုအကြံပေးချင်တယ်။ မင်းင့ါကို လွှတ်ပေးမယ်ဆိုရင် တစ်ခြားလူတွေကို ဒီအကြောင်းပြောမှာမဟုတ်ဘူး။ ဘုရင်မအန်ဂျယ်လာနဲ့ ပတ်သက်ပြီးတော့ မဟာဘုရားကျောင်းက၀င်ရောက်စွက်ဖက်နေတာတွေကိုလည်း ရပ်တန့်ပေးမယ်..." ဆီးနစ်သည် စွမ်းအားကင်းမဲ့စွာဖြင့်ပြောလိုက်သည်။
ဖှေးအား အရှုံးပေးလိုက်ခြင်းသည် သူ့အား များစွာအရှက်ရစေသည်။
သို့သော် လက်ရှိအခြေအနေသည် သူ့အတွက်သိပ်မလှချေ။ သူသည် အန္တရာယ်တွင်းထဲတွင်ကျရောက်နေ၏။ ထို့ကြောင့် သူသည် မာနကိုခ၀ါချကာ ငြိမ်းချမ်းမှုယူရန်အတွက် ကမ်းလှမ်းလိုက်ရသည်။
ခနတာရပ်တန့်သွားပြီးသည့်နောက်တွင် သူထပ်ပြောလိုက်သည်။ "ငါက မြောက်ပိုင်းဒေသဘုရားကျောင်းတွေထဲမှာ အထင်ရှားဆုံးကျောင်းတော်ငါးခုထဲကတစ်ခုရဲ့ ဘုန်းတော်ကြီးတစ်ပါးပဲ။ မင်းင့ါကို သတ်လိုက်မယ်ဆိုရင် မဟာဘုရားကျောင်းက သည်းခံလိမ့်မှာမဟုတ်ဘူး။ ချမ်းဘော့ဒ်ဘုရင် မင်းကစွမ်းအားမြင့်မားတယ်ဆိုတာမှန်ပေမယ့် ဒီလိုအကျိုးဆက်တွေကိုတော့ မင်းခံစားနိုင်မှာမဟုတ်ဘူးနော်။ အဲ့လိုဖြစ်လာမယ်ဆိုရင် ချမ်းဘော့ဒ်တိုင်းပြည်ထဲမှာ တိုက်ပွဲတွေဖြစ်လာလိမ့်မယ် သွေးချောင်းတွေစီးလာလိမ့်မယ်။ မင်းအဲ့လိုဖြစ်ချင်လိမ့်မယ်လို့ ငါမယူဆဘူး။ ဟုတ်တယ်မလား အရှင်မင်းကြီး..."
ဖှေးရယ်မောလိုက်သည်။
သူသည် ဉာဏ်ကောင်းသည့်လူတစ်ယောက်ဖြစ်သည့်အတွက်ကြောင့် ဆီးနစ်တိုက်ခိုက်လိုခြင်းမရှိသည်ကို ပြောနိုင်၏။
"ဒါတွေအကုန်လုံးကို စခဲ့တဲ့လူက ခင်ဗျားဖြစ်ပြီးတော့ အခုမှခွင့်လွှတ်ပေးဖို့တောင်းဆိုနေတနာကို ဘယ်လိုခံစားရလဲ။ ကျွန်တော်ကတော့ ခင်ဗျားကို သွားခွင့်ပေးမှာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားက အရှုံးပေးတယ်ဆိုမှတော့ ခင်ဗျားကိုအခွင့်ရေးတစ်ခုပေးလိုက်မယ်။ အပြင်ကမ္ဘာမှာ တိုက်ပွဲတွေဖြစ်နေတာဆိုတော့ ဒီက ကျုပ်တို့တိုက်ပွဲကိုလည်း တစ်ချက်ထဲနဲ့ပဲဆုံးဖြတ်ရအောင်။ သိုင်းကွက်တစ်ကွက်စီတိုက်ခိုက်ပြီးတဲ့အချိန်မှာ ခင်ဗျားအသက်ရှင်နေတုန်းဆိုရင်တော့ ကျွန်တော်ခင်ဗျားကို ကျုပ်ရဲ့နေမူမမှန်ခြင်းလောကဖြစ်တဲ့ [နတ်ဆိုးသားရဲတွင်း]ထဲကနေလွှတ်ပေးလိုက်မယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ ခင်ဗျားကို ဒီနေရာမှတင်သေစေချင်တာက နတ်ဘုရားတွေရဲ့ဆန္ဒပဲ..."
ဖှေးထိုကဲ့သို့ ပြောပြီးသည့်အချိန်တွင် သူ၏လက်ကို၀ှေ့ရမ်းလိုက်ရာ ကြီးမားသည့်တိုက်ပွဲသုံးတူကြီးသည် သူ၏လက်ထဲသို့ ရောက်ရှိလာ၏။ ထိုတူထံမှ ရှေးကျသည့် သားရဲတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်အရှိန်၀ါတစ်ခုကို ခံစားနေရပြီး တူ၏ကိုယ်ထည်သည် အနီရင့်ရောင်ရှိနေသောကြောင့် စွမ်းအားမြင့်သိုင်းဆရာများစွာ၏ သွေးကိုသောက်ထားသလိုပင်။
တူပေါ်တွင်ရေးထိုးထားသည့် ကနုတ်များသည် ရှုပ်ထွေးဆန်းကျယ်ကာ လူများ၏ ၀ိဉာဥ်ကို စုပ်ယူထုထောင်းနိုင်သလိုပင်။
ထိုအရာသည် [မသေမျိုးဘုရင်၏တူ]ပင်။
ဆီးနစ်၏မျက်လုံးများချက်ချင်းပင် ကျဥ်းမြောင်းသွားသည်။ သူ၏စွမ်းရည်ဖြင့် ဤတူမည်မျှစွမ်းအားကြီးမားပြီး ထူးခြားသည်ကို ပြောနိုင်သည့်အတွက်ပင်။
တူကို ကိုင်ထားသည့်အချိန်တွင် ဘုရင်ငယ်၏အရှိန်၀ါသည် အဆပေါင်းများစွမြင့်မားလာပြီး ကြောက်မက်ဖွယ်ဖိအားကြောင့် ဆီးနစ်ပင်အနည်းငယ်အသက်ရှူရခက်ခဲနေ၏။ ဖှေး၏အရှိန်၀ါကြောင့်ဖြစ်ပေါ်လာသည့် လေညှင်းများကပင် ဆီးနစ်အားမွမ်းကြပ်စေသည်။
ဆီးနစ်သည် တိုက်ပွဲမှ ရှောင်လွှဲ၍မရတော့သည်ကို သိသည့်အတွက် မဟူရာတောင်၀ှေး၏ စွမ်းအားအကုန်ကိုထုတ်လွှင့်ကာ ကြုံး၀ါးလိုက်သည်။ "ကောင်းပြီလေ ငါမင်းနဲ့သိုင်းကွက်တစ်ခုပဲတိုက်ခိုက်မယ်။ ဒါပြီးရင်တော့ မင်းစကားတည်ပါစေ..."
လက်ထဲတွင် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်ကို ကိုင်ထားသည့်အတွက်ကြောင့် ဆီးနစ်သည် ဖှေး၏တူချက်ကို ခုခံနိုင်လိမ့်မည်ဟုယုံကြည်နေ၏။
"ဘုရင်တစ်ပါးအနေနဲ့ ကျုပ်စကားကျုပ်တည်ပြီးသားပဲ။ စကားတွေမပြောတော့ပဲ နဲ့ ဒါကို ခံစားကြည့်လိုက်..." ဖှေးသည် အော်ဟစ်ကာ မရဏငရဲခက်ခဲမှုအဆင့်လူရိုင်းဇာတ်ကောင်၏ စွမ်းအားများကိုထတ်လွှတ်လိုက်သည်။
စက္ကန့်၀က်အတွင်းမှာပင် သူသည် တယ်လီပေါ့တ်ပြုလုပ်လိုက်သို ဆီးနစ်၏အရှေ့သို့ ချက်ချင်းရောက်ရှိသွားပြီး တူလက်ကိုင်အား လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ဆီးနစ်ထံသို့ ရိုက်ချလိုက်သည်။
ကျယ်ပြန့်၍ ဖော်ပြ၍မရနိုင်သောစွမ်းအားအောက်တွင် ဖှေးနှင့် မသေမျိုးဘုရင်၏တူတို့သည် တစ်ခုတည်းအဖြစ်ပေါင်းစည်းသွားတော့၏။
သူတို့အား ရွှေရောင်စွမ်းအင်မီးတောက်များလွှမ်းခြုံသွားပြီး တူ၏ထိပ်ပိုင်းသည် လေပေါ်တွင် စက်၀န်းပြတ်တစ်ခုကို ရေးဆွဲလိုက်သည်။ တူနှင့်ပတ်ပတ်လည် သုံးမီတာခန့်တွင် ရွှေရောင်နဂါးတစ်ကောင်၏ပုံရိပ်သည်လည်း ၀ေ၀ေ၀ါး၀ါးပေါ်လာ၏။ ထိုနဂါးသည် သူ၏ပါးစပ်ကိုဖွင့်ကာဟိန်းဟောက်လိုက်ပြီး ဖှေးထံမှ ထွက်ပေါ်လာနေသည့် ဖိအားတို့ကို အဆပေါင်းများစွာတိုးမြှင့်လိုက်သည်။
ဤသိုင်းကွက်သည် လူရိုင်းဇာတ်ကောင်၏ စွမ်းအားအမြင့်ဆုံးသိုင်းကွက်များထဲမှတစ်ခုဖြစ်သည့် [ခုန်ကျော်တိုက်ခိုက်ခြင်း]ပင်။ အိမ်မက်ဆိုးခက်ခဲမှုအဆင့်မှ ရှေးမျိုးနွယ်ခါလစ်ကို အနိုင်ယူခဲ့ပြီးသည့်နောက်တွင် ဖှေးသည်သိုင်းကွက်အားထက်မံ၍ အမွေဆက်ခံရခဲ့သဖြင့် ထိုသိုင်းကွက်သည်လည်း ပို၍စွမ်းအာားမြင့်မားလာခဲ့သည်။
[ခုန်ကျော်တိုက်ခိုက်ခြင်း]အစွမ်းအား [မသေမျိုးဘုရင်၏တူ]အသုံးပြုကာ တိုက်ခိုက်လိုက်ပြီး မရဏငရဲခက်ခဲမှုအဆင့် လူရိုင်းဇာတ်ကောင်၏စွမ်းအားသည် ဆီးနစ်ထင်ထားသည်ထက်ကျော်လွန်နေလေရာ သူတုန်လှုပ်သွားသည်။
ချမ်းဘော့ဒ်ဘုရင်နှင့် သူ၏ကြားထဲတွင် ရှိနေသည့် နေရာလောကသည် ဤသိုင်းကွက်၏အစွမ်းအောက်တွင် စက္ကူတစ်ခုလို ကွေးညွှတ်သွားသည်ကို သူထင်ထင်ရှားရှားမြင်လိုက်ရသည်။ စက္ကူစတစ်ခုလိုပင် နေရာလောကသည် အချိန်မရွေးပေါက်ထွက်သွားနိုင်၏။
ဤသိုင်းကွက်အား ရင်ဆိုင်လိုက်ရသည့်အချိန်တွင် နောက်ဆုံးအချိန်ခါရောက်ရှိလာသလိုဆီးနစ်ခံစားလိုက်ရသည်။
"ကောင်းကင်ဘုံမှာရှိနေတဲ့ နတ်ဘုရားတို့ အသင်တို့ရဲ့ သစ္စာအရှိဆုံးကျေးကျွန်ကို ကာကွယ်ပေးတော်မူပါ နတ်ဘုရားဘုရင်၏ဒိုင်း၊ မြင့်မြတ်သောဒိုင်းကာ၊ဉာဏ်ပညာဒိုင်းကာ၊ သန့်စင်ခြင်းဒိုင်းကာ၊ နတ်ဘုရားများ၏ ကာကွယ်မှု..."
ဆီးနစ်သည်လည်း သူ၏ မီးလောင်ထားသည့် သစ်သားချောင်းနှင့်တူသည့် မဟူရာတောင်၀ှေးထဲသို့ စွမ်းအင်များစွာစီး၀င်စေလိုက်ပြီး သိရှိသမျှ ခုခံကာကွယ်ခြင်းသိုင်းကွက်တို့ကို အသုံးပြုလိုက်သည်။ သူ၏ အသက်သည် ချမ်းဘော့ဒ်ဘုရင်၏ လက်ရှိသိုင်းကွက်တစ်ခုအား ခုခံနိုင်ခြင်းမခံနိုင်ခြင်းအပေါ်တွင် မူတည်နေသည်ကို သိသည့်အတွက်ပင်။
ချက်ချင်းပင် မြင့်မြတ်သောနတ်ဘုရားများ၏ ပုံရိပ်သည် သူ၏ဘေးတွင်တစ်ခုပြီးတစ်ခုပေါ်လာပြီး မဟူရာတောင်၀ှေးသည် သူ၏လက်ထဲမှ ပျံထွက်သွားပြီးတောက်ပလာ၏။ မီးလောင်ထားသကဲသို့ သစ်သားချောင်းသည် ပြန်လည်မွေးဖွးလာသကဲ့သို့ အဆင့်ဆင့်ပြောင်းလဲနေလျှက်ရှိသည်။ မဲနက်နေသည့် အပြင်ပိုင်းအလွှာများ ကွာကျကုန်ပြီး နောက်ဆုံးပုံသဏ္ဏာန်အစစ်မှန်ကို ဖော်ပြနေလျှက်ရှိသည်။
ထိုအရာသည် ၁.၅မီတာခန့်ရှည်လျားကာ ကလေးလက်တစ်ချောင်းကဲ့သို့သာ အထူရှိသည့် ငွေရောင်တလင်းကျောက်ကဲ့သို့ကြည်လင်နေသည့် တောင်၀ှေးတစ်ခုပင်။ မဟာဘုရားကျောင်း၏ ဒဏာရီများပုံရိပ်တို့ကို တောင်၀ှေးပေါ်တွင်ထွင်းထုထားပြီး မှော်အစီရင်များစွာသည် တောင်၀ှေးပတ်ပတ်လည်တွင် နဂါးပေါက်လေးများကဲ့သို့ စီးဆင်းနေလျှက်ရှိသည်။ တောင်၀ှေးထိပ်တွင် ၂၀စင်တီမီတာခန့်မြင့်မားသည့် အမည်မသိသောနတ်ဘုရားတစ်ပါး၏ပုံရိပ်ပါရှိကာ နတ်ဘုရား၀တ်ရုံကို၀တ်ဆင်ထားပြီး ကိုယ်ပိုင်တောင်၀ှေးတစ်ခုကို ကိုင်ကာ မျက်လုံးများပွင့်နေ၏။
ထို့ကြောင့် ငွေရောင်စွမ်းအင်အကာရံအလွှာများသည် ဆီးနစ်၏အရှေ့တွင်တစ်ခုပြီးတစ်ခုပေါ်လာတော့၏။
ထိုအရာများသည် မဟာဘုရားကျောင်း၏ထင်ရှားသည့် စွမ်းအားမြင့်မားသော ခုခံခြင်းသိုင်းကွက် ငါးခုဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တူကြီးသည် ထိုဒိုင်းကာများပေါ်သို့ အားဖြင့်ကျရောက်လာတော့သည်။
"ချွတ် ချွတ် ချွတ်..." အက်ကွဲသံများထွက်ပေါ်လာ၏။
ကြီးမားသည့်တူကြီး၏တိုက်ခိုက်မှုအောက်တွင် မဟာဘုရားကျောင်း၏ စွမ်းအားမြင့်မားသောခုခံခြင်းအကာရံများသည် ဖန်များဖြင့်ပြုလုပ်ထားသလို တစ်ခုပြီးတစ်ခုအက်ကွဲလာတော့၏။
နတ်ဘုရားဘုရင်၏ ဒိုင်းကာ အက်ကွဲသွားသည်။
မြင့်မြတ်သောဒိုင်းကာ ကြေမွသွားသည်။
ဉာဏ်ပညာဒိုင်းကာ အက်ကွဲသွားသည်။
သန့်စင်ခြင်းဒိုင်းကာ အက်ကွဲသွားသည်။
နတ်ဘုရားများ၏ ကာကွယ်ခြင်း အက်ကွဲသွားသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဒိုင်းကာ ငါးခုလုံးအက်ကွဲသွားတော့သည်။
ဆီးနစ်ထိတ်လန့်သွားသည်။ သူသည် နောက်ဆုံးပုံစံထုတ်လွှတ်ထားသည့် မဟူရာတောင်၀ှေးကိုသာ ကိုင်မြှောက်၍ တူချက်ကိုကာလိုက်ရ၏။ ထိုတူသည် သေမင်း၏စွမ်းအားများပါ၀င်နေသလိုပင်။
"ဖုန်း..."
ခုခံ၍မရနိုင်သည့်စွမ်းအားသည် မဟူရာတောင်၀ှေးပေါ်သို့ ကျရောက်လာပြီးနောက်တွင် ဆီးနစ်ခန္ဓာကိုယ်ပေါ်သို့ ပြန့်နှံ့သွားတော့သည်။
"ဖွီး..." ဆီးနစ်သည် သွေးများအန်ထွက်လာပြီး သူ၏လက်မောင်းရိုးများကျိုးကြေကုန်၏။ မဟူရာတောင်၀ှေးသည်လည်း သူ၏လက်ထဲမှ လွှင့်ထွက်သွားတော့သည်။
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်သည်လည်း မုန်တိုင်းကြားမှ ကောက်ရိုးမျှင်တစ်ခုလိုလွှင့်ထွက်သွားပြီး လိုဏ်ဂူနံရံနှင့် ၀င်တိုက်လိုက်မိ၏။
"ချွတ် ချွတ် ချွတ်.." အရိုးကျိုးကြေသံများထွက်ပေါ်လာတော့သည်။