“သတင်းတစ်ခု ရောက်ရှိလာခြင်း”
Vol. 51 Ch. 799
ချမ်းဘော့ဒ်တိုင်းပြည်မှ စစ်သည်တော်များအားလုံး ဒေါသဖြစ်နေကြသည်။
ထို့အပြင် တိုင်းပြည်များနှင့် အင်ပါယာများမှ သံတမန်များသည်လည်း လအဆင့်သိုင်းဆရာများဖြစ်သည့် အကျဉ်းသားများကို ချမ်းဘော့ဒ်ဘုရင်မည်ကဲ့သို့ ကိုင်တွယ်မည်ဆိုသည်ကို သိချင်နေကြသည်။
တကယ်တန်း ဤနေရာတွင် လအဆင့်သိုင်းဆရာများစွာရှိနေသည်မှာ ထူးဆန်းသည်ထက်ပင် ကျော်လွန်နေသည်။ အကယ်၍ ချမ်းဘော့ဒ်တိုင်းပြည်သည်သာ ထိုလူများကိုစုစည်း၍ အင်အားစုတစ်ခုတည်ထောင်လိုက်ပါက ချမ်းဘော့ဒ်တိုင်းပြည်၏ စွမ်းအားသည် ပို၍ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
ဖှေး နှာခေါင်းရှုံ့ကာ သူ၏လက်ကိုဝှေ့ရမ်းလိုက်ရာရွှေရောင်ဓားသွားစွမ်းအင်တစ်ခု ပျံသန်းသွား၏။
“ဝှစ်”
ဦးခေါင်းပြတ်သုံးလုံး လေပေါ်သို့ပျံဝဲလာသည်။
ဒစ်ဇော့နှင့် သူ၏အပေါင်းပါများယုံနိုင်ခဲ့ခြင်းမရှိပေ။ ဓားသွားစွမ်းအင်ကြောင့် မသေဆုံးခင်အချိန်ထိ ချမ်းဘော့ဒ်ဘုရင်သည် သူတို့အားမထိရဲဟုထင်နေခဲ့ကြသည်။ သူတို့သည် မြောက်ပိုင်းဒေသဘုရားကျောင်းချုပ်တွင် လူသိများသည့် မြင့်မြတ်သောသူရဲကောင်းများဖြစ်သည့်အတွက်ပင်။
သွေးများလေပေါ်သို့ပန်းထွက်လာပြီး အလောင်းသုံးခုမြေပြင်ပေါ်သို့လဲကျသွားသည်။
“ရက်စက်လှချည်လား” VIPခုံများတွင် ထိုင်နေကြသည့် ဧည့်သည်များ ထိတ်လန့်သွားကြသည်။
ချမ်းဘော့ဒ်ဘုရင်သည် မဟာဘုရားကျောင်းမှ လအဆင့်မြင့်မြတ်သောသူရဲကောင်းများကိုပင် သတ်ဖြတ်ရဲသည့်အတွက်ကြောင့် သူမသတ်ရဲသည့်လူမရှိတော့သလိုပင်။ ဤဘုရင်ကဲ့သို့သောလူအား ရန်စရမည်မှာ ကြောက်မက်ဖွယ်ပင်။
ကျန်ရှိနေသေးသည့် နဂါးသတ်စစ်ဆင်ရေးမဟာမိတ်အဖွဲ့မှ သိုင်းဆရာများအားလုံး၏ ကျောရိုးများအေးစက်သွားတော့သည်။
ချက်ချင်းပင် သူတို့သည် အရှက်မရှိနိုင်တော့ပဲ ဒူးထောက်တောင်းပန်နေကြတော့သည်။ “ဂုဏ်သရေရှိတဲ့ ချမ်းဘော့ဒ်ဘုရင် ကျွန်တော်မျိုးကို ချမ်းသာပေးပါ။ အဲ့ကောင်တွေလှည့်စားလို့ ကျွန်တော်ဘာမှမသိပဲ လာခဲ့မိတာပါ။ ကျွန်တော် ချမ်းဘော့ဒ်တိုင်းပြည်အတွက် အသေခံပြီးတိုက်ခိုက်ပေးပါ့မယ် အသက်ပဲ ချမ်းသာပေးပါ”
ဖှေး သူ၏ခေါင်းကို ခါရမ်းကာပြောလိုက်သည်။ “ကွပ်မျက်စေ”
ထို့နောက်တွင် ဆံပင်ဖြူနှင့် ပီးရာ့စ်ထွက်လာပြီး သူ၏ဓားကို ကိုင်မြှောက်လိုက်သည်။ အဖြူရောင်ဓားသွား အက်စ်ကာလီဘာသည် အောက်သို့ကျဆင်းလာပြီး ခေါင်းတစ်လုံးသည် လေပေါ်သို့ပျံဝဲသွားတော့၏။
နဂါးသတ်စစ်ဆင်ရေး မဟာမိတ်အဖွဲ့မှလူများသည် ဤမြင်ကွင်းကိုမြင်လိုက်ရပြီး နောက်ထပ်အကြံတစ်ခုရလိုက်သည်။ သူတို့ထဲမှ တစ်ယောက်သည် ထရပ်ကာ အော်ဟစ်လိုက်၏။ “မင်းငါ့ကို သတ်ရင်သတ်လိုက်ပါ ချမ်းဘော့ဒ်ဘုရင် ငါကလအဆင့်သိုင်းဆရာတစ်ယောက်ဖြစ်လို့ ငါ့မှာလဲ ဂုဏ်သရေရှိတယ်။ ရန်သူရှေ့မှာ ဘယ်တော့မှ ဒူးထောက်ပြီး အသနားခံမှာမဟုတ်ဘူး။ ဟားဟားဟား ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှုံးနိမ့်သွားတာက သေပြီဆိုတဲ့အဓိပ္ပါယ်ပဲ။ ငါသေသွားခဲ့ရင်တောင် သိုင်းဆရာအစစ်မှန်တွေလက်ထဲမှာ သေရတာကို နောင်တရမှာမဟုတ်ဘူး”
ထိုလူပြောလိုက်သည့်အရာသည် သိုင်းဆရာပြီသပြီး သူရဲကောင်းဆန်လှသည်။ သူနှင့်ပတ်ပတ်လည်တွင်ရှိနေသည် များအားလုံးအံ့ဩသွားကြပြီး တစ်ချို့ဆိုလျှင် အထင်ကြီးမိသွား၏။
“ဒါကမှ ဂုဏ်သရေရှိတဲ့ လအဆင့်သိုင်းဆရာတစ်ယောက်ရဲ့အရှိန်ဝါပဲ” သူတို့အားလုံးတွေးလိုက်မိကြသည်။
ချမ်းဘော့ဒ်ဤလူ၏ သတ္တိအားလေးစားပြီး ချမ်းသာပေးတော့မည်ဟု လူတိုင်းတွေးနေသည့်အချိန်မှာပင် ဖှေးသည် သူ၏ခေါင်းကိုခါရမ်းကာ အမိန့်ပေးလိုက်သည်။
“ကွပ်မျက်စေ”
ပီးရာ့စ်သူ၏လက်ကိုမြှောက်လိုက်သည့် အချိန်တွင် သူတော်စင်ဓားသွား အက်စ်ကာလီဘာထက်မံ၍ ထွက်ပေါ်လာ၏။ ရုတ်တရက် ကြောက်လန့်သည့်အမူယာတစ်ခုသည် ထိုလအဆင့်သိုင်းဆရာ၏ မျက်နှာပေါ်တွင်ပေါ်လာ၏။ သူအသနားမခံနိုင်စဉ်မှာပင် အညှာတာကင်းမဲ့စွာ သတ်ဖြတ်ခံလိုက်ရတော့သည်။
ထို့နောက်တွင် ဖှေးသည် အသက်ရှင်နေဆဲဖြစ်သည့် လအဆင့်သိုင်းဆရာများကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အကြည့်သည် ရိုးရှင်းသော်လည်း ကြောက်မက်ဖွယ်ပင်။
ခနတာရပ်တန့်သွားပြီးနောက်တွင် ဖှေးတည်ငြိမ်စွာပြောလိုက်သည်။ “မင်းတို့က ချမ်းဘော့ဒ်တိုင်းပြည်ကို လုယက်သတ်ဖြတ်ဖို့လာခဲ့ကြတာဆိုတော့ တကယ်လို့ ဒီညမှာ ချမ်းဘော့ဒ်ရှုံးသွားခဲ့မယ်ဆိုရင် မင်းတို့ကလည်း ချမ်းဘော့ပြည်သူတွေကို သက်ညှာပေးလိမ့်မယ်လို့ငါမထင်ဘူး။ အရာအားလုံးမှာ သူ့အကျိုးဆက်နဲ့သူရှိတယ်။ ဒါကိုလည်း မင်းတို့အရင်ကတည်းက သိထားသင့်တယ်။ လောဘကြောင့် လူတွေသေဆုံးရတာပဲ။ ငါ့ကို ရက်စက်ပြီး လူမဆန်လို့ဆို အပြစ်မတင်ကြနဲ့။ ဒီနေ့မင်းတို့ခေါင်းတွေကိုယူပြီး နောက်ထက်ချမ်းဘော့ဒ်တိုင်းပြည်ကို ဒုက္ခပေးဖို့ ကြံစည်နေတဲ့လူတွေအားလုံးကို သတိပေးလိုက်မယ်”
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် လအဆင့်သိုင်းဆရာများအားလုံးသည် ယနေ့ညအတွက် အသက်မရှင်နိုင်တော့သည်ကိုသိလိုက်ရ၏။ တစ်ချို့လူများသည် ပြန်လည်ဆဲဆိုကြ၏၊ တစ်ချို့လူများသည် သူတို့၏ရာထူးအရှိန်ဝါကိုဖော်ပြ၍ ခြိမ်းခြောက်ကြသည်၊ တစ်ချို့လူများသည် အသနားခံကြသည်၊ တစ်ချို့လူများသည် ရုန်းထွက်လွတ်မြောက်ရန် ကြိုးစားကြ၏။
“ကွပ်မျက်စေ”
ဖှေး၏ အမိန့်ပေးသံနှင့်အတူ ပီးရာ့စ်နှင့် စိန့်-ဆဲယာများသည် သူတို့၏ဓားသွားများကို အောက်သို့ပိုင်းချလိုက်ကြ၏။ ဦးခေါင်းပြတ်များသည် မြေပြင်ပေါ်တွင် ဖရဲသီးများလိုလိမ့်နေပြီး လအဆင့်စစ်သည်များစွာသည် တစ်ယောက်မှ သက်ညှာခြင်းမခံရပဲ ကွပ်မျက်ခံလိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့ရသည့်အတွက် ရင်ပြင်ပေါ်တွင်ထိုင်နေကြသည့် ဧည့်သည်များအားလုံး ပို၍တုန်လှုပ်လာကြတော့သည်။ သူတို့၏ ချမ်းဘော့ဒ်ဘုရင်နှင့် ချမ်းဘော့ဒ်သားများအပေါ် ကြည့်သည့်အကြည့်များပြောင်းလဲသွားကြသည်။ သူတို့အားလုံးထိတ်လန့်နေကြ၏။ ချမ်းဘော့ဒ်တိုင်းပြည်အား ရန်မစမိရန်ကိုလည်းတွေးနေကြသည်။
“ဒီမြောက်ပိုင်းကကောင်တွေက အတော်ကြမ်းတမ်းတာပဲ။ လူရိုင်းတွေလို ရက်စက်ကြမ်းကြုတ်နေတယ်။” သူတို့အားလုံးတွေးလိုက်မိကြသည်။
မကြာမှီတွင် ချမ်းဘော့ဒ်သားများသည် အလောင်းများကို သယ်ဆောင်သွားကြ၏။ မှော်ဆရာများသည်လည်း ရေအစွမ်းကိုအသုံးပြု၍ သွေးများကိုဆေးကြောနေကြသည်။
ဖှေး စိတ်ထဲမှ ကြိတ်၍သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့သည့်တစ်နှစ့်ခန့်ကလည်း သူ၏ထီးနန်းတင်မြောက်ပွဲတွေ သွေးထွက်သံယိုတိုက်ပွဲများဖြစ်ပွါးခဲ့ပြီး သူ၏ သရဖူသည် သွေးစွန်းခဲ့သည်။
ယနေ့ သူ၏လက်ထပ်ပွဲတွင်လည်း ထိုကဲ့သို့သောတိုက်ပွဲမျိုးဖြစ်ပွါးခဲ့ပြန်သည်။
အေဇာရုတိုက်သည် နိုင်ရာစားလောက၊ သန်မာသည့်လူသာလျှင် ရှင်ကျန်နိုင်သည့်နေရာဖြစ်၏။ ဤတိုက်ပေါ်တွင် လူများအား သဘောကောင်းခြင်း၊ သနားသက်ညှာခြင်းသည် ဟာသတစ်ခုလိုပင်။ အားနည်းသည့်လူတစ်ယောက်သည် ပို၍အားကြီးသည့်လူများ၏ အနိုင်ကျင့်ဗိုလ်ကျခံရခြင်းသည် သဘာဝပင်။
အခိုက်တန့်တစ်ခုကြာခန့် ရင်ပြင်ပေါ်တွင်ရှိနေသည့် လေထုသည် တည်ငြိမ်တိတ်ဆိတ်နေလျှက်ရှိသည်။
ထို့နောက်တွင် ရုတ်တရက် မြင်းခွါသံများထွက်ပေါ်လာပြီး တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖျက်ဆီးပစ်လိုက်သည်။
လူများလှည့်ကြည့်လိုက်သည့်အချိန်တွင် အဝါရောင်ကိုယ်ကြပ်ဝတ်စုံနှင့်လူတစ်ယောက် မြင်းဒုန်းစိုင်းစီး၍လာနေသည်ကိုတွေ့လိုက်ရသည်။ သူသည် မြင်းအားအရှိန်အမြင့်ဆုံးတင်ကာ စိုးရိမ်သည့်အမူယာတစ်ခုနှင့်အတူ စီးလာနေလျှက်ရှိသည်။
ယခုအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည်အတွင်းနှင့်အပြင်တို့တွင် လုံခြုံရေးများတင်းကြပ်စွာချထား၏။ ယခုရောက်ရှိလာသည့်လူသည်လည်း စွမ်းအားမြင့်မားသည့်လူမဟုတ်ပေ။ ထိုသူသည် တင်းကြပ်သော လုံခြုံရေးများကို ဖြတ်သန်းလာနိုင်ခြင်းသည် ချမ်းဘော့ဒ်တိုင်းပြည်မှလူဖြစ်သောကြောင့်ပင်။
ထိုလူ၏ မျက်နှာပေါ်မှ အမူယာကိုကြည့်ရုံဖြင့်ပင် ကြီးကြီးမားမားအရာတစ်ခုဖြစ်ပျက်နေသည်မှာ ထင်ရှားလှသည်။
“ချမ်းဘော့ဒ်တိုင်းပြည်က ဒီနေ့ညမှာတင် သမိုင်းဝင်နိုင်လောက်တဲ့ အောင်မြင်မှုမျိုးကိုရထားတာလေ။ ဘာတွေဖြစ်ကုန်တာလဲ” လူများတွေးလိုက်မိကြသည်။
လူတိုင်းသိချင်လာကြသည်။
ထိုလူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် တီနာမန်ရင်ပြင်သို့ရောက်ရှိလာပြီး ရပ်တန့်မည့်ပုံမပေါ်ချေ။ သူသည် ဘုရင်၏ လက်ထပ်ပွဲအခမ်းနားကျင်းပရာသို့ ဦးတည်လာနေ၏။ ဥပဒေပြုအရာရှိများမှ သူ့အား တားဆီးရန်ပြင်လိုက်သည့်အချိန်တွင် ဘုရင်မှချီးမြှင့်ထားသည့် ချမ်းဘော့ဒ်တံဆိပ်အား မြင်းပေါ်မှထုတ်ပြလိုက်သည်။
ထိုတံဆိပ်ကိုမြင်သည့်အချိန်တွင် ဥပဒေပြုအရာရှိများသည်လည်း ဘေးသို့ကပ်ကာ လမ်းဖယ်ပေးလိုက်ကျ၏။
ထိုမြင်းနှင့်လူသည် ဥပဒေပြုအရာရှိများကိုဖြတ်ကျော်ကာ ရင်ပြင်၏မြောက်ဘက်ခြမ်းသို့ရောက်ရှိသွား၏။
“အရှင် အရှင်မင်းကြီး မြို့တော်မှာ အရေးကြီးကိစ္စတစ်ခုဖြစ်နေပြီ”