← Chapters

အိမ်ရှေ့မင်းသားကို လွှတ်ပေးခြင်း

Vol. 79 Ch. 1031

အိမ်ရှေ့မင်းသားကို လွှတ်ပေးခြင်း

Vol. 79 Ch. 1031

ယခု ဘိုးဘေးနန်းတော်၏ အကြမ်းဖျင်းတည်နေရာအား ချင်မူ သေချာသိရှိသွားပြီဖြစ်သည်။ ဝင်ရိုးစွန်းလေးခု၊ ရွှမ်တုနှင့် အဆုံးသတ်မြို့ပျက်တို့၏ ဟင်းလင်းပြင်အနေအထား အချက်အလက်များနှင့် ပတ်သက်၍မူ မည်သည်ကိုမျှ မသိရသေးပေ။ နဂါးဟန်ကေင်းကင်နတ်ဘုံ ယခင်က တည်ရှိခဲ့သော ကိုဩဒိနိတ်ကိုလည်း အတည်ပြုနိုင်ရန် လိုအပ်သေးသည်။

ထိုအခါမှ ဘိုးဘေးနန်းတော်အား ရှာတွေ့ပေမည်။

ဝင်ရိုးစွန်းလေးခု၊ ရွှမ်တုနှင့် ချောက်နက်တို့၏ ဟင်းလင်းပြင်အတိုင်းအတာများအတွက် စွမ်းအင်အကူးအပြောင်းတံတားတို့မှ အချက်အလက်များအား အသုံးချနိုင်သည်။

ချင်မူနှင့် ကျားနတ်မင်းသည် စွမ်းအင်အကူးအပြောင်းတံတားကို ကိုယ်တိုင်ဒီဇိုင်းဆွဲကာ မတူညီသော ဟင်းလင်းပြင်အနေအထား အချက်အလက်များအပေါ် မူတည်၍ မတူညီသော ကမ္ဘာလောကများအား ဆက်သွယ်ထားခြင်းဖြစ်၏။ ထို့ကြောင့် ချင်မူ့အတွက် ထိုကဲ့သို့ အချက်အလက်များ ရရှိရန် မခက်ပေ။

သို့သော် အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်နှင့် ဆက်နေသော စွမ်းအင်အကူးအပြောင်းတံတားဟူ၍ မရှိ။ ရှိလျှင်ပင် ကောင်းကင်နတ်ဧကရီနှင့် ယွမ်မု၏ လက်ထဲ၌သာ ဖြစ်လောက်သည်။

သို့သော် ချင်မူ ထိုနေရာသို့ ရောက်ဖူးသဖြင့် ဟင်းလင်းပြင်အတိုင်းအတာကို အတည်ပြုစရာသာ လိုအပ်ပေသည်။

ပြဿနာက နဂါးဟန်ကောင်းကင်နတ်ဘုံ၏ အမြင့်ကို ရှာခြင်းဖြစ်သည်။

ထိုအမြင့်အတွက် တိကျသော အချက်အလက် မရှိပေ။

ကိုဩဒိနိတ်များကိုသာ အတိအကျရလျှင် ဘိုးဘေးနန်းတော်ဆီ တန်းတန်းမတ်မတ် နေရာရွှေ့ပြောင်းပေးမည့် အာကာဟင်းလင်းပြင် နေရာရွှေ့ပြောင်းဝင်္ကပါအကြီးစားတစ်ခုအား တည်ဆောက်နိုင်သည်။

‘မြောက်နတ်မင်းရွှမ်းဝူရဲ့ အိမ်ရှေ့မင်းသားယိုမင်က နဂါးဟန်ခေတ်မှာ ငါနဲ့ တွေ့ဖူးတယ်လို့ ပြောခဲ့တာ ဒါကြောင့်ကိုး... ငါ ကောင်းကင်နတ်ဘုံရဲ့ အမြင့်ကို တိုင်းဖို့ အဲဒီရောက်သွားတာ ဖြစ်လောက်တယ်” 5

ချင်မူမှာ တွေးရင်း သိသိသာသာ တွေဝေလာသည်။ ‘ဒါဖြင့် ငါ ဘယ်တုန်းက နဂါးဟန်ကောင်းကင်နတ်ဘုံကို ရောက်သွားတာလဲ.... မဟူရာလိပ်ကောင်းကင်နန်းတော်ရဲ့ ဖန်သားကောင်းကင်စေတီကို ခိုးသွားတဲ့ စုံတွဲက ဘယ်သူတွေလဲ... ကောင်းကင်နတ်ဘုံရဲ့ ပြောင်းပြန်ဘက်ခြမ်းက ဘိုးဘေးနန်းတော်ချိတ်ပိတ်ခံထားရတဲ့ နေရာဆိုရင် ဘာကြောင့် ‌ကောင်းကင်နတ်ဘုံက အပေါ် တက်သွားတာလဲ.... ကောင်းကင်နတ်ဘုံ ရွေ့သွားရင် ချိတ်ပိတ်ထားတဲ့နေရာမှာ အပေါက်ကြီး ဖြစ်ကျန်ခဲ့မှာ မဟုတ်ဘူးလား’

ချင်မူ သေသေချာချာ တွေးကြည့်ရန် ပြင်နေစဉ် ရထားလှည်းအပြင်မှ ကောင်းကင်နဂါး၏ အသံ ထွက်လာပြန်သည်။ “ကောင်းကင်နတ်အရှင်၊ နတ်မင်းဝူ လာကြိုတော်မူပါတယ်”

‘အချိန်မရှိဘူး.... မြောက်ဝင်ရိုးစွန်းကနေ ထွက်မှပဲ ဆက်စဉ်းစားကြည့်ရမယ်’

ချင်မူလည်း အများကြီးမတွေးနိုင်တော့သဖြင့် စကြဝဠာမြေပုံကို လွင့်ပျယ်စေလိုက်ပြီးနောက် ပြုံးလိုက်သည်။ “ဖက်တီးနဂါး၊ ယန်အာ၊ နတ်မင်းဝူနဲ့ သွားတွေ့ကြစို့”

ရထားလှည်း ရပ်သည်နှင့် ချင်မူ အပြင်ထွက်လိုက်သည်။ သူ၏အရှေ့တွင် မဟူရာလိပ်ကောင်းကင်နန်းတော်၏ အခြားတစ်ခြမ်းအား မြင်ရပြီး နတ်မင်းဝူနှင့် မောင်းမအခြွေအရံများက သူ့အား စောင့်ကြိုနေကြလေသည်။

နတ်မင်းရွှမ်းပြောခဲ့သလို နတ်မင်းဝူသည် စုန်းမတစ်ယောက် မဟုတ်ပေ။ ထိုအစား နတ်မင်းရွှမ်းထက်ပို၍ ဣန္ဒြေသိက္ခာရှိကာ တည်ကြည်လေးနက်ဟန်တူသည်။ ဤအမျိုးသမီးသည် ပျိုနီပန်းသဏ္ဍာန်များ ပုံဖော်အလှဆင်ထားသည့် အနက်ရောင်နှင့် အနီရောင်‌ ရောစပ်နေသော တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ပန်းပွင့်များအကြားတွင် မြွေများ သွားလာနေကာ ပျံထွက်လာတော့မည့်ဟန် ရှိနေသည်။

သူမ၏မျက်ခုံးများက တောင်ပံဖြန့်ထား‌သော ငန်းတစ်ကောင်နှင့် တူသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ပျိုနီပန်းတစ်ပွင့် ရှိနေပြီး နှုတ်ခမ်းလွှာထက်၌ ခပ်လက်လက် အ‌ရောင်လေး လိမ်းခြယ်ထား၏။ နတ်မင်းရွှမ်း ပြောထားသကဲ့သို့ မောက်မာခြင်းမရှိသလို၊ ခက်ထန်ခြင်းလည်း မရှိပေ။ သိက္ခာအပြည့်ဖြင့် ရည်မွန်သည်။ သူမက နှုတ်ဆက်လေသည်။ “ကောင်းကင်နတ်အရှင်မူ”

ချင်မူလည်း ရထားလှည်းဆီမှ အလျင်အမြန် ဆင်းကာ ပြန်နှုတ်ဆက်သည်။ “မမကြီးနတ်မင်းဝူ”

နတ်မင်းဝူ မပြုံးမိဘဲ မနေတော့ပေ။ “ကောင်းကင်နတ်အရှင်မူက တွေ့သမျှ အမျိုးသမီးတိုင်းကို မမကြီးလို့ ခေါ်တတ်တယ်ဆိုတာ မှန်နေတယ် ထင်တယ်‌နော်”

ချင်မူက အတည်‌ပေါက်ကြီးဖြင့် ပြန်ပြောသည်။ “အမြဲတမ်း မဟုတ်ရပါဘူးဗျာ”

နတ်မင်းဝူက ခေါင်းညိတ်ပြသည်။ ချင်မူလည်း ဆက်ပြော၏။ “လှတဲ့ အမျိုးသမီးလေးတွေကို မမကြီးလို့ မခေါ်ဘဲ မနေနိုင်လို့ပါ... စောစောက နတ်မင်းဝူကို မြင်လိုက်ရတုန်းကဆို ကျွန်တော့်နှုတ်က နှလုံးသားထက်တောင် ပို ရိုးသားသွားတော့တာပဲဗျ”

နတ်မင်းဝူမှာ ရယ်မောရင်း ခေါင်းခါလိုက်ကာ ပြောသည်။ “ရိုးသားလိုက်တာနော်.... အခုခေတ်မှာ ရိုးသားတဲ့ယောက်ျားသားတွေကို ရှာရ သိပ်ခက်နေပြီ... ငါတို့မိသားစုက ဟိုပေါချောင်ကောင်း ယောက်ျားကြီးလို ချိုချိုသာသာ ပြောရမှန်း မသိတာမျိုးနဲ့တော့ ကွာပကွယ်... သူ လုပ်သမျှတိုင်းကလေ သိပ်ကို ဒေါသထွက်စရာချည်းပဲ... သူနဲ့ စကားပြောရတာနဲ့တင် ဒေါသက ထွက်လာရော”

ချင်မူ ပြုံးလိုက်မိသည်။ “ယောက်ဖကြီးကလည်း ရိုးသားပါတယ်... ခံစားချက်တွေကို ထုတ်မပြောတတ်လို့ နေမှာပါ”

နဂါးချီလင် ချင်မူ့ကို တိတ်တိတ်ကလေး ချီးကျူးလိုက်မိသည်။ ‘ဂိုဏ်းသခင်ကတော့ အပြောတတ်လိုက်တာ... နတ်မင်းရွှမ်းရဲ့ ရှေ့မှာ နတ်မင်းဝူကို မရီးလို့ ခေါ်တယ်... နတ်မင်းဝူရဲ့ ရှေ့မှ နတ်မင်းရွှမ်းကို ယောက်ဖကြီးလို့ ခေါ်တယ်... မသိရင် သူတို့ရဲ့ မောင်၊ သူတို့ရဲ့ ညီအတိုင်းပဲ... ငါ့ လူထိန်းကျမ်းစာကို ဖတ်ပြီး ပိုပိုအစွမ်းထက်လာတာ နေမှာ.... မကြာခင် ငါ့ထက်တောင် သာသွားတော့မယ့်ပုံပဲ”

“သူ့အကြောင်း မပြောကြရအောင်”

နတ်မင်းဝူက သူ့ကို အထဲခေါ်သည်။ “အထဲမှာ ပြောကြတာပေါ့”

သူမသည် နဂါးချီလင်နှင့် ယန်အာ့ဆီ ကြည့်ကာ ကြောင်သွားပြီးနောက် မေးလေသည်။ “ဒါက မဟုတ်မှ မီးငှက်အိမ်တော်က မင်းသမီးလေးများလား”

ယန်အာက အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။ “ယန်အာ ဒေါ်လေးကို အရိုအသေပေးပါတယ်”

နတ်မင်းဝူမှာ သူမကို ဖက်လှဲတကင်းဖြင့် လက်လှမ်းဆွဲကာ ပြုံးနေသည်။ “မင်း သေးသေးလေးတုန်းက ဒေါ်လေး ချီခဲ့ရတာ သိလား... မင်းအမေ မင်းကို အဝေးပို့ခဲ့တာကတော့ ရက်စက်လွန်းပါတယ်ကွယ်.. စကားမစပ် မင်းတို့အားလုံး အရှေ့ဝင်ရိုးစွန်းကနေ လာခဲ့တာဆိုတော့ မင်းရဲ့အဖေ အရှေ့နတ်မင်းနဲ့ တွေ့ပြီးလောက်ပြီပေါ့ ဟုတ်တယ်မလား”

ယန်အာ မျက်နှာညှိုးကျသွားသည်။

နတ်မင်းဝူက သူမအမူအရာကို မြင်လျှင် ပြုံးသည်။ “အရှေ့နတ်မင်းမှာ သားတွေအများကြီး ရှိတာဆိုတော့ မင်းလို မင်းသမီးလေး ရှိနေမယ်မထင်တာ နေမယ်”

ချင်မူ သွေးတိုးစမ်းကြည့်လိုက်၏။ “နတ်မင်းဝူ၊ ကျွန်တော် ဒီကို လာတုန်းက နတ်မင်းဝူရဲ့ သား ယိုမင်နဲ့ တွေ့ခဲ့တယ်.... သူ့အခြေအနေက တော်တော်ဆိုးနေတာဗျ... သူက အေးစိမ့်နေတဲ့ ပတ်ဝန်းကျင်မှာ တောင်ကြီးတစ်လုံး သယ်ပြီး သွားနေရတယ်... သူ အမှားလုပ်မိလို့ အပြစ်ပေးခံရမှန်း သိပေမယ့် နှစ်ပေါင်း ခြောက်သိန်းတောင် ကြာပြီဆိုတော့ သနားပြီး မျက်ရည်တောင် ကျမိလို့ပါ...”

နတ်မင်းဝူသည် အေးစက်စက် ပြုံး၏။ “ဖန်သားကောင်းကင်စေတီကို ပျောက်သွားတာကိုး နည်းတောင် နည်းသေးတယ်... အဲဒီစေတီက ငါတို့တစ်သက်လုံး သွန်းလုပ်ခဲ့တာကို သူက ဖျောက်ပစ်ခဲ့တာလေ... အဲဒီလော် နမော်နမဲ့နိုင်တာ အပြစ်ကောင်းကောင်း ပေးထားသင့်တာပေါ့”

ချင်မူလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “မှန်တာပေါ့ဗျာ... ဒါပေမဲ့ ကလေးပဲဟာ တခါတလေ မှားတတ်တာပေါ့.... အမှားကို အမှားမှန်း သိရင် လုံလောက်ပါပြီ... အမှန်တိုင်း ပြောရရင် ကျွန်တော် ယောက်ဖဆီ ဝင်တွေ့တုန်းက သူ့အကြောင်း ပြောလိုက်သေးတယ်... နတ်မင်းရဲ့သားအတွက် အသနားခံပေးချင်ပေမယ့် ယောက်ဖက စိတ်တိုပြီး သူ့ကို ကြာပွတ်နဲ့ ၉၉ ချက် ရိုက်ဖို့ အမိန့်ပေးလိုက်တယ်လေ”

နတ်မင်းဝူ ဒေါသထွက်သွားသည်။ “အသနားခံပေးတာတောင် အဲဒီလောဘအိုးက နားလည်ပေးမယ့်အစား သွားရိုက်ခိုင်းတယ်ပေါ့.... အဲဒီဘိုးတော်ကြီးကတော့ အတွင်းရေးကိစ္စလေးတွေလောက်ပဲ ကိုင်တွယ်တတ်တယ်... ငါသာ အပြင်ကိစ္စတွေ မကိုင်တွယ်ပေးရင် သူ မြောက်ဝင်ရိုးစွန်းကို အုပ်ချုပ်နိုင်မှာတောင် မဟုတ်ဘူး ... ကောင်းကင်နတ်မြစ်ထဲမှာ လေးဖက်ထောက်ပြီး ငတ်ပြတ်နေမှာ.... အခုတော့ ကိုယ့်သားကို ရိုက်ပြီး ဟုတ်လှပြီ ထင်နေတယ်”

ချင်မူ သက်ပြင်းချလိုက်မိသည်။ “စိတ်အေးအေးထားပါ မမကြီးရယ်.... မမကြီးရဲ့သား ယိုမင်က သူ့အမှားကို သိလို့ ကြာပွတ်ဒဏ် ခံပြီးပါပြီ... အခု သူ့ကို လွှတ်ပေးသင့်တယ်နော် မဟုတ်ရင် ယောက်ဖ ထပ်ရိုက်ရင် ဘယ်နှယ့်လုပ်မတုံး... ရိုက်လို့ရော ဘာတွေထူးသွားမှာမလို့လဲဗျာ”

နတ်မင်းဝူသည် သူမအနားရှိ မောင်းမများကို ခေါ်ကာ အမိန့်ပေး၏။ “ငါ့အမိန့်စာကို ယူသွား.... မင်းသားကို လွှတ်ပေးပြီး သူ့သောက်အဖေဆီ ပို့မယ့်အစား ငါ့ဆီ ခေါ်လာခဲ့... သူ့အအဖေက ဘာမှလုပ်တတ်တာ မဟုတ်ဘူး... အန္တရာယ်တွေ့ရင် သောက်ခွံထဲ ပုန်းနေဖို့ပဲ သိတဲ့ဟာကြီး... ငါတွန်းမထုတ်ရင် ထွက်လာမှာကို မဟုတ်တဲ့ဟာကြီး.... ငါ့သားသာ သူ့အဖေ ခြေရာနင်းရင် သူ့အဖေလို ဆန်ကုန်မြေလေးပဲ ဖြစ်လိမ့်မယ်... မြန်မြန် သွားကြ မြန်မြန်”

နန်းတွင်းသူများ ခပ်သုတ်သုတ် ထွက်သွားကြသည်။

ချင်မူလည်း ရင်ထဲမှ အလုံးကြီးကျသွားတော့သည်။ ‘တော်သေးတာပေါ့ လွတ်သွားလို့’

နတ်မင်းဝူက ချင်မူ့ကို ကြည့်ရင်း ကြည့်ရင်း သဘောကျလာသည်။ သူမက ပြုံးလျက် ပြောလေသည်။ “မင်းရဲ့ ယောက်ဖ အဲဒီ‌လောဘအိုးက အခြားသူတွေအတွက် ဘယ်တော့မှ မတွေးပေးဘူး... တစ်ခုခုဆို ဝေ့လည်ကြောင်ပတ် လုပ်မယ်... ရှောင်ပြေးမယ် အဲ့လောက်ပဲ သိတာ”

ချင်မူ အလေးအနက် ပြောလိုက်၏။ “မမကြီး ယောက်ဖကို အပြစ်တင်တာ မှားနေပြီ... ယောက်ဖက ကျွန်တော့်ကို တွေ့တော့ မိုးကြိုးအိုး အလုံးနှစ်ရာ ပေးပြီး ဓားနတ်ဘုရားတွေကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ အင်အားတောင့်အောင် လွှတ်ပေးခဲ့တယ်”

နတ်မင်းဝူမှာ မယုံပေ။ “သူက ... အဲဒီလောက်အထိ ရက်ရောတယ်ပေါ့... ငါနဲ့ အတူရှိတုန်းကဆို နှပ်ချေး ငါးပိ လုပ်စားလောက်တဲ့အထိ ကပ်စေးနည်းချက်... သူလို ကပ်စေးနည်း ကော်တရာက မင်းကို အိုး အလုံး နှစ်ရာ ဘယ်လိုလုပ် ပေးချင်မှာလဲ”

ချင်မူ ရှက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “အစတုန်းက တစ်အိုးပဲ ပေးချင်တာဗျ... သူ့မှာ ဆယ့်ခြောက်လုံးပဲ ရှိတယ်လို့ လိမ်ပြောတယ်... ဒါနဲ့ ကျွန်တော်လည်း မမကြီး ကျွန်တော့်ကို အလုံးနှစ်ရာ ပေးလိုက်တယ်လို့ ပြောလိုက်တော့ သူ ရက်ရောသွားတာ”

နတ်မင်းဝူက သဘောကျစွာ ရယ်တော့သည်။ “မင်းက ရိုးသားပေမယ့် ဉာဏ်လည်း များတတ်တာပဲ... အဲဒီလောဘအိုးက ငါ့ကို လိုက်ပြိုင်ချင်လို့သာ ပေးတာ နေမှာ... အခုဆို အသည်းကွဲနေလောက်ပြီ... စိတ်မပူနဲ့ မောင်လေး မမကြီးက အဲဒီလောဘအိုးလောက် ကပ်စေးမနည်းဘူး”

သူမစကားကြောင့် ချင်မူ စိတ်အေးသွားသည်။ ‘မိုးကြိုးအိုး သုံးရာနဲ့ စစ်တပ်တစ်တပ် တည်ထောင်လို့ ရပြီ.... စစ်တပ်ကြီး ချီတက်တာနဲ့ မိုးကြိုးတွေ ရွာသွန်းစေရမယ်’

နတ်မင်းဝူသည် နတ်မင်းရွှမ်းထက် စေတနာသဒ္ဓါထက်သန်စွာဖြင့် ချင်မူ့အား မိုးကြိုးအိုး ၂၀၁ လုံးတိတိ ပေး၏။ “ဟိုလောဘအိုး ပေးခဲ့တဲ့ ဓားနတ်ဘုရားတွေနဲ့ ယှဉ်ရင် ငါ့ရဲ့ လက်ဆောင်ကလည်း ဘယ်လျော့လို့ ဖြစ်မလဲ... ခိုင်ဧကရာဇ် ငါ့ဆီမှာ ငါ့အစွမ်းအစတွေ လာသင်တုန်းက အလဲအလှယ်အနေနဲ့ သူ့ရဲ့ အစွမ်းထက်ဆုံး ဝင်္ကပါသိုင်းပညာရှင်တွေက ငါ့အတွက် မြွေခံတပ်ဝင်္ကပါ ရေးဆွဲပေးခဲ့တယ်... အဲဒီဝင်္ကပါအတွက် အမျိုးသမီးနတ်ဘုရားတွေ ထောင်နဲ့ချီ လှုပ်ရှားဖို့ လိုတယ်.... ဒါပေမဲ့ ဧကရာဇ်ပလ္လင်အဆင့်တွေကိုတောင် တိုက်ခိုက်နိုင်တဲ့အထိလည်း အစွမ်းထက်တယ်.... မင်းဆီကို ဒီလိုဝင်္ကပါတစ်ခု လွှတ်ပေးလိုက်ပါ့မယ်”

ချင်မူလည်း ဝမ်းသာသွားပြီးနောက် တွန့်ဆုတ်စွာ ပြောလိုက်သည်။ “ဓားနတ်ဘုရားတွေကို အောက်ဘုံဆီ လွှတ်တုန်းက ယောက်ဖက သူတို့တွေကြောင့် သူ အမှုမပတ်အောင် သူတို့မျိုးရိုးတွေကို ဖျက်စီးပြီး မြောက်ဝင်ရိုးစွန်းကနေ ထုတ်ပယ်လိုက်တယ်....”

နတ်မင်းဝူက သူဆိုလိုသည်ကို နားလည်သည်။ “ငါ့နန်းတွင်းသူတွေက သူတို့သွေးဆက်ကို အားကိုးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေအပေါ် အနိုင်ကျင့်မှာ စိုးလို့လား... မစိုးရိမ်နဲ့ သူတို့အတွက်လည်း အဲဒီအတိုင်း လုပ်ပေးလိုက်မယ်”

ချင်မူ စိတ်သက်သာရာရသွားသည်။ သူမလို ထက်မြက်သည့် အမျိုးသမီးတစ်ယောက်နှင့် စကားပြောရဆိုရ အလွန်ကောင်းပေသည်။

“စကားမစပ် ဒါ ငါတို့ဒုတိယအကြိမ် တွေ့တာနော်... တစ္ဆေသင်္ဘောပေါ်မှာတုန်းက ပထမဆုံးအကြိမ် တွေ့ခဲ့ဖူးတယ်... မင်း ဉာဏ်ကောင်းလို့သာ ငါတို့ လွတ်လာကြတာ”

နတ်မင်းဝူက သဘောကျစွာ ရယ်မောရင်း ပြောသည်။ “အစ်မတော်မီးငှက်က မင်းအကြောင်း တစ်ချိန်လုံး ပြောနေတာလေ.... နဂါးဟန်ခေတ် ရဲ့ ပထမနှစ်မှာ မင်းနဲ့ တွေ့တုန်းက ကောင်းကင်မဟာမိတ်အဖွဲ့အကြောင်း မင်း ပြောခဲ့တာကိုတောင် ပြောပြခဲ့သေးတယ်”

ချင်မူ ရင်ထဲတင်းကြပ်သွားပြီး အသာအယာ ခေါင်းညိတ်လိုက်သည်။

“ဒီနေ့ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ဆယ်ယောက်က ကောင်းကင်မဟာမိတ်အဖွဲ့ပဲ... မင်း နမော်နမဲ့ လုပ်ခဲ့တဲ့ အပြုအမူက ဘယ်လောက် သက်‌ရောက်မှုကြီးမားလဲ သိလား”

နတ်မင်းဝူက အမှုမဲ့အမှတ်တမဲ့ ပြောမိနေသလို ဆက်ပြောသည်။ “အဲဒီနောက်ပိုင်း ဖြစ်ခဲ့တဲ့ ကြီးကြီးမားမား ကိစ္စတွေအားလုံးနီးပါး ကောင်းကင်မဟာမိတ်အဖွဲ့နဲ့ တစ်ခုခု ပတ်သက်နေတာချည်းပဲ.... တည်ထောင်သူတွေထဲက အကြီးဆုံးတစ်ယောက်အနေနဲ့ မင်းလည်း အတွင်းရေးပဋိပက္ခတွေ ပြေငြိမ်းသွားအောင် အားစိုက်ထုတ်သင့်တယ်”

“မမကြီး၊ ကျွန်တော် ကောင်းကင်မဟာမိတ်အဖွဲ့လို့ မပြောခဲ့ရင် ကောင်းကင်မဟာမိတ်အဖွဲ့ မရှိလာတော့ဘူး ထင်လား” ချင်မူ မေးလိုက်သည်။

နတ်မင်းဝူ ကြောင်သွာားသည်။

“ကောင်းကင်မဟာမိတ်အဖွဲ့က ရှိနေဦးမှာပဲ.... မြေပြင်မဟာမိတ် ဒါမှမဟုတ် တစ္ဆေမဟာမိတ်လို နာမည်မျိုးနဲ့လည်း ဖြစ်ချင် ဖြစ်လာနိုင်တာပဲ.... ဒါပေမဲ့ ကျွန်တော့်ကြောင့် ကောင်းကင်မဟာမိတ်အဖွဲ့ ဖြစ်လာခဲ့တာ မဟုတ်ဘူး... ရှေးဟောင်းနတ်ဘုရားတွေကြောင့်သာ ဖြစ်လာတာ”

ချင်မူက သူမနှင့်အတူ လမ်းလျှောက်ရင်း တိုးညှင်းစွာ ပြောနေသည်။ “ရှေးဟောင်းနတ်ဘုရားတွေသာ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေအပေ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့ရင် ကောင်းကင်မဟာမိတ်အဖွဲ့ ရှိလာမှာ မဟုတ်ဘူး... ဖိစီးလာတဲ့ ဖိအားတွေကြောင့်သာ ကောင်းကင်မဟာမိတ်အဖွဲ့ မွေးဖွားလာခဲ့တာ..... ကျွန်တော် ကောင်းကင်နတ်အရှင်ဆယ်ယောက်နဲ့ ရှေးဟောင်းနတ်ဘုရားတွေကို ဖယ်ရှားပေးလိုက်ရင်တောင် မမကြီးတို့ အရင်တုန်းကအတိုင်း ဆက်လုပ်နေသေးရင် ကောင်းကင်မဟာမိတ်အဖွဲ့ နောက်တစ်ဖွဲ့ ထပ်‌ပေါ်လာဦးမှာပဲ”

နတ်မင်းဝူသည် တိတ်ဆိတ်ငြိမ်သက်စွာ တွေးကြည့်ပြီးနောက် ပြော၏။ “ဒီနေ့ခေတ်ရဲ့ ရှေးဟောင်းနတ်ဘုရားတွေက အရင်တုန်းက နတ်ဘုရားတွေထက် ပိုကောင်းပါတယ်.... ဒါ့အပြင် ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတစ်ပိုင်းတွေက အတိတ်တုန်းက နတ်ဘုရားတစ်ပိုင်းတွေနဲ့ မခြားတော့ဘူး... လူတွေက သူတို့ကို ကိုးကွယ်ယုံကြည်လာကြပြီ.... သူတို့ကို သုတ်သင်လိုက်ရင် ကောင်းကင်မဟာမိတ်ဖွဲ့က ရှေးဟောင်းနတ်ဘုရားတွေ ဖြစ်လာလိမ့်မယ်.... မောင်လေးမူ၊ လူတွေကို ကပ်တွယ်ပြီး စားနေရတဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်မလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မင်း တွေးသင့်တယ်”

ချင်မူ မှင်သက်သွားသည်။ သူက ဦးညွှတ်အရိုအ‌သေပေးပြီးနောက် ကျေးဇူးတင်လိုက်သည်။ “သတိပေးလို့ ကျေးဇူးတင်ပါတယ်”

နတ်မင်းဝူကလည်း ပြန်လည်အရိုအသေပေးသည်။ “ငါ မင်းဆက်တစ်ဆက်ပြီးတစ်ဆက် ကျရှုံးတာတွေ, အစားထိုးခံရတာတွေ၊ သေခြင်းရှင်ခြင်း၊ ကွဲကွာဆုံစည်းခြင်း၊ ကပ်ဆိုက်ခြင်းတွေ အများကြီး မြင်တွေ့ခဲ့ပြီးပြီ.... အများကြီး မြင်ရပြီးလို့ စိတ်မကောင်းလည်း ဖြစ်မိတယ်... ငါ ထင်တာတော့ ဒါက ငါပြောင်းလဲလို့မရတဲ့ သံသရာတစ်ခု ဖြစ်လိမ့်မယ်.... ဒါပေမဲ့ မင်းမှာတော့ ပြောင်းလဲနိုင်တဲ့ အစွမ်းအစ ရှိပါတယ်... မင်း လုပ်လည်း လုပ်နိုင်လောက်တယ်.... ငါ မင်းကို မတားတော့ပါဘူး”

ချင်မူ သူမကို နှုတ်ဆက်ပြီးနောက် ထွက်လာခဲ့သည်။

နတ်မင်းဝူက သူ့ကို တောင်ကောင်းကင်မုခ်ဝတစ်ခြမ်းအထိ လိုက်ပို့ပြီးနောက် သူ ထွက်သွားသည်ကို ကြည့်နေသည်။ တခဏကြာသော် နန်းတွင်းသူများသည် မင်းသားယိုမင်ကို ခေါ်လာ၏။ သူက လူအသွင်ဖြင့် ဒူးထောက်ကာ နတ်မင်းဝူထံ ဂါဝရပြု၍ ကျေးဇူးတင်သည်။

“ထပါကွယ်”

နတ်မင်းဝူက လက်ဟန်ပြကာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူက သားကို လွှတ်ပေးဖို့ အမေ့ဆီမှာ အသနားခံပေးခဲ့တယ်... သူက ကောင်းကင်နတ်အရှင်မူတစ်ယောက်ဆိုတော့ သူ့စကား ပယ်ရှားလို့ မသင့်ဘူး... သားအဖေက သား စကားများလွန်းလို့ ကြာပွတ်ဒဏ် ၉၉ ချက် ပေးခဲ့တယ်မဟုတ်လား... နောက်ဆို မတုံးအသင့်တော့ဘူး”

မင်းသားယိုမင်က ခေါင်းညိတ်၍ ပြန်ထပြီးနောက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ ဘယ်ရောက်သွားလဲ အမေ... ကျွန်တော် သူ့ကို ကျေးဇူးမတင်လိုက်ရဘူး”

နတ်မင်းဝူက ဖြေသည်။ “သူ ထွက်သွားပြီ... အနောက်ဝင်ရိုးစွန်းမှာ အနောက်နတ်မင်းနဲ့ တွေ့ဖို့ သွားနေတာဖြစ်လောက်တယ်... အခု သား လွတ်သွားပေမယ့် အမှားက အမှားပဲ... ကောင်းကင်နတ်အရှင်မူအ‌ပေါ်လည်း အကြွေးတင်နေတော့ အောက်ဘုံဆီ ဆင်းသင့်တယ်... ဖန်သားကောင်းကင်စေတီ ရမှ ပြန်လာခဲ့”

မင်းသားယိုမင်က ဂါဝရပြုလိုက်ပြန်သည်။

နတ်မင်းဝူသည် သက်ပြင်းချ၍ သူ့ကို ဆွဲထူ‌ပေး၏။ “သားက အမေ့သားပါကွယ်... သားရဲ့ အဖေလို ငတုံးရုပ်ပေါက်ပေမယ့် သား အသက်အန္တရာယ်ကျရောက်မှာကိုတော့ မကြည့်ရက်ဘူး... သားက တုံးအလွန်းတယ်... နဂါးဟန်ခေတ်တုန်းက မြောက်ဝင်ရိုးစွန်းမှာ ‌အမေတို့ သားကို မချုပ်ထားခဲ့ရင် သား အသက်ရှင်မှာတောင် မဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပိုလို့တောင် ခက်ခဲသေးတယ်... ဂရုစိုက်နော်”

သူမက မြွေအရေခွံဖြင့် ချုပ်ထားသော အိတ်တစ်လုံး ထုတ်လိုက်သည်။ “ဒါက အမေလဲထားတဲ့ အရေခွံနဲ့ ချုပ်ထားတဲ့ အိတ်... ဘယ်အရာမဆို ထည့်လို့ရပြီး ဘယ်အရာမဆို သွန်းလုပ်လို့ရတယ်.... ဒါနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ပါ... သားအဖေ ငတုံးကိုလည်း တစ်ခါလောက် သွားတွေ့ဦး ... သူလည်း တစ်ခုခုပေးလိမ့်မယ်"

မင်းသားယိုမင်မှာ မျက်ရည်များဖြင် လှည့်ထွက်သွားလေသည်။

သူ ရွှမ်းကောင်းကင်နန်းဆောင်ဆီ ရောက်သည့်အခါ နတ်မင်းရွှမ်း အမျက်တချောင်းချောင်း ထွက်သွားသည်။ “မိုက်လိုက်တဲ့ မိန်းမ... မင်အာကို လွှတ်ပေးလိုက်ရတယ်လို့.... ဒီလောက် မာယာများတဲ့ ကမ္ဘာကြီးမှာ သူ ဘယ်လောက်ကြာကြာ နေနိုင်ပါ့မလဲ”

မင်းသားယိုမင်က ဦးညွှတ်အရိုအသေပေးသည်။ “အဖေ၊ ကျွန်တော် မှားခဲ့မှန်း သိပါတယ်”

နတ်မင်းရွှမ်းက သူ့ကို ဆွဲထူပေးပြီးနောက် သက်ပြင်းချသည်။ “မင်း မမှားဘူး... ဖန်သားကောင်းကင်စေတီ ပျောက်သွားလည်း ဘာမှမဖြစ်ဘူး... မင်းကို အဲဒီအတွက် အပြစ်မတင်ဘူး... အပြစ်ပေးခဲ့တဲ့ အကြောင်းရင်းက ငါ့သား, မင်းက တုံးလွန်းတယ်လေကွာ.... ကောင်းကင်နတ်အရှင်ဟောင်တို့၊ ကောင်းကင်ယင်သားတော်တို့လို အကျင့်မကောင်း၊ ရက်စက်လွန်းတဲ့လူတွေနဲ့လည်း ရင်းနှီးလွန်းတယ်... သူတို့နဲ့အတူ ရှိနေရင် မင်း သေသွားမှာစိုးလို့ မင်းကို အကျဉ်းချထားတာ... အခုတော့ မင်းအမေက မင်းကို လွှတ်ပေးလိုက်ပြီ ငါ ဘာမှမတတ်နိုင်တော့ဘူး”

သူက ခေါင်းတယမ်းယမ်းဖြင့် မှန်တစ်ချပ် ထုတ်ကာ ပြောလေသည်။ “ဒါက ငါ့ကျောခွံပေါ်က ပါ့ကွအင်းကွက်ကနေ ခိုင်ဧကရာဇ် သွန်းလုပ်ထားတဲ့ ပါ့ကွကြေးမုံပဲ... မင်း ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ဒီအပေါ်မှာ လိပ်နက်အမှတ်အသားတစ်ခု ခတ်နှိပ်ပေးထားတယ်... မင်း မြောက်ဝင်ရိုးစွန်းကနေ ထွက်သွားတဲ့အချိန် တစ်ယောက်ယောက် မင်းကို ခေါ်ရင် ရှေ့တည့်တည့်သာ လျှောက်၊ နောက်ပြန်မလှည့်နဲ့ ကြားလား... ပြန်မလှည့်ရင် ဘယ်သူ့မှ မင်းကို အန္တရာယ်မပြုရဲဘူး.... ပြန်လှည့်တာနဲ့ စမုံတုံးမယ်... မှတ်ထား ကြားလား”

All Chapters