← Chapters

ကောင်းကင်ယင်သားတော်ကို ပယ်ပယ်နှယ်နှယ် ထိုးခြင်း

Vol. 79 Ch. 1032

ကောင်းကင်ယင်သားတော်ကို ပယ်ပယ်နှယ်နှယ် ထိုးခြင်း

Vol. 79 Ch. 1032

မင်းသားယိုမင်သည် ပါ့ကွကြေးမုံနှင့် မြွေရေခွံအိတ်ကို အဝတ်ထဲ ထည့်ပြီးနောက် ရွှမ်းကောင်းကင်နန်းတော်မှ ထွက်လာခဲ့၏။

သူ နောက်ပြန်လှည့်ကြည့်ရန် ပြင်လိုက်စဉ်မှာပဲ နတ်မင်းရွှမ်း၏အသံက ပျံ့လွင့်လာသည်။ “ကမ္ဘာဦးဘုံဆီ မရောက်မချင်း နောက်လှည့်မကြည့်နဲ့... ရှေ့တည့်တည့်ကိုသာ သွား... စွမ်းအင်အကူးအပြောင်းတံတားကိုလည်း မသုံးနဲ့.... သုံးရင် ကောင်းကင်နတ်ဘုံထဲ ဝင်နေရလိမ့်မယ်.... ကောင်းကင်နတ်မြစ်ကနေ ယွမ်တုကို တန်းသွား... မင်းက ငါ့သားပဲ.... ရေလမ်းက စွမ်းအင်အကူးအပြောင်းတံတားထက် နှေးပေမယ့် အလွန်ဆုံးတစ်နှစ်လောက် ကြာလိမ့်မယ်”

မင်းသားယိုမင်လည်း တိတ်ဆိတ်ငြိမ်သက်စွာ ရှေ့ဆက်လျှောက်သွားသည်။ စွမ်းအင်အကူးအပြောင်းတံတားသို့ ရောက်လာသည့်အခါ တံတားထဲ ဝင်တော့မည့် ချင်မူ၏ ကောင်းကင်နဂါး ရတနာရထားလှည်းနှင့် တန်းတိုး၏။

မင်းသားယိုမင်မှာ အလျင်အမြန် ကျေးဇူးတင်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ ငါ့မိဘတွေရှေ့မှ အသနားခံပေးပြီး အပြစ်လွတ်အောင် ပြောပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချင်မူက ရထားလှည်းအပြင် ထွက်ကာ သူ့ကို ဆွဲထူပေးသည်။ ထို့နောက် ပြုံးလျက် ပြော၏။ “ဘာမှမဟုတ်တာလေးကို ရေးကြီးခွင်ကျယ် လုပ်လို့ဗျာ... မင်းသား ဘယ်ကို သွားမလို့လဲ‌ဗျ”

မင်းသားယိုမင် ပြန်ဖြေလိုက်သည်။ “ငါ့မိဘတွေက လောကကြီးအကြောင်း နားလည်စေချင်လို့ ကမ္ဘာဦးဘုံဆီ သွားခိုင်းလို့ပါ” ထိုသို့ပြောပြီးနောက် သူက နတ်မင်းရွှမ်း နောက်ပြန်မလှည့်ဖို့ မှာလိုက်သည့်အကြောင်း ပြောပြသည်။

ချင်မူ တခဏကြာ စဉ်းစားကြည့်ပြီးနောက် ပြုံးလိုက်မိသည်။ “ခင်ဗျား ခရီးမှာ ဘယ်သူနဲ့တွေ့တွေ့ ဘာလို့ နောက်ပြန်လှည့်မရတဲ့ အကြောင်းရင်းကို ကျွန်တော် သိတယ်... စိတ်မပူပါနဲ့ ကျွန်တော် ကောင်းကင်နတ်သိုင်းတစ်ခု ပေးလိုက်မယ်.... အဲဒါဆို လူကိုယ်တိုင်နဲ့ ပက်ပင်းတိုးရင်တောင် ထွက်ပြေးလို့ရသေးတယ်”

မင်းသားယိုမင် ဇဝေဇဝါ ဖြစ်သွား၏။ သူက မေးလေသည်။ “ငါ့အဖေက အတွက်အချက်ကြမ်းတယ်.... ကောင်းကင်နတ်အရှင်ကလည်း အတွက်အချက်ကြမ်းတာလား”

ချင်မူ တဟားဟား ရယ်လိုက်သည်။ “နတ်မင်းရွှမ်းက ကျွန်တော့်ကို တွက်နည်းချက်နည်းတွေ မသင်ပေးလိုက်ပါဘူး.... ခင်ဗျားစကားကနေ တစ်ခုခု တွေးလိုက်မိတာပါ”

သူက လက်ချောင်းဆယ်ချောင်းကို အစဉ်မပြတ် ပြောင်းလဲနေရင်း ကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်လိုက်သည်။ ထို့နောက် မင်းသားယိုမင်၏ မျက်ခုံးနှစ်ဖက်ကြားကို အသာအယာ ထိကာ ပြုံးလိုက်၏။ “မင်းသား၊ ကျွန်တော့်မျက်ခုံးနှစ်ဖက်ကြားက မျက်လုံးကို ကြည့်ပါ”

မင်းသားယိုမင်သည် သူပြောသည့်အတိုင်း ကြည့်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒါ ဘာကောင်းကင်နတ်သိုင်းလဲ”

ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မျက်လုံးက တောက်ပလင်းလက်လာသည်။ ချင်မူက ပြုံးလျက်သားဖြင့် ပြန်ဖြေသည်။ “နောင်ကျ သိလာပါလိမ့်မယ်... မင်းသား အခု သွားနိုင်ပါပြီ”

သူက ရတနာရထားလှည်းထဲ ဝင်လိုက်ပြီး ကောင်းကင်နဂါးခြောက်ယောက်သည် ရထားလှည်းကို ဆွဲကာ စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်ရောက်သွား၏။

မင်းသားယိုမင်လည်း ခေါင်းခါလိုက်ရင်း ခရီးဆက်သည်။ များစွာမကြာလိုက်ဘဲ ကောင်းကင်နတ်မြစ်၏ အစပ်နားသို့ သူ ရောက်လာသည်။ သူက မြစ်ထဲ ခုန်ချပြီးနောက် ဧရာမနဂါးလိပ်ကြီးအသွင် ပြောင်းကာ အမြီးယမ်း၍ ရေဟုန်စီးသွားတော့သည်။

သူကား ရွှမ်းဝူ၏ သားတော် ပီသ၏။ ရေထဲတွင် သူ၏အမြန်နှုန်းက အတိုင်းထက်အလွန် မြန်ချေသည်။ ကူးခတ်နေသည့် သူ၏ဧရာမခန္ဓာကိုယ်ကြီးကြောင့် ရေအမြင့်မှာ မြင့်တက်သွား၏။

အတိတ်တုန်းက စွမ်းအင်အကူးအပြောင်းတံတားများ မပေါ်ပေါက်ခင်တွင် ကောင်းကင်နတ်မြစ်၏ ‌ရေစီးကြောင်းတစ်လျှောက်၌ သင်္ဘောတန်းများ မြင်တွေ့ရတတ်သည်။ အများစုက ကောင်းကင်ဘုံအသီးသီးမှ ကုန်သွယ်သင်္ဘောများ ဖြစ်ကြသည်။ သို့သော် စွမ်းအင်အကူးအပြောင်းတံတားများ ပေါ်ပေါက်လာသည့်အခါ သင်္ဘောအရေအတွက်မှာ သိသိသာသာ ကျဆင်းသွားတော့သည်။

မင်းသားယိုမင်သည် အေးအေးဆေးဆေး ခရီးနှင်ရင်း သာယာလွတ်လပ်နေသည်။ သူ အပြစ်ဒဏ်သင့်နေခဲ့သည်မှာ နှစ်ပေါင်းခြောက်သိန်း ကြာမြင့်ပြီဖြစ်၍ လွတ်လာသည့်အချိန်တွင် အတိုင်းထက်အလွန် သွက်လက်ပေါ့ပါးနေသည်။

သို့သော် လမ်းတစ်လျှောက် သင်္ဘောများ မတွေ့ရသဖြင့် သူ အတော်လေး အံ့အားသင့်မိ၏။

နှစ်လကြာ ရေဟုန်စီးလာသည့်အတောအတွင်း အလွန်ပျင်းခြောက်ခြောက် နိုင်လှသည်။ သာယာအေးဆေးနေသော ခံစားချက်ပင် ပျောက်ကွယ်သွားပြီဖြစ်သည်။

ရေထဲတွင် ရေနတ်ဘုရား၊ ရေမိစ္ဆာမျိုးနွယ်များ ရှိသော်လည်း နဂါးဘုရင်များပင် မြောက်ဝင်ရိုးစွန်း၏ မင်းသား၊ သူ့အား မမှတ်မိကြပေ။ ထို့အပြင် သူ့အမြန်နှုန်းက မြန်လွန်းသောကြောင့် ရေနေမျိုးနွယ်များ ကောင်းကောင်းမွန်မွန် မကြည့်နိုင်ခင် သူ့အရိပ်အယောင်ပင် ပျောက်သွားချေပြီ။

ယနေ့တွင် မင်းသားယိုမင် ရေကူးနေစဉ် ရေပြင်ထက်၌ ခမ်းနားတောက်ပြောင်နေသော သင်္ဘောများ မြင်လိုက်ရသည်။ သူ ကြောင်တောင်တောင် ဖြစ်သွားသော်လည်း နတ်မင်းရွှမ်း၏ စကားများကို ပြန်အမှတ်ရလိုက်၍ လျစ်လျူရှုကာ ရှေ့ဆက်သွား၏။

သင်္ဘောအပေါ်တွင် နတ်ဘုရားစစ်သူကြီးများစွာ ရှိသည်။ လှပကြော့ရှင်းသော နတ်မိမယ်များသည်လည်း သာယာနာပျော်ဖွယ် ဗုံသံများနှင့်အတူ ကခုန်သီဆိုနေကြ၏။ နတ်ဘုရားတစ်ပါးက သီချင်းသံနှင့် ကချေသည်များကို ကြည့်ရှုရင်း အရသာခံနေသည်။ သို့သော် မြစ်ရေ ရုတ်တရက် မြင့်တက်လာသည်ကို သတိထားမိသဖြင့် အောက်ငုံ့ကြည့်လိုက်သည့်အခါ ဧရာမနဂါးလိပ်ကြီးတစ်ကောင် ဖြတ်သွားကြောင်း မြင်လိုက်ရသည်။

မြင်သည်နှင့် ထိုနတ်ဘုရားက တဟားဟား ရယ်‌မောရင်း ပြောသည်။ “တာအိုနောင်တော်ယိုမင်၊ နေပါဦး”

မင်းသားယိုမင်မှာ အသံကြားလျှင် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ ‘ကောင်းကင်ယင်သားတော် ယင်ချောင်ကျင့် အသံနဲ့ ဆင်တယ်... သူ ကောင်းကင်နတ်မြစ်ပေါ်မှာ ဘာလုပ်နေတာလဲ...အရင်တစ်ခေါက် မြောက်ဝင်ရိုးစွန်းကို လာတုန်းက သူ မင်တုရဲ့မဟူရာနတ်မင်း ဖြစ်လာတဲ့အကြောင်း ကြွားသွားတယ်... အဲဒီနောက်ပိုင်း မိုးကြိုးအိုးငါးအိုးကို မရတာနဲ့ အဲဒီကောင်က ဘူးသီးတွေကို တိုက်ခိုက်ဖို့ တီကောင်တွေ လွှတ်လိုက်တော့တာပဲ”

ကောင်းကင်ယင်သားတော်နှင့် သူသည် ညီအစ်ကိုပမာ ရင်းနှီးခဲ့ဖူးသဖြင့် ရပ်လိုက်ချင်သော်လည်း နတ်မင်းရွှမ်း၏စကားကို ပြန်ကြားယောင်လိုက်၍ မကြားချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားသည်။

ကောင်းကင်ယင်သားတော်၏ မှော်စွမ်းအင်က ပေါ်ထွက်လာပြီး သင်္ဘောကို ရစ်ပတ်ကာ လေပေါ် ဆွဲတင်လိုက်ရင်း နောက်မှလိုက်လာသည်။ ကောင်းကင်ယင်သားတော်သည် ရယ်မောရင်း လှမ်းပြော၏။ “တာအိုနောင်တော်ယိုမင်၊ ညီလေးကို မမှတ်မိတော့ဘူးလား... ညီလေးက နောင်တော့်ကို ပြီးခဲ့တဲ့ နှစ်ခြောက်သိန်းလုံး မေ့မရအောင် သတိရနေခဲ့တာ”

မင်းသားယိုမင်က မကြားချင်ယောင်ဆောင်၍ ရှေ့သို့ ဆက်ကူးခတ်နေသည်။

ကောင်းကင်ယင်သားတော်မှာ သူ့အမြန်နှုန်းကို မလိုက်နိုင်သောကြောင့် မမှီတော့ပေ။ သူက လှမ်းအော်သည်။ “တာအိုနောင်တော်၊ အတိတ်တုန်းက ပတ်သက်ခဲ့တာတွေကို မမှတ်မိတော့ဘူးလား.... အတူတူကစားပြီး အစ်ကိုကြီး၊ ညီလေးလို့တောင် ခေါ်ခဲ့ကြသေးတယ်လေ”

မင်းသားယိုမင်လည်း အတိတ်ကို ပြန်တွေးမိပြီး အရှိန်လျှော့သွားသည်။ ‘အတိတ်တုန်းက ငါတို့ရဲ့ ဆက်ဆံရေးက အ‌တော်လေး ကောင်းတယ်... ဖွီ ဖွီ အဲဒီတုန်းက ကောင်းကင်ယင်သားတော်နဲ့ ကောင်းကင်နတ်အရှင်ဟောင် ငါနဲ့ လာပေါင်းတာက ငါ့မိသားစုရဲ့အမွေအနှစ်တွေကို မျက်စိကျနေတာကြောင့်ပဲ... ငါ့မိဘတွေမှာ ရတနာတွေအများကြီး ရှိနေတာ သိထားလို့ လိမ်ပြီးတောင် ယူခဲ့သေးတယ်”

သူ အရှိန်ပြန်တင်လိုက်သည့်အခါ ကောင်းကင်ယင်သားတော်က လှမ်းအော်သည်။ “ငကြောက်’

မင်းသားယိုမင် အမျက်တစ်ချောင်းချောင်း ထွက်သွားသည်။ သူက တုံ့ခနဲ ရပ်ကာ နောက်လှည့်လိုက်၏။ ကောင်းကင်နတ်မြစ်၏ ရေစီးကြောင်းမှာ တမုဟုတ်ချင်း ပြိုကွဲသွားတော့သည်။ “ခွေးကောင်ယင်၊ မင်း ဘယ်သူ့ကို ပြောတာလဲ”

သင်္ဘောက ပျံသန်းလာပြီးနောက် ရေမျက်နှာပြင်ထက်သို့ ဗွမ်းခနဲ ဆင်းသက်လာသည်။ ‌ကောင်းကင်ယင်သားတော်က ဒူးထောက်လျက်သားဖြင့် ပြုံးကာ ပြောသည်။ “တာအိုနောင်တော်၊ ကျွန်တော် နောင်တော့်ကို ရန်မစလိုက်ရင် နောင်တော် ‌‌နောက်လှည့်ကြည့်ပါ့မလား.... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ... နောင်တော်နဲ့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာလှပြီ... ကျွန်တော်ဖြင့် နောင်တော့်ကို သတိရလွန်းလို့ ရူးမတတ်ပါပဲ.... ဒါကြောင့် အခုလို လုပ်ရတာပါ”

မင်းသားယိုမင်မှာ ကောင်းကင်ယင်သားတော် အမှန်တကယ် ဒူးထောက်နေသည်ကို မြင်လျှင် စိတ်မကောင်းဖြစ်သွားပြီး စိတ်မဆိုးတော့ပေ။ သူက လူအသွင် ကပျာကယာ ပြောင်း၍ သူ့ကို အလျင်အမြန် ဆွဲထူလိုက်သည်။ “ငါ့အဖေက ငါ့ကို နောက်ပြန်မလှည်ဖို့ မှာထားလို့ပါကွာ... ငါ နောက်ပြန်လှည့်လိုက်ရင် သေပြီပဲတဲ့လေ... အဲဒါနဲ့ ငါလည်း မင်းကို မကြားချင်ယောင် ဆောင်ခဲ့တာ... တမင်တကာတော့ မဟုတ်ပါဘူး”

ကောင်းကင်ယင်သားတော်က သူ့လက်ကို ဆွဲ၍ သင်္ဘောပေါ် ဖိတ်သည်။ သူက ပြုံးလျက် ပြောသည်။ “အစ်ကိုကြီးကို မတွေ့ရတဲ့ နှစ်တွေထဲ အစ်ကိုကြီးအကြောင်း ခဏခဏ တွေးဖြစ်တယ်... အစ်ကိုကြီးကို လွှတ်ပေးဖို့ အစ်ကိုကြီးရဲ့ မိဘတွေဆီမှာ အသနားခံဖို့တောင် တွေးသေးတယ်... ဒါပေမဲ့ ကျွန်တော့်စကားက သိပ်မှ အရာမ‌ရောက်တာဗျာ... အစ်ကိုကြီး၊ အခု အပြင်ထွက်လာပြီဆိုတော့ ပြီးခဲ့တဲ့ နှစ်ခြောက်သိန်းအတွင်း လွတ်သွားခဲ့ရတဲ့ အပျော်အပါးတွေကို အတိုးနဲ့ ပြန်ပျော်ရမယ်နော်”

မင်းသားယိုမင်က ပြောသည်။ “ငါ ခရီးဆက်သွားရဦးမယ်...”

“သိပ်မကြာစေရပါဘူးဗျာ”

ကောင်းကင်ယင်သားတော်သည် တဟားဟား ရယ်မောပြီး သီချင်းသီဆိုရန်၊ ကခုန်‌ဖျော်ဖြေရန် အမိန့်ပေးလိုက်၏။ ကောင်းကင်နတ်ဧကရာဇ်ပင် နိစ္စဒူဝ သုံးဆောင်နိုင်မည်မဟုတ်သော စားကောင်းသောက်ဖွယ်များကို မြစ်ရေစီးလို တသဲသဲ တည်ခင်းနေကြသည်။ ကောင်းကင်ယင်သားတော်က မင်းသားယိုမင်ကို ထိုင်ရန် ဖိတ်ခေါ်ကာ ပြောသည်။ “အစ်ကိုကြီး မြင်မှာပါ ကျွန်တော် ဒီနှစ်တွေထဲ တော်တော်အဆင်ပြေနေတယ်”

မင်းသားယိုမင်လည်း စားရင်းသောက်ရင်းဖြင့် မေးလိုက်သည်။ “ငါတို့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက မင်း မင်တုရဲ့ မဟူရာနတ်မင်း ဖြစ်လာပြီးတာနဲ့ မြေအောက်ဘုံအရှင်သခင် နောက်တစ်ယောက် ဖြစ်လာဖို့ မကြာတော့ဘူးလို့ ပြောခဲ့တယ်မလား... အခု မြေ‌အောက်ဘုံအရှင်သခင်တစ်ယောက် ဖြစ်နေပြီလား”

ကောင်းကင်ယင်သားတော်က ခေါင်းယမ်းသည်။ “အဲဒါ လျှောက်ကြွားနေတာပါ”

သူက သက်ပြင်းချ၏။ “အဲဒီတုန်းက ကျွန်တော်တို့တွေ အတော်လေး ပျော်ခဲ့ကြရသလို၊ အချင်းချင်းလည်း အဆင်ပြေကြတယ်... ဒါပေမဲ့ အစ်ကိုကြီးရဲ့ မိဘတွေက ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ အစ်ကိုကြီးကို နှစ်ပေါင်းခြောက်သိန်း အကျဉ်းချခဲ့တယ်... ပွင့်ပွင့်လင်းလင်း ပြောရရင်ဗျာ.. ကျွန်တော်တို့အစွမ်းအစချင်း ယှဉ်ရင် ကျွန်တော်က အစ်ကိုကြီးရဲ့ အပုံတစ်ထောင်ပုံတစ်ပုံတောင် မှီနိုင်ပါ့မလား... ဒါပေမဲ့ ကျွန်တော်တောင် မဟူရာနတ်မင်း ဖြစ်လာပြီး အစ်ကိုကြီးရဲ့ မိဘတွေနဲ့ အဆင့်အတန်း တူနေပြီ... အစ်ကိုကြီးသာ အကျဉ်းချမခံခဲ့ရရင် အစ်ကိုကြီးရဲ့ အောင်မြင်မှုတွေက ကျွန်တော့်ထက်တောင် သာမှာပဲ... ဘယ်သူ သိနိုင်မလဲ ကောင်းကင်နတ်အရှင်တစ်ယောက်တောင် ဖြစ်လာမလား ဆိုတာ... နှမြောစရာကောင်းတယ်ဗျာ...”

သူက ခေါင်းယမ်းပြီး ရယ်သည်။ “ဒီနေ့တော့ အစ်ကိုကြီး လွတ်လာပြီ... အဲဒီကိစ္စတွေ ပြောစရာမလိုတော့ဘူး ... သောက်ကြစို့”

မင်းသားယိုမင်မှာ အရက်သောက်ရင်း ရင်ထဲ ဝမ်းနည်းလာ၏။ ထိုစဉ်တုန်းက ကောင်းကင်ယင်သားတော်၏ အဆင့်အတန်းက သူ့အောက်နိမ့်ကျသည်။ သူသည် နတ်မင်းရွှမ်းနှင့် နတ်မင်းဝူ၏ သားတော်၊ မျိုးသန့်သော သွေးဆက်တစ်ယောက် ဖြစ်၏။ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ခဲ့သည့်အလျောက် သိပ်သည်းနက်ရှိုင်းသော သိုင်းအခြေခံကိုလည်း ပိုင်ဆိုင်ခဲ့သည်။ ထို့အပြင် သူ၏တွေးခေါ်နိုင်စွမ်းက မြင့်မားသည်။ သို့သော် အဆုံးသတ်တွင် နှစ်ပေါင်းခြောက်သိန်းတိုင် အပြစ်ဒဏ်သင့်ခဲ့၏။ ထိုစဉ်အခါက အပေါင်းအဖော်ပေါက်စလေးကပင် နတ်မင်းတစ်ပါး ဖြစ်နေခဲ့ချေပြီ။ မနာလိုမဖြစ်ဟု ပြောလျှင် လိမ်ညာရာ ကျမည်။

ကောင်းကင်ယင်သားတော်က သူ့အမူအရာကို အကဲခတ်ကာ ပြောသည်။ “အစ်ကိုကြီး၊ လွတ်လာပြီဆိုတော့ အရင်လို တုံးတုံးအအ မနေနဲ့တော့... နောင်ကျ ဘာလုပ်မယ်တွေးထားလဲ”

မင်းသားယိုမင် ဖြေလိုက်သည်။ “ငါ့အဖေက ကံစမ်းကြည့်ဖို့ ကမ္ဘာဦးဘုံဆီ သွားခိုင်းထားတယ်”

ကောင်းကင်ယင်သားတော်သည် သရော်တော်တော် ပြော၏။ “ကမ္ဘာဦးဘုံမှာ ဘာရှိမှာ မလို့လဲ.... တောကြိုအုံကြားနေရာကိုများ... ကောင်းကင်နတ်အရှင်ရှောင်ဆီ ကျွန်ခံရုံကလွဲပြီး ဘာအကျိုးအမြတ်မှ မရှိဘူး... ကောင်းကင်နတ်အရှင်ရှောင်ကို သိလား.... သူက ကောင်းကင်နတ်အရှင်ယွင်ရဲ့ တပည့်လေ.... အစ်ကိုကြီး သူနဲ့ တွေ့ဖူးပါတယ်.. သူက တွေ့သမျှ လူတိုင်းကို အစွယ်ထုတ်ပြတတ်ပြီး ရှေးဟောင်းနတ်ဘုရားတွေ၊ နတ်ဘုရားတစ်ပိုင်းတွေအပေါ် အကောင်းမြင်တဲ့သူ မဟုတ်ဘူး”

မင်းသားယိုမင်မှာ ကောင်းကင်နတ်အရှင်ရှောင်ကို တွေးလိုက်မိကာ တအံ့တဩ ပြောတော့သည်။ “သူလား ... ငါတို့ ဝိုင်းရိုက်ချင်ခဲ့တဲ့ တစ်ယောက်လေ... သူက ကောင်းကင်နတ်အရှင်ယွင်အနားပဲ ကပ်နေတော့ ရိုက်ခွင့်မရခဲ့တာ နှမြောစရာပဲ”

“ဟုတ်တယ် သူပေ့”

ကောင်းကင်ယင်သားတော်သည် သူ့ကို အရက်သောက်ခိုင်းရင်း ပြော၏။ “သူ့လို ကလေကချေကောင်က ကောင်းကင်နတ်အရှင်တစ်ယောက် ဖြစ်လာသတဲ့... အဲဒီတုန်းက သူ့အစွမ်းအစတွေက အစ်ကိုကြီးရဲ့ ခြေဖျားကိုတောင် မှီတာမဟုတ်ဘူ... သူက အစ်ကိုကြီးဖိနပ်ကို သယ်ဖို့‌တောင် မတန်ခဲ့တဲ့ ကောင်... အုခများတော့....”

မင်းသားယိုမင်က အရက်ခွက်ကို မြှောက်၍ တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သူ မပျော်တော့ပေ။

ကောင်းကင်ယင်သားတော်က သူ့ကို တစ်ခွက်ပြီးတစ်ခွက် သောက်ခိုင်းနေသည့်အပြင် သူ၏နတ်အရာရှိများနှင့် နတ်စစ်သူကြီးများကိုလည်း ခေါ်ကာ ဝိုင်းငှဲ့ခိုင်းနေသည်။ ကချေသည်များ ၊ အဆိုတော်များကလည်း သူ့ပေါင်ပေါ် တက်ထိုင်သူက တက်ထိုင်၊ ရင်ခွင်ထဲ တိုးသူက တိုးဖြင့် အရက်သောက်ရန် တွန်းအားပေးနေ၏။

မင်းသားယိုမင်မှာ မသိလိုက်မသိဖာသာဖြင့် မူးလာတော့သည်။ ဤအရက်သည် အလွန်မွှေး၍ သူ့မူလဝိညာဉ်ပင် မူးလာသည်။ အမူးလွန်လာသည်နှင့်အမျှ တငိုငို တရယ်ရယ်လည်း ဖြစ်လာ၏။ ကောင်းကင်ယင်သားတော်က သူ့ကို စောင့်ကြည့်နေသည်။ တခဏကြာသော် မင်းသားယိုင်မင် စားပွဲပေါ် မှောက်သွားချေပြီ။

“အစ်ကိုကြီး အစ်ကိုကြီး”

ကောင်းကင်ယင်သားတော်က နှစ်ကြိမ်ထူးသည်။ မင်းသားယိုမင်မှာ မူးမူးရူးရူးဖြင့် တစ်ခါသာ ပြန်ဖြေပြေးပြီးနောက် အိပ်မောကျသွားတော့သည်။

“ဒီအရက်က အတော်ပြင်းတာပဲ.. ငါတောင် နည်းနည်းမူးချင်လာတယ်... နတ်ဘုရားဝိညာဉ်တွေကို စုပြီး ရှေးကမ္ဘာဦးနဂါးသွဲ့ပန်းပွင့်နဲ့ နှစ်ပေါင်းများစွာ အရက်ချက်ခဲ့တာ အလကားတော့ မဖြစ်ဘူးပဲ”

ကောင်းကင်ယင်သားတော်က ယိုင်တိုင်တိုင် ထသည်။ နတ်ဘုရားများ၊ အဆိုတော်များ၊ ကချေသည်များလည်း ကြမ်းပြင်ထက်တွင် မှောက်နေကြ၏။

သူ လက်ခုပ်တီးလိုက်သည့်အခါ မျက်နှာဖုံးဝတ်ထားသော နတ်စစ်သူကြီးတချို့က သင်္ဘောအတွင်းထဲမှ ထွက်လာကြကာ အရိုအသေပေးကြသည်။

“သူက လွဲလို့ သင်္ဘောပေါ်မှာ ရှိတဲ့သူမှန်သမျှ အကုန်သတ်ပြီး သူတို့ဝိညာဉ်တွေကို မင်တုဆီ ပို့လိုက်... သူ့ကိုတော့ ကောင်းကင်နတ်ဘုံက မိဖုရားဆောင်ဆီ ခေါ်သွားမယ်... အဲဒီမှာ မင်းတို့ကို လူတစ်ယောက် စောင့်နေလိမ့်မယ်”

ကောင်းကင်ယင်သားတော်သည် ခပ်ပြတ်ပြတ် ပြောနေ၏။ “သူ့ကို နတ်အရှင်မယွီရဲ့ ခုတင်ပေါ် တင်ပေးပြီး သူနဲ့ အတူ အိပ်ဖြစ်အောင် လုပ်လိုက်”

ကြေးစွယ်မျက်နှာဖုံးနှင့် နတ်ဘုရားတစ်ပါးက မေးသည်။ “ဒါဆို ကောင်းကင်နတ်အရှင်ယွီ...”

“သူ့ကို သတ်ပေါ့ကွ... အသေဆိုးနဲ့ သေသွားတဲ့ပုံစံ ပေါက်အောင် လုပ်.... သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုလည်း ပီပြင်အောင် ဖျက်စီးရမယ်.... မင်းသားယိုမင်သာ မူးရူးပြီး မိဖုရားဆောင်ထဲမှာ သောင်းကျန်းခဲ့တာ မဟုတ်လား....”

ကောင်းကင်ယင်သားတော်သည် ကောင်းကင်ထက်သို့ မော့ကြည့်၏။ “အရှင်မင်းကြီး သေချာပေါက် ဒေါသူပုန်ထလိမ့်မယ်... မင်းသားယိုမင်ကို သတ်ပြီး မြောက်နတ်မင်းရွှမ်းဝူဆီ စစ်ချီမယ်... ရှေးဟောင်းနတ်ဘုရားတွေလည်း ဝင်ပြောနိုင်မှာမဟုတ်ဘူး”

သူက အိပ်မောကျနေသော မင်းသားယိုမင်ကို ငုံ့ကြည့်သည်။ ထို့နောက် ခေါင်းယမ်းပြီး အေးစက်စက် ရယ်လေသည်။ “မင်းရဲ့မိဘတွေက မင်းကို ဖမ်းထားတယ် ထင်နေလား... သောက်ရူး သူတို့က မင်းကို ကာကွယ်ပေးထားတာ... သူတို့သာ မင်းကို နှစ်ခြောက်သိန်းလုံး ဖမ်းချုပ်မထားရင် မင်း သေနေတာဖြင့် ကြာပြီ... နဂါးဟန်ခေတ်ရဲ့ နှောင်းပိုင်းတောင် ရောက်လိုက်မှာ မဟုတ်ဘူး”

“ငါ ဘူးနွယ်တွေကို စားဖို့ တီကောင်တွေ လွှတ်လိုက်တဲ့ အကြောင်းရင်းက ဘူးသီးခြောက်တွေကို ဖျက်စီးဖို့တင် မဟုတ်ဘူး ... မင်းကြောင့်လည်း ပါတယ်... မင်းကို အကြာကြီး စောင့်ကြည့်ပြီးတော့မှ အခုလို အမိဖမ်းနိုင်ခဲ့တာပဲ”

ကောင်းကင်ယင်သားတော်မှာ ပြောရင်း ပြောရင်း တစ်ခုခု လွဲနေသလို ခံစားရသည်။ ကောင်းကင်နတ်မြစ်က နှစ်ခြမ်းကွဲသွားပြီး ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ မျက်လုံးကြီးက သင်္ဘောပေါ် အဆတစ်သန်း ပိုကြီးလေသည်။

ထိုမျက်လုံးကြီးသည် လည်ပြီးနောက် ပျောက်သွား၏။

ကောင်းကင်ယင်သားတော် မျက်မှောင်ကြုတ်သွားသည်။ ရုတ်တရက် ကောင်းကင်က နှစ်ခြမ်းကွဲသွားပြီး မျက်လုံးကြီးနောက်တစ်လုံး ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ထိုမျက်လုံးကြီးသည် ကောင်းကင်နတ်မြစ်ထဲက မျက်လုံးကြီးထက် များစွာကြီးမား၏။

“မဟုတ်သေးဘူး မဟုတ်သေးဘူး... ဒါက ငါ့ကောင်းကင်နတ်သိုင်းနဲ့ တူနေတယ်.. ဒါပေမဲ့ အဲဒါ ငါ့မျက်လုံးမဟုတ်ဘူး.. ဒီကောင်းကင်နတ်သိုင်းကို ငါ နောက်ဆုံးတစ်ခေါက် ထုတ်လွှတ်ခဲ့တုန်းတာက ဖုန်းတုမှာ....”

ကောင်းကင်ယင်သားတော်၏ နဖူးမှ ချွေးစေးများ ပြန်လာသည်။ ရုတ်တရက် သူ သဘောပေါက်သွား၏။ ‘အဲဒါ ငါ့မျက်လုံးပဲ’

‘ငါ့မူလဝိညာဉ်က ငါ့အသိစိတ်အလျဉ် ပိတ်မိနေတာ သိလို့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာ’

‘ဒီပတ်ဝန်းကျင် အတုပဲ နေမယ်... ဒါက အခြားတစ်ယောက် ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ’

‘ပျက်စီးလိုက်’

သူ့အသိစိတ်အလျဉ်သည် ချင်မူ၏အသိစိတ်အလျည် ကောင်းကင်နတ်သိုင်းကို ချက်ချင်း ထိုးဖောက်ကာ ပေါ်ထွက်လာ၏။ သူ့အရှေ့ရှိ ထူးဆန်းသော ပုံရိပ်များ ပျောက်ကွယ်သွားသည်။ သူကား သင်္ဘောပေါ်တွင် ဖြစ်ပြီး သီချင်းသံများလည်း ကြားနေရသည်။ ကချေသည်များလည်း ကခုန်နေကြ၏။ သူ့လက်က အရက်ခွက်ကို မြှောက်ထားပြီး မင်းသားယိုမင်၏ ခွက်နှင့် တိုက်ပေတော့မည်။ ဤအခိုက်အတန့်တွင် ချင်မူ၏အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းထဲ သူ ကျရောက်သွားခဲ့ခြင်း ဖြစ်မည်။

‘ဘယ်သူ့ကောင်းကင်နတ်သိုင်းက ငါ့အသိစိတ်အလျဉ်ကို ပိတ်လှောင်ပြီး အခုလို ပုံရိပ်ယောင်မျိုး ဖန်ဆင်းလိုက်တာပါလိမ့်... ယန်ရှောင်ချင်းများလား”

သူ ထိုသို့တွေးနေစဉ် သူ့အရှေ့ရှိ မင်းသားယိုမင်၏ မျက်နှာသည် ဒေါသများဖြင့် နီရဲလာ၏။ သူ့လက်က လက်သီးဆုပ်လိုက်သဖြင့် အရက်ခွက်မှ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။ လက်သီးဆုပ်ကြီးက ကောင်းကင်ယင်သားတော်၏ မျက်နှာလှလှဆီသို့ အားဖြင့် ထိုးချလိုက်တော့သည်။

ကောင်းကင်ယင်သားတော်သည် ဆေးဆရာနည်းတူ ချောမောလှပသော လူချောတစ်ယောက် ဖြစ်၏။ ဤအခိုက်အတန့်တွင် မင်းသားယိုမင်၏ လက်သီးကြောင့် သူ့မျက်နှာတစ်ခုလုံး ဦးခေါင်းခွံထဲ ချိုင့်ဝင်ကာ ပုံပျက်ဆင်းပျက် ဖြစ်သွားချေပြီ။

မင်းသားယိုမင်က ရွှမ်းဝူမျိုးဆက် ဖြစ်သည့်အလျောက် သန်မာအားကောင်း၏။ သူ၏လက်သီးတစ်ချက်က ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ်ကို ရုပ်ခန္ဓာထဲမှ လွင့်ထွက်သွားစေသည်။ သင်္ဘောလည်း ကြောက်စရာကောင်းလှသည့် ပြင်းအားကြောင့် တစစီ ပေါက်ကွဲသွားသည်။

မင်းသားယိုမင်က နောက်တစ်ချက် ထပ်ထိုးသည်။ ကောင်းကင်ယင်သားတော်၏ မူလဝိညာဉ်မှာ ရုပ်ခန္ဓာထဲ ပြန်ရောက်လာပြီဖြစ်၏။ သူ့ခန္ဓာကိုယ်နောက်၌ ကောင်းကင်နန်းတော်လေးဆောင် ပေါ်ထွက်လာကာ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်သည်။ ထို့နောက် မင်တုကောင်းကင်မုခ်ဝလည်း ဖွဲ့တည်လာပြီး မင်းသားယိုမင်၏ လက်သီးအားလှိုင်းကို စုပ်ယူသည်။

ထို့နောက် ကောင်းကင်ယင်သားတော်သည် နောက်ခုန်ကာ မုခ်ဝကို ဖြတ်သွား၏။ ၎င်းအနောက်မှ ပြန်ထွက်လာသည့်အခါ သူ့ရုပ်ခန္ဓာကား ဒဏ်ရာတစ်ချက်မှ မရှိဘဲ အကောင်းပကတိပြန်ဖြစ်သွားချေပြီ။

‘ယန်ရှောင်ချင်း မဟုတ်လောက်ဘူး... ယန်ရှောင်ချင်းက နတ်ကောင်းကင်ခန်းမအဆင့်မှာပဲ ရှိသေးတော့ ငါ မသိဘဲ ငါ့အသိစိတ်အလျဉ်ကို မချုပ်ထားနိုင်ဘူး... မဟုတ်မှ ချိဧကရာဇ် အသက်ပြန်ရှင်လာတာလား”

ကောင်းကင်ယင်သားတော်၏ ထိတ်လန့်နေသော အမူအရာတွင် သေချာသွားသည့် အမူအရာ ဝင်ရောက်လာ၏။ မင်းသားယိုမင်သည် အလွန်အားကောင်းသန်မာသော်လည်း လွန်ခဲ့သော နှစ်ပေါင်းခြောက်သိန်းကတည်းက ဧကရာဇ်ပလ္လင်အဆင့် ရောက်ထားသူဖြစ်၍ သူ့အား မယှဉ်နိုင်တော့ပေ။

ဤအခိုက်အတန့်တွင် ကောင်းကင်ယင်သားတော်မှာ မင်းသားယိုမင် ပါ့ကွကြေးမုံအား မြှောက်နေသည်ကို မြင်လိုက်သဖြင့် မျက်နှာအကြီးအကျယ် ပျက်သွားတော့သည်။

‘မကောင်းတော့ဘူး’

‌ကောင်းကင်ယင်သားတော် မင်တုကောင်းကင်မုခ်ဝထဲ ကရောသောပါး လှည့်ဝင်သွားသည့်အချိန်မှာပဲ နတ်မင်းရွှမ်၏ ကောင်းကင်လက်နက်ဆီမှ စွမ်းအား ထွက်ပေါ်လာသည်။ ကောင်းကင်၊ မြေ၊ မိုးကြိုး၊ တောင်တန်း၊ မီး၊ ရေ၊ ရွှံ့နှင့် လေတို့သည် ဆက်တိုက် ပေါက်ကွဲလာပြီး မင်တုကောင်းကင်မုခ်ဝထဲသို့ တန်းတန်းမတ်မတ် လိုက်ဝင်သွား၏။

မင်တုကောင်းကင်မုခ်ဝမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ မုခ်ဝအတွင်းထဲရှိ ဘဝပြန်ဝင်စားခြင်းကမ္ဘာအမျိုးမျိုးမှာ အားလှိုင်း၏ ထိုးဖောက်ခြင်း ခံရလုနီးပါး ဖြစ်သွားကြ၏။ မုခ်ဝတွင် အက်ရာများပင် ထလာလေသည်။

မင်းသားယိုမင်က နတ်မင်းရွှမ်း၏ ကောင်းကင်လက်နက်ကို ထပ်သုံးပြန်သည်။ သို့သော် မင်တုကောင်းကင်မုခ်ဝသည် မင်တုထဲ ဆင်းသက်ကာ ပျောက်ချင်းမလှ ပျောက်သွား၏။

“ယင်ချောင်ကျင့်၊ ငါက မင်းကို ငါ့ညီလို ဆက်ဆံပေးခဲ့တယ်... မင်းကတော့ ငါ့ကို အရူးလို ဆက်ဆံတယ်”

မင်းသားယိုမင်ကား မိုးမွှန်အောင် ထိုင်ဆဲတော့သည်။ အတော်လေးကြာမှ ဒေါကြီးမောကြီး ပြန်ထွက်သွား၏။

မြောက်ဝင်ရိုးစွန်းတွင် နတ်မင်းရွှမ်းနှင့် နတ်မင်းတို့ ရှားရှားပါးပါး တွေ့နေကြ၏။ သူတို့က မိုးကုပ်စက်ဝန်းရှိ ကောင်းကင်နတ်မြစ်ထံ လှမ်းကြည့်နေကြပြီး အတန်ကြာသော် နှစ်ယောက်သား သက်ပြင်းချကာ တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်မိကြသည်။

“ဒီသားမိုက်ကတော့ ဒီလောက်ပြောထားတာအောင် ပြန်လှည့်ကြည့်ပြီး သေတော့မလို့ နည်းနည်းပဲလိုတယ်... ကောင်းကင်နတ်အရှင်မူ ကယ်လို့သာပေါ့”

နတ်မင်းဝူက ပြုံးလျက် ပြောသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းကင်နတ်သိုင်းတွေက အမှန်တကယ် ဆန်းကြယ်ပြီး ခန့်မှန်းရ ခက်ပေတယ်”

နတ်မင်းရွှမ်းက စိုးရိမ်နေသောအမူအရာ ရှိနေ၏။ “သူ့ကောင်းကင်နတ်သိုင်းတွေက ငါ့ကို မျိုးသုဉ်းသွားတဲ့ မျိုးနွယ်စုတစ်စုကို သတိရမိစေတယ်...”

နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး မျက်နှာအမူအရာများ လေးနက်သွားကြသည်။

ဖန်ဆင်းရှင်များ။

ရှေးဟောင်းနတ်ဘုရားများကို ကျွန်အဖြစ် စေစားနိုင်သည့်တိုင်အောင် အင်အားကြီးမားခဲ့သော မျိုးနွယ်စု။

All Chapters