← Chapters

ခေါင်းဆောင် ခြောက်ဦး

Vol. 19 Ch. 266

ခေါင်းဆောင် ခြောက်ဦး

Vol. 19 Ch. 266

တိမ်တိုက်များက သူတို့ ဖြတ်သန်းလာခဲ့သော ဧရိယာ တစ်လျှောက်ကို လှိုင်းထသွား စေခဲ့သည်။

တပည့်များအားလုံး အပေါ်သို့ မော့ကြည့်လိုက်လျှင် မူလချီ တိမ်တိုက်များ၏ အလယ်တွင် ကြာပန်းသဏ္ဌာန် ပုလ္လင်တစ်ခုပေါ်၌ ထိုင်နေသော ပုံရိပ်တစ်ခုကို လှမ်းမြင် လိုက်ကြသည်။

ထုံပုံရိပ်က မိုးပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူ၏ ဆံပင်များမှာ ဖြူနေပြီး သူ၏ မျက်လုံးအစုံမှာ အနန္တ နက်ရှိုင်းနေပြီး ကြယ်တာရာများနှင့် ပြည့်နှက်နေသော ကောင်းကင်ကြီး အလားပင် နက်နဲလှသော ခံစားချက်ကို ပေးစွမ်းသည်။

သူ၏ ခန္ဓာကိုယ်မှ အလွန်အမင်း ထူးခြားသော တည်ရှိမှု အရှိန်အဝါများ ဖြာထွက်နေပြီး အနက်ရှိုင်းဆုံးသော ရေကန်အလား။ အမြင့်မားဆုံးသော တောင်ထွတ်အလား။ လူတိုင်းက သူ့အား ဦးညွတ်စေလိုသော ခံစားချက်ကို ဖြစ်ပေါ်စေပေသည်။

သူက ကြာပန်းပလ္လင်ပေါ်တွင် ပြုံးလျက်ထိုင်နေခဲ့ပြီး သူအသက် ရှူလိုက်တိုင်းတွင် သူ၏ အနီးဝန်းကျင်ရှိ ကမ္ဘာလောကပင် ခိုက်ခိုက်တုန် နေသည်။

သူ၏  တည်ရှိမှုအဓိက အရှိန်အဝါများကိုပင် ထိုသူက ထိန်းသိမ်းထားဟန် ရသော်လည်း သူ့ထံမှ သေးငယ်သော အရှိန်အဝါ ဖြာထွက်မှုလေးကပင် များစွာသော အပြင်ဘက် တပည့်များကို အဆုံးမဲ့သော ဖိအားများ ခံစားရစေပေသည်။

သူ၏ တည်ရှိမှုက မည်သူမှ အာခံ ဖီဆန်၍ မရသည့် နတ်ဘုရား တစ်ပါးအလားပင်။

ထိုပုဂ္ဂိုလ်မှာ ယခု လက်ရှိ ကန်းရွှမ်းကလန်၏ အုပ်ချုပ်သူ ကလန်ခေါင်းဆောင် ချင်းယန် ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ သူက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ တပည့် အကြီးဆုံးလည်း ဖြစ်ပေသည်။

ယခုအချိန်တွင် ကန်ရွှမ်း ကောင်းကင်ဘုံ၏ အထက်ပိုင်း အဆင့်တွင် ရပ်တည်နေသည့် ခေါင်းဆောင် တစ်ဦးပင် ဖြစ်သည်။

ကလန်ခေါင်းဆောင် ချင်းယန်၏ တည့်ရှိမှုကို ဇူယွမ်က အံ့အားသင့်စွာ သက်ပြင်း ချပြီးနောက် သူ၏ အကြည့်က ကလန် ခေါင်းဆောင်၏ ညာဘက်တွင် ရှိနေသော အနည်းငယ် သေးငယ်သည့် ကြာပလ္လင် သုံးခုပေါ်သို့ ရောက်ရှိသွားသည်။

ထိုစင်မြင့် သုံးခုပေါ်တွင် ပုံရိပ်သုံးခု ထိုင်လျက်ရှိပြီး ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်လျက် ရှိသည်။

ဇူယွမ်က အာရုံစူးစိုက်ပြီး ကြည့်လိုက်လျှင် သူ၏ မျက်လုံးထဲ၌ အရပ်ရှည်ပြီး ကျစ်လျစ်သွယ်လျသည့် ခန္ဓာကိုယ် အချိုးအစားနှင့် အလွန်လှပသော အမျိုးသမီးကို ပထမဆုံး မြင်လိုက်ရသည်။ သူမက ကြာပဒုမ္မာများဖြင့် တန်ဆာဆင်ထားသော အဝတ်အစားကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက် အလှတရားများ ပေါ်လွင်နေပေသည်။ သူမ၏ မျက်နှာသွင်ပြင်မှာ အလွန်အမင်း လှပလွန်းပြီး သန်စွမ်းသော ဆံနွယ်များကလည်း ကျောဘက်တွင် ဖြန့်ကျနေကာ ရင့်ကျက်ပြီး ကျက်သရေ အပေါင်းနှင့် ပြည့်စုံကာ တင့်တယ်သော အရှိန်အဝါကို ပေးစွမ်းသည်။

ထိုကဲ့သို့သော အရှိန်အဝါမျိုးကို လှပမှုအပေါင်းနှင့် ပြည့်စုံသော ယောင်ယောင်ပင်လျှင် မပိုင်ဆိုင်ပေ။ ထိုသို့သော အရှိန်အဝါမျိုး ထွက်ပေါ်ရန် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး နက်ရှိုင်းသော အတွေ့အကြုံများ ရှိဖို့ လိုအပ်ဟန်ရသည်။

ရှန်ဝမ်ကျင်က ဇူယွမ်၏ နံဘေးသို့ တိတ်တဆိတ် တိုးကပ်လာပြီး ပြောသည်။

“ဟီးဟီး ... အစ်ကိုလေးယွမ် အဲဒါ ကြာပဒုမ္မာ တောင်ထွတ်က ဆရာသခင်မ လျိုးလျန့်ယီလေ။ သူမကို လူတွေက နတ်မိမယ် လျန့်ယီ လို့ခေါ်ကြတယ်…”

“ကျွန်တော် ကြားဖူးတာတော့ သူမ ငယ်ရွယ်တုန်းက သူမက ကန်ရွှမ်း ကောင်းကင်ဒေသမှ အလှပဆုံးနဲ့ အကျော်ကြားဆုံးတဲ့။ အခုထိ ကျွန်တော့်ရဲ့ အမြင်မှာတော့ သူမရဲ့ ဂုဏ်သတင်းတွေက ယုတ်လျော့ မသွားသေးဘူး”

“ကြာပဒုမ္မာ တောင်ထွတ်ကလည်း ကန်ရွှမ်းကလန်မှာ ကျော်ကြားတဲ့ ကလန်တစ်ခုပဲ။ သူတို့ရဲ့ အမျိုးသား တပည့်တွေက ခန့်ညား ချောမောကြပြီး အမျိုးသမီး တပည့်တွေက နှလုံးသားကို ခါယမ်းသွားစေနိုင်တဲ့ အလှတရား ရှိကြတယ်။ အပြင်ပန်း အသွင်အပြင်နဲ့ ပတ်သက်ရင်တော့ သူတို့က ကန်ရွှမ်းကလန်မှာ အကောင်းဆုံးတွေပဲ ”

ရှန့်ဝမ်ကျင်က လက်တွေ့ကျသော အချက်များကို ပြောဆိုနေပေသည်။ ခဏအကြာတွင် သူက နောင်တရနေဟန်ဖြင့် ပြောသည်။

“ဒါပေမဲ့လည်း စိတ်မကောင်းစရာက ကျွန်တော် အဲဒီတောင်ထွတ်ကို မဝင်ရောက်နိုင်ဘူး”

“ဘာလို့ မရရမှာလဲ”

ဇူယွမ်က ရယ်မောလိုက်သည်။

ရှန့်ဝမ်ကျင်က သူ၏ ဖောင်းကားနေသော မျက်နှာကို လက်ဖြင့် ထိကြည့်လိုက်ပြီး စိတ်ဓာတ်ကျစွာ ပြောသည်။

“ငါတို့ရဲ့ ကြာပဒုမ္မာ တောင်ထွတ်က ဆရာသခင်မက ကြည့်ကောင်းတဲ့ လူတွေကိုပဲ နှစ်သက်တာ။ သူမရဲ့ တပည့် ဖြစ်ဖို့ဆိုရင် ကြည့်ကောင်းဖို့က နပါတ်တစ် လိုအပ်ချက်ပဲ ပြီးမှ ပါရမီက နပါတ်နှစ် … ကျွန်တော့်လို လူမျိုးကတော့ အဲဒီတောင်ထွတ်ကို ခြေတစ်လှမ်း ချမိတာနဲ့ ကန်ထုတ်ခံရမှာ”

ဇူယွမ်မှာ အလွန် အံ့အားသင့်သွားပြီး ရှန့်ဝမ်ကျင်အတွက် ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ သည်လိုတောင်ထွတ် ဆရာသခင် မျိုးရှိမည်ဟု သူတစ်ခါမှ မထင်မိပေ။ တပည့်များကို ရွေးချယ်ရာတွင် သူတို့၏ မျက်နှာကို အခြေခံသည်တဲ့လား…

ဇူယွမ်က သက်ပြင်းချကာ ခေါင်းယမ်း လိုက်ပြီးနောက် အခြား ကြာပလ္လင် နှစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။ တောင်ထွတ် ဆရာသခင်မ လျန့်ယီ၏ နံဘေးရှိ တစ်ယောက်တွင် ဆံပင်အဖြူနှင့် အကြီးအကဲ တစ်ယောက် ရှိနေသည်။ ထိုအကြီးအကဲအိုကြီးမှာ မျက်ခုံးများပင် ဖြူနေပြီး တစ်ခုနှင့်တစ်ခု ထိစပ်လျက်ရှိကာ သူ၏ အသက်အရွယ် ကြီးရင့်သော မျက်နှာမှာ ခန့်ညားလို့နေသည်။

ထိုမျက်ခုံးဖြူနှင့် အကြီးအကဲ၏ ပတ်ပတ်လည်တွင် ရှေးကျပြီး နက်နဲသိမ်မွေ့သော မီလီယံချီသည့် မှော်စာလုံး အရှိန်အဝါများက ပျံ့လွင့်နေသည်။ မှော်စာလုံး တစ်ခုဆီသည် ထိုအရာကို မြင်လိုက်သူတိုင်း၏ နှလုံးခုန်နှုန်းကို မြန်စေပေသည်။

“သူ့ရဲ့မှော်စာလုံး ကျင့်ကြံမှုက … အရမ်းကို စွမ်းအား ပြည့်ဝတာပဲ။ ငါ ဒီနှစ်တွေအတွင်း မြင်ဖူးခဲ့တဲ့ လူတွေထဲမှာမှ သူ့ရဲ့ မှော်စာလုံး ကျွမ်းကျင်မှုက အဘိုးဟေး နီးနီးလောက် ရှိတယ်”

ယောင်ယောင်၏ လှပသော မျက်နှာလေးမှ လေးနက်သွားပြီး မျက်ခုံးဖြူနှင့် အကြီးအကဲကို စိတ်ဝင်တစား စိုက်ကြည့်လိုက်သည်။

သူမ ပြောနိုင်သည်မှာ သည်မျက်ခုံးဖြူနှင့် အကြီးအကဲမှာ ဆရာကန်ယွမ် ပြီးလျှင် မူလမှော်စာလုံး ကျွမ်းကျင်မှု၌ ဒုတိယအဆင့် ရှိပေလိမ့်မည်။

သူမ၏ စကားလုံးများကြောင့် ဇူယွမ်မှာ အံအားသင့်သွားခဲ့သည်။ သူ့အနေဖြင့် ဆရာ ကန်ယွမ်၏ နက်နဲလှသော စွမ်းအားများကို နက်နက်ရှိုင်းရှိုင်း နားလည်ပေသည်။ ထို့ကြောင့် သည်မျက်ခုံးဖြူနှင့် အကြီးအကဲက ယောင်ယောင်အား အံ့အားသင့်စေ လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ငါ မမှားဘူးဆိုရင် သူက သူတော်စင် မှော်စာလုံး တောင်ထွတ်က ဆရာသခင်၊ လူအိုကြီး ထျန်းစု ဖြစ်ရမယ်”

ဇူယွမ်က အသံနိမ့်ကာ ပြောလိုက်သည်။

မူလမှော်စာလုံးနှင့် ပတ်သက်ပါက ထိုမျက်လုံးဖြူနှင့် အကြီးအကဲမှာ ကန်ရွှမ်း ကလန်တွင် နံပါတ်တစ် ဖြစ်သည်။

“အခွင့်အရေးရရင် သူ့ကို မူလမှော်စာလုံးနဲ့ ပတ်သက်တဲ့ အချို့ အချက်အလက်တွေ မေးနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်”

ယောင်ယောင်၏ လေသံထဲတွင် စိတ်ဝင်စားမှုများ ပေါ်လွင်နေသည်။ သူမ စိတ်ဝင်စားသော အရာများမှာ များစွာမရှိပဲ ထိုထဲမှ တစ်ခုမှာ မူလမှော်စာလုံး ဖြစ်သည်။

သို့သော်လည်း ဆရာကန်ယွမ်၏ နောက်သို့ လိုက်ခဲ့သော နှစ်ပေါင်း များစွာအတွင်း သူမ၏ အဆင့်အတန်းမှာ များစွာ မြင့်မားလာခဲ့သည်။ ထိုကြောင့် သူမ အလွန် လေးနက်ထားပြီး ပြောဆိုသော လူတစ်ယောက်ကို တွေ့ရန်မှာ အလွန်ခက်ခဲပေသည်။

ဇူယွမ်က ခါးသက်သက် ရယ်လိုက်မိသည်။ သည်တောင်ထွတ် ဆရာသခင်၏ အဆင့်အတန်းဖြင့် ဆိုပါက သာမန်တပည့်များ အနေဖြင့် သူဆီမှာ လမ်းညွှန်မှုရရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။

သူက ခေါင်းခါယမ်းလိုက်ကာ တတိယမြောက် ကြာပလ္လင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုအပေါ်တွင် သတ္ထုမျှော်စင်နှင့် တူသော အပေါ်ပိုင်း ဗလာကျင်းလျက် ရှိသည့် အကြီးအကဲတစ်ဦး ထိုင်နေပေသည်။ သို့သော်လည်း ထိုအကြီးအကဲမှာ ခါးကုန်းနေသော လူအိုကြီး တစ်ယောက်နှင့် မတူပေ။ သူ၏ အသားအရေက နက်ရွှေရောင် တောက်ပနေပြီး အလင်းများ တောက်ပနေသည်မှာ ရွှေစိုင်ရွှေခဲ အလားပင်။ မသဲကွဲသော ပဟေဋိဆန်သည့် မှော်စာလုံး အစီအရင် များကိုလည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် မြင်နိုင်ပေသည်။

သူ၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီးက နံဘေးရှိ မျက်ခုံးဖြူနှင့် အကြီးအကဲကိုပင် အုပ်မိုးလျက် ရှိသည်။ သူက သူ၏ လက်များကို ရင်လက်ရှေ့တွင် ယှက်ထားလျက် ရှိသည်။ ထိုအကြီးအကဲ အသက်ရှူလိုက်တိုင်း သူ၏ ခန္ဓာကိုယ် အတွင်းတွင် ချီများနှင့် သွေးများက မရပ်မနားပဲ လှည့်ပတ် စီးဆင်းနေပြီး မိုးခြိန်းသံများ ထွက်ပေါ်နေကာ ကြောက်မက်ဖွယ် ကောင်းလွန်း လှပေသည်။

သူသာ အပင်ပန်းခံပြီး သူ၏ အသက်ရှူမှုကို ထိန်းချုပ် မထားခဲ့လျှင် ချီနှင့်သွေးများ သူ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသည့် မြည်သံများက မူလစဦးအဆင့်ရှိ တပည့်များ အားလုံးကို သေဆုံးစေပေ လိမ့်မည်။

သည်အကြီးအကဲ၏ အရှိန်အဝါမှာ မျက်ခုံးဖြူနှင့် အကြီးအကဲ၏ အရှိန်အဝါနှင့် ခြားနားလှပေသည်။ သူ၏ အရှိန်အဝါမှာ မယှဉ်သာနိုင်အောင် ရက်စက်ဟန်ရှိပြီး သမိုင်း မတိုင်မီခေတ်က ထွက်ပေါ်ခဲ့သော လူ့ဘီလူးကြီး တစ်ကောင် အလားပင်။

ဇူယွမ်က သူ၏ နဖူးထက်မှ ကျဆင်းလာသော ချွေးအေးများကို သုတ်လိုက်သည်။ သည်ပုဂ္ဂိုလ်မှာ ဟုန်ယာ တောင်ထွတ်က ဆရာသခင် ဖြစ်ပေလိမ့်မည်။

သူက ဂူဟွမ်ဂျီ၏ အကြီးအကဲအိုကြီးပင် မဟုတ်လား။ ထိုကြောင့် သူမက ဟုန်ယာတောင်ထွတ်သို့ သွားရန် သေမလောက် စိုးရိမ်နေသည်မှာ အံ့ဩစရာ မဟုတ်ပေ…

“သည်သုံးယောက်နဲ့ ကလန်ခေါင်းဆောင် ချင်းယန်က မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းရဲ့ တပည့် လေးယောက်ပေါ့…”

ဇူယွမ်၏ အမူအရာက တုန်လှုပ်သွား ပြီးနောက် ကလန်ခေါင်းဆောင် ချင်းယန်၏ ဘယ်ဘက်တွင် ရှိသော ကြောက်မက်ဖွယ် မူလချီများက ကြာပလ္လင်နှစ်ခု အဖြစ် ပြောင်းလဲနေသည့် ဆီသို့ ကြည့်လိုက်သည်။

ကြာပလ္လင် တစ်ခုပေါ်တွင် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ရှိနေပေသည်။ အနီးကပ် အာရုံစူးစိုက်ပြီး ကြည့်ပါက ကြင်နာတတ်သော အမူအရာနှင့်  ခန့်ညားသည့် မျက်နှာရှိပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်သည့် အသားအရေနှင့် လူငယ် တစ်ယောက်ကို မြင်ရမည် ဖြစ်သည်။

အရောင်များ စွန်းထင်းလျက် ရှိသော ကျောက်တုံးဓား တစ်လက်ကို သူ၏ ဒူးပေါ်တွင် ဖြတ်ကာ တင်ထားပြီး မသဲကွဲသော်လည်း ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေပေသည်။

မူလချီများက သူ့ပတ်ဝန်းကျင်တွင် မသဲမကွဲ တုန်ခါနေပြီး ထိုထဲတွင် ဓားအော်သံများပင် ပါဝင်နေသည့်အလား ဓားပင်လယ်ကြီး တစ်ခုက သူ၏ ပတ်ပတ်လည်တွင် ပုန်းကွယ် နေသည့်အလား ရှိနေသည်။

ဇူယွမ်က ခန့်ညားသော လူငယ်ကို ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထံမှ နာကျင်မှုကို ခံစားလိုက်ရသည့် အတွက် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်း လိုက်ရသည်။

“သည် ပုဂ္ဂိုလ်က … ဓားကပ်ဘေး တောင်ထွတ်ရဲ့ ဆရာသခင် ဖြစ်ရမယ်”

ဇူယွမ်၏ အကြည့်များသည် အတွေးများနှင့် တောက်ပသွားသည်။ သည်ဓားကပ်ဘေး တောင်ထွတ်က ဆရာသခင်သည် မူလက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ အစေခံကောင်လေး တစ်ယောက်ဟု ဂူဟွမ်ဂျီက သူ့ကို ပြောပြဖူးလေသည်။ သို့သော်လည်း ယခုအချိန်တွင် ကန်ရွှမ်းကလန်ရှိ သူ၏ အဆင့်အတန်းမှာ မြင့်မားနေပြီ ဖြစ်သည်။

“နောက်ဆုံး တစ်ယောက်ကတော့ ကန်ရွှမ်းကလန်မှာ စီနီယာ အကျဆုံးဖြစ်တဲ့ မိုးကြိုးအကျဉ်းထောင် တောင်ထွတ်က ဆရာသခင်ပဲ”

ဇူယွမ်က ကောင်းကင်ယံတွင် နက်မှောင်လျက်ရှိပြီး မိုးကြိုးအလင်း တိမ်တိုက်များနှင့် လျှပ်စီးနဂါးများ ကခုန်နေသည့် အောက်တွင် ရှိနေသာ နောက်ဆုံးပုံရိပ်ကို လှမ်းကြည့်လိုက်သည်။

ကြာပလ္လင်ပေါ်တွင် အနက်ရောင် ဝတ်စုံနှင့် အကြီးအကဲက အရာအားလုံးကို အမှုမထားသည့် မျက်နှာ အမူအရာနှင့် ရှိနေပြီး သူ၏ မျက်ဝန်းတွင် လျှပ်စီးများ ကခုန်နေကာ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများက ဖြည်းညင်းစွာ ဖြာထွက်နေပြီး သူ့အနီးရှိ လေထုကိုပင် တုန်ခါနေစေသည်။

အနက်ရောင်ဝတ်စုံနှင့် အကြီးအကဲ၏ ခန္ဓာကိုယ်မှ အဖျက် စွမ်းအားများကို ဇူယွမ် ခံစားမိလိုက် ပြီးနောက် တစ်ခဏမျှ သူ့အကြောင်းများကို ထုတ်ဖော် ပြောပြလိုစိတ် ဖြစ်သွားပြီးမှ ပျောက်ကွယ်သွားသည်။

“မိုးကြိုး အကျဉ်းထောင် တောင်ထွတ်က ဆရာသခင်က တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ”

ဇူယွမ်၏ အမူအရာမှာ တောင့်တင်းသွားခဲ့သည်။ မိုးကြိုး အကျဉ်းထောင် တောင်ထွတ်၏ ဆရာသခင်သည် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ မိတ်ဆွေဟောင်းကြီး တစ်ယောက် ဖြစ်ပေသည်။ သူ၏ စီနီယာ ကျမှုကြောင့် ကလန်ခေါင်းဆောင် ချင်းယန်ပင်လျှင် သူ့အား လေးစားရပေသည်။

“ဟူး…”

ဇူယွမ်က အသက်ပြင်းပြင်း ရှူထုတ်ရှူသွင်း လုပ်ပြီးနောက်မှ သူ၏ နှလုံးသားမှ ခံစားချက်များကို ထိန်းချုပ်သွား နိုင်ခဲ့သည်။ သည်ခြောက်ယောက်မှာ ကန်ရွှမ်းကလန်တွင် စွမ်းအားအကြီးဆုံး ခေါင်းဆောင် ခြောက်ယောက် ဖြစ်ပေသည်။

တစ်ယောက်စီတိုင်းတွင် တွေးမမီနိုင်သော စွမ်းအားများ ရှိပေသည်။ ထိုအရာကြောင့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းသေဆုံး သွားသော်လည်း အထွတ်အမြတ် ကလန်ခြောက်ခုတွင် ရပ်တည်နေ နိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ခေါင်းဆောင် ခြောက်ယောက်၏ နောက်တွင်လည်း များစွာသော ပုံရိပ်များစွာ ရှိနေပြီး သူတို့ထံမှာ ဖြာထွက်နေသော စွမ်းအားများက ကန်ရွှမ်းကလန်၏ စွမ်းအား ပြည့်ဝသည့် ကျွမ်းကျင်သူများ ဖြစ်ကြောင်း ဖော်ပြနေသည်။ ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ကန်ရွှမ်းကလန်က သည်တောင်ထွတ် ရွေးချယ်မှု အခမ်းအနားကို လွန်စွာ အလေးထားကြောင်း သိသာစေပေသည်။

တိမ်များ အပေါ်ရှိ ကလန် ခေါင်းဆောင် ချင်းယန်မှာ အောက်တွင်ရှိနေသော တပည့်များကို တောက်ပစွာ ကြည့်လိုက်သည်။ သူ၏ တောက်ပနေသော အကြည့်က အကြည့်ခံလိုက်ရသော လူတိုင်းအား ရှင်းလင်းစွာ ထွင်းဖောက် မြင်သွားသလိုပင် ခံစားလိုက်ရသည်။

ဇူယွမ်နှင့် ယောင်ယောင်တို့က ကလန်ခေါင်းဆောင် ချင်းယန်၏ အကြည့်များသည် သူတို့ နှစ်ယောက်ထံတွင် တစ်ခဏမျှ ရပ်တန့်သွားသည်ကို ခံစားမိလိုက်သည်။

ထိုနောက် တစ်ချိန်တည်းမှာပဲ ကလန်ခေါင်းဆောင် ချင်းယန်၏ ခမ်းနားပြီး ကျယ်လောင်သော အသံက မိုးခြိန်းသံ တစ်ခုလိုမျိုး ဧရိယာ တစ်ခုလုံး ပျံ့နှံ့သွားသည်။

“သည်တစ်ကြိမ်မှာ အတွင်းတောင်က တပည့် (၉၉၉၉)ကို လက်ခံမယ်။ တစ်ယောက်စီအတွက် စင်တစ်ခုပဲ။ တပည့်များ အားလုံး အခွင့်အရေး ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်”

“ပထမ ဆယ်ယောက်က အတွင်းတောင်ရဲ့ ရွှေရောင်ခါးစည်း တပည့် တိုက်ရိုက် ဖြစ်လာမယ်”

“ချန်ပီယံကတော့ ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခုနဲ့ မူလကောင်းချီး ခြင်ဆီတို့ ရရှိမယ်”

ထိုစကားလုံးများက ချက်ချင်းပင် အပြင်ဘက်တောင်၏ တပည့်များကို ရုတ်ရုတ်သဲသဲ ဖြစ်စေသွားပြီး အားလုံး၏ မျက်ဝန်းများတွင် တိုက်ပွဲ ဆာလောင်စိတ်များ ဖြစ်ပေါ်လာစေ ခဲ့သည်။

ကလန်ခေါင်းဆောင် ချင်းယန်က အသာအယာ ပြုံးလိုက်ပြီးနောက် စွမ်းအား ပြည့်ဝသော သူ၏ အသံက မိုးခြိန်းသံကဲ့သို့ ထွက်ပေါ်လာပြန်သည်။

“တပည့်တို့ … တောင်ထွတ်ရွေးချယ်မှု အခမ်းအနား စတင်ပြီ”

All Chapters